ကျနော်တို့ ကြိုးတိုက်ထဲမှာ ရှိစဉ် ဖြတ်သန်းရတဲ့ ကာလမှာ သက်ရှိ စာကြည့် တိုက်ကြီးတွေ အဖြစ် သူတို့ဘဝရဲ့ စာမျက်နှာတွေကို မျှဝေပေးတဲ့ အတွေ့အကြုံရင့် ပုဂ္ဂိုလ်များကို ဖော်ပြရာမှာ ပထမဆုံး ပုဂ္ဂိုလ်အဖြစ် ယခင် တပတ်က ရေတပ်ဗိုလ်မှူးဟောင်း စာရေးဆရာ မောင်သော်က အကြောင်းကို ဖော်ပြခဲ့ပါတယ်။ ကျန်ပုဂ္ဂိုလ်များ အကြောင်းလည်း ဆက်လက် ရေးသားပါမယ်။
ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်
ဗိုလ်ချုပ် အောင်ဆန်းကို အလွန်လေးစားသူ တဦးဖြစ်တဲ့ ပြည်သူ့ ရဲဘော် ဗိုလ်အောင်နိုင်ကလည်း သူ့ဘဝ ဖြတ်သန်းမှု တွေနဲ့ ကျနော်တို့ အတွက် သမိုင်းထဲက သင်ခန်းစာတွေကို မျှဝေတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပြည်သူ့ရဲဘော်ရဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍ၊ အားနည်းချက်၊ အားသာချက်၊ သင်ခန်းစာတွေကို သူက ပြန်သုံးသပ်ပြပြီး သူ့အတွေ့အကြုံတွေကို ကျနော်တို့ကို မျှဝေပေးပါတယ်။
ဗိုလ်အောင်နိုင်ဟာ သူ့ရဲ့ အချိန်တော်တော်များများကို ပုတီးစိပ်ခြင်းနဲ့ ကုန်ဆုံးစေပြီး အသက် ၇၀ ကျော် ဆိုပေမယ့် သူ့ရုပ်သွင်က အစဉ် နုပျိုနေလေ့ရှိတယ်။
စကားနည်း ပေမယ့် ပြောပြီဆိုရင်လည်း စကားပြောကောင်းပြီး ငယ်စဉ်က အမျိုးသမီးတွေရဲ့ သဘောကျမှု ရခဲ့တာတွေ ကိုလည်း တခါတရံ ရယ်စရာ အဖြစ် ပြောပြတတ်တယ်။
ရှေ့နေ ဦးကိုယု
ဦးသော်ကကို “ဂဏန်းကြီး” လို့ ခဏခဏ ခေါ်ပြီး နောက်ပြောင်လေ့ရှိသူ၊ ဦးသော်က ကလည်း “အလံနီကြီး” လို့ ခေါ်ဆိုလေ့ရှိသူ ရှေ့နေ ဦးကိုယု သို့မဟုတ် တက္ကသိုလ်ဆရာ မောင်သစ် တဖြစ်လဲ မောင်ကိုယုပါ။ သူကလည်း သရော်စာ အရေးကောင်းသူတဦး၊ စာရေးဆရာတဦးဖြစ် သလို ကြိုးတိုက်ထဲက သက်ရှိ စာကြည့်တိုက် တခုပါ။
သူ့ရဲ့ စာအုပ်တွေဖြစ်တဲ့ “ကမ္ဘာကျော် တရားခွင် လျှောက်လဲချက်များ” နဲ့ သူ့ ဘဝအကြောင်း တစေ့တစောင်း ရေးထားတဲ့ “တရားခံဖြစ်သွားတဲ့ ရှေ့နေ” တို့က အတော် စိတ်ဝင်စားစရာ ကောင်းတယ်။
အလံနီပါတီရဲ့ မြေပေါ် လူငယ်တပ်ဦး ခေါင်းဆောင် လုပ်ခဲ့ဖူးတဲ့ ရှေ့နေဦးကိုယုဟာ ၁၉၇၀ ခုနှစ် နိုဝင်ဘာလ လောက်က ပခုက္ကူဘက်မှာ အဖမ်းခံခဲ့ရတဲ့ သူ့ဆရာ အလံနီ သခင်စိုးအမှုမှာ သခင်စိုးရဲ့ ရှေ့နေအဖြစ် တရားရုံးမှာ လျှောက်လဲခဲ့တယ်။
အင်းစိန်ထောင်ထဲ သခင်စိုးရဲ့ အမှုစစ်တော့ သူက သခင်စိုးရဲ့ ရှေ့နေအဖြစ် လျှောက်လဲချက်တွေ ပေးခဲ့တုန်းက အတွေ့ အကြုံတွေ ပြန်ပြောပြတာက သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။
တချိန်က ဦးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေး ကြိုးပေး ကွက်မျက်ခံလိုက် ရတဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့် အမှုနဲ့ ပတ်သက်တဲ့ မြန်မာ့ တရားစီရင်ရေး၊ ဥပဒေဆိုင်ရာ ကိစ္စတွေရဲ့ အားနည်းချက်၊ အားသာချက်တချို့လည်း သူက ပြန်ပြောပြလေ့ရှိတယ်။
တကယ်ဆို ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်ထက် အရင် သေဒဏ်ချမှတ် ခံထားသူတွေ အများအပြား ရှိပါတယ်။ အဲဒီထဲမှာ နာမည်ကြီး ဘိန်းရာဇာ လော်စစ်ဟန်လည်း ရှိသလို တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝမ်ကို လုပ်ကြံဖို့ ကြိုးစားပြီး အာဇာနည်ကုန်းမှာ ဗုံးဖောက်ခွဲခဲ့ကြသူ မြောက်ကိုရီးယားက ကွန်မန်ဒို ၃ ဦး ရှိခဲ့ကြတယ်။
အဲဒီလူတွေကို ကျော်ပြီး ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်ကို မသေမချင်း ကြိုးပေး ကွပ်မျက် လိုက်တာပါတဲ့။ ဒါဟာ ဦးနေဝင်းက သူ့ရန်သူ မှန်သမျှ အပြတ်ရှင်းတတ်တာကို သူက ထောက်ပြပါတယ်။
အလားတူ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို တိုင်ပင်မိရာက သတင်းပေးတော့မှာ သိလို့ အမေရိကန် သံရုံးကို သွားရောက် ခိုလှုံစဉ် လက်မခံဘဲ ငြင်းပယ်ခံလိုက်ရတာကြောင့် သံရုံးက အထွက်မှာ အဖမ်းခဲ့ရတာဖြစ်ပြီး ဒါဟာ အမေရိကန်တွေရဲ့ လက်ရှောင်တတ်တဲ့ အကျင့်တခု လို့လည်း မှတ်ချက်ပြု ခဲ့ဖူးပါတယ်။
တချိန်က အလံနီ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့သူ ဦးကိုယုက ကွန်မြူနစ်သဘာဝ၊ အလံဖြူ ကွန်မြူနစ်တွေနဲ့ ကွာခြားပုံ၊ မြန်မာ့သမိုင်းမှာ ကွန်မြူနစ်တွေရဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ အစိုးရ အဆက်ဆက် ကွန်မြူနစ်တွေ အာဏာမရခဲ့တာ စတာတွေ ပြောပြတော့ စာအုပ်တွေထဲ မဖော်ပြသေးတဲ့ နိုင်ငံရေးဆိုင်ရာ သမိုင်းစာမျက်နှာ တချို့ပါ ဖတ်ခွင့် ရလိုက်တယ်။
နိုင်ငံရေး အတွေးအခေါ်လည်းရှိ၊ ဥပဒေ ပညာရှင်လည်း ဖြစ်တဲ့ ပဲခူးသား ဦးကိုယုဟာ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ လူတဦးလို့ ပြောရမှာ ဖြစ်ပါတယ်။ မောင်သစ်အမည်နဲ့ သရော်စာတွေရေးခဲ့တုန်းက တချို့ ဇာတ်အိမ်တွေဟာ သူ ကိုယ်တိုင်ဖြစ်တယ် ဆိုတာလည်း ဖောက်သည်ချခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ အသက်အရွယ်၊ ကျန်းမာရေး အားနည်းချက်တွေ ကြောင့် အကျဉ်းထောင်တွင်း Black September ပွဲမှာ အစာငတ်ခံလို့ မရတဲ့ အခြေအနေကြောင့် ပါဝင်နိုင်ခြင်း မရှိတဲ့ အကြောင်းလည်း သူက တောင်းပန်စကား ဆိုခဲ့သေးတာ သတိရမိပါတယ်။
ဒါပေမယ့် ကျနော် ထောင်က ပြန်လွတ်လာချိန်မှာ ဦးကိုယုကို ပြန်မတွေ့နိုင်တော့ပါဘူး။ သူက တော့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်သွားနှင့်ပြီး ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ ကြိုးတိုက်ထဲက သက်ရှိစာကြည့် တိုက်ဆိုတဲ့ မောင်သော်က၊ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်နဲ့ မောင်ကိုယု ဆိုတဲ့ လူပုဂ္ဂိုလ် ၃ ဦးကတော့ ကွယ်လွန်သွားခဲ့ပြီး ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေ ပြန်လည် ပြောပြကြတဲ့ အမုန်းတရားမပါတဲ့ သင်ခန်းစာတွေအရ သူတို့တွေဟာ မြန်မာနိုင်ငံအပေါ် ရိုးရိုးသားသား ချစ်မြတ်နိုး ကြသူတွေ ဖြစ်တယ်ဆိုတာတော့ အသေအချာ ပြောနိုင်ပါတယ်။ သူတို့ရဲ့ ဂုဏ်တချို့ကို အခုလို အောက်မေ့စာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ကြိုးသမားဘဝအလွန် ကျွန်းသမားဘဝ
ကြိုးတိုက်ထဲက အမှတ်တရများ
ကျနော်ဟာ ကြိုးတိုက်ထဲမှာ ဖြတ်သန်းနေစဉ် ကာလတလျှောက် အာဏာသိမ်း နဝတ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား မြန်မာနိုင်ငံမှာ မရှိဘူးလို့ အစဉ်တစိုက် ပြောဆိုနေခဲ့တာပါ။
ဒါကြောင့် ကျနော်တို့ ကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် အစိုးရက မသတ်မှတ်ခဲ့ ပေမယ့် ကျနော်တို့အချင်းချင်း သတ်မှတ်ပြီး နိုင်ငံရေး အကျဉ်းသား သေဒဏ်ကျ ကြိုးသမားဘဝကို ကျေကျေနပ်နပ် ခံယူဖြတ်သန်းရင်း အစ ပထမ တော့ ကြိုးသမားဘဝ သိပ်ကြာကြာ မနေရနိုင်ဘူးလို့ ထင်မှတ်မှားခဲ့ပါတယ်။
ဒါကလည်း ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ၁၉၈၈ ခုနှစ် ရှစ် လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက နိုင်ငံလုံးကျွတ် အနိုင်ရခဲ့လို့ ပါ။
တဖက်ကလည်း နဝတ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ရွေးကောက်ပွဲပြီးရင် စစ်တပ်ဟာ အနိုင်ရတဲ့ နိုင်ငံရေး ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျား ပြန်မယ် ဆိုတဲ့ ကတိစကားကြောင့် အာဏာလွှဲ ပြောင်းမှု ပြီးတာနဲ့ နိုင်ငံရေး အရ ဖမ်းဆီးထောင်ချ ခံထားရသူတွေလည်း မနှေးအမြန် အကျဉ်းထောင်တွေက ပြန်လွတ်မြောက်မယ်လို့ မျှော်လင့်ခဲ့တာပါ။
တကယ်တမ်းမှာတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ ကတိ ပျက်ကွက်ခဲ့တဲ့ အပြင် လူသိရှင်ကြား ကတိပေးခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုလည်း စနစ်တကျ ဖယ်ရှားပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ရှောင်လွှဲဖို့ လုပ်ဆောင်ခဲ့တာ သတိထားမိပါတယ်။
အဲဒါကတော့ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှာ ပေါ်ထွက်လာတဲ့ ၁၁/၉၂ ဆိုတဲ့ လွတ်ငြိမ်းသက်သာ အမိန့်ပါ။ အဲဒီအမိန့် မတိုင်ခင်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေးအရ ရာထူးက အနားပေးလိုက်တဲ့ အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ပထမဆုံး အနေနဲ့ အာဏာသိမ်း စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ်ပြုတဲ့ ကြေညာချက် တစောင်လို့ ပြောရင် မမှားပါဘူး။
အဲဒီအမိန့်နဲ့ တချို့သော နိုင်ငံရေး အကျဉ်းသားတွေကို စစ်ထောက်လှမ်းရေးတွေက ခေါ်ယူတွေ့ဆုံပြီး ပြစ်ဒဏ်တွေက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြပါတယ်။ ကျနော်တို့ ကြိုးသမားတွေ အတွက်တော့ အဲဒီအမိန့်က လုံးဝ အကျုံး မဝင်ခဲ့ပါဘူး။
ဒါပေမယ့် အဲဒီ ၁၁/၉၂ အမိန့် ထွက်လာပြီး နဝတ ဥက္ကဋ္ဌသစ် ဖြစ်လာသူကတော့ ဗိုလ်ချုပ်သန်းရွှေပါပဲ။ နောက်ပိုင်း တော့ ဗိုလ်ချုပ်မှူးကြီးအထိ ဖြစ်ခဲ့သူပါ။
အဲဒီလို ၁၁/၉၂ အမိန့်ထွက်လာပြီး အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အတွက် တစုံတရာ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း စစ်ထောက်လှမ်းရေးတွေရဲ့ ခေါ်ယူ သဘောထား မေးမြန်း စစ်ဆေးမှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။
NLD ပါတီဝင်တချို့လည်း ၁၁/၉၂ အမိန့် အရ အကျဉ်းထောင်က ပြန်လွတ်သွားကြတယ်။
တကယ်တော့ ၁၁/၉၂ အမိန့်ဟာ တချိန်မှာ ကျင်းပမယ့် အမျိုးသားညီလာခံထဲကို NLD ပါတီထဲက လူတချို့ တက်ရောက်စေဖို့ ကျုံးသွင်းတဲ့ ပြင်ဆင်မှု တခုပါပဲ။
၁၁/၉၂ အမိန့်ရဲ့ စာသားတွေထဲမှာတော့ “နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ” ဆိုတဲ့ စကားရပ်နဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုပြကာ နိုင်ငံတကာကို အာရုံလွှဲဖို့ ကြိုးစားခဲ့ပေမယ့် ထူးထူးခြားခြား နိုင်ငံရေး အကျဉ်းသားတွေလည်း အများကြီး မလွတ်ခဲ့ပါဘူး။
၁၁/၉၂ အမိန့်နဲ့ အကျုံး မဝင်ခဲ့တဲ့ ကြိုးတိုက်ထဲက ကျနော်တို့ ကြိုးသမားတွေဟာ နောက် ၉ လ လောက် အကြာမှာ တော့ ကြိုးသမားဘဝ နိဂုံးချုပ်ပါတော့တယ်။
(ဆက်လက် ဖော်ပြပါမည်။)