Culture

အလှမျိုးစုံသည် ကယားပြည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရ လက်ထက်မှာ နိုင်ငံခြားသားတွေအတွက် တားမြစ်နယ်မြေတခု ဖြစ်နေခဲ့တဲ့ ကယားပြည်နယ်ဟာ အရပ်သား အစိုးရ ပြောင်းလဲလာပြီး နောက်မှာတော့ သူတို့ဒေသရဲ့ ရိုးရှင်းလှပတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေနဲ့ ဒေသအလှအပတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ အာရုံကို ဖမ်းစားနေတဲ့ စိတ်ဝင်စားစရာ နေရာတနေရာအဖြစ် ပိုမိုထင်ရှားလာနေပါပြီ။

ရိုးရာ ဓလေ့ အလှတရားတွေ ရှိနေတဲ့ ကယားပြည်နယ်ကို ရောက်ဖို့ ရန်ကုန်မြို့ကနေ ဘတ်စ်ကားစီးပြီး ခရီးနှင်ခဲ့ပါတယ်။ ဒီဇင်ဘာ လရဲ့ ဆောင်းနှင်းတွေကို ဖြိုခွင်းပြီး မောင်းနှင်နေတဲ့ ဘတ်စ်ကားကြီး ထဲမှာ စိုင်းထီးဆိုင်နဲ့ စိုင်းဆိုင်မော့ဝ် တို့ရဲ့ သီချင်း တွေပျံ့လွင့် နေတာဟာလည်း လွမ်းမောစရာတခု လိုပါပဲ။

မြေပြန့်လမ်း၊ တောင်ပတ်လမ်းတွေကို အဆင့်ဆင့် ကျော်ဖြတ်ပြီး ၁၅ နာရီလောက် အကြာမှာတော့ ကယား ပြည် နယ်ရဲ့ မြို့တော် လွိုင်ကော်ကို ခြေချနိုင်ခဲ့ပါတယ်။ အရိုးထိအောင် အေးစိမ့်နေတဲ့ အအေးဒဏ်ဟာ မြေပြန့်သား တ ယောက်အတွက်တော့ အနွေးထည် အပါအဝင် အကျႌသုံးထပ်လောက် ဝတ်ထားတာတောင် ခိုက်ခိုက်တုန်နေပါတယ်။

လွိုင်ကော်မြို့ရဲ့ ဆောင်းရာသီကတော့ အာရုဏ်တက်ချိန်ကနေ နံနက် ၈ နာရီလောက်အထိ မြူနှင်းတွေကျနေ ပါ တယ်။ နောင် ယား ကန်ကြီး အပါအဝင် လွိုင်ကော် တမြို့လုံးကို မြူတွေနဲ့ ဖုံးလွှမ်းနေလို့ ဓာတ်တိုင် ၂ တိုင် အကွာ အဝေး ထက် ပိုပြီး သဲသဲ ကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် နှင်းကွဲချိန် ရောက်အောင် နောင်ယားကန်ဘေးက အညာသား လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ကော်ဖီ၊ ရေနွေးကြမ်းနဲ့ ပဲပြုတ်ထမင်းစားပြီး အချိန်ဖြုန်း ခဲ့ရပါတယ်။

နေခြည်ဖြာအကျ မြူနှင်းတွေကွဲသွားတာနဲ့ မြို့ ပေါ်က အထင်ကရ တောင်ကွဲစေတီကို သွားရောက်ဖူးမြော် ဖြစ်ပါတယ်။ အဲဒီ တောင် ကွဲ စေတီပေါ်ကနေ ကြည့်လိုက်ရင် အထပ်မြင့် အဆောက်အအုံတွေ မရှိဘဲ သစ်ပင်တွေကြားမှာ သဘာဝ အတိုင်း လှပနေ တဲ့ လွိုင်ကော်မြို့တခုလုံးကို မြင်တွေ့ရသလို စပါးတွေ ရိတ်သိမ်းပြီး ဖြစ်တဲ့ မြို့ပြင်က လယ် ကွင်းပြင်တွေနဲ့ မှိုင်းပျပျ တောင်တန်း တွေကိုလည်း မြင်ရပါတယ်။

လွိုင်ကော်မြို့ထဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်း စီးဆင်းနေတဲ့ ဘီလူးချောင်းထဲက ရေတွေကိုလည်း တချို့က ချိုးရေ အဖြစ် အသုံးပြုနေရတာ တွေ့ရပါတယ်။

ဘီလူးချောင်း တဖက်မှာရှိတဲ့ သီရိမင်္ဂလာ ဈေးကြီးထဲမှာ ဆိုရင်လည်း ဒေသထွက်သီးနှံတွေဖြစ်တဲ့ အာလူး၊ ကြက်သွန်၊ နာနတ်၊ ဘူးသီး၊ ခရမ်းသီး၊ ခဝဲသီး စတဲ့ သီးနှံတွေအပါအဝင် လူသုံးကုန်နဲ့ စားသောက် ကုန်မျိုးစုံ ဝယ်ယူရောင်းချသူတွေနဲ့ စည်ကားလို့ပါ။ အဝတ်အထည်တွေကတော့ တရုတ် နိုင်ငံထုတ်တွေ များပါတယ်။

လွိုင်ကော်မြို့လယ် နာရီစင်နားမှာတော့ ၁၉၄၉ ခုနှစ် နိုဝင်ဘာကနေ ၁၉၅၀ ဩဂုတ်လအထိ ကယားပြည်နယ် လွိုင်ကော်၊ မော်ချီး၊ ရှားတော၊ ဒီမော့ဆို စတဲ့မြို့နယ်တွေကို ကျူးကျော် ဝင်ရောက်လာတဲ့ တရုတ်ဖြူ(ကူမင်တန်) တပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက် ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း စစ်သည်တွေကို ဂုဏ်ပြု ဆောက်လုပ်ထားတဲ့ “သူရဲကောင်း ဗိမာန်” ကြီးကို တွေ့ရပါတယ်။ ၁၀ ပေကျော်မြင့်တဲ့ အထိမ်းအမှတ် ကျောက်စာတိုင်နဲ့ ဝန်းကျင်မှာတော့ ရှင်းလင်းပေးထားတာ မရှိလို့ ကုက္ကိုရွက်ခြောက်တွေ ပြန့်ကျဲနေ ပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျနေတဲ့ ကြေးပတ် ကယန်းရွာတွေကို ရောက်ဖို့တော့ လွိုင်ကော်ကနေ ဒီမော့ဆို မြို့နယ်ထဲ အထိ ဆိုင်ကယ်နဲ့ အချိန် ၂ နာရီကျော်ကြာ သွားရပါတယ်။

ဒီမော့ဆိုမြို့နယ်ထဲသွားတဲ့လမ်းဟာ ငွေတောင်ဆည် ပေါင်ပေါ်ကနေ တောက်လျှောက် ဖြတ်သွားရတာဖြစ်လို့  ငွေတောင်ဆည် ကို လည်း အထူးတလည် သွားစရာမလိုဘဲ ဆည်ကြီးရဲ့ အလှကို ကြည့်ရှုခွင့် ရခဲ့ပါတယ်။

ဒီမော့ဆိုမြို့ကနေ ကြေးပတ် ကယန်းရွာတွေကို သွားတဲ့လမ်းတွေဟာ တောင်ကုန်း၊ တောင်တန်းတွေကို ဖြတ်သွားရတာဖြစ်ပါတယ်။ မြူနှင်းတွေ မစဲသေးတဲ့ တောင်စွန်း၊ တောင်ထွတ်တွေကတော့ သက်ဝင် ပန်းချီကား တချပ်နဲ့တောင် တူနေပါသေးတယ်။

အဲဒီတောင်ပေါ် ကားလမ်းဘေး တနေရာမှာတော့ ကုန်စုံဆိုင်လေးတွေ ၅ ဆိုင်လောက် တွေ့ခဲ့ရပါတယ်။ အဲဒီ ဆိုင်လေးတွေမှာ စား သုံး ကုန်တွေအပြင် ကယန်းရိုးရာ ပဝါနဲ့ လွယ်အိတ်တွေကိုလည်း တင်ရောင်းထားတာ တွေ့မြင်ရပါတယ်။ အဲဒီ ဆိုင်လေးတွေထဲမှာ ပဲ ကယန်းရိုးရာ ပဝါတွေနဲ့ လွယ်အိတ်တွေကို ကြေးပတ် ကယန်း အမျိုးသမီးတွေက ရက်ကန်းနဲ့ ကိုယ်တိုင် ခတ်နေကြပါတယ်။

ရက်ကန်း ခတ်နေကြတဲ့ ကယန်းအမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ရွှေရောင်အဆင်းရှိတဲ့ ကြေးကွင်းတွေဟာ မေးစေ့ကနေ ရင်ညွန့်အထိ လည်တိုင်တခုလုံး ကြေးခွေတွေ ပတ်ထားသလို ဒူးဆစ် အောက်ကနေ ခြေမျက်စိ အထိလည်း ကြေးခွေတွေ ပတ်ထားပါတယ်။ ဒါ့အပြင် လက်မှာလည်း ငွေရောင် ဘော်ကွင်း လက်ကောက်တွေကိုလည်း ဝတ်ဆင် ထားပါတယ်။ သူတို့ကို ကယန်းပဒေါင် လို့ ခေါ်ပါတယ်။

အဲဒီ ဆိုင်တန်းလေးတွေကနေ ဆယ့်ငါးမိနစ်လောက် ဆိုင်ကယ်နဲ့ ဆက်သွားလိုက်ရင် ကြေးကွင်းပတ် ကယန်းပဒေါင်တွေ နေထိုင် တဲ့ ပန်ပဲ့ကျေးရွာ အုပ်စုက ရွမ်းကူနဲ့ ဒေါကီး ကျေးရွာတွေ ရှိပါတယ်။ ရွမ်းကူနဲ့ ဒေါကီးရွာကို သွားတဲ့ မြေလမ်းလေးဟာ ကားနဲ့လည်း သွားလို့ရပါတယ်။

မြေပြန့် မတွေ့ရတဲ့ တောင်ဆင်း၊ တောင်တက် လမ်းတွေ ဘေးမှာ တွေ့ရတဲ့ ကယန်း တိုင်းရင်းသားတွေရဲ့ လှေကားထစ်ပုံ တောင် ယာ စပါးစိုက်ခင်း တွေဟာလည်း အလှတရားတခုကို ပေးနေသလိုပါ။ တောင်ကုန်းတွေ ပေါ်မှာတော့ ထင်းရှူးပင်တွေနဲ့ အခြား သဘာဝ ပေါက်ပင်တွေကို မြင်ရပါတယ်။

ရွမ်းကူနဲ့ ဒေါကီး ရွာတွေရဲ့ အဝင်ဝမှာတော့ သူတို့ကိုးကွယ်တဲ့ တံခွန်တိုင်ကြီးတွေ တွေ့ရပါတယ်။ ဆယ့်ငါးပေ လောက်ကနေ ပေ သုံးဆယ်လောက် အထိမြင့်တဲ့ ဒီတံခွန်တိုင်ကြီးတွေဆီကို တခြားအချိန်တွေမှာ ရွာသားတွေ သွားလာတာ နည်းပေမယ့် နှစ်စဉ် ဧပြီ လ မှာ ကျင်းပတဲ့ တံခွန်တိုင်ပွဲတော်မှာ ဆိုရင်တော့ ရပ်ဝေး၊ ရပ်နီးက ကယန်းတွေပါ ပြန်လာကြတဲ့အတွက် အစည်ကားဆုံး အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

ရွမ်းကူနဲ့ ဒေါကီးမှာတော့ ကြေးပတ် ကယန်း အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ရိုးရာ ဓလေ့တွေကို လေ့လာနိုင်ပါတယ်။ ကြေးပတ် ကယန်း အမျိုးသမီးတွေ ကိုယ်တိုင် ရက်လုပ်ထားတဲ့ ချည်ထည် ပဝါတွေနဲ့ လွယ်အိတ်တွေ ရနိုင်ပါတယ်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကတော့ ကြေးကွင်းပတ် ကယန်းမယ်တွေနဲ့ ရိုးရာဓလေ့ တွေကို လေ့လာဖို့ ဒီရွာတွေအထိ တကူးတက သွားရောက် လည်ပတ်ကြပါတယ်။ ဒေသခံတွေကလည်း သူတို့ ရွာတွေကို နိုင်ငံခြားသားတွေ လာရောက် လည်ပတ် ရင် သူတို့ ရက်လုပ်ထားတဲ့ အထည်လေးတွေ ရောင်းရသလို ဓာတ်ပုံ အရိုက်ခံရင်လည်း စေတနာကြေးငွေ ရရှိတာမို့ သူတို့အတွက် ဧည့်သည် များများလာဖို့ မျှော်လင့်နေကြပါတယ်။

ကြေးပတ်ကယန်း တွေနေတဲ့ ဒီမော့ဆိုမြို့နယ်ထဲက ဒွေးမယ်နော် ကန်ခုနစ်ဆင့်ကိုတော့ ကမ္ဘာလှည့် ခရီးသည်တွေ သွားရောက် လည်ပတ်နိုင်အောင် ပြည်နယ်အစိုးရက လမ်းဖောက်နေတာ တွေ့ခဲ့ရပါတယ်။

ကန်ခုနစ်ဆင့်ဟာ တောင်ခြေတလျှောက်မှာ အဆင့်ဆင့်ရှိနေတဲ့ ရေကန်တွေဖြစ်ပြီး ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော်တို့ စံပျော်ရာ နေရာဆိုပြီး ဒဏ္ဍာရီ ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ တောင်တန်းကြီးနဲ့ တွဲလျက်ရှိနေတဲ့ အဲဒီ ရေကန်တွေဟာ ကြည်စိမ်းနေပြီး ရေအောက်ကြမ်းပြင်မှာ ပေါက်နေတဲ့ သစ်ပင်လေးတွေကိုတောင် မြင်နေရပါတယ်။

ကန်ခုနစ်ဆင့်နဲ့ နှစ်မိုင်လောက် အကွာမှာရှိတဲ့ တနီးလာလဲလို့ ခေါ်တဲ့ ကယားရွာထဲက ကယား အမျိုးသမီးကြီးတွေရဲ့ ရိုးရာဝတ်စုံ တွေကလည်း နှစ်လိုဖွယ် ရှိသလို ထူးခြားလှပနေပါတယ်။ ကျနော်တို့ တွေ့ခဲ့တဲ့ ကယားအမျိုး သမီးကြီးတွေဆိုရင် ဦးခေါင်းက ဆံပင် တွေကို ခေါင်းပေါင်းစတွေနဲ့ ကျကျနန ပတ်ထားသလို နားမှာလည်း ငွေနားဋောင်း ကြီးတွေ တွဲနေအောင် ဆွဲထားကြပါတယ်။

ဒါ့အပြင် ငွေဒင်္ဂါးပြားတွေကိုလည်း လည်ပင်းကနေ ရင်ညွန့်အထိ အထပ်ထပ် ဆွဲပြီး ဆင်ရင်ထားသလို၊ ပခုံးတဖက် ကနေ စလွယ် သိုင်းပြီး ဒူးခေါင်းအထိရှည်တဲ့ ဖဲသားစ အကျႌကို ခါးကနေ ချည်ပဝါဖြူ တထည်နဲ့ စည်းပြီး ပိုနေတဲ့ ပဝါဖြူစကို ရှေ့ကိုထုတ်ပြီး အမြိ တ် ချထားပါတယ်။

ဒါတင် မကသေးပါဘူး။ နောက်ကျောဘက် မှာလည်း ပခုံးနှစ်ဖက်ကနေ တံကောက်ကွေးအထိ ကျနေတဲ့ ကတီ္တပါစကို လွှမ်းခြုံထား သလို ဒူးဆစ် အထက်ကနေ ခြေသလုံးအထိ သစ်စေးနဲ့ သုတ်လိမ်းထားတဲ့ အနက်ရောင် ကြိုးခွေတွေကို အထပ်ထပ် ရစ်ပတ်ထား တဲ့ သူတို့ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှုတွေဟာ မြင်ရသူတိုင်းအတွက် စိတ်ဝင်စားစရာပါ။

သူတို့နေတဲ့ ရွာကတော့ မြေပြန့်ပိုင်းမှာ ရှိပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ အလွယ်တကူ သွားနိုင်ပါတယ်။ သူတို့တွေက စပါးစိုက်တဲ့ အလုပ်ကို အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်ကြပြီး ကျနော်တို့ ရောက်သွားတဲ့နေက “စပါးကျီတက်ပွဲ” နဲ့ တိုက်ဆိုင်နေလို့ အထူးဧည့်သည်တွေတောင် ဖြစ်ခဲ့ရပါသေးတယ်။

သူတို့ရဲ့ ရိုးရာဓလေ့အရ စပါးကျီတက်ပွဲနေ့ မှာ မျက်နှာစိမ်း ဧည့်သည်တွေလာရင် နောင်နှစ်တွေမှာ စပါးတွေ အထွက်တိုးသလို၊ စီးပွားလာဘ်လာဘ တွေလည်း တိုးတက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဧည့်သည်တွေ ဖြစ်ခဲ့တဲ့ ကျနော်တို့ ကို ဆုံနဲ့ ထောင်းထား တဲ့ ကြက်သား ထမင်းထောင်း ရိုးရာဟင်းတွေ အပါအဝင် ကိုယ်တိုင်လုပ်ထားတဲ့ ရိုးရာ ခေါင်ရည်တွေနဲ့ ဧည့်ခံပါတယ်။

အပြန်လမ်းမှာတော့ ငွေတောင်ဆည်ကြီးရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ထီးပွင့်ကန်ကို ဝင်ဖြစ်ခဲ့ပါတယ်။ ဒေသခံတွေကတော့ အခါကြီးရက်ကြီးတွေ ရုံးပိတ်ရက်တွေမှာ လာလည်ကြတာ များပါတယ်။ အလျား ၂၂၇ ပေ၊ အနံ ၁၁၅ ပေ ရှိတဲ့ အဲဒီရေကန်ထဲမှာ နေပူ ရင် ရွှံ့ညွန်တွေက အထက်ကို ရေပန်းတွေလို ပွင့်တက်လာပါတယ်။ ကယားပြည်နယ် အစိုးရက အဲဒီနေရာကိုလည်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ် စရာ နေရာအဖြစ် သတ်မှတ်ထားပါတယ်။

ဒီမော့ဆို မြို့ကနေပြန်တော့ မြို့အထွက်နား လမ်းဘေးတနေရာမှာ အမျိုးသား ဆယ့်ငါးယောက်လောက် တုတ်၊ ဓား၊ လက်နက်မျိုးစုံနဲ့ စုဝေးနေကြတာ တွေ့လို့ စုံစမ်းကြည့်တော့ ဒါဟာ ကယားရိုးရာ နတ်ပူဇော်ပွဲ လုပ်ဖို့ ငှက်လိုက်ပွဲ ကျင်းပနေတာ လို့သိရပါတယ်။ ငှက်လိုက်မယ့် အမျိုးသားတွေ စုဝေးနေပြီး ဘယ်ဘက် အရပ်ကို လိုက်ရမလဲဆိုတာ အဖွဲ့အကြီးအကဲက ကြက်ရိုးထိုး ဗေဒင် တွက် ဆ ကြည့်တဲ့အပေါ် ဩဝါဒခံယူဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ဗေဒင်အရ ငှက်ရှိမယ့်အရပ်ကို အဖွဲ့အကြီးအကဲတွေရဲ့ ဩဝါဒ ခံယူပြီးရင်တော့ ခြေနှစ်ချောင်း သတ္တဝါတွေဖြစ်တဲ့ တောကြက်နဲ့ အခြားငှက်တွေကို လိုက်ကြတယ်လို့ ဆိုပါတယ်။ အဲဒါကို ငှက်လိုက်ပွဲလို့ခေါ်ဆိုပြီး ရလာတဲ့ ငှက်တွေကို အရင်ဆုံး နတ်ပူဇော်ပြီး ပိုတဲ့ ငှက်တွေကိုတော့ အညီအမျှ ခွဲဝေယူ ကြတာလို့ သိရပါတယ်။

ဒီမော့ဆိုက ပြန်လာအပြီး နောက်တနေ့မှာတော့ ကယားပြည်နယ် အစိုးရက ကန်ခုနစ်ဆင့်၊ ထီးပွင့်ကံ တို့လို ကမ္ဘာလှည့် ခရီးသည် တွေ လာရောက် လည်ပတ်နိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကျတ်ဂူကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီ ကျတ်ဂူဟာ ဒေသခံတွေ အပါအဝင် ဂူလမ်းကြောင်း အဆုံးအထိ ရောက်ဖူးသူ မရှိသေးဘူးဆိုပြီး နာမည်ကြီးနေတဲ့ ဂူကြီးလည်း ဖြစ်ပါတယ်။

အဲဒီ လိုဏ်ဂူဟာ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့် အကွာမှာရှိပြီး လွိုင်ကော် – ရှားတော ကားလမ်းမကြီး ပေါ်ကနေ နောက် ထပ် ၃ ဖာလုံလောက် ဆက်သွားရင်ရောက်နိုင်ပါတယ်။ တောင်ခြေ ရောက်ရင်တော့ ဂူပေါက်ဝကို ရောက်ဖို့ တောင်ပေါ်ကို ပေ တရာ ကျော်လောက် ထပ်တက်ရပါတယ်။ ကျတ်ဂူ အတက်နားမှာတော့ နားနေဆောင်နဲ့ ဂူ အတက် လှေကားတွေကို ပြုလုပ်နေကြ တာလည်း တွေ့ခဲ့ရပါတယ်။

ဂူကြီးရဲ့ အဝင်ဝဟာ အထက်အောက် ပေ ၂၀ ခန့်ကျယ်ဝန်းပြီး အဝင်ကနေ ပေ ၅၀ လောက် ကျော်ရင်တော့ ပိန်း ပိန်းမှောင်နေလို့ ကျောက်ဆွယ်၊ ကျောက်ခက်တွေနဲ့ မညီညာတဲ့ ဂူအတွင်း အဝင် လမ်းတွေကြောင့် မီးမရှိရင်တော့ ဘယ်လိုမှ ဝင်လို့ ထွက်လို့ မရ တဲ့ ဂူကြီးလည်း ဖြစ်ပါတယ်။ အထဲမှာ သဘာဝအတိုင်း ဖြစ်နေတဲ့ ငွေရောင် အဆင်းရှိတဲ့ ကျောက်ခက်ပန်းဆွဲတွေကလည်း အလွန် လှပါတယ်။

ဂူအတွင်း ကိုက်တရာလောက် အရောက်မှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ သစ်သား အပိုင်းအစတွေ စုပုံနေတာကို တွေ့ မြင်ရပါတယ်။ တချို့နေရာတွေမှာ စိမ့်ကျနေတာတွေ တွေ့ရပါတယ်။ အဲဒီနေရာမှာ အလျား ၁၅ ပေ အနံ ၂ ပေခွဲလောက်ရှိတဲ့ သစ်သား ခေါင်း တွေ ကို ၁၅ ခုလောက် တွေ့ရသလို အလျား ၈ ပေ၊ အနံ ၂ ပေ ခွဲလောက်ရှိတဲ့ သစ်သားခေါင်းကြီးတွေလည်း တွေ့ရပါတယ်။ အဲဒီ အခေါင်းတွေဟာ မြေပြင်ပေါ်မှာ တွေ့ရသလို ဂူကြီး ရဲ့ အတွင်းနံရံတွေ က ဂူပေါက်ငယ်တွေထဲမှာလည်း တွေ့ရပါတယ်။

ဒေသခံတွေကတော့ အရင်ခေတ်တွေက လူသေ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းတွေလို့ မှတ်ယူနေကြပြီး ဒီဂူမှာ ဝိညာဉ်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်ကြကာ ကျတ်ဂူလို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဒီကျတ်ဂူကြီးရဲ့ အဆုံးကို ဘယ်သူမှ ရောက်ဖူးသူ မရှိသေးတဲ့အတွက် ကျတ်ဂူရဲ့ အရှည်ဟာ ဘယ်လောက် ဖြစ်တယ် ဆိုတာ မသိကြသေးပါဘူး။ သက်ဆိုင်ရာ ပြည်နယ် အစိုးရကတော့ ဘူမိဗေဒ ပညာရှင်တွေကို လေ့လာဖို့ ဖိတ်ခေါ်ထားတာတွေ ရှိသလို ယဉ်ကျေးမှု ဝန်ကြီးဌာနကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ ကယားပြည်နယ်ကို နယ်မြေမတည်ငြိမ်မှု အကြောင်းပြပြီး နိုင်ငံခြားသားတွေ ဝင်ရောက် လေ့လာခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ၂၀ဝ၇ ခုနှစ်မှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် ရရှိတဲ့ နိုင်ငံခြားသား တွေကို ဝင်ရောက်လည်ပတ်ခွင့်ပြုပေမယ့် ကန့်သတ်နယ်မြေတွေ များပြားတာကြောင့် ၂၀၁၁ ခုနှစ်အထိ တနှစ်ကို နိုင်ငံခြားသား တရာ ထက်ပိုပြီး မလာကြဘူးလို့ သိရပါတယ်။

အရပ်သား အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာတော့ ကယားပြည်နယ်ကို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထောက်ခံချက်မလိုဘဲ နိုင်ငံခြားသား ခရီးသည်တွေ လေ့လာခွင့်ရရှိခဲ့ကြပါတယ်။ အဲဒီနောက် ကမ္ဘာလှည့်ခရီးသည်တွေဟာ ၂၀၁၂ ခုနှစ် ကစပြီး ၂၀၁၃ ခုနှစ်အထိ ခရီးသွားရာသီတွေမှာ တနှစ်ကို နိုင်ငံခြားသားဦးရေ ထောင်နဲ့ချီပြီး လာရောက် လည်ပတ်လာကြတယ်လို့ ပြည်နယ် အစိုး ရ နဲ့ ဧည့်လမ်းညွှန်တွေက ပြောပြပါတယ်။

ကယားပြည်နယ်ကို ကမ္ဘာလှည့် ခရီးသည်တွေ ပိုပြီးများများလာရောက်လည်နိုင်ဖို့အတွက် ပုဂ္ဂလိက လေကြောင်းလိုင်းတွေ ပြေးဆွဲပေးဖို့ လိုအပ်နေပြီး လေ့လာစရာ စိတ်ဝင်စားဖွယ် နေရာတွေမှာ နိုင်ငံခြားသားတွေအတွက် အပန်းဖြေ နားနေ စရာတွေ၊ စက်ဘီးစီးနိုင်တဲ့ နေရာတွေ၊ ရိုးရာ အဝတ်အထည်နဲ့ အစားအစာရောင်းတဲ့ ဈေးဆိုင်ခန်းတွေ အပါအဝင် ရွေးချယ်စရာတွေ အများအပြား စီစဉ် ပေးထား နိုင်ရင် ဧည့်သည်တွေ ပိုများလာလိမ့်မယ်လို့ ဧည့်လမ်းညွှန်တွေကလည်း ထောက်ပြပါတယ်။

ဒါ့အပြင် အခုလက်ရှိအချိန်မှာလည်း နိုင်ငံခြားသားတွေကို ဝင်ခွင့်ပိတ်ပင်ထားဆဲဖြစ်တဲ့ ဖားဆောင်း မြို့နယ်၊ ဖရူဆို မြို့နယ်နဲ့ ဘော်လခဲ မြို့နယ်တွေကိုလည်း ဖွင့်ပေးရင် ဧည့်သည်တွေ သွားရောက်လည်ပတ်ကြလိမ့်မယ်လို့ ဆိုပါ တယ်။ ဒီနယ်မြေတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း လှုပ်ရှားသွားလာနေတဲ့ နေရာတွေ ဖြစ်တဲ့အတွက် အစိုးရဘက်ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးပြီးရင်တော့ ဒီ နေရာတွေကို ဖွင့်ပေးလိမ့်မယ်လို့ ဧည့်လမ်းညွှန်တွေဘက် က ယူဆနေကြပါတယ်။

လွိုင်ကော်ကိုပြေးဆွဲနေတဲ့ အစိုးရလေကြောင်းလိုင်းကို နိုင်ငံခြားသား ခရီးသည်တွေက လုံခြုံရေး အတွက် အသုံးမပြုလိုကြဘဲ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး လမ်းကြောင်းအတိုင်း ကုန်းလမ်းခရီးက လာရောက်ကြသူတွေ များတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာတော့ အင်းလေးကန်ထဲက တဆင့် မိုးဗြဲဆည်ကြီးထဲကနေ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ကို ရေလမ်းခရီး အတိုင်း စက်လှေတွေနဲ့ တက်လာကြတာ များတယ်လို့ သိရပါတယ်။

ညောင်ရွှေ အင်းလေးကနေ ဖယ်ခုံဆိပ်ကမ်း အထိ သီးသန့် စက်လှေတစီးကို ကျပ် ၁ သိန်း ၂ သောင်း ပေးရပြီး ညောင်ရွှေကနေ ဖယ်ခုံ အသွားအပြန် ပြေးဆွဲနေတဲ့ ခရီးသည် စက်လှေတွေကို စီးရင်တော့ တယောက်ကို ၃၀ဝ၀ ကျပ် ရှိပါတယ်။

ဖယ်ခုံ ကနေ ၂ နာရီလောက် ကားထပ်စီးရင်တော့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို ရောက်ပါပြီ။ လွိုင်ကော်မြို့ပေါ်မှာတော့ ပြည်တွင်းပြည်ပ ခရီးသည်တွေ လာရောက် လည်ပတ် နိုင်ဖို့အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန လိုင်စင်ရ တည်းခိုခန်း ၅ ခုလောက်ရှိပြီး ဒီနှစ်ကုန်ပိုင်း ဆိုရင်လည်း ဟိုတယ် ၃ လုံးလောက် တိုးလာမယ်လို့ သိရပါတယ်။

သဘာဝ အလှအပတွေ ပြည့်စုံသလို၊ တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ စရိုက်ကလည်း မကွယ်မပျောက် ရှိနေဆဲဖြစ်လို့ အလှမျိုးစုံတဲ့ ကယား ပြည်နယ်ဟာ နိုင်ငံခြားသားတွေ မဖြစ်မနေ လာရောက်လည်ပတ်မယ့် ဒေသတခု ဖြစ်လာမှာ သေချာပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading