ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် တခုဖြစ်တဲ့ မြောက်ဦးမြို့ဟာ ရှေးဟောင်းမြို့တော် ဆိုတာထက် ဟောင်းနွမ်း ပျက်စီးနေတဲ့ မြို့ပျက်ကြီး တခုဆိုရင် ပိုမှန်ပါလိမ့်မယ်။
မြောက်ဦးမြို့ကို မရောက်မီ မိုင်အနည်းငယ်ကနေ လှမ်းကြည့်လိုက်ရင် တောင်တန်း၊ တောင်ကုန်းတွေ အားလုံးနီးပါးမှာ ဘုရားစေတီ တွေကို အဝေးကနေ ဖူးမြော် ကြည်ညိုနိုင်မှာ ဖြစ်ပါတယ်။ မြို့အဝင် ဧရိယာကနေ မြို့ထဲ ပတ်ဝန်းကျင် တခုလုံး မှာဆိုရင်လည်းပဲ ပြိုပျက်နေတဲ့ ဘုရား ဆင်းတုတော်တွေ၊ စေတီ၊ ပုထိုး ထောင်ပေါင်းများစွာတွေကို တွေ့ရပါတယ်။ မြောက်ဦး မြို့ဟာ တောင်တွေပတ်လည် ဝိုင်းရံထားတဲ့ မြို့လည်း ဖြစ်ပါတယ်။
“သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင် ဘုရားပေါင်း” ဆိုတဲ့ ဆိုရိုး စကားနဲ့အညီ စေတီပုထိုး ပေါများလှပြီး မြန်မာနိုင်ငံရဲ့ ရှေး ဟောင်း စေတီ၊ ဘုရား၊ ပုထိုး အများဆုံး တည်ရှိရာ ဒေသတခုလည်း ဖြစ်ပါတယ်။ မြောက်ဦးဒေသက နာမည်ကြီး တဲ့ ရှေး ဟောင်းစေတီ၊ ပုထိုးတွေရဲ့ ထူးခြားမှုကတော့ ကျောက်သား၊ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားခြင်းပါပဲ။
စေတီ၊ ဘုရား၊ ဆင်းတုတော်တွေ အများစုဟာ ထိန်းသိမ်းမှု မရှိတဲ့အတွက် ခြုံတွေ၊ နွယ်တွေ အကြားမှာ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာတွေကိုလည်း နေရာတိုင်း လိုလိုမှာ တွေ့ရပါတယ်။ ရခိုင်အခေါ် “အဖသျှစ်သောင်း၊ သားကိုးသောင်း” လို့ နာမည် ကြီးလှတဲ့ သျှစ်သောင်း ပုထိုးတော် ကြီးနဲ့ ကိုးသောင်း ပုထိုးတော်ကြီးရဲ့ ပုရဝဏ် အတွင်းက ဆင်းတုတော် အတော်များများ ဟာလည်း ဦးခေါင်းတော်ပြတ်၊ လက်တော် ခြေတော်တွေပြတ် စတဲ့ အင်္ဂါမစုံတဲ့ ပုံစံမျိုးတွေ ဖြစ်နေပါပြီ။
ပျက်စီးနေတဲ့ စေတီ၊ ပုထိုး ထောင်ပေါင်းများစွာ ရှိနေတာကြောင့် နိုင်ငံတော် အစိုးရ ကိုယ်တိုင် ဦးစီး အလေးထားကာ မြန် နိုင်သမျှ မြန်အောင် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေပါတယ်။ စိုးရိမ်ဖွယ်ရာ အနေအထားကို ရောက်နေပြီ ဖြစ်လို့ ထိန်းသိမ်း မှု နောက်ကျလေ ပျက်စီးသွားလေ ဖြစ်ရတော့မယ့် အနေအထားပါ။
မြောက်ဦးဒေသ ထိန်းသိမ်းဖို့ ဘတ်ဂျက်မရှိတဲ့အတွက် ထိန်းသိမ်းမှု မလုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း အစိုးရက ဆိုပါတယ်။ အစိုးရ အနေနဲ့ အကြောင်းပြချက်တွေ ပေးမနေဘဲ ကယ်တင်ရ တော့မယ့် ရှေးဟောင်း အမွေ တခုအဖြစ်သာ ရှုမြင်သင့်ပြီး အမြန်ဆုံး ဆောင်ရွက် သင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါပြီ။ ရှေးဟောင်း နယ်မြေဖြစ်တာကြောင့် ရခိုင်ဒေသ တခုတည်း အတွက် သာမက မြန်မာနိုင်ငံ အတွက်လည်း အရေးပါတဲ့ ဒေသတခုပါ။
မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက “ကျနော်တို့ ရှေးသု က ထိန်းသိမ်းဖို့ ကြိုးပမ်းနေပါတယ်၊ ထိန်းသိမ်းဖို့ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျပ်သိန်း ၆၀၀၀ ချပေးမယ်လို့ သမ္မတ ဦးသိန်းစိန် မြောက်ဦး လာတုန်းက ပြောသွားခဲ့ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ခုနှစ် ရခိုင်ပြည်ခရီးစဉ်အတွင်း မြောက်ဦးနယ်မြေကို ရောက်ခဲ့စဉ် ရှေးဟောင်း အမွေ အနှစ် တွေ ပျက်စီး ယိုယွင်းနေတာတွေကို တွေ့မြင်သွားတာကြောင့် များစွာ စိတ်မကောင်း ဖြစ်သွားတဲ့အတွက် ပြုပြင် ထိန်းသိမ်းဖို့ ဘတ်ဂျက်ငွေ ချပေးဖို့ လမ်းညွှန်သွားတာပါလို့ ဦးအောင်ကျော်ဇံ က ရှင်းပြပါတယ်။
ထိန်းသိမ်းတယ် ဆိုတဲ့ နေရာမှာလည်းပဲ ရှေးမူ မပျက်ရ လေအောင် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းတဲ့ နည်းပညာတွေ ကျွမ်းကျင်တဲ့ နိုင်ငံတကာ က ပညာရှင်တွေကို ခေါ်ယူ ပြီး သူတို့ရဲ့ အကြံဉာဏ်တွေ နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ သိရပါတယ်။
ရှေးဟောင်း သုတေသန ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်းနဲ့ ရခိုင်သမိုင်း သုတေသီ ဦးကျော်ထွန်းအောင် ကတော့ “မြောက်ဦးဒေသကို ထိန်းသိမ်းမယ် ဆိုရင် အစိုးရရဲ့ အားပေးကူညီမှု၊ ရှေးဟောင်းဌာနရဲ့ ကျွမ်းကျင်မှု၊ ပြည် သူတွေရဲ့ အနီးကပ် စောင့်ရှောက်မှုနဲ့ အကြံပေးမှု စတဲ့ အချက် ၃ ချက်ကို အခြေခံပြီး ထိန်းသိမ်းမှ အဆင်ပြေမှာပါ” လို့ သူ မကွယ်လွန်မီ ၂၀၁၃ ခုနှစ် နိုဝင်ဘာက ဧရာဝတီနဲ့တွေ့စဉ် ပြောခဲ့ပါတယ်။
မြန်မာပြည်ကို စစ်အာဏာရှင် အဆင့်ဆင့် အုပ်ချုပ်လာခဲ့တဲ့ ကာလတလျှောက်မှာ ရှေးဟောင်း စေတီ ပုထိုးတွေကို ထိန်းသိမ်းမှု၊ စောင့်ရှောက်မှု မရှိတဲ့အပြင် တချို့သော ရှေးဟောင်း အမွေအနှစ် လက်ရာတွေကို ရှေးဟောင်း ပြုပြင် ထိန်းသိမ်းရေး နည်း စနစ် အတိုင်း မဟုတ်ဘဲ အမိန့်အာဏာနဲ့ ပြုပြင်လိုက်ကြတဲ့အတွက် ရှေးမူ ပျက်သွားတဲ့ စေတီ ပုထိုးတွေ အများ အပြား ရှိခဲ့ပါတယ်။
မြောက်ဦးမှာ ဆိုရင်လည်း မူလ စတင်လှူဒါန်းခဲ့တဲ့ ရှေးရခိုင် ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီ မင်းသားတွေရဲ့ အမည်နာမ အများစုဟာ ပျောက်ကွယ်သွားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်ကြိုင်ကြိုင် ဆိုတဲ့ ကမ္ဗည်းထိုးထားတာ၊ စစ်ဗိုလ်ချုပ်တွေက လှူဒါန်းကြောင်း ရေးသား ထားတဲ့ စာသားတွေ အများအပြားကိုလည်း ဘုရားတိုင်းလိုလိုမှာ တွေ့ရပါတယ်။
စစ်အစိုးရ လက်ထက်တုန်းက စစ်ဗိုလ်ချုပ်ကြီး တချို့ဟာ မြောက်ဦးမြို့က ရှေးဟောင်း အမွေအနှစ်တွေကို စစ်အာဏာနဲ့ ပြု ပြင်ဖို့ အမိန့်ပေး လုပ်ဆောင်တာကြောင့် အများအပြား ပျက်စီးခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် လက်ထက် မှာလည်း သျှစ်သောင်း ဘုရားကြီးကို ဘိလပ်မြေတွေနဲ့ လောင်းပစ်ခဲ့လို့ ရှေးဟောင်း လက်ရာတွေ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
မြောက်ဦးသမိုင်း ပြုစုနေသူ သုတေသီ တဦးကတော့ “နဝတ လက်ထက် စစ်ဗိုလ်ချုပ်တွေ မြောက်ဦးရောက်လာပြီး တချို့ စေတီ၊ ဘုရားတွေကို ပြန်တည်ဆောက်ဖို့ အမိန့်ပေးတယ်၊ သူတို့ ပြောတဲ့ နည်းလမ်းက ရှေးဟောင်းလက်ရာတွေ ပျက်စီး သွားတော့မယ့်ကိစ္စ ဖြစ်နေတော့ အဲဒီလို မလုပ်သင့်တဲ့အတွက် တခြားနည်းနဲ့ လုပ်ဖို့ တင်ပြပေမယ့် မရဘူး။ အဲဒီတော့ အ တိုက် အခံလုပ်ပြီး ကန့်ကွက်တော့ ကျနော့်ကို မအေ၊ နှမတွေနဲ့ ကော်ဆဲတာ ခံလိုက်ရတယ်” လို့ ပြောပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ မြောက်ဦးဒေသ က ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် အများအပြားကို ယူဆောင်သွားတဲ့ အပြင် ဘုရားတွေမှာ ထာပနာ ထားရှိတဲ့ တန်ဖိုးရှိ ရှေးဟောင်း ပစ္စည်း အများအပြားကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သယ်ဆောင်သွား ကြတယ်လို့ မြောက်ဦးဒေသခံတွေက တဆင့် သိရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလည်း ရှေးဟောင်း ဘုရားတဆူကို မြေကြီးထဲက တူးဖော်ရရှိခဲ့ပြီး အဲဒီ ဆင်းတုတော်ဟာ ရွှေစင် ရွှေသား စစ်စစ် ဖြစ်တယ်လို့ သတင်းတွေ ပြန်နှံ့သွားတာနဲ့ မကြာခင်မှာပဲ နေပြည်တော်ကို အာဏာပိုင်တွေက ပင့်ဆောင်ဖို့ လုပ်တာကြောင့် ဒေသခံ ပြည်သူထောင်ချီ ဆန္ဒပြ ကန့်ကွက်ခဲ့ပါသေးတဲ့အတွက် အောင်မြင်မှု မရခဲ့ပါဘူး။ တကယ်တော့ အဲဒီ ဘုရား ဆင်းတုတော်ဟာ ရွှေသား စစ်စစ် မဟုတ်ဘဲ ရွှေသား အနည်းငယ်သာ ပါပါတယ်။ ဒေသခံ တွေကတော့ ရွှေသား စစ်စစ် ဟုတ်တာ မဟုတ်တာ သူတို့အတွက် အဓိက မဟုတ်ဘဲ ရှေးဟောင်း အမွေဖြစ်လို့ တန်းဖိုးထားတယ်လို့ ပြောကြပါတယ်။
ရှေး/သု အရာရှိ ဦးအောင်ကျော်ဇံက “ရခိုင်မှာ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာ လက်ရာတွေ ပေါ်ထွန်းခဲ့ပါတယ်၊ ဒါကို ကမ္ဘာကို ပြသနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားပါမယ်။ ကျနော်ကိုယ်တိုင် ရခိုင်လူမျိုး မဟုတ်ပေမယ့် ရခိုင်တို့ရဲ့ ကြီးကျယ် ခမ်းနားခဲ့တဲ့ အရာတွေကို တန်ဖိုးထားပါတယ်၊ ပျက်စီးသွားမှာကိုလည်း မလိုလားပါဘူး” လို့ ဆိုပါတယ်။
မြောက်ဦး ဒေသခံတွေ ပြောတာကတော့ အစိုးရ အာဏာပိုင်တွေ အနေနဲ့ မထိန်းသိမ်းတဲ့အပြင် ရခိုင်ပြည်သူတွေ အထွဋ် အမြတ် ထားနေတဲ့ ရှေးဟောင်း နယ်မြေတွေကို ဖြတ်ပြီး မီးရထားလမ်း ဖောက်နေတာကိုလည်း ကျေနပ်မှု မရှိဘူးလို့ ပြော ကြပါတယ်။ အထူးသဖြင့် ကိုးသောင်း ပုထိုးတော်ကြီး အနီးက ဖောက်လုပ်နေတဲ့ မီးရထားလမ်းကြောင့် ပုထိုးတော်ကြီး ထိခိုက် ပျက်စီးသွားမှာကို အထူးစိုးရိမ် နေကြပါတယ်။ ရထားလမ်းဟာ ပုထိုးတော်ကြီးနဲ့ အနည်းငယ်သာ ကွာဝေးတာကြောင့် မီးရထားရဲ့ တုန်ခါမှု ဒဏ်ကို ရေရှည် ခံနိုင်ရည်ရှိမှာတော့ မဟုတ်ဘူး။
ဒေသခံ တဦးက “ကိုးသောင်း ဘုရားကြီး အနားက မီးရထားလမ်း မဖောက်ဖို့ ကန့်ကွက်ကြပေမယ့် မရဘူး၊ ရထားလမ်း စ ဖောက်တဲ့နေ့မှာ ကျနော့် အသည်းနှလုံးကို ဓားနဲ့မွှန်းလိုက်သလို ခံစားသွားရတယ်၊ ကျနော် တပတ်လောက် အိပ်လို့ မပျော် ခဲ့ဘူး၊ စားလို့ မဝင်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ရှေးဟောင်း သုတေသန ဦးစီးဌာန လ/ထ ညွှန်မှူး ဦးအောင်ကျော်ဇံကတော့ မီးရထားလမ်းက ဖောက်လုပ်ပြီး ဖြစ်နေတာ ကြောင့် နောက်ထပ် ဆောင်ရွက်မယ့် အရာတွေကိုပဲ ရှေးဟောင်း နယ်မြေတွေနဲ့ လွတ်ကင်းအောင် လုပ်ဆောင်ကြဖို့ ရှေး သု ဌာန အနေနဲ့ ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။
အလားတူ မြောက်ဦးနယ်မြေကို ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွှေအနှစ် စာရင်းဝင်နယ်မြေ ဖြစ်ဖို့ လျှောက်ထားဖို့ ပြင် ဆင် နေကြောင်း၊ ကမ္ဘာ့စာရင်းဝင် ရှေးဟောင်း နယ်မြေ အဖြစ် အသိအမှတ်ပြုဖို့ သတ်မှတ်ထားတဲ့ အချက်အလက် တွေ နဲ့ပြည့်စုံနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်ကျော်ဇံက ရှင်းပြပါတယ်။
“ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ် စာရင်းဝင်ဖို့ ၂၀၁၆ မှာ တင်ပြသွားဖို့ရှိပါတယ်။ ယူနက်စကို က လာရောက်စစ်ဆေးဖို့ ကျနော်တို့ အဆင်သင့် ပြင်ဆင်နေပါပြီ” လို့ သူက ပြောတယ်။
ရခိုင်ဒေသမှာ ရှေးဟောင်း နယ်မြေအများ အပြားရှိနေတာကြောင့် ပြုပြင်ထိန်းသိမ်းစရာတွေ များပြားနေတဲ့အတွက် ဘတ် ဂျက်ငွေ အခက်အခဲရှိနေတယ်လို့ အစိုးရက ဆိုတယ်။ လောလောဆယ်မှာတော့ ဓညဝတီနဲ့ ဝေသာလီ မြို့ဟောင်းတွေရဲ့ တူးဖော်ရေး လုပ်ငန်းတွေကို စတင်နေပါပြီ။ မြောက်ဦး နန်းမြို့ရိုးကိုလည်း မကြာခင် တူးဖော်မယ်လို့ သိရတယ်။
မြောက်ဦးမြို့တော်ကို ခရစ် သက္ကရာဇ် ၁၄၃၀ ခုနှစ် ဝန်းကျင်မှာ ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ကာ ၁၇၈၄ ခုနှစ် အထိ ထင်ရှား စည်ကားခဲ့ပြီး အာရှ၊ ဥပရောပ နိုင်ငံတွေနဲ့ ကုန်စည် ကူးသန်းရောင်းဝယ်ခဲ့တဲ့ မင်းနေပြည်တော် တခု ဖြစ်ခဲ့ကြောင်း ရခိုင် သမိုင်းတွေမှာ ဖော်ပြထားပါတယ်။
လူသူ အရောက်နည်းပါးတဲ့ တောထဲတွေမှာဆိုရင် ရေညှိတွေတက်၊ မဲနက်နေတဲ့ ဗုဒ္ဓဆင်းထုတော်တွေ အများအပြားလည်း ရှိနေပါတယ်။ ထိန်းသိမ်း ကာကွယ်မှု မရှိတော့ဘူးဆိုရင် နောက်နှစ် အနည်းအတွင်းမှာ လုံး၀ ပျက်စီး ပျောက်ကွယ်သွားဖွယ် ရှိပါတယ်။
ခြုံနွယ်တွေအထဲမှာ အလွန်တရာ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို နီးစပ်ရာ ဒေသခံတွေက တနိုင် တ ပိုင် ထိန်းသိမ်း ကာကွယ်ထား တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊ ရတနာပုံ စတဲ့ နာမည် ကြီးတဲ့ စေတီ၊ ပုထိုးတွေရဲ့ ပုရဝဏ်အတွင်းက ပြိုပျက်နေတဲ့ အရာတွေကိုတော့ ဒေသခံ တတ်သိ ပညာရှင်တွေက တနိုင် တပိုင် ထိန်းသိမ်းလိုပေမယ့် အာဏာပိုင်တွေက ဆောင်ရွက်ခွင့် မပေးပါဘူး။
ဦးအောင်ကျော်ဇံက “ဒေသခံတွေကို ထိန်းသိမ်းခွင့် မပေးတာက ရှေးမူလက်ရာတွေ ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက်ပါ” လို့ ပြောပြပါတယ်။
ရှေးဟောင်း သုတေသနအဖွဲ့မှာ ဦးဆောင်နေတဲ့ သူတချို့ဟာလည်း ရှေးဟောင်း သုတေသန ပညာရပ်တွေကို အမှန်တ ကယ် တတ်ကျွမ်းနားလည်သူတွေ မဟုတ်ဘဲ စစ်တပ်အရာရှိဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေ ပြောသမျှ ခေါင်းညိတ် လုပ် ပေးမယ့်သူတွေ ဖြစ်နေတာဟာလည်း ရှေးဟောင်းအမွေ ထိန်းသိမ်းမှု အပေါ် အားနည်းချက်တွေ ဖြစ်စေတာတော့ အမှန်ပါ ပဲ။
တချို့သော ရှေးဟောင်း ဘုရား ပုထိုးတွေကတော့ ဘိလပ်မြေလောင်းပြီး ပြန်လည် ပြုပြင်ထားတာ၊ ထုံးသုပ်ထားတာ စတာ တွေကြောင့် ရှေးမူတွေ ပျောက်ကွယ်သွားတာ တွေ့ခဲ့ရပါတယ်။ အလားတူ ရှေးဟောင်း နယ်မြေအနီးမှာ ဟိုတယ် မဆောက်ရ ဆိုပေမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင် တချို့ကို အာဏာပိုင်တွေနဲ့ နားလည်မှုယူ ဆောက်လုပ် ထားကြ ပါတယ်။
ဟိုတယ် ပိုင်ရှင်တွေဟာ တခြားဒေသတွေက လူတွေပါသလို၊ အာဏာပိုင်တွေနဲ့နီးစပ်တဲ့ ရခိုင်ဒေသခံ ခရိုနီ တချို့လည်း ပါဝင်နေတယ်လို့ မြောက်ဦးဒေသခံတွေက ပြောကြပါတယ်။ ရှေးဟောင်း ဌာန ကတော့ ဒါတွေကို စိစစ်ပြီး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် ယခင် စစ်အစိုးရ လက်ထက်က အာဏာရှိသူတွေရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ရွက်ခွင့် ပေးခဲ့တဲ့ ဟိုတယ် တချို့ ကိုတော့ အရေးယူဖို့ ခက်ခဲနေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ဝန်ထမ်းတချို့ဆီက သိရပါတယ်။
မြောက်ဦးဒေသရဲ့ အထင်ကရ ဘုရားဖြစ်တဲ့ ကိုသောင်း ပုထိုးတော်ကြီး အနီးက ဖြတ်သန်းဖောက်လုပ်မယ့် မီးရထားလမ်းကို ဒေသခံတွေက ကန့်ကွက်လို့ ရပ်တန့်ထားခဲ့ပေမယ့် အခု ပြန်လည် စတင်ဖို့ ပြင်ဆင်နေပါတယ်။ အာဏာပိုင်တွေ ဘက်က စတင်ဖို့ ပြင်ဆင်နေသလို၊ ဒေသခံတွေကလည်း ဆက်လက် ကန့်ကွက်နေဆဲပါ။
မီးရထားလမ်းဟာ ပုထိုးတော်ကြီးနဲ့လွတ်ကင်းတယ် ဆိုပေမယ့် မီးရထားရဲ့ တုန်ခါမှုတွေကို ဟောင်းနွမ်းနေတဲ့ ပုထိုးတော် ကြီး ကတော့ ရေရှည်ခံနိုင်ရည်ရှိမှာ မဟုတ်တာတော့ သေချာပါတယ်။ အာဏာပိုင်တွေရဲ့ အဓမ္မ လုပ်ဆောင်ဖို့ ပြင်ဆင်နေမှု အပေါ်မှာလည်း ဒေသခံတွေ အနေနဲ့ သံသယတွေ၊ မေးခွန်းထုတ်မှုတွေ ရှိနေကြပါတယ်။
အစိုးရ အာဏာပိုင်တွေ အနေနဲ့ ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးဖို့ ကြံစည်နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ တကယ်လို့ မီးရထား လမ်းသာ ဖောက်လုပ်ဖြစ်ခဲ့မယ်ဆိုရင် ပုထိုးတော်ကြီး ပျက်စီးသွားမှာ ဖြစ်တဲ့ အပြင် မြောက်ဦး ရှေးဟောင်း နယ်မြေဟာလည်း ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ် စာရင်းကို ဘယ်တော့မှ ဝင်နိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို ဒေသခံ ပြည်သူတွေက အထူးစိုးရိမ် မကင်း ဖြစ်နေကြပါတယ်။
အဲဒီတော့ မီးရထားလမ်းကို ဒေသခံတွေ သဘောတူလက်ခံပေးတဲ့ နေရာကသာ မဖောက်လုပ်ဘဲ အရင်အတိုင်း ပုထိုးတော်ကြီး အနီးကသာ ဆက်လက် ဖောက်လုပ်မယ် ဆိုရင်တော့ ပြည်သူတွေနဲ့ အာဏာပိုင်တွေ အကြား တင်းမာမှု၊ ကြီးမားတဲ့ ဆန့် ကျင်မှု တွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။ နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင် အလေးထား လမ်းညွှန် ဆောင်ရွက် ပေးမှသာ အားလုံး အတွက် အဆင်ပြေတဲ့ ရလဒ် ထွက်ပေါ်လာမှာပါ။