Travel

သာယာကုန်းသို့ အလည် တခေါက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်ကနေ ကားနဲ့ ၅ နာရီလောက် မောင်းလိုက်ရုံနဲ့ မြို့ပြရဲ့ ဆူညံပွက်လောရိုက်မှုတွေ၊ မွန်းကျပ်မှုတွေကနေ ကင်းဝေးရာ သစ်ရိပ်၊ ဝါးရိပ်တို့နဲ့ အေးချမ်းတဲ့ အဲဒီအရပ်ကို ရောက်နိုင်ပါတယ်။

ရုံးအားရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ တရက်မှာ ဧရာဝတီတိုင်း  ကျုံပျော်မြို့နယ်ထဲက သာယာကုန်း ဆိုတဲ့ ရွာကလေးကို တရက်တာ ခရီး အလည်အပတ် သွားဖြစ်ခဲ့တာပါ။ ကားသမား အပါအဝင် လူကြီး ၄ ယောက်၊ ကလေး ၅ ယောက် စီးလာတဲ့ ပရိုဘောက်စ်ကားလေးက လမ်းဘေးဝဲယာ က လယ်ကွင်းတွေ၊ သစ်ပင်တွေကို တရိပ်ရိပ် ဖြတ်ကျော်လာပါတယ်။ ရန်ကုန်က စထွက် တော့ မနက် ၂ နာရီခွဲလောက် ရှိပါပြီ။ ညောင်တုန်းမြို့ကို ကျော်လာတဲ့ အချိန်မှာတော့ မိုးလင်းစပြုနေပါပြီ။

မနက်စောစော ရန်ကုန်မြို့ပေါ်မှာ မတွေ့နိုင်တဲ့ မြူတွေ အုံ့ဆိုင်းနေတာကြောင့် ကားပြတင်းပေါက်ကို ဖြတ်ပြီး ဝင်လာတဲ့ အေးမြ လတ်ဆတ်တဲ့ လေကိုရှုရင်း စိမ်းလန်းတဲ့ပတ်ဝန်းကျင်ကို ငေးမော မိတယ်။ ရန်ကုန်မြို့ပြင်မှာ သစ်ပင်ကြီးတွေ တော်တော်များများ ရှိနေတာပဲ။

တလမ်းလုံး အိပ်လာကြတဲ့ ကလေးတွေလည်း နိုးလာပြီး ကျွက်စီကျွက်စီ စကားပြောကြ၊ သီချင်း သံပြိုင် အော်ဆိုကြနဲ့ ကားကလေး က ကျုံပျော်မြို့ထဲ ဝင်လာပါတယ်။ ကျုံပျော်မြို့အဝင်မှာလည်း ပန်းပွင့် ဝါဝါလေးတွေနဲ့ ကြိုဆိုလို့ မြင်မြင်သမျှ လှပနေပါ တယ်။ မြို့ပြရဲ့ မွန်းကျပ်မှုတွေက တဒင်္ဂ ကင်းလွတ်ခွင့် ရတဲ့အတွက် သာယာကုန်းရွာကို အလည်ခေါ်တဲ့ မနော်ကို ကျေးဇူးတင်မိတယ်။ ကျုံပျော်မြို့က သိပ်ကျယ်ကျယ်လွင့်လွင့် မဟုတ်ပေမယ့် သစ်ကြီးဝါးကြီး တွေ၊ ခြံဝင်းကျယ်တွေနဲ့ ချစ်စရာမြို့ကလေးဆိုတာ ဖြတ်သွားရင်း သိလိုက်ရပါတယ်။

ကျုံပျော်ကနေထွက်ပြီး တိုက်နယ်ကျေးရွာတရွာ ဖြစ်တဲ့ အထောင်ကို ရောက်တော့ သာယာကုန်းနဲ့ နီးနီးလေးပဲ ကျန်တော့တယ်လို့ မနော်က ပြောပါတယ်။ အထောင်မှာ မနက်စောစော ဈေးကလေးက စည်ကားလို့။ ဟင်းသီးဟင်းရွက်၊ သားငါး မျိုးစုံနဲ့ ဈေးသည် ဈေးဝယ်တွေရဲ့ လှုပ်ရှားမှုကို ကြည့်ရင်း မနက်စာစားဖို့ ကားကို တထောက်နားလိုက်ပါတယ်။ မနော်ကတော့ အထောင်ဈေးထဲမှာ သူ့ရွာအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တယ်။

အထောင်ကနေ သာယာကုန်းကို သွားတဲ့ လမ်းကလေးကတော့ နည်းနည်းဆိုးတယ် ပြောရမယ်။ ကတ္တရာ လမ်းရှိပေမယ့် ချိုင့်ခွက် တွေနဲ့မို့ ကားကို ဖြည်းဖြည်းပဲ မောင်းလို့ရပါတယ်။ လမ်းဘေး ဝဲယာမှာတော့ လယ်ကွင်းတွေ။ ကားပေါ် ပါလာတဲ့ ကလေးတွေကတော့ ပျော်လို့ပေါ့ ။ ကောက်ရိုးပုံတွေ တွေ့တာနဲ့ ရွာမှာကော အဲဒီလို ကောက်ရိုးပုံတွေရှိ လား၊ ကစားရမှာလားနဲ့ အမေးအမြန်း ထူနေကြပါ တော့တယ်။ ကလေးတွေ အတွက် ရှုခင်းအသစ် တခု ဖြစ်နေတာကြောင့် မြင်မြင်သမျှ မေးခွန်းထုတ်စရာ၊ စိတ်ဝင် စား စရာတွေ ဖြစ်နေပါ တော့တယ်။ တယောက် က သီချင်းအော်ဆိုလိုက်တာနဲ့ ကျန်တဲ့သူတွေကပါ လိုက်အော်ဆိုရင်း ကားကလေး ထဲမှာ ဆူညံနေပါတယ်။ ဒီလိုနဲ့ ကားကလေးက သာယာကုန်း ရွာကလေးကို ဝင်လာပါပြီ။

ကုက္ကိုပင်ကြီးတွေ၊ အုန်းပင်တွေ၊ သရက်၊ ပိန္နဲ စတဲ့ စားပင်သီးပင်တွေ အုံ့ဆိုင်းနေတဲ့ သာယာကုန်း ရွာတန်းရှည် ကလေးက မနက် ခင်း မှာ အသက်ဝင်နေ ပါတယ်။ ရွာဦး ဘုန်းတော်ကြီးကျောင်း တကျောင်း၊ ခရစ်ယာန် ဘုရား ကျောင်းကြီးတကျောင်းနဲ့ အိမ်ခြေ ၁၀ဝ နီးပါးရှိတဲ့ သာယာကုန်းရွာကလေးမှာ ဗုဒ္ဓ ဘာသာဝင် တွေရှိပေမယ့် ကရင် ခရစ်ယာန်ဦးရေက ပိုများတယ်လို့ သိရတယ်။ ခြံကြီးတွေက ကျယ်ဝန်းပြီး ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ ခြံကြီးတွေရဲ့ အဝင်ဝတွေမှာရှိတဲ့ အုန်းပင်တွေမှာ သံပြား ဆိုင်းဘုတ် ကလေးတွေ ကပ်ရိုက်ထားပါ တယ်။ အဲဒီ သံပြားလေးတွေပေါ်မှာတော့ သူတို့ နှစ်သက်ရာ သမ္မာကျမ်းချက် တချက်စီ ရေးထားတာ တွေ့ရပါ တယ်။

မနော်တို့ရဲ့ ခြံကျယ်ကြီးထဲကို ကားဝင်လိုက်တယ် ဆိုရင်ပဲ မနော်ရဲ့မိခင် အမိုး နော်ရှားရိုနဲ့ မနော်ရဲ့ ညီအစ်မတွေ ဆီးကြိုနေကြပါတယ်။ ကျွန်း တိုင်လုံးကြီးတွေနဲ့ ရေနံချေးဝနေတဲ့ ခြေတံရှည်အိမ်ကြီးရဲ့ သက်တမ်းကလည်း ခန့်မှန်းရခက်လှတယ်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ အမိုးရဲ့ ပြောပြချက်အရတော့ အိမ်ကြီးက သူ့အဘိုး ဆောက်ခဲ့တာလို့ သိရတယ်။ ဒါဆို ၁၉၀ဝ ပြည့်နှစ် မတိုင်ခင်ကတည်းက ဆောက်ခဲ့တဲ့ အိမ်ကြီးပေါ့။ ညဘက် အလင်းရောင်ရဖို့ လျှပ်စစ်မီးအတွက်ကတော့ ဆိုလာ စနစ် တပ်ထား ပါတယ်။ ရေတင်တဲ့အခါသုံးဖို့ မီးစက်လည်း ရှိပါတယ်။ အစိုးရပေးတဲ့ လျှပ်စစ်မီးတော့ သူတို့ရွာမှာ မရှိသေးပါဘူး။

အိမ်ပေါ်ကို ဘယ်သူမှ မတက်ကြဘဲ အိမ် အောက်က ကွပ်ပျစ်လေးမှာ အမောဖြေကြပါတယ်။ ကလေးတွေ ကတော့ အမောတောင် မဖြေဘဲ ကြက် တိန်ညင်လေးတွေနောက် ပြေးလိုက်တဲ့သူကလိုက်၊ နောက်ဖေးက ဝက်ခြံထဲမှာ ဝက်ပေါက်ကလေးတွေကို သွားကြည့်သူက ကြည့်၊ မနော်တို့ အမိုး မွေးထားတဲ့ ခွေးနဲ့ ကစားသူက ကစား၊ ခရီးပန်းလာတယ် ဆိုတာ တောင် မေ့နေကြပုံပါပဲ။

မနော်က ဧည့်သည်တွေ ပါလာမယ် ဆိုတာကို ကြိုပြောထားတဲ့အပြင် အထောင်ကနေ လက်ကိုင်ဖုန်းနဲ့ ရောက် တော့မယ့်အကြောင်း လှမ်းပြောထားလို့ ဝက်တကောင် လတ်လတ်ဆတ်ဆတ် ပေါ်ထားတာကိုလည်း တွေ့ရပါတယ်။ ဝက်သားတွဲတွေကို တော့ တပိဿာတွဲစီ လျှော်ကြိုးနဲ့ သီပြီး ချိတ်ဆွဲ ထားပါတယ်။ ဝက်ကလီစာတွေကိုတော့ ထင်းမီးနဲ့ ပြုတ်ထားတာ တွေ့ရတယ်။

ခြံထဲမှာလျှောက်ဆော့ရတာ ဝသွားတဲ့ ကလေးတွေက “ကောက်ရိုးပုံဆို … ကောက်ရိုးပုံ ဘယ်မှာလဲ” လို့ လာမေးတာကြောင့် အမိုးက ကွင်းထဲကိုသွားဖို့၊ ကွင်းထဲမှာ ကောက်ရိုးပုံရှိတဲ့အကြောင်း ပြောပါတယ်။ ကွင်းထဲသွားဖို့ နွားလှည်းခေါ်ပေးမယ်လို့လည်း ဆို ပါတယ်။ နွားလှည်းစီးရမယ် ဆိုတာကြောင့် ကလေးတွေ “ဝေး” ခနဲ ထအော်ကြပါတယ်။

မနော်တို့ ခြံကြီးထဲမှာ သရက်ပင်တွေ၊ တရုတ် စကားပင်တွေ၊ ပိန္နဲပင်တွေ၊ အုန်းပင်တွေနဲ့ အုံ့ဆိုင်း ပြီး အေးချမ်းနေပါတယ်။ ခဏ နေ တော့ အမိုးက သူ့မြေးကို ဘုရားကျောင်းအတွက် ကြက်နှစ်ကောင် သွားပို့ ခိုင်းတာကြောင့် ကလေးတွေ တသီတတန်းကြီး လိုက်သွားကြပြန်ပါတယ်။

နောက်တနေ့ တနင်္ဂနွေနေ့ဟာ ကရင်တိုင်းရင်းသားတွေထဲမှာ နှစ်ခြင်းခရစ်ယာန်ဘာသာ စတင်ခံယူသူ အဘိုး ဦးသာဖြူနေ့ ဖြစ် တာ ကြောင့် ဘုရားကျောင်းမှာ ဆန်ပြုတ်ပြုတ်ဖို့ ရွာထဲက ခရစ်ယာန် အိမ်တွေက ဆန်တတ်နိုင်သူဆန်၊ ကြက်၊ ဘဲ တတ်နိုင်သူက ကြက်၊ ဘဲ၊ ဆီတတ်နိုင်သူက ဆီ စသဖြင့် ပို့ပေးကြကြောင်း၊ တနင်္ဂနွေနေ့မှာ ဆန်ပြုတ် အိုးကြီးတည်ပြီး ဝတ်ပြုပွဲအပြီး ဦးသာဖြူနေ့ အထိမ်းအမှတ် ပျော်ပျော်ပါးပါး စားသောက်ကြမှာဖြစ်တဲ့ အကြောင်း အမိုးက ပြောပြပါတယ်။

ကွင်းထဲသွားဖို့ နွားလှည်း ရောက်လာတော့ ကလေးလူကြီး အားလုံး ကောက်ရိုးခင်းထားတဲ့ နွားလှည်းပေါ် တက်ကြပါတယ်။ ကွင်း ထဲ မှာ မနော်ရဲ့ အစ်မ မနန်းရဲ့အိမ် ရှိတယ်တဲ့။ အဲဒီကို သွားလည် ကြမယ်လို့ မနော်က ဆိုပါတယ်။

တဟဲ့ဟဲ့ မောင်းလာတဲ့ နွားလှည်းပေါ်ကနေ ကွင်းထဲကို မျှော်ကြည့်လိုက်တော့ သစ်ပင်တွေ အုံ့ ဆိုင်းနေတဲ့ မနန်းတို့အိမ်ကလေးကို တစွန်းတစ မြင်ရတယ်။ ကွင်းထဲက မနန်းရဲ့အိမ်ကလေးက ဖြစ်သလို ဆောက်ထားတာမဟုတ်ဘဲ ထရံကာ ဓနိမိုး မြေစိုက် အိမ် ခိုင်ခိုင်မာမာလေးပါ။ အိမ်ရှေ့မှာတော့ ကွပ်ပျစ် နဲ့ မြေစိုက် ဝါးစားပွဲ ခင်းကျင်းထားပြီး နေ့ခင်း နေ့လယ် အနားယူဖို့ ကြိုးပုခက်တွေ ဆင်ထားတာလည်း တွေ့ရပါတယ်။ ကွင်းထဲက ခြံဝင်းထောင့်မှာ ရေကန်တကန်ရှိပြီး အဲဒီမှာ ငါးမွေးတယ်။ မိုးတွင်း မှာ စပါးစိုက်ပြီး တခြားရာသီမှာ ပဲစိုက်တဲ့ အတွက် မနန်းတို့အဖို့ မနားရသလို၊ စားဖို့သောက်ဖို့လည်း စပါးနဲ့ ခြံထွက်သီးနှံတွေ၊ မွေးထားတဲ့ ကြက်၊ ဘဲ၊ ဝက်၊ ငါး စတာတွေကြောင့် ပူပန်စရာ မရှိပါဘူး။

“ရန်ကုန်ကိုတော့ မရောက်တာ နှစ်တော်တော် ကြာနေပြီ”လို့ မနန်းက ပြောပြတယ်။ သူတို့အဖို့ ဆိုင်ကယ်လေး တစီးရှိရင် အထောင် မှာလိုတဲ့ အခြောက် အခြမ်းလေး ပြေးဝယ်နိုင်ပြီ၊ ဟင်းအစိုအတွက်လည်း ပူစရာမလို၊ ရေကန်က ရတဲ့ ငါးနဲ့ ငါးပိရည်ကျို၊ ငံပြာရည် စတာတွေကိုလည်း မနန်းက ကိုယ်တိုင် လုပ်ပါတယ်။

ကလေးတွေကတော့ ခြံထဲမှာရပ်ထားတဲ့ ထော်လာဂျီတွေ၊ လက်တွန်းထွန်စက်တွေပေါ် တက်ကစား လိုက်၊ ခြံထောင့်က ကောက်ရိုးပုံကြီးပေါ် ပြေးတက် ဆော့လိုက်နဲ့ ပျော်ရွှင်လို့။ လူကြီးတွေက ကွပ်ပျစ် ပေါ် လှဲသူလှဲ၊ ကြိုးပုခက်နဲ့ ငြိမ့်သူငြိမ့်၊ ရေနွေး သောက်ရင်း မနန်းနဲ့ စကားပြောသူပြောနဲ့ ကွင်းပြင်ကျယ်နဲ့ သစ်ပင်၊ ရေကန် တွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးရဲ့ အရသာကိုခံရင်း ငြိမ်းချမ်းနေပါ တယ်။

ကလေးတွေ ကစားလို့ ဝတော့မှ နွားလှည်းနဲ့ မနော်တို့အိမ်ကို ပြန်လာကြပါတယ်။ ဟိုရောက်တော့ အမိုးနဲ့ သူ့သမီးတွေ ပြင်ထားတဲ့ ထမင်းဝိုင်းက အဆင်သင့်။ ဝက်ကလီစာပြုတ်၊ ဝက်သားဟင်း၊ ကြက်ကြော်၊ ကင်ပွန်းချဉ်ရွက် ချဉ်ရည်၊ အထောင်က ဝယ်လာတဲ့ ကညွတ်ကြော်၊ မနန်းကိုယ်တိုင် လုပ်ထားတဲ့ ငါးပိရည် ဖျော်၊ တို့စရာ အစုံနဲ့ ထမင်းဝိုင်းက မြိုင်ဆိုင်လှပါတယ်။ ကစားလို့ မောလာတဲ့ ကလေး တွေကတော့ လက်ဆေးပြီး အားရပါးရ စားကြပါ တယ်။

ထမင်းစားပြီး ခင်းထားတဲ့ ကွပ်ပျစ်ကလေးတွေ ပေါ် လှဲလိုက်တယ် ဆိုရင်ပဲ ညက အိပ်ရေးပျက်လာ တာကော၊ မောပန်းလာတာ ကော ကြောင့် ကလေး လူကြီး အားလုံး၊ ကျမက လွဲလို့ အိပ်ပျော်သွားကြ ပါတော့တယ်။ ပတ်ဝန်းကျင်က အေးချမ်း တိတ်ဆိတ် နေ တာကြောင့်ကော၊ လေကလေး တဖြူးဖြူး ကြောင့်ပါ ဘယ်သူမှ ဟန်မဆောင်နိုင်ကြတော့တာ ဖြစ်နိုင်ပါတယ်။

ကျမကတော့ ဘေးမှာ လာထိုင်တဲ့ အမိုးကို သူတို့ရွာကလေး အကြောင်း၊ အိမ်ကြီးအကြောင်း စကားစပ် မေးမြန်းနေမိတယ်။

“ဦးနေဝင်း အစိုးရတက်တော့ လယ်စိုက်သူ လယ်ပိုင်ရမယ်ဆိုတဲ့ အမိန့် ချမှတ်တယ်လေ။ အဲဒီ တုန်းက အမိုးတို့ လယ်တွေ အားလုံး သူရင်းငှားတွေ ကို ပေးလိုက်ရတယ်။ နောက်ပိုင်းကျမှ ပြန်လျှောက်တော့ ပြန်ရတယ်။ အကုန်လုံးတော့ ပြန်မရပါဘူး။ အခုလည်း မနန်း တယောက်ပဲ သူ့ဦးလေးနဲ့အတူ လယ်စိုက် နိုင်တော့တာ”

အသက် ၇၀ ဆိုပေမယ့် အမိုးပုံစံက သန်သန်မာမာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းမာရေးကောင်းမွန် ပါတယ်။ သားသမီး ၅ ယောက်မှာ သားတယောက် ပဲ ပါပြီး တဦးတည်းသော သားကလည်း အရွယ်ရောက်ကတည်းက ရွှေကုက္ကုဘက်ကို ရောက်သွားပြီး အဆက် အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။ ဒါဆို မုဆိုးမ အမိုးဟာ သမီး လေးယောက်နဲ့အတူ ရုန်းကန် နေရတာပေါ့။ လယ်မစိုက်နိုင် တော့တဲ့ အမိုးက အခုဆိုရင် သမီးတွေနဲ့ အတူ ခြံထဲမှာ သီးပင်စားပင်လေးတွေ စိုက်၊ ကြက်၊ ဝက် မွေးမြူရေးလုပ်၊ အိမ်ရဲ့ ဝေယျာဝစ္စလုပ်နဲ့ အငြိမ်နေနေတယ်လို့တော့ မရှိပါဘူး။

အမိုးနဲ့ စကားခဏပြတ်သွားချိန်မှာ ကျမလည်း ဟန်မဆောင်နိုင်လောက်အောင် ငိုက်မြည်းလာတာနဲ့ ကွပ်ပျစ် ပေါ်မှာ လှဲချလိုက်ပါတယ်။ ချက်ချင်းဆို သလိုပဲ အိပ်ပျော်သွားလိုက်တာ ပြန်နိုးလာတော့ နေ့လယ် ၂ နာရီခွဲ ပါပြီ။ အဲဒီအချိန်မှာ မိုးရိပ်လေရိပ် လည်း မြင်လာရတာကြောင့် ကားသမားက မိုးမရွာခင် ကျုံပျော်လောက် ရောက်အောင် ပြန်ချင်တယ်လို့ နှိုးဆော်တာနဲ့ ပြန်ဖို့ပြင်ကြပါတော့ တယ်။

သာယာကုန်း ဆိုတဲ့ နာမည်လေးနဲ့ လိုက်ဖက်အောင် သာယာလှတဲ့ ရွာကလေးက ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ် ကျန် နေ ခဲ့ပါတယ်။

အပြန်လမ်း ကားပေါ်မှာလည်း ကလေးတွေရဲ့ သီချင်းသံတွေက စီညံလို့။ ကျမရဲ့ သူငယ်ချင်းကတော့ ကလေးတွေကို “ကျောင်း အားရက် တနေ့တာ ခရီးထွက်ခြင်း” ဆိုတဲ့ စာစီစာကုံး ရေးဖို့ တိုက်တွန်း နေပါတယ်။

အားလပ်ရက် တနေ့တာကို ရန်ကုန်မြို့ပြနဲ့ ဝေးရာ၊ မြင်ကွင်းတွေ အသစ် ဖြစ်သွားစေတဲ့ ရွာကလေး တရွာမှာ ကုန်ဆုံးခွင့် ရလိုက်တဲ့ အတွက် တနင်္လာနေ့ အလုပ်ပြန်လုပ်ဖို့ အားအင်သစ်တွေ ရလိုက်တယ်လို့ပဲ ဆိုရလေ မလား။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading