မိုးတွင်းအခါ ရွှေတချောင်းကို ဖြတ်၍ ရွာဟိုင်းသုဿာန်သို့ သွားသော လမ်းကို သတိရမိ၏။ ရေက ဒူးလောက်၊ ငွေတောင် တိုက် တံတိုင်းဘေးနှင့် သုဿာန် အဝင်ဝမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်ပုံများမှ တိရစ္ဆာန် အသေကောင်များနှင့် အမှိုက်များက ရေထဲမှာ ခြေချစရာ မရှိအောင် ပေါလော။ တခါတရံ နာရေးပို့သော ကားတွေ ထိုပင်လယ်ကို မဖြတ်နိုင်၍ ရပ်တန့်ကာ ရေထဲ ဆင်းလျှောက်ရ၏။ သားရေပုပ်နံ့များ ကလည်း ဟောင်လို့။
ယခုမြင်ရသော မဟာအောင်မြေ အားကစားကွင်းနှင့် ဈေးဆိုင်ခန်းများ မြင်ကွင်းကား ယခင်ကနှင့် ဘာမှမဆိုင်။ အပြောင်းလဲကြီး ပြောင်းလဲသွားသော မြင်ကွင်းများ ဖြစ်သည်။
ယခင်က မန္တလေးတွင် သုဿာန်ပေါင်းများစွာ ရှိသည့် အနက် ထိုနေရာရှိ ရွာဟိုင်းသုဿာန်သည် အကြီးဆုံးနှင့် သက်တမ်းရှည် သုဿာန်ကြီး ဖြစ်လေသည်။ ထို့အပြင် မြို့လယ်ခေါင် အကျဆုံး သုဿာန်ကြီးလည်း ဖြစ်၏။ လူနှစ်ယောက် ဖက်မနိုင်သော သစ်ပင်ကြီးတွေက သုဿာန်မြေကို အုပ်မိုးထားသည်။ သရဏဂုံတင် ဇရပ်ကြီး သုံးဆောင်ကလည်း မြောက်ဘက်ထိပ် ကုကိ္ကုပင်ကြီးတွေ အောက်မှာ ဝပ်စင်း။
ဇရပ်ကုသိုလ်ရှင် ရွှေလက်ဝါး ဆေးတိုက်ပိုင်ရှင်ကြီး၏ ကောင်းမှု ဆိုင်းဘုတ်ကြီးကလည်း ဆေးမပြယ့် တပြယ်နှင့် ဇရပ်ထဲမှာ နေရာယူထား၏။ အပူရှိန် ပြင်းထန်လှသော တန်ခူး၊ ကဆုန်လ ဆိုလျှင် သရဏဂုံတင် ဇရပ်များမှာ နေရာ မဆံ့တော့။ ဘာဝနာတရား ဓာတ်ပြားသံ တညံညံ၊ ရေစက်ချ အမျှဝေသံ တဝီဝီ၊ အော်ဟစ်ငိုယိုသံ တဆူဆူ၊ နာရေးပို့ ဘတ်စ်ကား စက်သံများက တဒီးဒီး။
ဟိုး ရွာဟိုင်းဈေးဘက်က၊ ဟိုး မစိုးရိမ် ကျောင်းတိုက်ဘက်က ထပ်မံ ပို့ဆောင်လာသည့် နာရေးများဆီကလည်း ရွတ်သံ ဖတ်သံ တသဲ့သဲ့ကြားလာရပြီ။ နာရေးတခုကတော့ အနီးအနားရပ်ကွက်ကမို့ ထင်ပါရဲ့။ ခုတင်နှင့် ထမ်းချလာ၏။ မျက်နှာမွဲ ပေမို့ ပို့ဆောင်သူ သိပ်မပါလှ။ ထဘီစွန်တောင်စွဲ မိန်းမလေးငါးဦး။ ခုတင်ထမ်းလာသော မူးယစ်နေသူ ယောက်ျားကြီး လေးငါးဦး။
ဇရပ်ကြီးတွေ ရှေ့က ကွက်လပ်ကြီးမှာတော့ ကားတွေ ကွေ့ကြ၊ နောက်ဆုတ်ကြ၊ ပြန်ထွက်ကြ။ မြင်းလှည်းများက ဘီးကြားတံထိုးသော တောက် တောက် တောက် တောက် အသံပြုကာ ဇက်ကြိုးကို တုံ့ဆွဲရင်း လမ်းဘက်ထွက်၏။
ပန်းရထားမှ ကျန်ရစ်သော ဆက်တွန့် စက္ကူစတွေက မြေပြောင်ပြောင် ဟိုတစ သည်တစ။ သုဿာန်မှာ နေပုံရသော ကလေးတွေက ဆက်တွန့်စတွေ၊ ယပ်တောင်တွေ ကောက်ယူနေကြသည်။ တချို့ကတော့ ကုက္ကိုပင်ကြီးတွေအောက် အရိပ်မှာ ထိုင်ရင်း သရဏဂုံ တင်အပြီး စောင့်နေသည်။ စီခနဲငိုသံကြားကာ နာရေးသေတ္တာကို မပြီး ဇရပ်နောက်ကျော ဘက် ဝင်သွားမှ ထလိုက် သွားကြ၏။
ဇရပ် နောက်ကျောမှာ လူသွားလမ်းလေးက ချုံပင်တွေ အကြား၊ အုတ်ဂူတွေ အကြား၊ သစ်ရွက်ခြောက်တွေ အဖွေးသားနှင့် ဟိုတောင်ဘက် အထိ ခပ်ဝေးဝေး ရောက်အောင် ဆွဲဆောင်သွားသည်။ နာရေး ပို့လေတိုင်း မရိုးနိုင်တာက ထိုလမ်းကလေး ဘေးတဘက်တချက် အုတ်ဂူတွေပေါ်က ကမ္ဗည်းစာတွေ ဖတ်ကြည့်တာပဲ ပေါ့။
“နေပြည်တော် အသံထွက်ရုပ်ရှင်ရုံ ပိုင်ရှင်ကြီး ဦးဘယ်သူ၊ အသက်ဘယ်နှနှစ်”၊ “ဟော တွဲလျက် ဂူက သူ့ဇနီးတဲ့”၊ “ဟယ် ဒါက ဂူအသစ်၊ အသက်ငယ်ငယ်လေး”၊ “ဟော ဒီဂူတွေက မိသားစုလေ” စသည်ဖြင့် သည်နေရာမှာ ပြောနေကျ စကားတွေ ပြောဖြစ်ကြသည်။
တခါတရံ ကျနော်တို့သည် လမ်းကလေး ဖဲ့ထွက်ဝင်သွားရသော နေရာမှ အုတ်ဂူလေး တလုံးဆီလည်း သွားကြသေး၏။ ဂူကလေး ဒီဇိုင်းက မရိုး၊ သို့သော် မဆန်း၊ ထို့ထက် စိတ်ဝင်စားမိသည်က ဂူကလေးထိပ်မှာ ကပ်ထားသော ကျောက်ပြား ထက်က ဂီတသင်္ကေတများ။ သီချင်းစာသားများ။
“ပြာရီမှိုင်းကာမို့မို့၊ ညို့ညို့ ညိုလွင်”
စာဆိုတော် မြို့မဆရာငြိမ်း၏ ဂူကလေး။
ထိုဂူကလေးကို ကြည့်ပြီးတိုင်း ပတ္တာရပ်ထဲ တမာပင်အောက် ဝါးကွပ်ပျစ်ကလေးနှင့် ဖိနပ်ကလေး တရန်။ ထို့နောက် အပြင်း မောင်းလာသော အုတ်ကားတစီး။ ထို့နောက်၊ ထို့နောက်…။
ကျနော်တို့ သူငယ်ချင်းတစုက ဆရာငြိမ်း အကြောင်း သတိတရ ပြောလိုက်ကြတာ ညအထိ မဆုံးနိုင်။ တယောက်လိုတာ တယောက်ဖြည့်၊ တယောက်ကြားတာ တယောက်ပြော၊ သီချင်းလေးတွေ ဆိုပြီးပြရ၊ ရွတ်ပြရ…။
မသန်း …
အနောက်ဘက် ထရံကပ်ထားသော စာအုပ် အပုံထဲက အင်္ဂလိပ်လို “ငှက်” စာအုပ် ပေးလိုက်ပါ။
ငြိမ်း
… ဟု ဆိုသော သူ့ပေးစာလေး အကြောင်းအထိ မကျန် ပြောဖြစ်ကြ၏။
နောက်တော့ ရွာဟိုင်း သုဿာန်ရောက်လျှင် ဆရာငြိမ်း ဂူကလေးသာမက လမ်းကလေး၏ အရှေ့ခြမ်း ခပ်လှမ်းလှမ်းမှာ ရှိသော မထင်မရှား ပါးလှပ်လှပ် ဂူကလေးဆီလည်း သွားဖြစ်အောင် သွားကြရသည်။ ဂူကလေးက တကယ့် မထင်မရှား။ အုတ်ရိုးလေးက မြေပေါ်မှာ ဘာမှ မမြင့်။ တခြား ဂူတွေအောက် ပျောက်ကွယ်လု မတတ်။ အင်္ဂတေ အချောပင် ကိုင်မထား။ ကမ္ပည်းစာမှာတော့ “ရဲဘော် ဗဟိန်း” တဲ့။
ဪ… သခင်ဗဟိန်း။ ဗိုလ်ချုပ်အောင်ဆန်း ချစ်သော၊ ဒဂုန်တာရာ ချစ်သော “ကိုဗဟိန်း”။
လွတ်လပ်ရေး အတွက် ဘဝနှစ်ကာ လုပ်ကိုင်ခဲ့ရင်း ဝေဒနာကြောင့် လူ့လောကကို မစွန့်ခွာမီပင် အကွဲအပြဲကြောင့် စိတ်ဖြောင့် မသွားခဲ့ရှာသော ကိုဗဟိန်း။
ကျနော်ကား ကိုဗဟိန်း၏ နောက်ဆုံးနေ့များကို ဖတ်ရှုရလေတိုင်း မောလျကြေကွဲ နေမိသည်။
လွတ်လပ်ရေး အတွက် ဒဂုန်တာရာနှင့် နှစ်ယောက်တည်း မြေလတ်ပိုင်း ခရီးထွက်ကြတော့ သင်္ဘောဆိပ် ရောက်တိုင်း သူ့ချစ်သူ မမကြီးထံ စာရေးစက္ကူပြာလေးနှင့် စာတွေရေးပြီး စာပို့လေ့ရှိသူ။
လွတ်လပ်ရေး အတွက် ရှမ်းပြည်နယ်က တဆင့် တရုတ် တပ်နီတော်နှင့် ဆက်သွယ်ဖို့ ကြိုးစားရင်း လားရှိုး ဝတ်လစ်စလစ် လမ်းမကြီးပေါ်က လရောင်အောက်မှာ ဒဂုန်တာရာကို “နိုင်ငံတော်နှင့် တော်လှန်ရေးကျမ်း” ဆွေးနွေးသူ။
၁၉၄၅ – မတ်လ ဂျပန်တော်လှန်ရေး ပြီးသော အခါ သခင်ဗဟိန်း ကျန်းမာရေး မကောင်း။ နှလုံးရောဂါ ပြန်ထလာ သတဲ့။ ထိုအချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌ၊ သူက ဗမာပြည် ကွန်မြူနစ်ပါတီမှာ တာဝန်ယူသည်။
ကျန်းမာရေး ဆိုးလာတော့ ရန်ကုန်မှာမနေဘဲ မန္တလေးပြောင်း၏။ အာဠဝီတံတားအနီးက မိဘအိမ်ပြောင်းသည်။ ထိုမှ တဆင့် အခု အထက ၉ စိန့်ပီတာကျောင်း၌ ဖွင့်ထားသော ဆေးရုံသို့ တက်ရ၏။ ရောဂါက မသက်သာ။ ပြင်းထန်။
ထို့အတူ မြန်မာပြည်နိုင်ငံရေးမှာလည်း ဖဆပလနှင့် ကွန်မြူနစ်ပါတီ အကွဲအပြဲကလည်း ပြင်းထန်။ တိုင်းပြည် အတွက် အနစ်နာခံ လက်တွဲ လုပ်ကြသူအချင်းချင်း ကွဲကြပြဲကြသည့် သတင်းကို လူမမာအား အသိမပေးဖို့ ဆရာဝန်က တားမြစ်ထား၏။
ထိုအခါ နေ့စဉ်ထုတ် သတင်းစာများကိုပင် ကိုဗဟိန်းထံ မပို့ရဟု ဆရာဝန်က ကန့်သတ်ထားသည်။ ကိုဗဟိန်းရှေ့ နိုင်ငံရေးသတင်း မပြောရဟု ပိတ်ပင်ထား၏။ ဖြစ်ချင်တော့ ဘီတီဘရားသား ကုမ္ပဏီက လူမမာထံ အမြဲပို့သော ပေါင်မုန့်နှင့် ကော်ဖီမှုန့်ထုပ်သည့် ဂျာနယ်ကျော်သတင်းစာတွင် “ဖဆပလ ခါးပိုက်ထဲက ကွန်မြူနစ် မြွေပွေး” ဆိုသော သတင်းနှင့် သရုပ်ဖော်ပုံကို ဖတ်မိကြည့်မိလိုက်တော့ ကိုဗဟိန်းမှာ ထိုကတည်းက ရောဂါ ပိုသည်းလာသည်။
သူချစ်သော သူ့ရဲဘော် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းက သူ့ဆီလာကာ လူမမာမေး၊ အားပေးမည့် ရက်ကိုပင် မစောင့်နိုင်တော့ဘဲ သခင်ဗဟိန်း ကား ၁၉၄၆ ခု၊ နိုဝင်ဘာ ၂၀ ရက် နံနက် ၅ နာရီ ခွဲတွင် ကွယ်လွန်ခဲ့၏။
ဗိုလ်ချုပ်အောင်ဆန်း မန္တလေး လေယာဉ်ကွင်းတွင် နံနက် ၇ နာရီကျော် ဆိုက်ရောက်တော့ နာရေးသတင်းက ဆီးကြိုနေတော့သည်။ ဗိုလ်ချုပ်က အသုဘအိမ် တောက်လျှောက် သွားကာ ဇနီး ဒေါ်ခင်ကြီး (ခေါ်) ဒေါ်မမကြီးကို အားပေးသည်။
မိဘများကိုလည်း “နိုင်ငံခြားမှာ ကုရင် ပျောက်မယ့် ရောဂါမို့ သူနဲ့တွေ့ပြီး စီစဉ်ဖို့လာတာ၊ အခုတော့ လွန်သွားကုန်ပြီ” ဟု ဆိုနင့်စွာ ဝမ်းနည်းစကားဆိုကြောင်း ဖတ်မှတ်ရဖူးသည်။
၁၂၇၉ ခု၊ ဝါဆိုလတွင် မွေးဖွားခဲ့သူမို့ သခင်ဗဟိန်း ကွယ်လွန်တော့ အသက် ၂၉ နှစ်ပဲ ရှိသေး၏။ အိမ်ထောင်ကျ အပြီး ၇ နှစ်မှာ ကွယ်လွန်ခြင်း ဖြစ်သည်။ သူရဲကောင်းများကား အသက် ၃၀ မပြည့်မီပင် တိုင်းပြည်အတွက် အလုပ်အများကြီး လုပ်ကာ ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်အားဘဲ အသက်စွန့်ခဲ့ကြသည်။
သုဿာန်၏ မြောက်ဘက်ခြမ်းတွင် ဇရပ်များ၊ သစ်ပင်အုပ်ကြီးများ၊ အုတ်ဂူများနှင့် မှိုင်းညို့နေသော်လည်း တောင်ဘက် ခြမ်းမှာတော့ အထပ်ထပ် ဖြစ်သလို မြှုပ်နှံသော မြေကျင်းများကြောင့် ပွစာတက် နံစော်နေ၏။ အရိုးများက ထိုးထိုး ထောင်ထောင်၊ သေတ္တာပျဉ် အကျိုးအပဲ့များက ကိုးလိုးကန့်လန့်၊ တောင်ဘက်စွန်းရှိ သားသတ်ရုံမှ သားရေပုပ်နံ့၊ သားရေစိမ်ရည်နံ့များကား သုဿာန်သရုပ်ကို အတိုင်းထက်အလွန် အကျည်းတန် သွားစေ၏။ ။