ညမထွက်ရ အမိန့်ကြောင့် ကြိတ်မှိတ် အိပ်ပျော်နေရတဲ့ မန္တလေးဟာ ပဋိပက္ခညတွေကို ကျော်လွန်ပြီး တပတ် အကြာမှာတော့ ဖြစ် ပျက်ခဲ့တာတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကို တီးတိုးပြောဆိုကြရင်း ပုံမှန် အခြေအနေ အတိုင်း ပြန်လည်ပတ်ဖို့ ကြိုးစား နေ တာ ကို တွေ့ရပါတယ်။
ပဋိပက္ခတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့လယ်ခေါင် အထင်ကရ ၂၆ လမ်းပေါ်၊ ဈေးချိုတော် တဝိုက်နဲ့ ချမ်းအေးသာစံ အလယ် ရပ်မှာတော့ လေးငါးရက် ပိတ်ထားခဲ့ရတဲ့ ဆိုင်တချို့ မရဲတရဲ ပြန်ဖွင့်နေကြပေမယ့် အစ္စလမ် ဘာသာဝင် တချို့ ပိုင်ဆိုင်တဲ့ ဆိုင် တွေ ကတော့ ပြန်လည်ပတ်မှု မရှိသေးပါဘူး။
မန္တလေးမြို့ရဲ့ နေ့ခင်းနေ့လယ် အချိန်မှာတော့ ရဲအင်အား အလုံးအရင်း မရှိပေမယ့် ည ၉ နာရီ ထိုးပြီ ဆိုရင် ရဲ လုံခြုံရေး အလုံး အရင်း ချထားဆဲ ဖြစ်ပြီး လှည့်ကင်းတွေကလည်း တဝေါဝေါနဲ့ မြို့ထဲကို လှည့်ပတ်နေဆဲ ဖြစ်ပါတယ်။
ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ကြေညာချက်ကို လိုက်နာမှုမရှိဘဲ လူစုလူဝေးတွေ လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အရေးယူမှု ဖြစ် တဲ့ ပုဒ်မ ၁၈၈ အရ ပစ်ခတ်ဖို့ အထိ စီစဉ်ထားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန် ကြေညာထားပါတယ်။
ဒီလို ကြေညာချက် ထုတ်ထားပေမယ့် ညမထွက်ရ အမိန့်အရ အကျူံးဝင် သက်ရောက်မှု မရှိသေးတဲ့ ည ၉ နာရီ မတိုင်ခင်မှာ ကြိုကြား ကြိုကြား လူစုလူဝေး ဖြစ်တာ၊ ခိုက်ရန် ဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးရဲ့ အဆိုအရ ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့တဲ့ ဇူလိုင် ၃ ရက် ညကနေ ဇူလိုင် ၇ ရက် မနက်ပိုင်း အထိ ထုတ်ပြန်ချက် အမိန့်ကို မလိုက်နာလို့ ထိန်းသိမ်းလိုက်တဲ့ လူဦးရေ ၃၄၆ ဦး ရှိတယ်လို့ သိရပါတယ်။
အဲဒီလူတွေထဲကမှ ၁၄၅ ဦးကို ပညာပေး ကိုယ်တိုင် ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၂၀၁ ဦး ကိုတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူ ထား တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။ လူစုလူဝေးနဲ့ ရမ်းကား ဖျက်ဆီးမှုတွေ လုပ်လို့ ထိန်းသိမ်းထားသူ ၁၆ ဦး ရှိတယ် လို့လည်း ဆိုပါတယ်။
ထိန်းသိမ်းထားသူ ၁၆ ဦးထဲမှာ လမ်းပေါ်ထွက် ရမ်းကားသူတွေ အပါအဝင် ဗလီထဲမှာ တုတ်၊ ဓား၊ လေးဂွ တွေ သိမ်းထားလို့ ထိန်းသိမ်း ခံရသူ ၅ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
မန္တလေးမှာ အခုလို ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ရတာဟာ သာမန်မှုခင်း တခုကို အခြေခံပြီး ဖေ့စ်ဘုတ် (Facebook)လို လူမှုကွန်ရက်တွေနဲ့ ဝက်ဘ်ဆိုက် တချို့က ကောလာဟလတွေကို ဖြန့်ဝေကြတာကြောင့် ဖြစ်ပွားရတယ်လို့ မန္တလေး တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဇူလိုင် ၃ ရက်က မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံ အလယ်ရပ်ကွက်က “နေ”ကဖေး၊ “ဆန်း” ကဖေး လက်ဖက်ရည်ဆိုင်က ညီအစ်ကို နှစ်ယောက်က ဆိုင်က အလုပ်သမကို မုဒိန်းမှု ကျူးလွန်တယ် ဆိုတဲ့ သတင်းက အစပြုပြီး အဆင့်ဆင့် မီးပွားတွေ ဖြစ်ပွားကာ အစ္စလမ် ဘာသာ ဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား တဖက်နဲ့တဖက် အုပ်စုဖွဲ့ ရန်လိုမှုတွေ ဖြစ်ခဲ့ရာက ပဋိပက္ခ အတွင်း အစ္စလမ် ဘာသာဝင် တယောက်၊ ဗုဒ္ဓဘာသာဝင် တယောက် သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
ပဋိပက္ခတွေ စတင်ဖြစ်ပေါ်တဲ့နေ့က နှစ်ဘက်လူအုပ်အကြား ဝင်ရောက်ဖျန်ဖြေပေးခဲ့တဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိယက ဖြစ်လာ တဲ့ ပဋိပက္ခတွေရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ ဝိုင်းဝန်း ဖော်ထုတ်ကြဖို့ လိုတယ်လို့ ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော်၊ သံဃာတော်ကြီးများထံ သြဝါဒ ခံယူပွဲမှာ မိန့်ခဲ့ပါတယ်။
ဂဠုန်နီ ဆရာတော် ဦးကာဝိယက “ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေရဲ့ အခြေခံ တရားခံဟာ၊ ကြိုးဆွဲကြိုးကိုင်ဟာ ဘယ် ပုဂ္ဂိုလ်လဲ ဆိုတာ ဒီအချိန်မှာ ဖော်ထုတ်ဖို့ အရေးကြီး ပါတယ်။ ဘုန်းကြီးထဲကပဲ ဖြစ်ဖြစ်၊ လူထဲကပဲ ဖြစ်ဖြစ်၊ အစိုးရထဲကပဲ ဖြစ်ဖြစ်၊ တိုင်းပြည် မငြိမ်မသက်အောင်၊ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နစ်နာအောင်၊ ပြည်သူတွေ သံဃာတွေ အထိတ်တလန့် ဖြစ် အောင် လှုံ့ဆော်နေတဲ့ ဖန်တီးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တရားခံတွေကို ပြတ်ပြတ်သားသား ရဲရဲတင်းတင်း ဖော်ထုတ်နိုင်ဖို့ အရေးကြီး ပါတယ်”လို့ မိန့်ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကြားက နှစ်ဘက် အုပ်စုဖွဲ့ ဆူပူမှုတချို့ ဖြစ်တာတွေ ကြားခဲ့ရတာကြောင့် သက်ဆိုင်ရာ အနေနဲ့ လေး လေး နက်နက် ပြတ်ပြတ်သားသား ပြစ်ဒဏ်ပေး အရေးယူမှ ပြဿနာတွေ ငြိမ်းအေးမယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
ဒါ့အပြင် မီဒီယာတွေ၊ သတင်းစာတွေက အမှန်အတိုင်း ရေးဖို့၊ အမှန်တရားကို ဖော်ထုတ်ဖို့။ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ အနေနဲ့ ညီညီညွတ်ညွတ်နဲ့ ရိုင်းပင်း ကူညီပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ပြဿနာ ဖန်တီးမယ့်သူ ပေါ်လာရင် တားဆီးဖို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
“သံဃာတော်တွေဘက်ကလည်း လိုတယ်၊ လူတွေဘက်ကလည်း လိုတယ်။ တနိုင်ငံလုံးက ညီညွတ် နေရမယ်။ တယောက်နဲ့ တယောက် ရိုင်းပင်း ကူညီရမယ်။ ကိုယ့်နားမှာ ပြဿနာလုပ်မယ့်သူ ပေါ်လာရင် အစ္စလမ်ဘက်ကပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဘက်ကပဲ ဖြစ်ဖြစ် မလုပ်နဲ့ ဒါမသင့်တော်ဘူး၊ မင်းတယောက် အတွက်နဲ့ တမြို့လုံး ဒုက္ခရောက်မယ် ဆိုပြီး ပြောပါ၊ တားဆီးပါ၊ ဆုံးမပါ။ ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ ကိုယ့်ဘာသာဝင်တွေကို ကိုယ်ဆုံးမပါ။ သြဝါဒ ပေးပါ။ ကျန်တဲ့ ဘာသာတွေကလည်း ကိုယ်နဲ့ မဆိုင်သလို မနေပါနဲ့၊ ဝိုင်းဝန်း ထိန်းသိမ်းကြပါ”လို့ ဂဠုန်နီ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်က “ပြဿနာ ဖြစ်ရင် တုတ်ဆွဲဓားဆွဲ လုပ်မလာနဲ့။ လုံး၀ မလုပ်နဲ့။ ကောင်းကောင်း နေ။ ကိုယ့်စည်း ကိုယ့်ကမ်းနဲ့ နေ။ သူများ ဘာသာရေးကို မစော်ကားနဲ့။ သူများလူမျိုးကို မစော်ကားနဲ့၊ သူများ အကျိုးစီးပွားကို မဖျက်ဆီးနဲ့။ လူမျိုးတိုင်း လူမျိုးတိုင်း အဲ့ဒီလို ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေရင် ဘာပျော်ရွှင်စရာ မရှိဘဲ နေမလဲ။ ဘာမအေးငြိမ်းဘဲ နေမလဲ။ အခုတော့ သူ့လူမျိုး စော်ကား လိုက်၊ ကိုယ့်လူမျိုး စော်ကားလိုက်၊ ဒါက အင်မတန်မှ အသိဉာဏ် ခေါင်းပါးတဲ့၊ အောက်တန်းကျတဲ့ လူတွေရဲ့ အယူအဆတွေ။ အသိဉာဏ် မြင့်မားတဲ့ လူတွေကျတော့ ပြဿနာတက်ပါ ဆိုတောင် မတက်ဘူး”လို့လည်း မိန့်ပါတယ်။
မန္တလေးမြို့ကို မင်းတုန်းမင်း လက်ထက် ၁၂၂၁ ခုနှစ်မှာ စတည်ကတည်းက ဘုန်းတော်ကြီး ကျောင်းတွေကို ဆောက်လုပ် လှူဒါန်း ခဲ့သလို အခြား ဘာသာဝင်တွေရဲ့ ဝတ်ပြု ကျောင်းတွေ၊ ဘုရားရှိခိုး ကျောင်းတွေကိုလည်း ဆောက်လုပ်ခွင့် ပေးခဲ့ပြီး ဘာသာပေါင်း စုံ ညီညီညွတ်ညွတ်နဲ့ နေခဲ့ကြတာပါ။
မန္တလေးရဲ့ သမိုင်းတလျှောက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပယောဂ တချို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တာမျိုး ရှိခဲ့ပေမယ့် အခု ဖြစ်သွားတဲ့ ပြဿနာလောက် ကြီးကျယ်တဲ့ ကိစ္စမျိုး မဖြစ်ခဲ့ဖူးဘူးလို့ မန္တလေးသူ၊ မန္တလေးသားတွေ၊ မန္တလေး စာပေ အသိုင်း အဝိုင်းနဲ့ စာရေးဆရာတွေက တညီတညွတ်တည်း ဆိုကြပါတယ်။
ဒီလို ညီညီညွတ်ညွတ် နေခဲ့ကြပေမယ့် အခုလိုအချိန်ကြမှ ဘာလို့ ဒီလို ပြဿနာတွေနဲ့ မန္တလေးရဲ့ အစဉ်အလာ ပျက်ယွင်းခဲ့ရ တာလဲ ဆိုတာကို စာရေးဆရာ ဆူးငှက်က အခုလို ပြောပါတယ်။
“အရင်က ဆရာတော်တွေ သံဃာတော်တွေက သေချာ ဝင်ထိန်းခဲ့လို ပြဿနာ ကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ အခုကျတော့ အားလုံး သိကြတဲ့ အတိုင်း အချို့အချို့သော သံဃာတချို့ရဲ့ သဘောထားလေးတွေ တမျိုး ဖြစ်လာတာက တပိုင်း၊ ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးတွေကို ပညာနဲ့ ချင့်ချိန် မသုံးဘဲ ကောလာဟာလ ဖြန့်ဖို့ လက်နက်လို သုံးကြတဲ့လူတွေရဲ့ ပယောဂက တပိုင်းတို့ကြောင့် ပိုထိလွယ် ရှလွယ်တဲ့ အခြေအနေဖြစ်လာပြီး ဒီလို အခြေအနေတွေ ဖြစ်ကုန်တယ်လို့ ပြောရမှာပဲ”လို့ ဆရာ ဆူးငှက်က ပြော ပါတယ်။
ဖုန်းတွေ အင်တာနက်တွေကို လက်နက်လို သဘောထားပြီး ကောလာဟလကို လွယ်လင့်တကူ ဖြန့်ဝေ ကြသူတွေနဲ့၊ ပဋိပက္ခ မီးလောင်ကျွမ်းစေအောင် သွေးထိုးသူတွေက လက်တဆုပ်စာသာ ဖြစ်ပြီး မြို့ခံတွေကတော့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မဖြစ်စေချင်ကြဘူးလို့ ပြောပါတယ်။ တဘက်မှာလည်း အာဏာပိုင်တွေဘက်က အရေးယူမှု ပုံစံကို အားမလို အားမရ ဖြစ်မိကြောင်း၊ ရမ်းကား သူတွေကို အရေးမယူဘဲ တမင် လွှတ်ပေးထားသလို ဖြစ်နေတဲ့ အကြောင်းလည်း ဆရာဆူးငှက်က ဝေဖန် ထောက်ပြပါတယ်။
အခင်းဖြစ်ပွားတဲ့ ညတွေက ဆူပူ သောင်းကျန်းနေတဲ့ လူအုပ်ကြီးကို ဖမ်းဆီးအရေးယူမှု မလုပ်တာတွေ၊ ဇူလိုင် ၄ ရက်က ပဋိပက္ခကြောင့် သေဆုံးသွားသူ ကိုထွန်းထွန်းရဲ့ ဈာပနမှာ ရာထောင်ချီတဲ့ လူအုပ်ကြီးက နာရေးပို့ဆောင်ရာမှာ မန္တလေး ကျက်သရေဆောင် ကျုံးမြို့ရိုးကို တပတ်လှည့်လည်တာတွေ၊ ဈာပနချရာ ကြာနီကန် သုသာန်က အစ္စလမ် သုသာန်ကို ဖျက်ဆီးမှု ပြုတာတွေမှာ သက် ဆိုင်ရာ အာဏာပိုင်တွေက ထိန်းသိမ်းမှုမရှိဘဲ တမင်လွှတ်ထားတယ် ဆိုပြီး မန္တလေးမြို့ခံများ အကြား ပြောစမှတ် ဖြစ်နေပါတယ်။
ဆရာဆူးငှက်က “စဖြစ်ကတည်းက ဆိုင်ကယ် လေးငါးဆယ် အုပ်စုလေးကို ဘာလို့ မထိန်းသိမ်းနိုင်ရလဲ။ လုံခြုံရေး အားနည်းတာကြောင့်လို့ ယူဆလို့ ရပေမယ့် တဖက်မှာလည်း မမြင်နိုင်တဲ့ ပယောဂများရှိနေမလား မေးခွန်း ထုတ်မိတယ်”လို့ ဆိုပါတယ်။
“ဈာပန ကိစ္စမှာ ဆိုရင်လည်း မြို့ထဲကို သူပုန်တွေ ဝင်လာသလို တုတ်တွေ ကိုင်သူကိုင်၊ အော်သူအော်နဲ့ လုပ်လာတာ အားလုံး အမြင်ပဲ။ ဒါက မကောင်းဘူးပေါ့။ အစကတည်းက ဒီလိုမဖြစ်အောင် တားမြစ်သင့်တာ။ ပြဿနာ ပိုဆိုးမှာစိုးလို့ ထိန်းထိန်း သိမ်းသိမ်း လုပ်တာလည်း ပါနိုင်ပေမယ့် ကိုင်တွယ်တာ ပေါ့ဆတော့ ဟိုမှာ သချႋုင်း သွားဖျက်တာတွေ ဖြစ်ကုန်တယ်။ အဲဒါကိုသာ သေချာ မထိန်းနိုင်ရင် ပြဿနာတွေက ပိုဆိုးသွားနိုင်တဲ့ အခြေအနေ”လို့ သူက ဆက်ပြောပါတယ်။
ပဋိပက္ခ ပြဿနာဖြစ်တဲ့ အချိန်ဟာ လူသူ မကွဲပြားတဲ့ ညဉ့်နက်ချိန်ကျမှ ဖြစ်တာ တကြောင်း၊ ပဋိပက္ခ ဖန်တီးသူတွေဟာ သူတို့ကို လူသိ မခံဝံ့တာကြောင့် သတင်းသမားတွေကို ခြိမ်းခြောက် တားမြစ်တာတွေက တကြောင်း၊ လက်ရှိအချိန် မန္တလေးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လုပ်နေကြတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာက တကြောင်း တို့ကြောင့် နိုင်ငံရေး ပယောဂ မကင်းတဲ့ လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးမှုများ ဖြစ်နေသလားလို့ မန္တလေးသူ မန္တလေးသားတွေ အကြား မေးခွန်းထုတ် နေကြပါတယ်။
မန္တလေး မြို့မိမြို့ဖ တယောက်က “တကယ်တော့ ပြဿနာဖြစ်ချင်သူက လူနည်းစုပဲ ရှိတာပါ။ အားလုံးက အေးအေးချမ်းချမ်းပဲ နေ ချင်ကြတာပါ။ ဘာမဟုတ်တဲ့ သာမန်မှုခင်းတခုကို ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ ဖြစ်အောင် နည်းပေါင်းစုံနဲ့ ဆွဲတင်ပြီး လုပ် လာတာ သိသိသာသာပဲ။ တခါ သူတို့ ရည်ရွယ်ချက် မအောင်မြင်တော့၊ NLD က ထုတ်တဲ့ ထုတ်ပြန်စာ ကိုလည်း အတုလုပ်ပြီး NLD နဲ့ တဖက် ပြန်လှည့်တိုက်တဲ့ ပုံစံမျိုးလုပ်တာ သိသာတယ်၊ ဆိုတော့ ပုဒ်မ ၄၃၆ မပြင်ချင်လို့ တဖက်သတ် လုပ်တာလားလို့လည်း တွေးစရာပါပဲ”လို့ သုံးသပ်ပါတယ်။
တဖက်မှာလည်း ပဋိပက္ခတွေ မပြန့်ပွားအောင် ထိန်းသိမ်း ကာကွယ်ဖို့ အတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီကို မြို့မိမြို့ဖ တွေနဲ့ ဇူလိုင် ၆ ရက်က ဖွဲ့စည်း လိုက်ပါတယ်။ ဒီ အဖွဲ့အစည်းထဲမှာ မန္တလေးမြို့မှာ အရင်ရှိပြီးသား ဖြစ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ရေး အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတွေ လုပ်တာမှာ ဒီအဖွဲ့ဝင်တွေချည်း လုပ်ဆောင်လို့ မရဘဲ၊ ဆရာတော် သံဃာတော်တွေရဲ့ အကူအညီ သြဝါဒတွေလည်း လိုအပ်သလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အကူ အညီတွေလည်း လိုအပ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ ဒု ဥက္ကဌ ဦးသိန်းဝင်းအောင်က ဆိုပါတယ်။
ဦးသိန်းဝင်းအောင်က “ဖြစ်သွားတဲ့ ကိစ္စတွေမှာ တကယ်လုပ်တာက လူတစုဟာ ဆိုင်ကယ် လေးငါးဆယ်နဲ့ လိုက်မြှောက်ပင့်ပေးပြီး လုပ်ရာက ဖြစ်တာ။ ပြီးတော့ ဒီလူတွေဟာ အကုန် မူးနေပါတယ်။ ဒါပေမယ့် ဆရာတော်တွေရဲ့မေတ္တာနဲ့ ထိန်းသိမ်းပေးတာကြောင့် မန္တလေးမြို့ကြီး တည်ငြိမ် သွားရတာပါ”လို့ ပြောပါတယ်။
တဖက်မှာလည်း ပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို သံသယ ဖြစ်မိတဲ့ အကြောင်း၊ ဒီပြဿနာတွေဟာ နိုင်ငံရေး ပယောဂ မကင်းဘူးလို့ ယူဆကြောင်းလည်း သူက ဆိုပါတယ်။
“ပုဒ်မ ၄၃၆ ပြင်ဖို့ ဆိုင်းပြင်းနေတဲ့ အချိန်မှာ ဖြစ်တာဆိုတော့ နိုင်ငံရေး လှည့်ကွက်ထဲကို မန္တလေးမြို့နဲ့ ကျနော်တို့ အစ္စလမ် ဘာ သာ ဝင်တွေ ထိုးကြွေး ခံလိုက်ရတယ်လို့ပဲ တည့်တည့် ပြောချင်ပါတယ်။ အခုဆိုရင် ဒီ ၄၃၆ ကိစ္စကြီး ငြိမ်သွားပြီ။ နိုင်ငံရေး လှည့် ကွက်နဲ့ မန္တလေးမြို့ကြီးကို ပြာကျအောင် လုပ်နေတဲ့ ဇာတ်လမ်း၊ ဒီဇာတ်လမ်းမှာ မြန်မာနိုင်ငံရဲ့ အချက်အခြာ၊ အသည်းနှလုံး ဖြစ် တဲ့ မန္တလေးမြို့ကြီးကို ပြာ မကျသွားအောင်၊ တနိုင်ငံလုံး ဘေးအန္တရာယ် ကင်းအောင် အားလုံးက ဝိုင်းဝန်း ကာကွယ်ကြဖို့ လိုပါတယ်”လို့ ဦးသိန်းဝင်းအောင်က ပြောပါတယ်။
ဒီကနေ့ မန္တလေးရဲ့ အခြေအနေက ပြန်လည် တည်ငြိမ်စ ပြုလာပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း ဟိုနားမှာ ပြဿနာ ဖြစ် သလိုလို၊ ဒီနားမှာ လူစုလူဝေး ဖြစ်သလိုလိုနဲ့ ကောလာဟလတွေလည်း တီးတိုး တမျိုး၊ ကျယ်ကျယ် တမျိုး ပျံ့နှံ့နေဆဲ ဖြစ်သလို ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကလည်း အသက်ဝင်နေဆဲ ဖြစ်တာကြောင့် ည ၉ နာရီကနေ မနက် ၅ နာရီ အထိ သွားလာခွင့် ပိတ် ထား ခံရဆဲ ဖြစ်ပါတယ်။
မန္တလေးမြိ့ကြီးကတော့ အရပ်မျက်နှာ ပေါင်းစုံက ပျံ့လာတဲ့ သတင်းတွေကို နားစွင့်လိုက်၊ ဘယ်ဟာကများ သတင်းမှန် ဖြစ်သလဲ ဆိုတာကို သုံးသပ် ဝေဖန်လိုက်နဲ့ ည ၉ နာရီ မထိုးခင် လုပ်စရာရှိတဲ့ အလုပ်တွေ တက်သုတ်ရိုက် လုပ်ရင်း၊ သွားစရာရှိတဲ့ နေရာကို ကမန်းကတန်း သွားရင်း၊ ဘာတွေများ ဆက်ဖြစ်ဦးမှာလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ လှုပ်ရှား သွားလာ နေဆဲပဲ ဖြစ်ပါတယ်။ ။