ဌာနပိုင်ငွေကြေး အလွဲသုံးစား လုပ်သည်ဆိုပြီး အစိုးရက သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးထောင်ချ လိုက်သော်လည်း ဧရာဝတီတိုင်း ဒေသကြီးရှိ နိုင်ငံရေးသမားများနှင့် မဲဆန္ဒရှင်များကမူ တိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်းအပေါ် တမျိုးမြင်ကြသည်။ ဦးဆန်းဆင့်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် ဧရာဝတီတိုင်းရှိ ကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်တို့၏ အမြင်များကို ဧရာဝတီက မေးမြန်းစုံစမ်းခဲ့ရာ သူတို့က ဦးဆန်းဆင့်သည် အကျင့်ပျက်ပြီး အဂတိလိုက်စားသူ၊ ရာထူးအကြောင်းပြုပြီး မိသားစု ဆွေမျိုးတသိုက် ကောင်းစားရေး လုပ်ဆောင်နေသူ၊ ရာထူးအာဏာရှိတုန်း ရသမျှ ခွင်ဖန်ပြီး ကိုယ်ကျိုးရှာ အကျင့် ပျက်ခြစားနေသူ လုံးဝမဟုတ်ဟု သူတို့ကမြင်ကြသည်။
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေး ဌာန၌ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က “ကျနော့်အနေနဲ့ တပ်မတော်တာဝန် တိုင်းပြည်တာဝန်ကို နှစ်ပေါင်း ၄၀ ကျော် ထမ်းဆောင်လာခဲ့ရာမှာ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့ခြင်း မရှိပါဘူး။ တပ်မတော်က အကျင့်စာရိတ္တ မှတ်တမ်းမှာ ပြစ်မှုကင်းရှင်းပါတယ်။ သတိပေး ဆုံးမခံရခြင်းပင် မရှိကြောင်း ကျနော့်ရဲ့ ကက (ထူး) မှတ်တမ်းမှာ ကြည့်နိုင်ပါတယ်။ ထိုခေတ် ထိုအခါနှင့် လက်ရှိ အစိုးရလက်ထက်များတွင် မင်းဘဏ္ဍာ ကိုယ့်ဟာ မှတ်ပါဆိုပြီး လုပ်နေတဲ့ သူခိုးများနှင့်ရော၍ ထင်ယောင်ထင်မှား ရေးသားပြောဆိုခြင်းသည် စာနယ် ဇင်းကျင့်ဝတ်နှင့် မညီသောလုပ်ရပ် ဖြစ်ပါတယ်။ သံသယဖြစ်ပါက စစ်ဆေးခံနိုင်ပါတယ်” ဟု ပြောဆို ခဲ့ဖူးသောကြောင့် အစိုးရဝန်ကြီးများထဲတွင် ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာ အစစ်ဆေးခံနိုင်ကြောင်း ပထမဆုံး စိန်ခေါ်ပြောကြားခဲ့သူဖြစ်သည်။
ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ နယ်၊ ကွင်းသာကျေးရွာ ဇာတိဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို ရေကြည်မြို့ အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ၆ လခန့် ကျောင်းတက်ခဲ့ပြီး စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်း တဦးဖြစ်သည့် ဦးဆန်းဆင့်သည် ဗိုလ်အဆင့်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တပ်မတော်၌ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှ မနုတ်ထွက်မီ အချိန်တွင် စစ်ရာထူးခန့်ချုပ်တာဝန်ကို နောက်ဆုံးထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂ လခန့်အလိုတွင် ရွေးကောက်ပွဲဝင်ရန် တပ်မှနုတ်ထွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ခဲ့ရာ မည်သူမျှ ယှဉ်ပြိုင်အရွေးခံခြင်း မရှိသည့်အတွက် ဦးဆန်းဆင့် အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြှောက်မှု ဖြင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဦးဆန်းဆင့် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှ သာသနာရေး ဝန်ကြီးအဖြစ် နေပြည်တော် မပြောင်းရွှေ့မီ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကာလအထိ ၂ နှစ်နီးပါး ကာလအတွင်း အဂတိလိုက်စားသည့် ကိစ္စမျိုး လုံးဝမကြား သိခဲ့ရကြောင်း Daily Eleven သတင်းစာ၏ ပုသိမ်မြို့နယ် သတင်းထောက် သက်ဆွေ (ပုသိမ်) က ပြောသည်။
“ကျနော်တို့ ပုသိမ်မှာ လူကြီးအိမ်တွေအားလုံးကို လူတော်တော်များများ ဝင်ထွက်သွားလာပြီးတော့ ခေတ်စကားအရ ပြောရရင် မီးဖိုချောင်ကနေတက်တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေပေါ့။ အဲလိုကိစ္စတွေ ရှိတတ်တယ်။ ဒါပေမယ့် ဦးဆန်းဆင့်ကတော့ ရုံးကိစ္စတွေကို အိမ်မှာလာရောက်တွေ့ဆုံ ဆွေးနွေး တာတွေမလုပ်ဖို့ သူ့အိမ်ရှေ့မှာ စာကပ်ထားတယ်။ ဒါမျိုးကိစ္စတွေကအစ ဦးဆန်းဆင့်က အပြတ်ဖြတ်ထားတာ တွေ့ရတယ်” ဟု ၂၀ဝ၉ ခုနှစ်ကတည်းက ပုသိမ်မြို့နယ် သတင်းထောက်တာဝန် ထမ်းဆောင် နေခဲ့သူ သက်ဆွေ (ပုသိမ်) ကပြောသည်။
ဦးဆန်းဆင့်သည် ကိုယ်တိုင် အဂတိတရား ကင်းရှင်းအောင် နေထိုင်သလို ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အကျင့်ပျက်ခြစားမှုများကို အရေးယူရန် ကြိုးပမ်း လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောပြသည်။ ဥပမာအနေဖြင့် ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူခဲ့သည်ဆိုသော လယ်ယာမြေ ကိစ္စများကို ဦးဆန်းဆင့်က လွှတ်တော်ကော်မတီဖွဲ့၍ စစ်ဆေးစေခဲ့သလို ဟင်္သာတခရိုင် အတွင်းရှိ တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦးက အိမ်ဖော်မလေးအား ကာမလိမ်လည် ရယူမှု ကိစ္စတွင်လည်း ကော်မတီဖွဲ့၍ စစ်ဆေးပြီး အရေးယူနိုင်ရန် ကြိုးပမ်းမှုများရှိခဲ့သည်။

စီမံအုပ်ချုပ်ရေးတွင်လည်း ဦးဆန်းဆင့် အမှတ်ရသည်။ ဧရာဝတီတိုင်းတွင် ရေလုပ်သား အင်းသားကြီးများက လယ်ယာစိုက်ပျိုးမှုအတွက် အသုံးပြုသည့် ရိုးများ၊ ချောင်းမြောင်းများကို တာပိတ်၍ ငါးဖမ်းခြင်းများရှိခဲ့ရာ လယ်သမားများ လယ်စိုက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရာ ဦးဆန်းဆင့်က ဧရာဝတီတိုင်း ဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အသက်ဝင်အောင်ကြိုးပမ်းခဲ့ရာ အင်းသားကြီးနှင့် လယ်သမားတို့အကြား အထိုက်အလျောက် ပြေလည်သွားခဲ့သည်။
ဧရာရွှေဝါကုမ္ပဏီ သိမ်းဆည်းခဲ့သည့် လယ်မြေကိစ္စများ၊ ငွေဆောင်၊ ချောင်းသာကမ်းခြေရှိ မြေသိမ်းခံရမှုများနှင့် ပုသိမ်စက်မှုဇုန် မြေသိမ်းခံရမှုများကိုလည်း ဦးဆန်းဆင့်က လွှတ်တော်ကော်မတီဖွဲ့၍ကွင်းဆင်းစစ်ဆေးစေခဲ့ပြီး မူလပိုင်ရှင်များကို လျော်ကြေးငွေ (သို့မဟုတ်) မြေပြန်ပေးရန် အစိုးရအဖွဲ့အား တိုက်တွန်းခဲ့သည်။
“သာပေါင်းမှာ ရေတွေကြီးတုန်းကဆိုရင် ပင်လယ်လို ဖြစ်နေတဲ့နေရာမှာ ဦးဆန်းဆင့်က မော်တော်တစီးနဲ့ လှိုင်းတွေလေတွေ ကြားထဲမှာ နေရာအနှံ့သွားပြီး ဒုက္ခသည်တွေကို ကိုယ်တိုင်လှူတယ်။ မကြောက်ဖို့ မစိုးရိမ်ဖို့ အားပေးစကားတွေ ပြောခဲ့တယ်။ ဆေးအဖွဲ့တွေခေါ်ပြီး ဆေးကုပေးတာ တွေလုပ်ခဲ့တယ်။ တချို့ရွာတွေဆို အကုန်ရေမြုပ်နေ လို့ မော်တော်ပေါ်ကနေ လက်ကိုင်စပီကာနဲ့အော်ပြီး အားပေးစကား ပြောခဲ့တာ။ ဧရာဝတီတိုင်းအတွက် တကယ်အလုပ်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ”ဟု ပုသိမ်မြို့ခံ သတင်းထောက်တဦးဖြစ်သည့် ဦးစိုးညွှန့်ကလည်း ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလတွင် ဧရာဝတီတိုင်းလွှတ်တော်ကို ဒီမိုကရေစီ နည်းလမ်းကျသော လွှတ်တော်ဖြစ်အောင် ဦးဆန်းဆင့်က ဦးဆောင်ကြိုးပမ်းပေးခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။ “ဦးဆန်းဆင့်ဟာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့သူတဦးပါ။ လွှတ်တော်ကို တကယ်ပီပြင်တဲ့ ဒီမိုကရေစီ နည်းလမ်းကျသော လွှတ်တော်ဖြစ်အောင် သူက ရှေ့ကနေဦးဆောင်ခဲ့တာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဦးဆန်းဆင့်နှင့် ပတ်သက်ပြီး အများပြည်သူ သတိထားမိသည်မှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းတို့အား ဧရာဝတီတိုင်း လွှတ်တော်တွင် စွပ်စွဲပြစ်တင် အဆိုတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ဌာနဆိုင်ရာများအနေဖြင့် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် လွှတ်တော်ဥပဒေဆိုင်ရာများ ရှင်းခြင်းမှအပ ကျန်ကိစ္စများတွင် လွှတ်တော်ကိုယ်စား လှယ်ဆင့်ခေါ်လျှင် သွားစရာမလိုကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ်အားလုံးသို့ စာထုတ်ပြန်ခဲ့ရာ ယင်းစာသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟုဆိုကာ စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဝန်ကြီး ဦးသန်းထွန်းက လွှတ်တော်အတွင်း တရားဝင် တောင်းပန်ခဲ့သည့်အတွက် စွပ်စွဲပြစ်တင်အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရုပ်သိမ်းခဲ့သည်။ စွပ်စွဲပြစ်တင်ပြဿနာ ပြီးဆုံး၍ မကြာမီမှာပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လစ်လပ်နေသည့် သာသနာရေးဝန်ကြီးနေရာတွင် ဦးဆန်းဆင့်ကို အစားထိုးခန့်အပ်ပြီး ပွတ်တိုက်မှု ပြင်းထန်နေသည့် ဧရာဝတီတိုင်း လွှတ်တော်နှင့် အစိုးရပြဿနာကို ဖြေရှင်းခဲ့သည်။
ဦးဆန်းဆင့် သာသနာရေး ဝန်ကြီးရာထူးဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့မည်ကို ဧရာဝတီတိုင်း ဒေသခံများမှာ ဝမ်းမသာနိုင်ဘဲ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူး နေရာမှာပင် ဆက်လက်ခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုခဲ့ကြသည်။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းမှာ ဆက်ထားပေးရေးအတွက် ကျုံပျော်၊ ပန်းတနော်မြို့များတွင် ဆန္ဒဖော်ထုတ်ခဲ့ကြရာ မြန်မာနိုင်ငံတွင် ထူးခြားသည့် ဆန္ဒပြပွဲများအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ပြည်သူထောက်ခံသော စစ်ဗိုလ်ချုပ် ဟောင်းတဦးအဖြစ် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
“ဦးဆန်းဆင့်က လွှတ်တော်ထဲမှာလည်း ဘယ်ပါတီကပဲဖြစ်ဖြစ် အားလုံးကို လွှတ်တော်ကိုယ်စား လှယ်အနေနဲ့ပဲ ဆက်ဆံပါတယ်။ တစညမို့လို့၊ NLD မို့လို့ ခွဲခြားတာမျိုးတွေ မရှိပါဘူး။ သူကိုယ်တိုင်လည်း လွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ပဲ အကုန်လုံးကိုဆက် ဆံပါတယ်။ ဦးဆန်းဆင့်ကို ဧရာဝတီတိုင်းက ဆုံးရှုံး တာဟာ ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ဆုံးရှုံးမှုအပြင် ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေတဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော်ကို ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ။ လူတော်တယောက်ကို သူ့ရဲ့ လူမှန်နေရာမှန်မှာ မထားတဲ့ ဆုံးရှုံးမှုပါ”ဟု NLD ပါတီ၏ ရေကြည်အမတ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်း၌ ပြည်သူလူထု၏ ချစ်ခင်လေး စားမှုကိုခံရပြီး နာမည်ကောင်း ရခဲ့သော်လည်း နေပြည်တော် သာသနာရေး ဝန်ကြီးဌာနတွင် ဦးဆန်းဆင့် အဆင်မချောခဲ့၊ လမိုင်းမကပ်ခဲ့ပေ။
နေပြည်တော် အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း အမြင်မတော်မှုများကို လူသိရှင်ကြားဝေဖန် နေခဲ့သည်။ ဥပမာတခုပြရလျင် ပြန်ကြားရေးဌာနသည် အခါကြီးရက်ကြီးများတွင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရွှေတိဂုံစေတီတော်အား ဦးစွာဖော်ပြရမည့်အစား နေပြည်တော်ရှိ ဥပါတသန္တိစေတီတော်ကို ဦးစွာဖော်ပြနေခြင်းမှာ လူကြီးများကို မျက်နှာလိုက်၍ လုပ်ဆောင်နေသည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ဝန်ကြီးရာထူး လက်ခံရယူပြီး ၁ နှစ် စွန်းစွန်းမှာပင် ငွေကြေးအလွဲသုံးစားမှုနှင့် စွပ်စွဲခံရကာ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံဘဝ ရောက်ခဲ့ရတော့သည်။ ဌာနပိုင်ငွေကြေး အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခံရခြင်း ကိစ္စမှာ သာသနာရေးဌာနမှ ညွှန်ချုပ်တဦးကို ရာထူးလျှော့ကာ ချင်းပြည်နယ်သို့ ပို့ခဲ့သည့်အတွက် ယင်းပုဂ္ဂိုလ်က အငြိုးအတေးထား တိုင်ကြားခြင်းဖြစ်ကြောင်း ဦးဆန်းဆင့် မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
“သာသနာရေး ညွှန်ချုပ်ကို အပြောင်းအရွှေ့ လုပ်ခဲ့တာရှိတယ်။ ချင်းပြည်နယ် သာသနာရေးမှူး အဖြစ်ပေါ့။ အဲဒီလူကမသွားဘဲ ရန်ကုန်ကကမ္ဘာအေးမှာပဲနေတယ်။ ပြီးမှ ညွှန်ချုပ်က မကျေနပ်တော့ကာ ဒါတွေကို သိန်း ၁၀ဝ အလွဲသုံးစား လုပ်ပါတယ်ဆိုပြီး တော့တိုင်တာ။ တိုင်တဲ့အခါ သမ္မတကြီးကို တင်ပြတယ်။ သူ့ (ဦးဆန်းဆင့်) ကိုအလွဲသုံးစားလုပ်တယ်။ လာဘ်စားပါတယ်ဆိုပြီး တိုင်တယ်။ သမ္မတကြီး သူ့ကိုစစ်ပါ။ တိုင်တဲ့လူကိုလည်းစစ်ပါ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင် သူခံမယ်။ ငွေရေးကြေးရေးက သူကိုင်တာမဟုတ်ဘူး။ ဒု ဝန်ကြီးပဲ ငွေကိုင်တာဆိုတာ သမ္မတကြီးကို ပြောပြီးပြီ။ ဒါတွေကို စစ်ဆေးလို့လည်း ပြီးသွားပြီ။ အခုကျမှ အဲဒီပြဿနာက ပြန်ပေါ်လာပြီး အခုလိုဖြစ်ကုန်တာ။ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး” ဟု သူကပြောသည်။