ကြိုးတိုက် ဋီကာ (၁၀)
This article has been converted from Zawgyi One to Unicode
စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်းဖိနှိပ်မှုကြီးမှာအစာငတ်ခံ ဆန္ဒပြသူ၊ နိုင်ငံရေးအကျဉ်းသား၊ ကြိုးသမားစုစုပေါင်း ၄၀ဝ လောက်ရိုက်နှက် နှိပ်စက် ခံခဲ့ကြရတယ်။ အဲဒီနောက် တချို့ကိုစစ်ခွေးတိုက်ကိုပို့၊ တချို့ကိုတိုက်ဝင်းထဲက တခြားတိုက် တွေကိုပြောင်း၊ တချို့အဆောင်ပြောင်းစတာတွေကို စီမံချက်ပုံစံမျိုးနဲ့ လုပ်ခံခဲ့ကြရပါတယ်။ အဲလို လူစုခွဲပို့ခံနေရချိန်မှာလည်း ရိုက်နှက်နှိပ်စက်ခံရမှုတွေကလည်း အဆက်ပြတ်မသွားပါဘူး။
ကျနော်ကတော့ ကြိုးတိုက်ထဲက“ကြိုးတို”လို့ ခေါ်တဲ့ အခြမ်းဘက်ကို ပြန်ပို့ခံရတယ်။ အဲဒီကနေနောက်တနေ့ မနက်စောစောမှာ ကျနော် အပါအဝင် ကြိုးသမား ၂၀ ကိုခေါင်းစွပ်စွပ်၊ ရိုက်နှက်ပြီးစစ်ခွေးတိုက်ရှိရာကို မိကျောင်းတွားသွားရတဲ့ ပုံစံအတိုင်း မိုင်ဝက် လောက်ဝေးတဲ့ ၁၀ ခန်းတွဲ စစ်ခွေးတိုက် အခန်းနံပါတ် ၁၀ ရှိရာကိုအရောက် သွားခိုင်းခဲ့တယ်။ တလမ်းလုံးလည်း ကျွဲရိုက်နွားရိုက်ရိုက်နှက်ခံရပါသေးတယ်။
စစ်ခွေးတိုက် တာဝန်ကျ တပ်ကြပ်ကြီး ကံထွန်းခေါ် ဗိုလ်ကံက“စစ်ခွေးတိုက် ဝင်ကြေး” ဆိုပြီး အော်လိုက်တယ်။ စစ်ခွေးတိုက် ဝန်း ထဲက ဂဝံကျောက် ခင်းထားတဲ့ လမ်းတလျှောက်မှာ ကျနော့်ကို အချင်း ၂ လက်မလောက်ရှိတဲ့ တုတ်ရှည်တွေနဲ့ ဝိုင်းရိုက်ကြတော့ တာပါပဲ။
စစ်ခွေးတိုက်ဆိုတာ အကျဉ်းခန်း ၁၀ ခန်းရှိ တိုက်ဖြစ်ပြီး ညကင်းပတ် စစ်ခွေးတွေကို ထိန်းကျောင်းသင်ကြားပေးတဲ့ နေရာလည်း ဖြစ်တယ်။ ခွေးသံတွေနဲ့ဆူညံနေပြီး အဲဒီ စစ်ခွေးတိုက်တွင်းက ရိုက်နှက် ညှဉ်းပန်းသံတွေကို ထောင်တွင်း ဘယ်နေရာကမှ မကြားနိုင် ပါဘူး။
အခန်းတွင်း ရောက်တဲ့အခါ စစ်ခွေးတိုက်ပုံစံထိုင်နည်းကို ရိုက်နှက်သင်ပေးတယ်။ စစ်ခွေးတိုက်ရဲ့ ပုံစံထိုင်နည်း ဆိုတာ တင်ပျဉ်ခွေထိုင်၊ ကြမ်းပြင်နဲ့ မျက်နှာနဲ့ ရင်ဘတ်ကို ထိကပ်နေရပြီး လက်နှစ်ဘက် ရှေ့ကို ဆန့်ထားရတယ်။ အဲဒီအချိန်မှာ ဝါယာကြိုးတွေ၊ သစ်သားတုတ်တွေနဲ့ ရိုက်ကြတော့တာပါပဲ။
ထောင် ဝန်ထမ်းတွေက အားရအောင် ကျနော်တို့ကို ရိုက်နှက်ပုံစံပေးပြီး ပြန်ထွက်သွားပြီးတော့မှ အခန်းတံခါးကို ပိတ်သွားတယ်။
နှစ်ရက်နီးပါးလောက် အဆက်မပြတ် ရိုက်နှက်မှုတွေ ခဏအဆုံးသတ်သွားချိန် ဒဏ်ရာတွေကြောင့် ထိုင်ရခက်၊ လှဲရခက် ဖြစ်နေ ပေတုန်း အမှတ်မထင် အခန်းတွင်း နံရံပေါ်ကစာတချို့ကို သွားဖတ်မိလိုက်တယ်။ အဲဒီစာက ထုံးသုတ်ထားတဲ့ နံရံပေါ်မှာ လူသွေးနဲ့ရေးထားတဲ့စာပါ။ “ငါတို့တော်လှန်ရေး မပြီးသေးဘူး”တဲ့။
စာရဲ့အောက်နားမှာ ရေးထိုးထားတဲ့နာမည်ကို ကြည့်လိုက်တော့မှ ပြီးခဲ့တဲ့နာရီပိုင်းကပဲ ဒီအခန်းထဲကနေ သရက်ထောင်ကို ပြောင်း ရွှေ့တာ ခံလိုက်ရတဲ့ ကျနော့်အမှုတွဲ ကိုမြင့်ဆွေ ရေးသွားတာမှန်း သိလိုက်ရတယ်။
ကိုမြင့်ဆွေဟာ ၁၉၉၆ ခုနှစ် ဇွန်လ ၁၈ ရက်ကသရက်ထောင်မှာ ထောင်အာဏာပိုင်တချို့ရဲ့ ပယောဂနဲ့ စိတ်ရောဂါသည် အချုပ် သားက ထမ်းပိုးနဲ့ ရိုက်လို့ ကွယ်လွန်သွားခဲ့ပါတယ်။
နေ့လယ်စာ စားချိန်လောက်မှာ ထောင်ဝန်ထမ်းတချို့ အခန်းရှေ့ရောက်လာပြီး တာလပေါ ဟင်းရည် လောင်းထည့်ထားတဲ့ ထမင်း ပန်းကန်ကို အခန်းသံတိုင် တံခါးအောက်က ထိုးသွင်းလာပြီး “စား” လို့ ပြောသွားတယ်။ ကျနော်က “မစားဘူး”လို့ ပြောပြီး ပုံစံ ထမင်း ပန်းကန်ကို ပြန်ထုတ်ပေးလိုက်တယ်။ ဒါနဲ့တခါ အခန်းထဲက ကျနော့်ကို ထုတ်ပြီး ရိုက်ပြန်တယ်။
အဲဒီအချိန်မှာ ကျနော်ဟာ အစာမစားရတာ ၃ ရက်ထဲရောက်လာခဲ့ပြီ။ တကိုယ်လုံး ဒဏ်ရာတွေနဲ့ မှောက်အိပ်လို့လည်း မရ။ ပက် လက် အိပ်လို့လည်းမရ။ စောင်းအိပ်လို့လည်း မရ။ ထိုင်လို့လည်း မရ။ ခန္ဓာကိုယ်တွင်းကလည်း တဖျစ်ဖျစ် မြည်သလို ခံစားနေရပါတယ်။
ဒဏ်ရာနာကျင်မှုတွေ၊ ဆာလောင်မွတ်သိပ်မှုတွေကို လုံးထွေးခံစားရင်း အသက်ရှင်ချိန် တရက်ချင်းကျော်ဖြတ်ပြီး သေခြင်း အတွက် အဆင်သင့်ဖြစ်စေဖို့ ဝိပဿနာ သတိပဋ္ဌာန်တရား ကြိုးစားအားထုတ်ရင်း နေခဲ့တယ်။
အခန်းဖော်က အစာစားဖို့ အကြိမ်ကြိမ်နားချ တိုက်တွန်းခဲ့တယ်။ စစ်ခွေးတိုက် တာဝန်ခံတပ်ကြပ်ကြီး ဗိုလ်ကံက ကျနော့်ကို အစာ မစားလို့ နံနက်တိုင်း စစ်ခွေးပုံစံထိုင်ခိုင်းပြီး သစ်သားတုတ်နဲ့ ရိုက်လေ့ရှိတယ်။ ထောင်သက် ရင့်သူတွေဆီက တဆင့် ကြားသိ ထားတဲ့ ထောင်တွင်းဒဏ်ရာ ဆေးကုသနည်းကို သတိရလိုက်တယ်။
ခန္ဓာကိုယ်ကို ဆီးဂန်ဖလားထဲက ဆီးတွေလက်နဲ့ယူပြီး တကိုယ်လုံးကို ဆုပ်နယ်တယ်။ ပွန်းရှထားတဲ့ ဒဏ်ရာနဲ့ ဆီးနဲ့တွေ့တော့ အတော်စပ်ဖျဉ်းဖျဉ်း ဖြစ်တယ်။ အတွင်းဒဏ်ရာတွေ ကြေအောင်၊ သက်သာအောင် မနက်စောစော ကိုယ်စွန့်ထားတဲ့ ဆီးကို ပလတ်စတစ်အိတ်နဲ့ ခံပြီးသောက်တယ်။ တကယ်ပဲ ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ သက်သာသလို ခံစားရတယ်။
အဲဒီလိုနဲ့ စစ်ခွေးတိုက်မှာ ၅ ရက်မြောက်နေ့ မနက်အိပ်ရာထချိန်ကစတင်ပြီး လန်းဆန်းလာသလို ခံစားလာရတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ ထောင်အာဏာပိုင်တွေက အခန်းရှေ့က ရေအိုးထဲကရေကို ၁ ယောက်စာအတွက် ၁၅၀ဝ စီစီလောက်ပဲ တရက်စာ ထားခဲ့ပြီး ကျန်တဲ့ရေကိုအခန်းရှေ့မှာပဲ သွန်ပစ်တယ်။
အဲဒီတုန်းကစစ်ခွေးတိုက် အခန်းနံပါတ် ၁၀ မှာ ကျနော်နဲ့အတူနေခဲ့ရတဲ့ အခန်းဖော်ရဲ့နာမည်က စိန်ဝင်း။ သူက ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ မြောက်ဥက္ကလာပမြို့နယ်က ရဲကို သတ်မှုနဲ့ သေဒဏ် ကျခံနေရသူ ဖြစ်တယ်။
ကြိုးတိုက်ဆန္ဒပြမှုမှာ တက်တက်ကြွကြွပါဝင်ခဲ့သူ စိန်ဝင်းက နဂိုကတည်းက အစာအိမ်ရောဂါနဲ့ ကျောက်ကပ်ရောဂါ ရှိသူမို့ ထမင်း စားတယ်။ ဒါကြောင့် သူက အစာမစားတဲ့ ကျနော့်ကို လက်ကျန်သူတို့ထားခဲ့တဲ့ သူ့အတွက်ရေကို ကျနော့်အတွက် ဦးစားပေး တယ်။ အဲဒီနေ့ကစပြီး ရေသောက်ဖို့ အကန့်အသတ် ရှိလာတယ်။
စစ်ခွေးတိုက် အခန်းကျဉ်းအတွင်းမှာပဲ လမ်းလျှောက်တဲ့အခါ အနည်းငယ် မောစပြုလာခဲ့တယ်။ ၁၀ ရက်ကျော်လာတော့ မျက်လုံး တွေ ဝေဝါးလာတယ်။ မှတ်မိတာကတော့ ၁၁ ရက်ကျော်လာပြီးနောက်ပိုင်း ကျနော့်ကို လာမရိုက်တော့ပါဘူး။
၁၅ ရက်မြောက်နေ့မှာ ခန္ဓာကိုယ်တခုလုံး ပျော့အိလာသလို ခံစားလာရပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းမတ်ဖို့ အခက်အခဲဖြစ်လာတယ်။ ဒါနဲ့ လှဲနေချိန်က များလာတယ်။ ကိုစိန်ဝင်းက အကြိမ်ကြိမ် နားချစည်းရုံးတယ်။ ထောင်ဆရာဝန် ဒေါက်တာ ထွန်းထွန်း ကလည်း နောက်ရက်တွေမှာ လာကြည့်ပြီး အစာစားဖို့ဖျောင်းဖျ တိုက်တွန်းတယ်။
၁၇ ရက်မြောက်တဲ့နေ့အထိ အသိရှိနေပေမယ့် ခန္ဓာကိုယ်က သယ်ယူဖို့ ခက်ခဲလာတယ်။ သေခြင်းအတွက် ဗုဒ္ဓအဆုံးအမ အတိုင်း သတိနဲ့သေဖို့၊ လူပီသစွာသေဖို့ ကြိုးစားရင်း တဖက်ကလည်း အသက်ရှင်စိတ်ကို လုံးဝမစွန့်လွှတ်ခဲ့ဘူး။ သတိရလိုက်ချိန်မှာ အစာ ငတ်ခံဆန္ဒပြတဲ့ ၁၈ ရက်မြောက်နေ့ (နောက်ပိုင်းမှ ပြန်လည်ရေတွက်၍ သိရခြင်းဖြစ်သည်) မှာ ကျနော့် တကိုယ်လုံး ပေါ့ပါး လန်း ဆန်း နေတယ်။ လေထဲမှာ လွင့်မျောနေသလို ခံစားနေရတယ်။
အနားမှာ ထောင်အာဏာပိုင်တွေကို မတွေ့ဘူး။ ထောင်ဆရာဝန် ဒေါက်တာထွန်းထွန်းကိုတော့ တွေ့လိုက်တယ်။ ကျနော့် လက်မှာလည်း အပ်တန်းလန်းနဲ့။ စစ်ခွေးတိုက် အခန်းတံခါးသံတိုင်မှာ ဂလူးကို့စ်ပုလင်းကြီး ချိတ်ထားတယ်ဆိုတာ သိလိုက်တယ်။ အခန်းဖော် ကိုစိန်ဝင်း က ပြုံးပြီး နှုတ်ဆက်နေတာကိုတွေ့တယ်။
“အစ်ကိုမသေပါဘူး၊ သေမှာမကြောက်တဲ့သူကို သေမင်းကမခေါ်ဘူးဗျ” လို့ ကိုစိန်ဝင်းက အားပါးတရပြောတယ်။ “အစ်ကို့စကား အတိုင်း ကျနော် အကြံပေးချင်တယ်။ တော်လှန်ရေးက အတော်ကြာဦးမယ်။ ငါတို့ အသက်ရှင်သန်နေခြင်းသည်ပင် သူတို့ ဖြစ်စေ ချင်တဲ့ အတိုင်း မဖြစ်အောင် တော်လှန်ခြင်း ဖြစ်တယ်လို့ အစ်ကို ပြောထားတာပဲ။ ကိုယ့်စကားနဲ့ အညီ ကိုယ်တိုင်ကျင့်သုံး သင့် တယ်” လို့ သူက ကျနော့်စကားနဲ့ ပြန်ချည်ပြီး ဆက်ပြောတယ်။
ဆက်တိုက် အစာငတ်ခံ ဆန္ဒပြနေတာဟာ ငါ့အတွက် ဘာအကျိုးရှိမလဲဆိုတာကို အဖန်ဖန် ဆန်းစစ်ကြည့်မိတယ်။ ဒါပေမယ့် စစ်ခွေးတိုက် တာဝန်ခံနဲ့တွေ့လိုကြောင်း တာဝန်ကျ ထောင်ဝန်ထမ်းတဦးက တဆင့် ပြောလိုက်တယ်။
စစ်ခွေးတိုက် တာဝန်ခံ တပ်ကြပ်ကြီးဗိုလ်ကံနဲ့ နောက်တဦးရောက်လာတယ်။ အဲဒီသူက အကျဉ်းဦးစီးယူနီဖောင်း ဝတ်ထားတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး တဦးဖြစ်တယ်လို့ နောက်မှ သိရတယ်။ ကျနော့်ကိုသူတို့ပါလာတဲ့ အစားအသောက် တွေစားဖို့ တိုက်တွန်းပြီးဆက်ပြီး အစာငတ်ခံဆန္ဒပြသူမရှိဘူးလို့ သူတို့ကအထက်ကို သတင်းပို့ထားတယ်လို့ ပြောပြီးထွက်သွားတယ်။
ကျနော် ဘာဆက်လုပ်မလဲ။ မေးခွန်းပေါင်းများစွာက ကျနော့်ခေါင်းထဲ ဆူညံနေတယ်။ ဂလူးကို့စ် ပုလင်းကြီးအရှိန်နဲ့ လန်းဆန်း နေ ပေမယ့် ရင်ထဲမှာ “ဟာ” နေတယ်။
ကျနော်အစာပြန်စားဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ပထမဆုံး ပြန်စားတဲ့အချိန် တလုတ်စားတိုင်း မျက်ရည်တပေါက်ပေါက် ကျဆင်း လာတယ်။ အရှုံးအတွက် ကျခဲ့ရတဲ့ မျက်ရည်တွေပါ။ အဲဒီတုန်းကချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော် အခုလို စာရေးနေနိုင် တာလို့ ပြောရမှာပါပဲ။ လူသားတိုင်း အောင်မြင်ခြင်းတွေ ရင်ဆိုင်ရသလို အရှုံးနဲ့လည်း ရင်ဆိုင်ရတတ်တာဟာ ဓမ္မတာပါပဲ။
အာဏာရှင်လက်အောက် မြန်မာနိုင်ငံမှာ အစာငတ်ခံ ဆန္ဒပြပွဲတွေထဲ ထင်ရှားတဲ့ အောင်ပွဲတခုက တပါတီအာဏာရှင် ဦးနေဝင်း လက်ထက် ကိုကိုးကျွန်း အကျဉ်းစခန်းရောက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက် ၈ ချောင်းနဲ့ လဲလှယ်ခဲ့ရတဲ့ ကျွန်းစနစ် ဖျက် သိမ်းပေးရေး တိုက်ပွဲပါပဲ။
၁၉၉၈ ခုနှစ် မေလက သာယာဝတီ အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေက တခြား အကျဉ်းသားတွေ နည်းတူ ထောင် လက်စွဲဥပဒေအရ လျှော့ရက် ခံစားခွင့်အတွက် အစာငတ်ခံ ဆန္ဒပြပွဲမှာ ကိုအောင်ကျော်မိုး အသက်ပေးဆပ်ခဲ့ရတယ်။
မအောင်မြင်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို ဖြတ်သန်းကျော်လွှားရင်း စစ်ခွေးတိုက်မှာ ၁ လကျော်ကြာနေခဲ့ပြီး ကျနော့်ရဲ့ ဒုတိယ အိမ်ဖြစ်နေတဲ့ ကြိုးတိုက်ကို ပြန်ရောက်ခဲ့ပါ တော့တယ်။ အဲဒီ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမှုနဲ့ ဖိနှိပ် မှုကြီးကို နိုင်ငံရေးအကျဉ်းသားတွေက Black September လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။