၂၆ ဘီလမ်းက အရှေ့ဘက်အတက် ၈၃ လမ်းကို ရိုးလ်ကုမ္ပဏီ အတက်ဟု ခေါ်ကြသည်။ သည်နေရာက သိသိသာသာ မြင့်နေ၏။ ၈၃ လမ်းပေါ်က ၂၆ ဘီလမ်းအတိုင်း အနောက်ဘက်သို့ ကြည့်လိုက်လျှင် သိသိသာသာ နိမ့်ဆင်းသွားသည်ကို တွေ့ရသည်။
အလားတူ အရှေ့ဘက် ၈၂ လမ်းအထိ ခပ်ပြေပြေလေး တက်သွားလေတော့ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားရောက်မှ ညီညာသွားသည်။ ထိုမြေမျက်နှာပြင် အနိမ့်အမြင့်ကို ကြည့်ပြီး မန္တလေး၏ ပထဝီဆိုင်ရာ ရပ်ကွက်အခေါ်အဝေါ် တွေလည်း ရှိခဲ့သည်။
တောင်ဘက် ကျုံးလမ်း၊ ၂၆ ဘီလမ်းဘေး ၇၆ လမ်းနှင့် ၇၇ လမ်းကြားကို အရှေ့ကုန်းရိုးဟု ခေါ်ကြသည်။ အလားတူ ၈၃ လမ်းမှ အနောက်ဘက်သို့ နာရီစင်အထိ သိသိသာသာ နိမ့်ဆင်းသွားသည်ကိုလည်း ရှေးလူကြီးသူမတွေက “မန္တလေးမှာ ရေကြီးရင် ရိုးလ်ကုမ္ပဏီ အတက်အထိ ရေရောက်တာတဲ့။ သာမန်အချိန် ဆိုရင် လှေတွေ၊ သင်္ဘောတွေ က နာရီစင် အနောက်ဘက် လေးပြ လောက် အကွာနေရာမှာ ဆိုက်ကြရတာတဲ့။ ဒါကြောင့်မို့ ဆိုင်းတန်း သင်္ဘောတန်း တို့၊ ဒေါင်းရိုး သင်္ဘောတန်းတို့လို့ အခုထက်ထိ ခေါ်နေကြတာ”ဟု ပြောတော့(ထိုစဉ်က) ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ လက်ရှိ ဒေါင်းရိုးသင်္ဘောတန်း ရပ်ရှိ ကျပ်ညပ်နေသော ဈေးဆိုင်၊ ပွဲရုံ၊ အိမ် အသီးသီးနေရာတွင် အညာဆန် လှေကြီးတွေ ဆိုက်ကပ်နေသော ဆိပ်ကမ်းကြီးအသွင် မြင်ယောင်မိတော့သည်။
တကယ်တော့ သင်္ဘောဆိုတာ မန္တလေး ရတနာပုံခေတ်က မင်းတုန်းမင်းကြီး ပိုင်သည့် သင်္ဘောလောက်သာ ရှိခဲ့ကြောင်း မှတ်သား ရသည်။ ပါတော်မူပြီးနောက် အင်္ဂလိပ်လက်ထက် ရောက်မှသာ သင်္ဘောဆိုတာ မန္တလေးသို့ များများစားစား ရောက်ရှိလာခြင်း ဖြစ် ပါလိမ့်မည်။
လူကြီးသူမတွေ ပြောသကဲ့သို့ ဒေါင်းရိုး သင်္ဘောတန်းတို့၊ ဆိုင်းတန်း သင်္ဘောတန်းတို့ နေရာမှာ သင်္ဘောတွေ၊ လှေတွေ ဆိုက်ကပ် တာ သေချာ မသေချာ မသိသော်လည်း ထိုနေရာတဝိုက်သည် ထိုစဉ်က မြေနိမ့်ပိုင်းဖြစ်ပြီး အမြဲတစေ ရွှံ့ညွန်များဖြင့် ထူထပ်နေမှာတော့ သေချာသည်။
အဘယ်ကြောင့် ဆိုသော် ယနေ့ထက်တိုင် ဆိုင်းတန်း သင်္ဘောတန်းရပ်ရှိ နေရာတချို့တွင် မြစ်ရေတက်သည့် ကာလ၌ စိမ့်ရေများ ဒူးဆစ်ပေါင်လယ် အထိ ဝင်လာဆဲဖြစ်သည်။ ဒေါင်းရိုး သင်္ဘောတန်းဟု ခေါ်ဆိုသည့် နေရာတွင် မန္တလေးမြို့ မတည်မီ ပုဂံမင်း လက်ထက် အိမ်တော်ရာ စေတီ တည်ထားကိုးကွယ်ရာတွင် အမရပူရ နေပြည်တော်မှ အိမ်တော်ရာသို့ ဘုရားဖူးလာသည့် မင်းပြည်သူတို့ ရေစပ်စပ်နှင့် ရွှံ့ထဲဗွက်ထဲ ခက်ခက်ခဲခဲ မဖြတ်သန်းရလေအောင် ၃၅ လမ်းထိပ်မှ အိမ်တော်ရာ စေတီ အနောက်မုခ်ထိ အုတ်တံတားကြီး ခင်းလုပ်ခဲ့သည်။
မိကျောင်းတံတားဟု ယနေ့ထက်တိုင် ခေါ်တွင်ဆဲ ဖြစ်ပါ၏။ အမရပူရခေတ်က ဗိသုကာလက်ရာနှင့် အုတ်တံတိုင်း လက်ရန်း အကြွင်းအကျန်များကို လွန်ခဲ့သော နှစ်သုံးဆယ်လောက်က အထိ သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရ သော်လည်း ယခုအခါ တိုးချဲ့လာသော အိမ်ခြေများကြောင့် စုံးစုံးမြုပ် ပျောက်ကွယ် သွားသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။
မိကျောင်းတံတား၏ ဝဲယာရှိ အိမ်များသည် ယခင်က အောက်သို့ ငါးပေလောက် အထိ ဆင်းရသော်လည်း ယခုတွင်မူ လမ်းမျက်နှာပြင်ထက်ပင် ပိုမိုမြင့်တက်သွားကြသည် ကိုလည်း တွေ့ရ၏။
၂၆ ဘီလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄ လမ်း) ဆုံသည့်နေရာသည် ယခင်က မန္တလေး၏ အထင်ကရ နေရာကြီး ဖြစ်ခဲ့ပါ၏။ ထိုနေရာ၏ အနောက်တောင် ထောင့်တွင် နာမည်ကျော် ဈေးချိုကြီးရှိသည်။ အရှေ့တောင် ထောင့်တွင် ဈေးချိုတိုက်တန်းကြီး ရှိသည်။ အရှေ့မြောက်ထောင့်တွင် ကုန်တိုက် ရှိသည်။ ကုန်တိုက်က ၁၉၈၀ ဝန်းကျင်မှ ဖွင့်လှစ်ခြင်းဖြစ်၏။ အနောက်မြောက်ထောင့် တွင် ယခင်က ကုန်တိုက်တန်း ရှိသည်။ ၁၉၇၀ ဝန်းကျင် ရောက်တော့ ယခုထက်တိုင် မြင်တွေ့နေရဆဲ အဆောက်အအုံဖြစ်သည့် မြို့တော်ခန်းမ တိုက်တန်းကို ဆောက်လုပ် ခဲ့သည်။
ထိုခေတ်ထိုအခါက ခေတ်မီဒီဇိုင်းနှင့် နှစ်ထပ်တိုက်တန်းပေါ့။ အပေါ်ထပ် အရှေ့ဘက်ခြမ်းက မင်္ဂလာခန်းမ ဖြစ်သည်။ အောက်ထပ် က တိုင်းသမဝါယမ စာအုပ်အရောင်းဆိုင်ကြီး ရှိသည်။ အနောက်ဘက်ခြမ်းမှာ နောက်မှ တိုးချဲ့ပြီး မင်္ဂလာခန်းမတခု ထပ်မံ ဖွင့်လှစ် ခဲ့သည်။ နောက်တော့ ကုန်ပစ္စည်း အရောင်းဆိုင် ဖြစ်သွား၏။ အောက်ထပ်မှာလည်း လှေကားရဲ့ အနောက်ဘက်မှာ ဂျီအီးစီ ကုန် ပစ္စည်း အရောင်းဆိုင် သမဝါယမ ကုန်ပဒေသာဆိုင်များ ဖွင့်လှစ်ခဲ့ဖူးသည်။
အခုတော့ အပေါ်ထပ်က မင်္ဂလာခန်းမမှလွဲ၍ တခြားနေရာများမှာ ပုဂ္ဂလိက မီနီမားကက်များ၊ Show Room များ၊ ဘဏ်များ အသွင်ပြောင်းလဲသွားသည်။ အနောက်ဘက်ခြမ်းမှာ စည်ပင်သာယာပိုင် ရတနာပုံဘဏ် အဆောက်အအုံ ဖြစ်သွားသည်။
ထို အဆောက်အအုံနှင့် ရွှေတချောင်း မြောင်းအကြား ယခု မန်းသီရိဈေး ဖြစ်နေသောနေရာသည် တချိန်က မန္တလေး၏ အထင်ကရ နေရာ ဖြစ်ခဲ့ဖူးသည်။ အုတ်ကြွပ်မိုး၊ အုတ်ကာ တထပ်အဆောက်အအုံလေး လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ် ဝန်းကျင်အထိ ရှိခဲ့ဖူး သည်။ ထိုအဆောက်အအုံလေးကို ကျနော်တို့ သိရှိချိန်တွင် ပြန်ကြားရေး စာဖတ်ခန်း ဖြစ်နေပါပြီ။
အရင်က ထိုအဆောက်အအုံလေးကား ဘူတာရုံတဲ့။ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာရုံဖြစ်သည်။ မတ္တရာရထားက ပုဂ္ဂလိကပိုင် ဖြစ်သတဲ့။ လူမျိုးခြားသူဌေး မန်နဂျီ ပိုင်ဆိုင်သည့် ရထားမို့ မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟု အမည်တွင် ခေါ်ဝေါ် ခဲ့ကြသတဲ့။ မနှင်းဆီရထားက ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင် တကြိမ်၊ ညနေ ၃ နာရီတွင် တကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့ သတဲ့။
မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများ ထွက်ရှိသည့် နေရာမို့ ဈေးချို လက်ကား ဈေးကွက်ကြီး သို့ မတ္တရာကုန်ပစ္စည်းတွေ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထိုစဉ်က မန္တလေးတွင် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လားရှိုး၊ မန္တလေး-မုံရွာ-ရေဦး မီးရထားလမ်းများ အတွက် ၇၈ လမ်း၊ ၇၉ လမ်းကြားနှင့် ၂၇ လမ်း၊ ၃၄ လမ်းကြားတွင် ဘူတာရုံတရုံ ရှိသောကြောင့် ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထား ဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ် ကြသည်။
ထို့ကြောင့် တလျှောက်လုံး မန္တလေးဘူတာကို မန္တလေးသားတွေက ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်း အမွေခံ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်တော့ မန္တလေးသည် သူ့အရပ်နှင့် သူ့ဇာတ်၊ သူ့အထ္ထုပ္ပတ်နှင့် သူ့ဗျုပ္ပတ် ရှိပြီး ဖြစ်၏။
မန္တလေးပါး မဝသော၊ မန္တလေးရည်မလည်သော ပဝတိ္ထသားတို့က သူတို့သိသော သာမန်အသိဖြင့် မန္တလေးကို ဆုံးဖြတ်တိုင်းထွာကြ လေ သောကြောင့် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် ဝန်းကျင်က မန္တလေးဘူတာကို မန္တလေးသားတွေက ရန်ကုန်ဘူတာလောက် မခံ့ညား မကြီးကျယ်ပါဘဲ ဘူတာကြီးဟု သုံးစွဲခေါ်ဝေါ်ကြလေခြင်းဟု ရန်ကုန်သား စာရေးဆရာကြီးတဦးက သရော်တော်တော် ရေး သားခဲ့ဖူးသည်။ မန္တလေးသားက သေချာကျနစွာ ရှင်းပြပြောဆို ပြန်လည် ရေးသားပါမှ နှုတ်ဆိတ်သွားတော့သည်။
အခုလည်း ဘာထူးမှာတုန်း။ မီဒီယာပေါင်းစုံမှ မန္တလေးနှင့် ပတ်သက်၍ ပြောဆိုထုတ်နုတ် ရေးသားကြရာ၌ သာမန် အသိဖြင့်ပင် သုံးသပ်ကြသောကြောင့် လွဲပြီးရင်း လွဲနေကြဆဲ ဖြစ်သည်။
ယခင်စာရေးဆရာကြီးက ပညာရှိကြီးမို့ တုံ့ပြန်ရေးသားမှု အပေါ် လက်ခံခဲ့သည်။ ယခု ပုဂ္ဂိုလ်များကား ပညာအရှိ လွန်နေခြင်း ကြောင့်လား မသိ၊ မန္တလေးသားများက သူတို့၏ အမှားကို အမှန်တည့်မတ်ပေးခြင်း အပေါ် ဒေသန္တရ အသိ၊ ဒေသစွဲအမြင်ဟု ပုတ် ခတ် ကာ တုံဏှိဘာဝေ ဖြစ်နေကြဆဲ ဖြစ်သည်။ ။