ဟီလာရီကလင်တန် ရဲ့ နောက်ဆုံးစာအုပ် “ခက်ခဲသော ရွေးချယ်မှုများ” (Hard Choices) စာအုပ်ဟာ ဟီလာရီ ကလင်တန် ရဲ့ ၂၀၁၆ သမ္မတ အိပ်မက် အတွက် တမင်ရည်ရွယ်ပြီး စနစ်တကျ ပြုစုထားတဲ့ စာအုပ်လို့ သုံးသပ်ကြတယ်။
ဟီလာရီ ကလင်တန်ဆိုတာ သမ္မတဟောင်း ကလင်တန်ရဲ့ သစ္စာရှိပြီး သဘောထားကြီးတဲ့ ဇနီးသက်သက် မဟုတ်၊ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေးဝန်ကြီး ဆိုတာထက် ပိုတဲ့ အတွေ့အကြုံလည်း များ၊ အမြော်အမြင်လည်းကြီးတဲ့ တိုင်းပြု ပြည်ပြုနိုင်ငံရေးသမား (Statemanlike) ဆိုတာကို စာအုပ်နဲ့ သက်သေခံထားတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဟင်နရီကစ်ဆင်ဂျာရဲ့ စာအုပ်တွေလောက် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ သဘောတရားတွေကို ဖွင့်ဟ မထားပေမယ့် ခေတ်ပြိုင် ခေါင်းဆောင်တချို့ကို ပုံဖော်တဲ့ နေရာမှာတော့ ရသ မြောက်တာ ကစ်ဆင်ဂျာရဲ့ စာအုပ်တွေကို ပြန်ပြောင်းအမှတ်ရစရာ ဖြစ်ကြတယ်။
စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ နှစ်လိုဖွယ် ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီ အကြောင်း၊ ဥရောပတိုက်ကြီးကို ပခုံးပေါ်ထမ်းထားတဲ့ လေးစားဖွယ် ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကဲလ် အကြောင်း၊ နှစ်ပေါင်း များစွာ စိတ်ထဲမှာ ရင်းနှီးခဲ့ရတဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမျိုးတွေ ပါဝင်ပါတယ်။
အထူးခြားဆုံး ကတော့ လက်ရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဇာတ်လမ်းဖြစ်မယ် ထင်ပါတယ်။ ဒုတိယကမ္ဘာစစ် ရှေ့တန်းစစ်မြေပြင် ကနေ စိန့်ပီတာစဘာ့ဂ်က အိမ်ဆီကို ခဏပြန်လာတဲ့ ပူတင်ရဲ့အဖေက ဇနီးသည် နေတဲ့ တိုက်ခန်း အနားအရောက်၊ လမ်းဘေး မှာ လူသေအလောင်းတွေကို တွေ့ခဲ့ရတယ်။ လူသေအလောင်းပုံတွေ ကြားထဲမှာ ဖိနပ်တရံကို တွေ့တော့ သူ့ဇနီးဖိနပ်လို့ မှတ်မိသွားတယ်။
ဒါနဲ့ အလောင်းကို စောင့်နေတဲ့ အစောင့်ကို အကျိုးအကြောင်းပြောပြီး ဇနီးသည်အလောင်းကို တခြား အလောင်းတွေထဲက ဆွဲထုတ် တယ်။ နောက်ဆုံးအနေနဲ့ ပွေ့ဖက်လိုက်တော့မှ အသက်ငွေ့ငွေ့ကျန် နေသေးတာကို သိလိုက်ရတယ် တဲ့။ ဒီအဖြစ်အပျက် အပြီး နောက်ထပ် ရှစ်နှစ်လောက် အကြာမှာ သားငယ် ပူတင်ကို မွေးခဲ့တယ် ပေါ့။
ဒီ ဘဝဇာတ်ကြောင်းကို ပူတင်ကိုယ်တိုင်က ဟီလာရီ ကလင်တန်ကို ပြောပြခဲ့တာပါ။ ဟီလာရီ ကလင်တန်က တဆင့် ပြန် ဖောက် သည် ချတဲ့ ပူတင့် ဘဝဇာတ်လမ်းကို ဖတ်ရတဲ့အခါ ပူတင့် စရိုက်၊ စိတ်ထားကို နားလည်ဖို့ မခဲယဉ်းတော့ ပါဘူး။ ဟီလာရီ ကိုယ် တိုင် ကလည်း ပူတင် လက်အောက်က ရုရှားနဲ့ ဆက်ဆံရေးကို သတိရှိဖို့ ရာထူးကနေ မထွက်ခင်မှာ သမ္မတ အိုဘားမားကို အကြံ ပေးခဲ့တယ်။
ဒီနေ့ ယူကရိန်း အရေးလိုမျိုးမှာ လူမိုက်ဆန်တဲ့ ပူတင်နဲ့ ထိပ်တိုက်တွေ့နိုင်တာကို ဟီလာရီက ကြိုတင်ခန့်မှန်း နိုင်ခဲ့ပါတယ်။
“ခက်ခဲသော နေ့ရက်များက ရှေ့မှာ ကြိုနှင့် နေသည်။ မော်စကိုနှင့် ဆက်ဆံရေးက ပိုကောင်းဖို့ထက် ပိုဆိုးစရာ အကြောင်းရှိသည်။ ရုရှားက အမေရိကားကို လိုအပ်တာထက် ကျမတို့ အမေရိကန် ပြည်ထောင်စုက ရုရှားကို ပိုပြီးလိုအပ်နေသည်ဟု ပူတင်က ထင်မှတ် မှားနေသည်” လို့ ရေးထားတယ်။
တချို့နိုင်ငံတကာ ရေးရာတွေမှာ ဟီလာရီဟာ အိုဘားမားနဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေထက် အိမ်စာကြေပြီး အကဲဖြတ်ချက် တွေ ကလည်း ပိုပြီး မှန်ကန်တာ တွေ့ရတယ်။
ဥပမာ အိုစမာ ဘင်လာဒင် ရှိနေတဲ့ ခြံဝင်းကို US Navy Seals တပ်ဖွဲ့တွေ ဝင်စီးသင့်တယ်လို့ ဟီလာရီက အိုဘားမားကို အကြံပေး တဲ့ အချိန်မှာ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်လို ပုဂ္ဂိုလ်မျိုးက စွန့်စားလွန်းတယ်လို့ ထင်ပြီး ချီတုံချတုံ ဖြစ်နေခဲ့တယ်။
အီဂျစ်အရေးမှာ အိုဘားမားက မူဘာရက်ခေတ်ကို မြန်မြန် အဆုံးသတ် သွားစေချင်ပေမယ့် ဟီလာရီ ကလင်တန်က အစီအစဉ် တကျ အပြောင်းအလဲကို အကြံပေးခဲ့တယ်။ “အီဂျစ်ပြည်သူ၊ ဒေသတွင်းနှင့် ကျမတို့ အတွက် အလွန်ခက်ခဲသော အနေအထားဖြစ် သည်”ဆိုတဲ့အတိုင်းပဲ နောက်ပိုင်း အီဂျစ်မှာ ကြုံရတဲ့ ဝရုန်းသုန်းကား အခြေအနေတွေကို မြင်ရတဲ့အခါ ဟီလာရီက အီဂျစ်နိုင်ငံရဲ့ အခြေအနေမှန်ကို နားလည်ခဲ့တယ်လို့ ဆိုရမှာပါ။
ဆီးရီးယား အရေးမှာလည်း ကိုဖီအာနန်က ကြားဝင်စေ့စပ်ပေးတဲ့ ဂျနီဗာ ဆွေးနွေးပွဲ ပျက်သွားတဲ့အချိန် (၂၀၁၂ အလယ်) ကတည်း က အလယ်အလတ် သဘောထားရှိတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက်ထောက်ပံ့ဖို့ လိုတယ် ဆိုတာကို နား လည် ခဲ့တယ်။ ဆီးရီးယားအရေးကို တသီးတသန့် ပြဿနာအနေနဲ့ ဘယ်တုန်းကမှ မတွက်ခဲ့ဘူး လို့ ဟီလာရီက ဆိုတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အီရတ်နဲ့ ဆီးရီးယားကြားက နယ်စပ်မျဉ်းကို ဖျက်ပစ်ပြီး အစ္စလမ်မစ်နိုင်ငံ ထူထောင်လိုတဲ့ ISIS ပြဿနာပေါ်ပြီး အီရတ်မြို့တွေကို သိမ်းတဲ့ အထိ ဖြစ်မယ်လို့ မထင်ခဲ့တာကိုလည်း နောက်ပိုင်းမှာ ဝန်ခံထားပါတယ်။
၂၀၁၃ နိုဝင်ဘာမှာ အီရန်နဲ့ နျူကလီးယားကိစ္စ ယာယီသဘောတူညီချက် ရတဲ့အချိန်မှာ ဟီလာရီ ကလင်တန် ရာထူးကနေ အနား ယူသွားပြီ ဆိုပေမယ့် သူ့ကို အမှတ် မပေးလို့ မရပါဘူး။ အီရန်အရေးနဲ့ ပတ်သက်လို့ ဟီလာရီ ကြိုးပမ်းချက်တွေက ဟင်နရီ ကစ်ဆင်ဂျာရဲ့ ကျိတ်ဝိုင်းတွေကို ပြန်အမှတ်ရ စရာပါ။ အီရန်ကို ချဉ်းကပ်ဖို့ အိုမန်က တဆင့် ကြိုးပမ်းခဲ့ရပုံကို စာအုပ်ထဲမှာ ရေး သား ထားပါတယ်။
၂၀၁၁ ဇန်နဝါရီလမှာ အိုမန်စော်ဘွားက အီရန်ကိစ္စ အကူအညီ ပေးနိုင်ပါတယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်အောင် စီစဉ် ပေးနိုင် ပါတယ်လို့ ပြောရာကနေ စတင်ခဲ့ပါတယ်။
၂၀၁၂ ဇူလိုင်မှာ အိုမန်ကို အတွင်းလူ Jake Sullivan ကို လွှတ်ပြီး အီရန် ရှေ့ပြေးကိုယ်စားလှယ်အဖွဲ့နဲ့ လျှို့ဝှက်ဆွေးနွေးခိုင်း၊ ပြီးတော့မှ အိုမန်ကို နောက်တခေါက်သွားပြီး အခြေအနေကို စနည်းနာ၊ နောက်ဆုံးမှာ လက်ထောက်ဖြစ်တဲ့ Bill Burns ကို စေလွှတ်ပြီး တကယ့် အပေးအယူ ကိစ္စ ညှိနှိုင်းတဲ့ ဆွေးနွေးပွဲ စတင်နိုင်ခဲ့တဲ့ ကားလိပ်နောက်ကွယ်က သံခင်းတမန်ခင်း ကြိုးပမ်းချက်တွေ ပါဝင်ပါတယ်။
ဟီလာရီ ကလင်တန်နဲ့ ခွဲခြား မရတဲ့ နိုင်ငံခြားရေး မူဝါဒက အာရှမဏ္ဍိုင်ပြု မူဝါဒ (Pivot to Asia) ဖြစ်ပါတယ်။ ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလမှာ အာရှကို ပထမဆုံး ခရီးထွက်ပြီး မူဝါဒကို စတင်အကောင်အထည် ဖော်ခဲ့တယ်။ အခုအချိန် အထိ နောက်ပိုင်းနှစ်တွေမှာ အိုဘားမား အစိုးရက အားစိုက် အကောင်အထည် ဖော်ခဲ့တဲ့ မူဝါဒ ဖြစ်လာတယ်။
ဒီပေါ်လစီ နောက်ခံမှာ အမေရိကန်က ဆယ်စုနှစ်ပေါင်း များစွာ အဆက်ဖြတ်ထားတဲ့ မြန်မာ အစိုးရကို ပြန်လည် အသိအမှတ်ပြု ဆက်ဆံဖို့ ပထမဆုံး ခြေဦးပြန်လှည့်လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ဟီလာရီ ကလင်တန် ပါပဲ။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ပြန်ခန့်၊ နောက်တော့ အိုဘားမားကိုယ်တိုင် မြန်မာပြည်ကို ရောက်လာ၊ နောက်ထပ်လည်း လာဖို့ ရှိနေပါသေးတယ်။
ဒီ အဖြစ်အပျက်တွေ ဟာ ဟီလာရီကလင်တန် လက်ထက်မှာ စတင်ကျင့်သုံးတဲ့ မူဝါဒနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကတော့ Smart Power ပါ။ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ရာထူးလက်ခံတဲ့ နေ့မှာပဲ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ ပါဝါအပျော့နဲ့ ပါဝါအမာကို လိမ္မာစွာ ရောနှော ကျင့်သုံးမယ် လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရေး မူဝါဒမှာ ကျင့်ဝတ် (Principles) နဲ့ လက်တွေ့ဝါဒ (Pragmatism) ကို ပေါင်းစပ်ရမယ် လို့ အတိအလင်းပဲ ကြေညာခဲ့ပါတယ်။ “ခက်ခဲသော ရွေးချယ်မှုများ” စာအုပ်မှာလည်း ဒီအကြောင်းကို အကျယ်တဝင့် ရေးထားပါတယ်။
“ကျမတို့ တိုင်းပြည်၏ ခိုင်မာသော အင်အားနှင့် ရည်မှန်းချက်များ အပေါ် ယုံကြည်စွာဖြင့် တာဝန်များကို ထမ်းဆောင် သွားပါမည်။ ကျမတို့ နားလည် နိုင်စွမ်း၊ ထိန်းချုပ် နိုင်စွမ်း၏ ဟိုမှာဘက်မှာ ဘယ်၍ဘယ်မျှ ရှိနေသေး သနည်းဟု ဆင်ခြင်ပြီး သကာလ နှိမ့်ချမှုလည်း ထားပါသည်။ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ကျမ အခေါ် Smart Power ဖြင့် ပုံဖော်ခဲ့ ပါသည်။
၂၁ ရာစုတွင် အောင်မြင်မှု အတွက် နိုင်ငံရေး မူဝါဒ၊ သံခင်းတမန်ခင်း၊ ဖွံ့ဖြိုးရေး အကူအညီ၊ စစ်အင်အားစသော သမားရိုးကျ နည်း လမ်းများကို ပေါင်းစပ်ရန် လိုအပ်သည်။ တပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍမှ စွမ်းအားနှင့် စိတ်ကူးစိတ်သန်းများ ကိုလည်း ပေါင်းစပ် ရပါမည်။ နိုင်ငံသားများကို စွမ်းရည်မြှင့်တင်ပေးခြင်း၊ တက်ကြွလှုပ်ရှားသူများ၊ ဦးဆောင် စည်းရုံးပြသူများ၊ ပြဿနာကို အဖြေရှာသူများဟု ခေါ်ရမည့် လူထုအခြေပြု အဖွဲ့အစည်းများကို စွမ်းရည် မြှင့်တင်ပေးရန် လိုအပ်ပါသည်။
သို့မှသာ သူတို့ ပြဿနာများကို သူတို့ဘာသာ ဖြေရှင်းပြီး သူတို့ အနာဂတ်ကို သူတို့ဘာသာ ပုံဖော်နိုင်မည် ဖြစ်သည်။ ကျမတို့ အနေဖြင့် အမေရိကန် ပါဝါကို အသုံး ပြုသည် ဆိုရာဝယ် မဟာမိတ် များနိုင်သမျှ များများတည်ဆောက်ပြီး ရန်သူကို နည်းနိုင်သမျှနည်းအောင် လျှော့ချရမည်” စသဖြင့် ရေးထားပါတယ်။
၂၀ဝ၇ ခုနှစ်မှာ ဂျိုးဇက်နိုင်းနဲ့ သမ္မတဘုရှ် လက်ထက် ဒုနိုင်ငံခြားရေး ဝန်ကြီးဟောင်း ရစ်ချတ် အာမီ တိတ်ဂျ်တို့ ဦးဆောင် ရေးသား ခဲ့တဲ့ CSIS အစီရင်ခံစာကို ပြန်ပြောင်းအမှတ်ရစရာပါ။ အီရတ်စစ်ပွဲအလွန် ကျဆင်းသွားတဲ့ အမေရိကန် ပုံရိပ်ကို ပြန်လည် တည် ဆောက် ဖို့ ဆိုရင် နောက်တက်လာမယ့် အစိုးရလက်ထက်မှာ Smart Power မဟာဗျူဟာကို ကျင့်သုံးဖို့ အကြံပြုထားပါတယ်။
အဓိကအားဖြင့် ကဏ္ဍကြီး ငါးရပ်ကို အဆိုပြုထားတာ တွေ့ရပါတယ်။ ၂၁ ရာစု စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်မယ့် မဟာမိတ်တွေ အဖွဲ့အစည်းတွေ တည်ဆောက်ရေး၊ ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးရေး အကူအညီကို မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အထူးသဖြင့် လူငယ်တွေကြားက ဆက်ဆံရေး တိုးမြှင့်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးကို မြှင့်တင်ပြီး အထူးသဖြင့် နောက်ကျကျန်နေတဲ့ နိုင်ငံတွေနဲ့ စီးပွားရေး ပိုမိုပေါင်းစည်းရေး၊ စွမ်းအင်၊ လုံခြုံရေးနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်က နည်းပညာနဲ့ တီထွင်မှုအရာမှာ ဦးဆောင်မှု ပေးရေး ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ရန်သူနည်းအောင် လုပ်တဲ့ အယူအဆအပေါ်မှာ ဟီလာရီက အခိုင်အမာ ယုံကြည်ပုံ ရပါတယ်။ “ခက်ခဲသော ရွေးချယ်မှုများ” (Hard Choices) စာအုပ်ထဲမှာ မိတ်ဆွေတွေကို အရောင်တင်ထားပြီး ရန်သူနည်းအောင် ဂရုတစိုက် ရေးသားထားတယ် လို့ စာအုပ် ဝေဖန် ရေး သမားတွေက ဆိုကြတယ်။
မကြာခင်က ထွက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ရောဘတ်ဂိတ်ရဲ့ “တာဝန်” (Duty) စာအုပ်လောက် ပွင့်ပွင့်လင်းလင်း မရှိဘူးလို့ ဆိုကြတယ်။ ရောဘတ်ဂိတ်ကတော့ အကောင်းတကာ့ အကောင်းဆုံး ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ထုံးစံအတိုင်းပဲ မကွယ် မဝှက်၊ ဖြစ်ချင်ရာဖြစ်၊ အဖြစ်အတိုင်း အရှိအတိုင်း ဇက်ကုန်လွှတ် ဇာတ်စုံဖွင့် ခဲ့တယ်။ ဒါကလည်း ရောဘတ်ဂိတ် အနေနဲ့ နောက် ထပ် ဘယ်လိုရာထူးကိုမှ မမျှော်မှန်းတော့တာက ဟီလာရီ ကလင်တန်နဲ့ ကွာခြားပါတယ်။
၂၀၁၆ အမေရိကန် သမ္မတလောင်းအနေနဲ့ ဝင်ပြိုင်ဖို့ ကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့ စာအုပ်ထဲမှာ ဆိုထားပေမယ့် အလေးအနက် စဉ်းစားနေတာက သေချာပါတယ်။
ဒီမိုကရက် ပါတီတွင်း သမ္မတလောင်းပြိုင်ပွဲမှာ အိုဘားမားကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက် လက်အောက်မှာ နိုင်ငံခြားရေး ဝန်ကြီး တာဝန်သင့်မသင့် ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရတယ် လို့ ဆိုတယ်။ အခုတခါလည်း လွန်ခဲ့တဲ့ရှစ်နှစ်က ရှုံးထားပြီး နောက်တကြိမ် သမ္မတလောင်းအဖြစ် အရွေးခံမလားဆိုတာက ပိုပြီး ခက်ခဲတဲ့ ရွေးချယ်မှု တခု ဖြစ်မှာ သေချာပါတယ်။
တကယ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖြစ်ပြီး အနိုင်ရလို့ သမ္မတဖြစ်လာရင် ဟီလာရီ ကလင်တန်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာပါလိမ့်မယ်။ ဒါတင်မက အမေရိကန် သမိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီး ဘဝကနေ သမ္မတဖြစ်တဲ့ အစဉ် အလာက မရှိသလောက်ပါပဲ။ ၁၈၅၇ ခုနှစ်မှာ သမ္မတ ဂျိမ်းစ်ဘူခါနင် နောက်ဆုံး ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီး ရာထူးကနေ အနားမယူခင် နောက်ဆုံး စစ်တမ်းအရ ဟီလာရီက အိုဘားမားထက် တောင် လူကြိုက်များပါတယ်။ ၂၀၁၆ မှာ သမ္မတ ဖြစ်လာရင် ဟီလာရီ အသက်က ၆၉ နှစ် ရှိမှာမို့ သူ့ကျန်းမာရေး အခြေအနေက ဘယ်လိုရှိမလဲ လို့ မေးခွန်းထုတ်ချင်သူတွေ ရှိပါတယ်။
စာအုပ်ထဲမှာတော့ ကျန်းမာရေးကိစ္စကို ချန်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘဝမှာတော့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံ၊ မိုင်ပေါင်း တသန်း နီးပါးကို ခရီးထွက်ခဲ့ ပါတယ်။ ထောက်ခံသူတွေ အတွက်တော့ Hard Choices ကို ဖတ်ပြီးတဲ့အခါ ဟီလာရီ ကလင်တန် ဆိုတဲ့ အမျိုးသမီးကြီးဟာ ကမ္ဘာမှာ အရေးအပါဆုံး ရာထူးနေရာ အတွက် အတွေ့အကြုံ အမြော်အမြင် ရှိရုံမက အသေအချာ ပြင် ဆင်ပြီး အဆင်သင့် ရှိနေပါလား ဆိုတဲ့ ယုံကြည်ချက်နဲ့ လေးစားကြည်ညို စိတ် တိုးလာစေမှာ သေချာပါတယ်။ ။