ဒီနှစ် ၁၃၇၆ ခုနှစ် ကဆုန် လပြည့်ကျော် ၆ ရက်နေ့က မန္တလေးမြို့တည်နန်းတည်တာ (၁၅၅) နှစ် တင်းတင်း ပြည့်ခဲ့ပါ ပြီ။ ဒီကနေ့ မန္တလေးနဲ့ အနီးတဝိုက်မှာ အင်းဝနဲ့ အမရပူရခေတ်က ရှေးဟောင်း အဆောက်အအုံတွေနဲ့ အတူ ရတနာပုံ ခေတ်ရဲ့ ရှေးဟောင်း အဆောက်အအုံတွေ အများအပြား ကျန်ရစ်ခဲ့ရ ပါတယ်။
အများစုဟာ သာသနိက အဆောက်အအုံများ ဖြစ်ကြသော်ငြား၊ ရတနာပုံခေတ်ရဲ့ အဆောက်အအုံတွေမှာ မြို့ပြဆိုင်ရာ အဆောက် အအုံ၊ ဧကရာဇ်ရဲ့ ကျုံးမြို့ရိုးပြာသာဒ် နန်းတော်နဲ့အဆောင်အယောင် အဆောက်အအုံများ၊ အထိမ်းအမှတ်ဂူဗိမာန်များ၊ သာသနိက အဆောက်အအုံများ ပါရှိတယ်။
ရတနာပုံခေတ် အဆောက်အအုံများ အနက် မြို့တည်နန်းတည် သတ္တဌာနမှာ ပါတဲ့ ကျုံးမြို့ရိုး အပါအဝင် ရွှေမြို့တော်ကြီး ကတော့ အထင်အရှား ပါပဲ။ ကျုံးမြို့ရိုးနဲ့ ၄၈ ရပ်သော ပြာသာဒ်မှာ တံခါးကြီးတွေပါတယ်။ တံခါးတွေမှာ ဓာတ်တံခါး၊ မိတ်တံခါးတွေ ခွဲထားတယ်။
ရွှေမြို့တော်ကြီး ကနေ တံခါးကြီးတွေက တဆင့် ကျုံးကို ဖြတ်တဲ့ အခါမှာလည်း တံတားကြီးတွေ ရှိပါသေးတယ်။ တဘက်မှာတာ ၆၀၀ (၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်) ရှိပြီး အမြင့် ၂၇ ပေ ထု ၁၀ ပေရှိတဲ့ အုတ်မြို့ရိုးကြီးမှာ အလယ်ခေါင် ဓာတ်တံခါးက ၄ ပေါက် ပေါ့။ အရှေ့ဘက်မှာ ဦးထိပ်တံခါး၊ တောင်ဘက်မှာ ကျော်မိုးတံခါး (မင်္ဂလာတံခါး)၊ အနောက်ဘက်မှာ စည်ရှည်တံခါး၊ မြောက် ဘက် မှာ လေးသိန်းတံခါး တပေါက်စီ ရှိတယ်။ ပြာသာဒ်ဘုံက ၅ ဆင့်ပါ။ မလွယ်တံခါးတွေပေါ့။
မိတ်တံခါး တပေါက်စီရှိတယ်။ မိတ်တံခါးတွေက အရှေ့မြောက်အရပ်က စပြီးပြောရရင် လွန်ကဲတံခါး၊ သောင်းညွတ် တံခါး၊ ကျွန်း လုံးယူ တံခါး၊ ရန်နည်းတံခါး၊ ကြေးမုံတံခါး၊ ထင်ရှားတံခါး၊ စည်သာတံခါး၊ မန်ဦး တံခါးတို့ပါပဲ။
ရွှေမြို့တော်ကြီးက ၁၂ ရပ်မှာ တံခါးတော် ၁ ခုအတွက် ၂၀၈၇၉ ကျပ် ၂ မူး ကုန်ကျလို့ ၁၂ ရပ်အတွက် ၂၅၀၅၅၀ ကျပ် ၄ မူး ကုန်ကျပြီး ၄၈ ရပ် ပြာသာဒ်များ အတွက် ၄၃၉၄၈၅ ကျပ် ၄ မူးကုန် သတဲ့။ ဒီတံခါးကြီးတွေမှာ ညနေ နေဝင်ချိန် ညဉ့် ၄ ချက်တီး (စက်နာရီ ၆ နာရီ) မှာ အလယ်ဓာတ် တံခါးကြီး ၄ ပေါက်ကို ပိတ်တယ်။
ဝင်ချင်ထွက်ချင်ရင် မလွယ်ပေါက် မိတ်တံခါးတွေကပဲ လူတကိုယ်စာ အပေါက်ကနေ ဝင်ရတယ်။ မလွယ်ပေါက် မိတ်တံခါးတွေကို လည်း ညဉ့် ၁ ချက်တီး (စက်နာရီ ၉ နာရီ) မှာ ပိတ်တယ်။ တံခါးအားလုံးရဲ့ ဖွင့်လှစ်ချိန်က နံနက် ၄ ချက်တီး (စက်နာရီ မနက် ၆) နာရီ ဖြစ်ပါတယ်။
ဒီ ဓာတ်တံခါး၊ မိတ်တံခါးကြီးတွေ ကနေ အကျယ်ပေ ၂၀၀ ကျော် အနက် ၁၅ ပေ ဝန်းကျင် ရှိတဲ့ ရေကျုံးကြီးကို ဖြတ်ဖို့က ၄ မျက်နှာမှာ တံတားကြီးက ၅ စင်း ရှိပါတယ်။ ၄ မျက်နှာ အလယ်ရှိ ဓာတ်တံခါးကြီး ၄ ပေါက်က တံတား ၄ စင်းနဲ့ အနောက်မျက်နှာ တောင်ဘက် အစွန်းမှာ ရှိတဲ့၊ မိတ်တံခါးဖြစ်တဲ့ ကြေးမုံတံခါးမှာ တံတား တစင်းနဲ့ စုစုပေါင်း ၅ စင်း ရှိတာပါ။
အလွယ်မှတ်ရင်း အရှေ့မျက်နှာ၊ တောင်မျက်နှာနဲ့ မြောက်မျက်နှာရဲ့ အလယ်တည့်တည့်မှာ တံတား ၃ စင်း ရှိပြီး အနောက် မျက်နှာမှာ တံတားနှစ်စင်း ရှိတာပါ။ ဒီနေရာမှာ အနောက်မျက်နှာက တံတား၂ စင်းရှိခြင်းက ကြေးမုံတံခါး ခေါ် အာဠဝီတံခါးဟာ ရွှေမြို့တော်အတွင်းက ဆွေးမျိုးတော်၊ မှူးကြီးမတ်ရာ သေနာပတိ စစ်သူကြီးတို့ သေလွန်သော်..၊ မြို့အနောက်ခြမ်းက သင်္ချိုင်းတော်များမှာ ဖုတ်ကြည်းမြှုပ်နှံ သင်္ဂြိုဟ်ဖို့ “မသာတော်” များ ထုတ်ဆောင်ရာ “အမင်္ဂလာ” တံခါးအဖြစ် သီးခြားထားရှိခြင်းကြောင့် ဖြစ်ပါတယ်။
ကျုံးတော်ကြီးကို ကူးဖြတ်တဲ့ တံတားကြီးတွေက ကမ်းထိပ်နှစ်ဘက်မှာ ခန့်ညားတဲ့ အုတ်လက်ရန်း၊ အုတ်တိုင်များနဲ့ အုတ်ခုံ ထိုး ကမ်း၊ ကပ်ခုံများ ဖြစ်ပြီး အလယ်မှာ ကျွန်းတိုင်လုံး ကျွန်းလက်ရန်း၊ အလွယ်တကူ ဖြုတ်သိမ်းနိုင်တဲ့ နင်းကြမ်း အရှင်နဲ့ တံတားကြီး များ ဖြစ်ပါတယ်။ ဒီလို နင်းကြမ်းတွေကို ဖြုတ်သိမ်းနိုင်အောင် အရှင်ပြုလုပ်ထားတာက၊ အကယ်၍ ရန်သူများ လာရောက်ရင် မြို့တွင်း အလွယ်တကူ ဝင်လို့ ထွက်လို့ မရနိုင်ဖို့ စီမံထားတာပါ။
ဒါ့အပြင် ဦးပုည စာထဲကလို “အိုင်ရေ နဝရတ် နှုန်းတန္တီလို၊ ရွှေကျုံးဂမ္ဘီကာရံသန်း၊ ပြည်ကြီးမွန်တော် ကမန်းနှင့် ရွှေတောင်ရွှေနန်း ကျက်သရေ၊ ရွှေလောင်း ရွှေလှေထွေထွေယှက်၊ တေဇော် ရွှေခတ် ရေလက်ျာရစ်ခွေ” ဆိုတဲ့ အတိုင်း ရေခင်းတော် မင်းခမ်း မင်း နား များ ဆင်ယင်ကျင်းပရင်း ပြည်ကြီးမွန်ဖောင်၊ ကရဝိက်ဖောင်၊ ရွှေလှေရွှေလောင်းတွေ ကျုံးအတွင်း လှည့်လည်ရင်လည်း တံတား ကြီးတွေ အလယ်က သစ်သားနင်းကြမ်း အရှင်တွေကို ဖြုတ်သိမ်းထားရ တာပါ။
ဒီလို တင့်တယ် ခမ်းနားတဲ့ ရွှေမြို့တော် ကျုံးတော်၊ မြို့ရိုးတော်ကြီးတွေဟာ ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရတပ် သိမ်းပိုက်ပြီး နောက် ယိုယွင်း ပျက်စီးလာတယ်။ ရွှေမြို့တော်ကြီး အတွင်း နန်းတော် နန်းဆောင်တွေမှာ အင်္ဂလိပ် စစ်တပ်တွေ တပ်စွဲတယ်။ တန်ဖိုးရှိတာတွေ ဖြုတ်သိမ်းယူငင်တာတွေ ရှိလာတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ဂျပန်တပ်က ဗုံးကြဲတာရော၊ မဟာမိတ် စစ်တပ်က မြို့ပြန် အသိမ်း တိုက်ခိုက်ကြတာရောကြောင့် မီးလောင် ပျက်စီးပါလေရော။
မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် နန်းဆောင်တွေ မီးလောင် ပြာကျသွားတယ်။ မြို့ရိုးကြီးလည်း ဗုံးဒဏ်ကြောင့် ပေါက်ပြဲ ပြိုပျက်သွားတယ်။ ၄၈ ရပ် ပြာသာဒ်တွေလည်း မီးလောင်ကုန်တယ်။ တံတားကြီးတွေလည်း ပျက်စီး တာရော၊ ဖျက်ဆီး ခံရတာ ရော ကြောင့် မူလပုံစံ မရှိကြတော့ဘူး။
ဒီလို မြို့ရိုးပျက်၊ ကျုံးကော၊ တံတားကျိုး နေတဲ့ မြို့တော်ကြီးအလယ်က နန်းတော်ကြီး နေရာမှာလည်း အုတ်ခံအတိသာ ကျန်ရစ် တာပေါ့။ လွတ်လပ်ရေး ရပြီးချိန်မှပင် အထွေထွေ အကျပ်အတည်းနဲ့ ပြည်တွင်း စစ်မီးကြောင့် ဒီအပျက်အစီးတွေ မပြင်နိုင်ခဲ့ဘူး။
နောက်ပိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တွေက နန်းတွင်းမှာ ဌာနချုပ် ဖွင့်လှစ်ထားပြီး ရတနာပုံ ဧည့်ရိပ်သာ ကဲ့သို့သော နိုင်ငံအကြီးအကဲများ အတွက် တည်းခိုရိပ်သာများ တည်ရှိ ခြင်းကြောင့် ဦးထိပ်တံခါးက တံတား၊ ကျော်မိုး (ခေါ်) မင်္ဂလာတံတား၊ အနောက်ပြင် လူနေရပ်ကွက်ကြီးနဲ့ ဆက်စပ်တဲ့ အာဠဝီ (ခေါ်) ကြေးမုံ တံတားတွေကို မူလပုံစံအတိုင်း ပြုပြင်တယ်။ ဧည့်သည်တော်များ အဝင်အထွက်များတဲ့ ကျော်မိုး (ခေါ်) မင်္ဂလာ တံတားပေါ်က ဘုံခုနစ်ဆင့် ပြာသာဒ်ကြီး အသစ်ပြန်လည် တည်ဆောက်ခြင်းနဲ့ တချို့ အပျက်အစီးနည်းတဲ့ ပြာသာဒ်များ ပြန်လည် ပြုပြင်ခဲ့ပါတယ်။
မြောက်ဘက် မျက်နှာမှာရှိတဲ့ လေးသိန်းတံခါးက တံတားကြီးကို သံဘေလီ ယာယီ တံတားအဖြစ်ကနေ ၁၉၈၀ ကျော် ဝန်းကျင် ရောက်မှ မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခဲ့ပါတယ်။
ဒီတော့ မူလမြို့တည် နန်းတည် ပုံစံ ကျုံးကူးတံတားကြီး ၅ စင်းအနက် တံတားကြီး ၄ စင်းဟာ ပုံစံ မပျက်ပြုပြင် တည်ဆောက် နိုင်ခဲ့ပါပြီ။ အဲဒီအထဲမှာ ကျုံးအနောက် မျက်နှာမှာရှိတဲ့ မင်္ဂလာရှိသော ဓာတ်တံတခါး “စည်ရှည်” တံတားကြီးကတော့ ကမ္ဘာစစ်ကြီး ကြောင့် မီးလောင်ကျိုးပျက်တဲ့ ပုံစံအတိုင်း တည်ရှိနေဆဲပါ။ မူလအချိုး၊ မူလ အင်္ဂတေ၊ မူလအုတ်ရိုးများ အတိုင်း တန်ဖိုးရှိစွာ အမှတ် တရ ကျန်ရစ်ခဲ့တာပါ။
နောက်ပိုင်း သာမန် မြို့သူမြို့သား လူပြိန်းများက ကျိုးပျက်နေတဲ့ စည်ရှည် တံတားကြီးကို လူသေကောင် ထုတ်တဲ့ အမင်္ဂလာ တံတား၊ တံတားပျက်၊ တံတားကျိုးကြီး ဆိုပြီး အဲဒီ ၁၉ လမ်းနဲ့ လမ်း ၈၀ ထိပ်ရောက်ရင်ပဲ ဖြေဖဝါးက ဖုန်မှုန့်၊ နဖူးတို့လိုတို့၊ ဖွီဖွမ်နဲ့ တံတွေး ထွေးလို့ထွေး လွဲမှားစွာ ပြောဆိုကြတယ်။ ပိုဆိုးတာက စည်ရှည်တံတားကို အမင်္ဂလာတံတား အဖြစ် လွဲမှားစွာ စာမျက်နှာထက် ရေးသားဖော်ပြကြခြင်း ပါပဲ။
ဒီထက် အဆိုးတကာ့ အဆိုးဆုံးကတော့ “ရှေးဟောင်း အမွေအနှစ်” အဖြစ် ပညာရှင်အားလုံးက လက်ခံထားကြတဲ့ စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ဝန်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှွတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။ အုတ်ကျိုး အုတ်ပဲ့ အပိုင်းအစ တွေကိုလည်း ဧရာဝတီမြစ်ကမ်းဘေး တနေရာမှာ မြေကျင်းထဲမြှုပ်၊ မြေဖို့ပြီး “တစမျှမကျန်” “ခြေရာလက်ရာ မပျက်” ဖျောက်ဖျက် လိုက်ကြ တာပါပဲ။
ဒီလို အဖိုးတန် သမိုင်းအမွေအနှစ်ကို ဖျက်ဆီး ဖျောက်ဖျက် လက်စတုံးပစ်တာ ဘာကြောင့်လဲ၊ ဘယ်သူက ဘာအတွက်လဲ၊ ယဉ်ကျေးမှုဌာန ကဲ့သို့ တာဝန်ရှိသူတွေက ဘာလို့မကန့်ကွက်ကြတာလဲ၊ ဘာကြောင့် အခုထိ ဘာသံမှ ထွက်မလာခဲ့တာလဲ။ ။