မော်လမြိုင် – ကျိုက်သလ္လံ တောင်ပေါ် လမ်းမကြီးကနေ အဝေးပြေးလမ်း ဘက်ကိုဆင်းတဲ့ လမ်းဆုံရောက်လို့ ရှေးဟောင်း အုတ်လှေကားကြီး ကနေ အပေါ်ကို တက်လိုက်တဲ့ အခါမှာ စောင်းတန်း အမိုးတွေ၊ တိုင်တွေ ယိုယွင်း ပျက်စီးနေတဲ့ ဘုန်းကြီး ကျောင်းကြီးကို တွေ့ရပါမယ်။
ဒီကျောင်းကြီးကတော့ သက်တမ်း နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ “ရတနာဘုံမြင့်” လို့ အမည် ပေးထားတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းကြီး ပါ။ စိန်တုံးမိဖုရားကျောင်း လို့လည်း လူသိများပါတယ်။လက်ရှိ အနေအထားမှာတော့ အုတ်တိုက် ကျောင်းကြီးရဲ့ နံရံတွေကလည်း ခိုင်ခံ့တယ် ဆိုရုံလေး အပြင်ဘက်ကနေ ပြန်လည် မွမ်းမံထားတာကို တွေ့ရတယ်။ ကျောင်းဆောင်တော်ကြီးပေါ် တက်လိုက်တာ နဲ့ ပထမဦးဆုံး ထူးခြားတဲ့ မြင်ကွင်းက သစ်တိုင်လုံးကြီးတွေကို ကြိုးထွင်းပြီး အချိုင့်ကွက် ဖော်ထားတဲ့ ရွှေနားကွပ် ကျောင်းတိုင်လုံးကြီးတွေပါပဲ။
“မှန်စီရွှေပိန်းချ တိုင်ဆိုရင် ဘုရင်တွေ ကိုယ်တိုင် ဆောက်လုပ် လှူဒါန်းတဲ့ကျောင်း၊ ဒီလို ကြိုးဖော်ပြီး ရွှေကွပ်ထားတာ ဆိုရင် မိဖုရားတွေ ဆောက်လုပ်တဲ့ ကျောင်း၊ ရိုးရိုး သစ်တိုင်လုံးတွေ၊ ပန်းပု အလှဖော်တိုင်လုံးတွေ ဆိုတာ သာမန်ပြည်သူ သူဌေးသူကြွယ်တွေ ဆောက်လုပ်တဲ့ ကျောင်းဆိုပြီး ကျောင်းတိုင်တွေ ကြည့်ရုံနဲ့ ဒီကျောင်းက ဘယ်သူ ဆောက်လုပ် လှူဒါန်းတယ် ဆိုတာ ခွဲခြားလို့ ရတယ်” လို့ ရတနာဘုံမြင့်ကျောင်းရဲ့ လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသက မိန့်ပါတယ်။
ကျောင်းပေါ်ကို တက်တဲ့ လှေကားက ၃ စင်း ရှိပြီးတော့ မင်းနဲ့ မိဖုရားတို့ တက်ဖို့က တစင်း၊ ဘုန်းတော်ကြီးတွေ တက်ဖို့ က တစင်းနဲ့ ဒကာ၊ ဒကာမတွေ၊ ပြည်သူလူထုတွေ တက်ဖို့က တစင်းဆိုပြီးတော့ ခွဲခြား သတ်မှတ်ခဲ့တယ်လို့ သမိုင်း မှတ်တမ်း တွေအရ သိရပါတယ်။
ရတနာဘုံမြင့် ကျောင်းကို ပန်းပုရုပ်ကြွများနဲ့ တန်ဆာဆင် ထားတဲ့ တံခါးမကြီး ၂၈ ပေါက်၊ ပြတင်း ပေါက် ၄၀၊ ကျောင်းမကြီးကို တက်ဖို့ လှေကား ၃ စင်းနဲ့ တန်ဆာ ဆင်ထားတာ တွေ့ရပါတယ်။ပင်မကျောင်းဆောင်ကြီးဆီကို အုတ်လှေကားကနေ တက်လာတဲ့ လမ်းနှစ်ဖက်မှာ အဆောင်တဆောင်စီ ရှိပါတယ်။
ဘယ်ဘက် အဆောင်ထဲကို ဝင်လိုက်တာနဲ့ ဘုရင်မင်းတွေရဲ့ ညီလာခံ ခန်းမဆောင်သဖွယ် တည်ဆောက် ပြင်ဆင် ထားတာကို မြင်တွေ့ရပြီး တံခါးပေါက် အဝကနေ လှမ်းကြည့်လိုက်ရင် မင်းတုန်းမင်းနဲ့ စိန်တုံး မိဖုရားကြီးတို့ရဲ့ ပုံတွေကို မြင်တွေ့ရပါတယ်။
ဘုရားခန်းရဲ့ ညာဘက်မှာတော့ ခြင်္သေရုပ် ခံထားတဲ့ ပလ္လင်ပေါ်မှာ ဓမ္မစကြာတရားဦး ဟောကြားဟန် ပြုနေတဲ့ ကြေးဆင်းတုတော် တဆူကို ပူဇော်ထားပါတယ်။ပလ္လင်ရဲ့ အနောက်ဘက် နံရံမှာတော့ မြတ်စွာဘုရား ပါရမီဖြည့် ကျင်လည်ခဲ့ရတဲ့ ဘဝပေါင်း ၁၀၈ ဘဝကို ပန်းပုရုပ်ကြွ တွေနဲ့ သရုပ်ဖော်ထားတာကို တွေ့မြင်ရပြီး ခြင်္သေခံ ပလ္လင်ရဲ့ အရှေ့တည့်တည့်မှာ အတွင်းဝင်ပေါက် တခု ရှိပါတယ်။
တံခါးရွက်တွေက စတုမဟာရာဇ် နတ်မင်းကြီး နှစ်ပါးက ရွှေစာအုပ်မှာ မှတ်တမ်း မှတ်နေဟန်ပါတဲ့ ပန်းပုရုပ်ကြွနဲ့ တည်ဆောက် ထားပြီးတော့၊ အတွင်း မှန်စီရွှေချ မျက်နှာကြက်တွေမှာ ဝိဓူရဇာတ်တော်ပါ ဇာတ်ကွက်တွေ၊ တောတွင်း သားကောင်တွေရဲ့ ပုံတွေကို ထွင်းထုထားတာ တွေ့မြင်ရတယ်။အတွင်း ဘုရားခန်းက ပထမမြင်ရတဲ့ ဘုရားခန်းထက် တဆင့်နိမ့်ပြီးတော့ မနုဿီဟရုပ်ခံ ပလ္လင်ပေါ်မှာ မဟာပံသုကို သစ္စာပြုနေဟန် ဆင်းတုတော်တဆူ တည်ထား ကိုးကွယ် ထားပါတယ်။
အဲဒီ ဘုရားခန်းထဲမှာ တံခါးမကြီး ၃ ခုနဲ့ နံရံမှာ ထည့်သွင်း တည်ဆောက်ထားတဲ့ ဗီရိုငယ် ၆ ခုကတော့ စိန်တုံး မိဖုရားကြီး ရဲ့ အသုံးအဆောင်ပစ္စည်း တချို့နဲ့ ပေစာထုပ်တွေကို သိမ်းဆည်းရာ နေရာဖြစ်ပြီး ပလ္လင်ပေါ်က ဆင်းတုတော် ကို ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ပုံတော်တွေ ထွင်းထုထားတဲ့ ဆင်စွယ်ရှည် ၂ ခုနဲ့ တဖက် တချက်က ခြံရံထားပါတယ်။
အဲဒီပလ္လင်ရဲ့ ရှေ့မှာ ဗုဒ္ဓမြတ်စွာရဲ့ စွယ်တော်နဲ့ ဓာတ်တော်ကြုပ်တွေကို ထည့်ထားတဲ့ မှန်ဘောင်တခု ရှိပါတယ်။ ဘုရားခန်းတွေထဲမှာ ရှေးလက်ရာ ဆင်းတုတော်များကိုလည်း တွေ့မြင်ရပြီး ထိန်းသိမ်းမှု အားနည်းချက်များ ရှိနေတာ ကို တွေ့လိုက်ရပါတယ်။
“အားနည်းမှာပေါ့ ဗျာ၊ ဘုန်းကြီးလည်း တတ်နိုင်သမျှတော့ ကိုယ့်ရှိတဲ့ ငွေနဲ့လုပ်တယ်၊ ဘယ်သူကမှ ဒီကိစ္စ အတွက် သီးသန့် လာလှူတာမျိုး မရှိသလို၊ အုပ်ချုပ်ရေးပိုင်း ကလည်း ဘာမှ လာပြုပြင်မပေး၊ တခါတခါတော့ ဝန်ကြီး၊ ဝန်လေးတွေ လာပေမယ့် စကားပဲ ပြောသွားတာ၊ လက်တွေ့ ဘာမှ လာလုပ်ပေးတာ မဟုတ်ဘူး။ ဒီကျောင်းရဲ့ ဘေးနံရံတခုဆို ပြိုကျလို့ ကိုယ့်ဘာသာ ကိုယ့်ဒကာတွေ လှူတဲ့ငွေကို စုပြီးတော့ ပြန်ဆောက်ရတာ” ဟု ကျောင်းထိုင် ဆရာတော် ဦးတေဇောဘာသ က မိန့်ကြားပါတယ်။
စိန်တုံး မိဖုရားဟာ မင်းတုန်းမင်းရဲ့ မိဖုရား ၄၆ ပါးထဲက “သီရိပုဗ္ဗာ ရတနာဒေဝီ” ဘွဲ့ခံ မိဖုရားတပါး ဖြစ်ပြီး စလေနဲ့ တလုပ်မြို့ကိုလည်း စားရပါတယ်။မင်းတုန်းမင်းနဲ့ သားသမီး မထွန်းကားတဲ့ မိဖုရား ၇ ပါးထဲမှာလည်း တပါးအပါအဝင် ဖြစ်ခဲ့သလို သင်္ဂဇာ ဆရာတော်၊ ဝိဇယရာမ ဆရာတော် ၂ ပါးစလုံးရဲ့ ကျောင်းအစ်မ တဦးလည်း ဖြစ်ပါတယ်။
မင်းတုန်းမင်း နတ်ရွာစံပြီး နောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနဲ့ နန်းစဉ် ပစ္စည်းတွေကို စာရင်း သေချာစွာ မအပ်တာကြောင့် အကျဉ်းချ ခံခဲ့ရဖူးပြီး အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက်ပိုင်း နောင်ရေး စိတ်မအေး တဲ့ အတွက် အောက်ပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်မှာ ရှိတဲ့ အိမ်တလုံးမှာ နေထိုင်ခဲ့ပါတယ်။
တကယ်တော့ ရတနာဘုံမြင့် ကျောင်းကို ကျောင်းအစ်မကြီး ဒေါ်ရွှေဘွင့်က လှူဒါန်းပြီး မန္တလေး ဗိသုကာ လက်ရာနဲ့ နန်းတွင်း လက်ရာတို့ကို ဝိဇယရာမ ဆရာတော်နဲ့ စိန်တုံးမိဖုရားကြီးတို့က လမ်းညွှန်ပေးကာ ၁၈၈၆ ခုနှစ် နှစ်ကုန်ပိုင်း မှာ ရာမဆရာတော်ကို ရေစက်ချ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မင်းတုန်းမင်းရဲ့ ဝတ်လဲတော်ကို ပြာချပြီး ကမ္မဝါပြုလုပ်ကာ ကျောင်းကို လှူဒါန်းခဲ့တဲ့ အတွက် ယနေ့တိုင် ကျောင်းအတွင်း မှာ ရှိနေပါ သေးတယ်။စိန်တုံး မိဖုရားဟာ အင်္ဂလိပ်အစိုးရက ပေးတဲ့ ပင်စင်လစာ ၁၅၀ ကျပ်နဲ့ မိမိမှာရှိတဲ့ ငွေပေါင်းကာ မြေနေရာ ဝယ်ယူပြီး အိမ်တော်ရာ အတွင်း နေထိုင်ခဲ့ ပါသေးတယ်။ ဒါပေမယ့် ၁၈၉၂ ခုနှစ် နောက်ပိုင်းမှာ မိဖုရားကြီးရဲ့ ကျန်းမာရေး စတင် ယိုယွင်း လာခဲ့ပါ တယ်။ခံစားနေရတဲ့ သွေးဝမ်းကျ ဝေဒနာကို ကုသဖို့ မန္တလေးက နန်းတွင်း သမားတော်တွေကို ကြေးနန်း ရိုက်ပင့်ခဲ့ ပေမယ့် ရောက်မလာနိုင်တဲ့ အတွက် မော်လမြိုင်၊ ကျုံဒိုးရွာက သမားတော်ကြီး ဦးဖိုးလေက ကုသပေးခဲ့ရပါတယ်။
ရောဂါ ပျောက်ကင်းသွားတဲ့ အခါ ငွေကြေး ချို့တဲ့နေပြီ ဖြစ်လို့ မိဖုရားကြီးက သမားတော်ကြီးကို ပဝါတပိုင်းသာ ဆုချနိုင် ခဲ့ပါတယ်။မိဖုရားကြီးက ၁၈၉၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှာ မော်လမြိုင်မြို့က ဆရာကြီး ဦးရန်၊ ဘုရားဒါယကာ ဦးစိတ္တ၊ ကျောင်းဒါယကာ ပန်းနဲ့ စာရေး မောင်ထွန်းတို့ ရှေ့မှာ သေတမ်းစာ ရေးခဲ့ပါတယ်။
သေတမ်းစာကို မန်ကျည်းတောကျောင်း ဆရာတော်၊ ကော့လှာကျောင်း ဆရာတော်၊ ကမာကျီကျောင်း ဆရာတော်၊ ဇာတိပ္ဖိုလ်ကျောင်း ဆရာတော်၊ ဒီပါရုံကျောင်း ဆရာတော်၊ ရွှေတောင်ကျောင်း ဆရာတော်၊ ကျောက်တန်းကျောင်း ဆရာတော်၊ သီဟိုဠ်ကျွန်းကနေ ရတနာဘုံမြင့် ကျောင်းကို အဘိဓမ္မာ သင်ကြားဖို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူတဲ့ ဆရာတော်တို့ကို လျှောက်ထားတဲ့ ပုံစံမျိုး ရေးသားခဲ့ပါတယ်။
သေတမ်းစာမှာ သူမရှိတော့တဲ့နောက် သူပိုင်တဲ့ မြေ အရှေ့အနောက် ၁၅၇ တောင်၊ တောင်မြောက် ၁၁၄ တောင်ထဲက မြေပေါ်သစ်ပင်တွေကနေ ရရှိတဲ့ ငွေကြေးတွေကို သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ ပြာဿာဒ်စေတီ၊ ရတနာဘုံမြင့် ကျောင်းနဲ့ အိမ်တော်ရာကျောင်းမှာ သီတင်းသုံးနေကြတဲ့ ရဟန်းသံဃာတော်များရဲ့ ပစ္စည်းလေးပါး အတွက် လှူဒါန်းကြောင်း ဖော်ပြထားပါတယ်။
မိမိနေအိမ်ကိုလည်း ကျောင်း အဖြစ်၊ အိမ်တွင်း ပရိဘောဂတွေကိုလည်း ကျောင်းသုံး အဖြစ်၊ မိမိအိမ်ရဲ့ တောင်ဘက် အလျား ၁၉၇ တောင်ရှိတဲ့ ကျောက်တန်း တံတားကိုလည်း ဖြတ်လမ်းတို အဖြစ်၊ အိမ်ဝင်း အတွင်းက ရေတွင်း ၂ တွင်း ကိုလည်း အများပြည်သူများ သုံးရန်အဖြစ် လှူဒါန်းခဲ့ပါတယ်။စိန်တုံးမိဖုရားကြီးရဲ့ နောက်ဆုံး ဘဝနေဝင်ချိန်မှာ သီလရှင် အဖြစ် ကူးပြောင်းခဲ့ပြီး ၁၉၀၅ ခုနှစ်၊ မတ်လမှာ ဘဝကံကုန် ခဲ့တဲ့အတွက် သူနေထိုင်ရာ သီလရှင်ကျောင်းမှာပဲ ရုပ်ကလပ်ကို ဂူသွင်းထား လိုက်ပါတယ်။
အဲဒီနောက် မှာတော့ အိမ်တော်ရာ ကျောင်းကို ဦးဝိသာဒရ၊ ဦးဇိနောရသ၊ ဦးပညာရာမ၊ ဦးသုမနနဲ့ ဦးဇာနေယျ စတဲ့ ဆရာတော်ကြီးတွေက ၁၄ နှစ် အကြာ သီတင်းသုံးထိန်းသိမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ အစောင့်အရှောက် ကင်းမဲ့ခဲ့ပါ တယ်။ ၁၉၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ ရတနာဘုံမြင့်ကျောင်း ဆရာတော် ဦးဂုဏနဲ့ ဦးတိက္ခတို့က အိမ်တော်ရာ ကျောင်းကို ခေမာသီရိ သီလရှင်ကျောင်း အမည်သစ် သတ်မှတ်ပြီး ဆရာကြီး ဒေါ်ခေမာစာရီကို စာချုပ်စာတမ်းနဲ့တကွ လွှဲပြောင်း ပေးခဲ့ပါတယ်။
ရတနာဘုံမြင့်ကျောင်းကို ဝိဇယရာမ ဆရာတော် နောက်ပိုင်း အဆက်ဆက်ထိန်းသိမ်း သီတင်းသုံးခဲ့တဲ့ ဆရာတော် တွေက တော့ ဦးဂုဏ၊ ဦးသုမန၊ ဦးတိက္ခ၊ ဦးဥက္ကံသ၊ ဦးသောဘိတနဲ့ လက်ရှိ ဆရာတော် ဦးတေဇောဘာသတို့ ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် ဦးတေဇောဘာသ လက်ထက်မှာ ကျောင်းကြီးရဲ့ နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ပါတယ်။
ကျမ်းကိုး
၁။ ဒေါ်ခေမာစာရီ၏ မှတ်တမ်းများ
၂။ စိန်တုံးမိဘုရားကြီး၏ သေတမ်းစာ
၃။ တက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်၊ ဒုတိယပါမောက္ခချုပ်၊ မောင်လမြိုင်တက္ကသိုလ်) ၏ ရတနာ ဘုံမြင့်ကျောင်း၏ အတ္ထုပ္ပတ္တိ
၄။ ခင်ခင်ဝင်း (မောရဝတီ) ၏ သင်္ဂဇာဆုတောင်းပြည့် စေတီတော်နှင့် စိန်တုံးမိဖုရားကြီး၊ အပိုင်း ၁၊ ၂။ ။