၁၉၉၀ ပြည့်နှစ် စင်တင်ဘာလ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုကြီးနဲ့ ထောင်တွင်း ဖိနှိပ်မှုကြီး အပြီး ကြိုးတိုက်ဟာ အရင် ကလို မဟုတ်တော့ဘဲ ထောင်စည်းကမ်း တင်းကျပ်မှုတွေနဲ့ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ပစ်ပယ် လျစ်လျူရှုမှု တွေကို ဆက်တိုက် ရင်ဆိုင်လာခဲ့ရပါတယ်။
ကြိုးသမားတွေနဲ့ ကြိုးတိုက်ထဲက ကျနော်တို့ အားလုံးရဲ့ အဝတ်အစား၊ စောင်၊ အခင်း စတာတွေကိုလည်း ထောင် အာဏာပိုင်တွေက အကြောင်းမဲ့ သိမ်းဆည်းသွားခဲ့ပါပြီ။ သမံတလင်းမှာပဲ အခင်းမပါ အိပ်စက်ကြရတဲ့ ဘဝတွေကို ဆိုက်ရောက်လာပါတော့တယ်။
ကြိုးသမားတွေ သာမက အကျဉ်းသားတိုင်း အတွက်ကတော့ ကျန်းမာရေး ချွတ်ယွင်းမှုတွေ ရှိလာ ရင်တောင် ဘယ်လိုမှ အကျဉ်းထောင် ကျန်းမာရေး စောင့်ရှောက်မှုကို အားကိုးလို့ မရတဲ့ အခြေအနေပါ။ ပြောရမယ် ဆိုရင် ခေါင်းကိုက်လည်း ဘာစပရို၊ ပါရာ စီတမော၊ ဗိုက်အောင့်လည်း ဘာစပရိုဆေးပဲ ပေးလေ့ရှိတာ အင်းစိန်ထောင် ကျန်းမာရေး စောင့်ရှောက်မှုပါပဲ။
အဲဒီလို ထောင်ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်၊ လျစ်လျူရှုချက် တွေကို ကြိုးတိုက်ထဲမှာ ရှိနေခဲ့ကြတဲ့ သက်ကြီး ရွယ်အိုများ အပါအဝင် အားလုံးပဲ ခါးစည်းခံရပါတယ်။
သူတို့တွေဟာ ကြိုးတိုက်ထဲမှာ ရှိစဉ်တလျှောက် သူတို့ဘဝ စာမျက်နှာတွေကို ပြန်လည်မျှဝေရင်း သက်ရှိ စာကြည့်တိုက်တွေအဖြစ် ကျနော်တို့အတွက် ခွန်အားပေးသူတွေလည်း ဖြစ်ပါတယ်။
စာရေးဆရာ မောင်သော်က
(ရေတပ် ဗိုလ်မှူးဟောင်း ဦးဘသော်)
ဦးသော်ကဟာ ဂျာနယ်လစ်တဦးလည်း လုပ်ခဲ့ဖူးသလို ကဗျာတွေလည်း ရေးတယ်။ သူ့ဘဝမှာ စစ်သားဘဝ တဖြစ်လဲ စစ်ဗိုလ်ဟောင်း တွေရဲ့ လူ့ဘဝ ဖြတ်သန်းမှုတွေထဲက ရယ်စရာ သရော်စာတွေ ရေးအားကောင်းတယ်။
ဦးသော်က က အခါအားလျော်စွာ သူ့ဘဝ၊ သူ့ အတွေ့အကြုံ တွေနဲ့အတူ သူရေးခဲ့ဖူးတဲ့ စာတွေ အကြောင်း ပြန်ပြောင်း ပြောပြ တတ်တယ်။ အဲဒီထဲမှာ တိုက်ရေယာဉ် ၁၀၃ ကတော့ ကြိုးသမားတိုင်း အမှတ်ရနေကြမှာ သေချာပါတယ်။
အစ္စလမ် ကိုရ်အန်ကျမ်းကို မြန်မာဘာသာ ပြန်ဆိုမှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ အင်္ဂလိပ်စာ လေ့လာမှုနဲ့ ပတ်သက်လို့ အထောက်အကူဖြစ်မယ့် လေ့လာပုံ လေ့လာနည်းတွေနဲ့ အချိန်လုပြီး သင်ပြပေးခဲ့တာတွေဟာ ဦးသော်က အမှတ်တရတွေ အဖြစ် ယနေ့ထက်တိုင် ကြားယောင် မြင်ယောင်ဆဲပါပဲ။
ဦးသော်ကနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ များပေမယ့် အမှတ်ရစရာ အဖြစ်ဆုံးက သူကွယ်လွန် ခဲ့တဲ့နေ့ ၁၉၉၁ ခုနှစ် ဇွန်လ ဆန်း က ဖြစ်ပါတယ်။ သွေးတိုးရောဂါ ခံစားနေရတာမို့ ခေါင်းတွေ အရမ်းမူးပြီး နေထိုင်ရ အရမ်းဆိုးလာတာကြောင့် ကြိုးတိုက် တာဝန်ကျ ထောင်ဝန်ထမ်းတွေ ကနေတဆင့် သက်ဆိုင်ရာကို အကြိမ်ကြိမ်သတင်း ပို့ခဲ့ပေမယ့် တယောက်မှ ရောက်မလာခဲ့ ပါဘူး။
ကံကောင်းချင်တော့ ဦးသော်က အဲဒီလို သွေးတိုးဝေဒနာ အလွန်အမင်း ခံစားနေရချိန်မှာ ကြိုးသမားတချို့ ထောင်ဝင်စာ တွေ့ဖို့ တဖွဲ့က တိုက်က အထွက်၊ တဖွဲ့က ထောင်ဝင်စာ တွေ့ပြီး ပြန်အလာ၊ ထောင်ဝန်ထမ်း ဆီက သော့ကို ကျနော်က ယူပြီး ဦးသော်က ရဲ့ အခန်းနံပါတ် ၂၇ ကို ဖွင့်လိုက်တယ်။ ဦးသော်ကကို အခန်းထဲကထုတ်လိုက်ပြီး ကြိုးတိုက် အလယ်လမ်းမှာ ပွေ့ထားပြီး အတတ် နိုင်ဆုံး ပြုစုကြတယ်။
ခံစားနေရတဲ့ ဝေဒနာ သက်သာရာ သက်သာစေကြောင်း ယပ်ခတ်ပေးတာနဲ့ သံပရာရည် ဖျော်ပေးပြီး တိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဦးသော်ကဟာ စကားပြောဖို့တောင် အတော် အားယူနေရတယ် ဆိုတာ သိကြရတော့ ကျနော်တို့ တတွေဟာ နားနေ ဖို့ပဲ သူ့ကို သတိပေးနေရတယ်။
တဖက်ကလည်း ဆေးရုံကို အကြောင်းကြားတာ မလာသေးတော့ ထပ်ပြီး အော်ဟစ် ခေါ်ဆိုသံတွေနဲ့ မလာ၊ လာအောင် ကြိုးသမား တွေက ဝိုင်းအော်နေခဲ့ ကြတယ်။
ကျနော်တို့ ဝိုင်းဝန်း ပြုစုနေတဲ့အချိန်မှာပဲ ဦးသော်ကရဲ့ အခြေအနေဟာ လုံးဝ မရတော့ဘူးဆိုတာ သိရပြီး ဘယ်လိုမှ ခေါ်လို့မရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒါကြောင့် သွေးခုန်နှုန်း၊ နှလုံးခုန်သံတို့လည်း မကြားရတော့ ပါဘူး။ မျက်လုံး သူငယ်အိမ်ကို ကြည့်လိုက် တော့ လည်း သူငယ်အိမ်က ကျုံ့ဝင်နေပြီ ဆိုတာ တွေ့ကြရတယ်။ ဒါဟာ ဦးသော်ကရဲ့ ဝိညာဉ်ချုပ်ခြင်း လက္ခဏာတွေ ပါပဲ။
ဒါကြောင့် သတင်းပို့တဲ့ ပုံစံကို ပြောင်းပြီး ဦးသော်က ဆုံးသွားပြီလို့ သတင်းပို့လိုက် ကြတယ်။ အဲဒီလို သတင်းပို့ပြီး ၁၅ မိနစ် ကျော်လောက်မှာ ထောင်တွင်းဆေးရုံက ဆေးမှူးနဲ့ အကျဉ်းသား အကူတချို့ဟာ ကပ်နဲ့ရောက် လာကြပြီး ဦးသော်ကကို တင်ခေါ်သွားခဲ့ကြတယ်။ နောက်တော့ ဦးသော်က အခန်းထဲက သူ့ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက လာထုတ်ယူ သွားကြတယ်။

နောက် ၂ ရက်လောက်ကြာ အာဏာပိုင်တွေ ပြောတာကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဦးသော်ကဟာ ဆေးဝါး ကုသရင်း ကွယ်လွန် သွားတယ် ဆိုပဲ။ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ ဦးသော်ကဟာ အဲဒီနေ့က သူသိပ်ချစ်တဲ့ ကြိုးသမားတွေနဲ့ သူနေထိုင်ရာ ကြိုးတိုက်ထဲ မှာ ကတည်းက အသက် မရှိတော့ပါဘူး။
၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရပါတီအဖြစ် NLD ပါတီကို တရားဝင် ကြေညာပြီးကတည်းက စစ်သားတွေ ကတိတည်ပြီး တရားသဖြင့် အာဏာလွှဲပေးခဲ့ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ ထောင်က လွတ်မြောက် ကြတဲ့အခါ ကြိုးသမား ၁၀၈ ဦးကို ဗုဒ္ဓဘာသာရဟန်းခံပွဲ အကြီးအကျယ် ကျင်းပပေးမယ် ဆိုတဲ့ အစ္စလမ်ဘာသာဝင် ဦးသော်က ကတော့ ကျနော်တို့ကို ထားခဲ့ပြီး ကြိုးတိုက်ထဲက သာမက တကယ့်ကို လူ့လောကထဲက ထွက်ခွာသွားခဲ့ ပါတယ်။
နောက်ထပ် သတိရစရာတခုက နာမည်ကျော် ဗေဒင်ဆရာ၊ စာရေးဆရာ မင်းသိင်္ခနဲ့ ပတ်သက်ပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ ထောင်တွင်း ဖိနှိပ်မှုကြီး မတိုင်ခင်တုန်းကပါ။ ၃ တိုက်မှာရှိတဲ့ ဆရာမင်းသိင်္ခက တနေ့မှာ ဟောစာတမ်း တခုထုတ်ပြီး ကြုံးဝါးပါတယ်။ မကြာခင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်ပြီး ညနေစာကို အပြင်မှာ အောင်ပွဲဆင်ပြီး စားကြ ရမယ်တဲ့။
သူ့ဟောစတမ်း မမှန်ကန်ခဲ့ရင် ဆရာမင်းသိင်္ခ ခေါ် ကိုအောင်ထွန်းက သူ့လျှာကို ဘလိတ်ဓားနဲ့ ဖြတ်ပစ်မယ်လို့ ကြုံးဝါးမှုက တိုက် ဝန်းတခုလုံး လွှမ်းမိုးသွားခဲ့တယ်။
ဆရာမင်းသိင်္ခ ပြောထားတဲ့ရက်တွေ ဖြစ်မလာဘဲ ကုန်လွန်သွားတော့ ဦးသော်က တယောက် ဘလိတ်ဓား လိုက်ရှာ တယ်။ မှတ်မှတ်ရရ ကျနော့်ဆီမှာလည်း ထောင်ဝန်ထမ်းနဲ့ တရားမဝင်သွင်းထားတဲ့ 7 O’clock ဘလိတ်ဓား ရှိနေတော့ ဦးသော်က က သူပြန် ဝယ်ပေးမယ်၊ အဲဒါ ပေးပါ ဆိုတော့ ဦးသော်ကကို ပေးလိုက်တယ်။ နောက်တော့ ဦးသော်ကက ဆရာမင်းသိင်္ခဆီကို စာတိုလေးရေးပြီး လှမ်းပို့လိုက်တယ်။
စာကလည်း ပလတ်စတစ်ပေါ် ရေးထားတဲ့ စာတိုလေး။
“အောင်ထွန်းရေ။ ငါတော့ မင်းဆီကို ဘလိတ်ဓား ပို့လိုက်တယ်၊ ဒါဆို မင်းသဘောပေါက်မှာပါကွာ”လို့ ရေးပေးလိုက်တယ်။
ဆရာမင်းသိင်္ခကလည်း ဦးသော်က ပို့ပေးလိုက်တဲ့ ဘလိတ်ဓားဘူးကို ရိုရိုသေသေ လက်ခံယူပြီး စကားကြုံ ပြန်ပါးလိုက်ပါတယ်။
သူ့မှာ မုတ်ဆိတ်ကျင်စွယ်တွေ ရိတ်ဖို့ ဘလိတ်ဓား အခက်တွေ့နေတာကို ကူညီတဲ့အတွက် ဦးသော်ကကို ကျေးဇူးတင်ကြောင်း ပြောစကားလေးပါ။
အဲဒီ အချိန်ကာလတွေမှာ ထောင်ထဲမှာ အကျဉ်းသားတဦး အနေနဲ့ ဘလိတ်ဓားဆိုတာ တရားဝင် ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဒီတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကို ထောင်က အပတ်စဉ် လာပြီး ဆံသပေးသူတွေရဲ့ လူတကာသုံးတဲ့ သင်တုန်းဓားနဲ့ မသုံးချင်ကြတော့ ပုလင်းကွဲတို့ ဘာတို့နဲ့ သုံးကြရတယ်။
ဘလိတ်ဓားကို ထောင်ဝန်ထမ်းနဲ့ မှာရတာလည်း မဟာစွန့်စားခန်း တခုပါပဲ။ ဒီတော့ ဘလိတ်ဓား ရှားတယ်။
အဲဒီတုန်းက ဆရာမင်းသိင်္ခဆီက စကားပြန်လည်းရရော ဦးသော်က တယောက် ရယ်လိုက်တာ ခွက်ခွက်လန်ပါပဲ။
ဒီ့အပြင် ဦးသော်က က အချစ်ရေး၊ နှလုံးသားရေးနဲ့ ပတ်သက်ပြီးလည်း သူက မကြာမကြာ ပြောတတ်တယ်။
ဒုတိယ ဇနီးသည် ထောင်ဝင်စာ လာတွေ့တုန်းက ပေးခဲ့တဲ့ ဖလန်နယ် ဝမ်းဆက်ကို ဦးသော်က တယောက် ဂုဏ်ယူ ဝတ်ဆင်ကာ အခေါက်ခေါက် အခါခါ လမ်းလျှောက်ရင်း ပြောဖူးတဲ့ စကားက “အချစ်ဆိုတာ အမြဲနုပျို နေတာကွ၊ ထောင်ဝင်စာ တွေ့ချိန်သံဆန်ခါ ခြားထား တာတောင် ရင်ခုန်သံက အရမ်းနီးတော့ အနမ်းခရီးက အသွားအပြန်၊ ငါတော့ ဒါတွေ အခန်းထဲထိ သယ်လာခဲ့တယ်” တဲ့။
ဆက်လက်ဖော်ပြပါမည်။