ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည်ကို ကြားဖြတ်မိန့်ခွန်းတခု ပြောပါတယ်။ ကြားဖြတ်မိန့်ခွန်းလို့ ခေါ်ရတာက အဲဒီမတိုင်ခင် ဇူလိုင် ၃ ရက်နေ့ကပဲ လစဉ် မိန့်ခွန်းတခု ပြောပြီးခဲ့လို့ပဲ ဖြစ်ပါတယ်။ ကြားဖြတ်မိန့်ခွန်း တခုလုံးကို ခြုံငုံကြည့်ရင် အဲဒီအချိန်က ဖြစ်ပွားခဲ့တဲ့ မန္တလေး အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရား ဖြန့်ဖြူးပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီးမှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်၊ ပြင်းပြင်းထန်ထန် အရေးယူတော့မယ်ဆိုတဲ့ ရဲရဲတောက် ကတိပေးတဲ့ မိန့်ခွန်းပါ။ အဲဒီ မိန့်ခွန်းထဲမှာပဲ မန္တလေး အကြမ်းဖက်မှုနဲ့ ဘာမှမဆိုင်တဲ့ မီဒီယာဆိုင်ရာ ကိစ္စကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး နောက်ပိုင်းစာနယ်ဇင်းတွေ အပေါ်တခုပြီးတခု ပြင်းပြင်းထန်ထန် အရေးယူလာတာ တွေ့မြင်လာကြရပါတယ်။ မီဒီယာနဲ့ ပတ်သက်ပြီး သမ္မတ ဘာပြောခဲ့လဲ၊ သူပြောတာ ဘာအဓိပ္ပာယ် ဆောင်သလဲ၊ နောက်ပိုင်း အရေးယူမှုတွေဟာ ဘာအဓိပ္ပာယ်ဆောင်လဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
သမ္မတက ခုလိုပြောခဲ့ပါတယ်။ “ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များရဲ့ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့် များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာ လွတ်လပ်မှု အမြင့်မားဆုံး နိုင်ငံများထဲက တနိုင်ငံ အဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော် လုံခြုံရေး အတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်” ဆိုတာပါ။
သမ္မတ ဦးသိန်းစိန်ပြောတာ မမှန်ပါဘူး။ သတင်းမီဒီယာ လွတ်လပ်ခွင့်လို့ ပြောလိုက်ရင် လက်ရှိ မြန်မာနိုင်ငံမှာ အစွမ်းအရှိဆုံးလို့ ဆိုတဲ့ ရုပ်သံမီဒီယာနဲ့ ရေဒီယို အသံလွှင့် ထုတ်ဝေခွင့်ကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂလိကတွေကိုမှ လုပ်ကိုင်ခွင့် မပေးသေးပါဘူး။ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့ ဥပဒေ အဆင်သင့် မဖြစ်သေးဘူးလို့ အကြောင်းပြပါတယ်။ ပြောရရင် ရုပ်သံနဲ့ ရေဒီယို လွတ်လပ်ခွင့် လုံးဝ ဆိတ်သုဉ်းနေဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဒီလို ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် လုံးဝ လွတ်လပ်ခွင့်မရှိ၊ ပုဂ္ဂလိက ပြည်သူတွေ လုပ်ပိုင်ခွင့် လုံးဝ မရသေးတဲ့နိုင်ငံကို “အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှု အမြင့်မားဆုံး နိုင်ငံများထဲက တနိုင်ငံ” အဖြစ် ရည်ညွှန်း ပြောဆိုတာဟာ မှန်ကန်မှု လုံးဝ မရှိဘူးလို့ ဆိုနိုင်ပါတယ်။
ဒုတိယ အချက်ကတော့ “နိုင်ငံတော်လုံခြုံရေး အတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဆိုတဲ့ စကားပါ။ ထူးခြားတာက ဇူလိုင် ၁၀ ရက် ပခုက္ကူခရိုင် တရားရုံးက ယူနတီဂျာနယ်က စီအီးအိုနဲ့ ဂျာနယ်လစ် လေးယောက်ကို အမိန့်ချဖို့ ၃ ရက်အလိုမှာ ပြောခဲ့တဲ့အချက်ပါ။ ဒါဟာ တိုက်ဆိုင်မှုတခုတော့ မဖြစ်နိုင်ပါဘူး။ တရားရုံး တရုံးအနေနဲ့ အမှုကို လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်လို့ မရအောင် အုပ်ချုပ်ရေးပိုင်းက အမြင့်ဆုံးဖြစ်တဲ့ သမ္မတက နိမိတ်ပြ စကားအဖြစ် ပြောဆိုခဲ့တယ်လို့ ယူဆနိုင်ပြီး အုပ်ချုပ်ရေးဘက်က နေ တရားစီရင်ရေးဘက်ကို တိုက်ရိုက် ဖိအားပေးမှု တခုအဖြစ်တောင် စွပ်စွဲနိုင်ပါတယ်။
တကယ်လည်း ပခုက္ကူခရိုင် တရားရုံးဟာ ဂျာနယ်တာဝန်ရှိသူနဲ့ သတင်းထောက် လေးယောက်စလုံးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃/၂၉ ၊ ကျူးလွန်မှု၊ အားပေးကူညီမှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒီစီရင်ချက် မျှတ၊ တရားနည်းလမ်းကျရဲ့လား စဉ်းစားကြည့်ရအောင်ပါ။ ၂၀၁၄ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့်၊ လက်ရှိကာချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါးတပုဒ် ၂ ပတ် ဆက်တိုက် ဖော်ပြပါရှိပါတယ်။ ဆောင်းပါးကို အသေအချာ ဖတ်ကြည့်ရင် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ဆက်စပ်တဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။
သတင်းနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေ ရိုက်ယူနိုင်ဖို့ သတင်းထောက်တချို့ အဲဒီစက်ရုံထဲ ဝင်ရောက်တာမျိုးတော့ ရှိခဲ့ပါတယ်။ အမှုကို တရားရုံးမှာ စစ်ဆေးစဉ် တရားလို ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးကို တရားခံရှေ့နေတွေက ဒီစက်ရုံကြီးမှာ နိုင်ငံတော် လျှို့ဝှက်ချက်ကိစ္စမျိုး ရှိသလား မေးပါတယ်။ သူက မရှိဘူးလို့ ပြန်ဖြေပါတယ်။ လျှို့ဝှက်ချက် မရှိတဲ့အတွက် ဒီသတင်းဖော်ပြချက်ထဲမှာ လျှို့ဝှက်ချက် ပေါက်ကြားသွားတယ် ဆိုတာမျိုးရော ရှိနိုင်သလား မေးတာကို သူကမရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါဆိုရင် သတင်းဖော်ပြခဲ့တဲ့ သတင်းထောက်နဲ့ အယ်ဒီတာတွေကို ဒီပုဒ်မနဲ့ ထောင် ၁၀ နှစ်ချလိုက် တယ်ဆိုတာ မှန်ကန်မှုမရှိဘူးလို့ ကောက်ချက်ချနိုင် ပါတယ်။
ဒါဆိုရင် အဲဒီ ဂျာနယ်တာဝန်ခံနဲ့ သတင်းထောက်တွေ ခုလို ရေးသားပုံနှိပ် ဖော်ပြတာ၊ သတင်းရယူဖို့ စက်ရုံထဲဝင်တာတွေအတွက် အရေးမယူရဘူးလား မေးစရာရှိပါတယ်။ မှန်ပါတယ်။ ယူနတီဂျာနယ်ပါ အဲဒီဆောင်းပါး ခေါင်းစဉ်တပ်ထားတာတွေဟာ တကယ် သတင်းရေးသားဖော်ပြထားတာတွေနဲ့ အပ်စပ်မှု မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို အထင်အမြင် လွဲစေနိုင်ပါတယ်။ ဒီအတွက် အသရေဖျက်မှု မြောက်နိုင်ပါတယ်။ ရေးသားဖော်ပြပုံ မမှန်မကန်မှုနဲ့ ပတ်သက်တဲ့ ပုဒ်မမျိုးနဲ့သာ တရားစွဲဆို သင့်ပါတယ်။
နောက်တချက် သတင်းထောက်တချို့ တားမြစ်ထားတဲ့ စက်ရုံထဲ ခိုးဝင် မဝင် စစ်ဆေးနိုင်ပါတယ်။ တရားဝင် တားမြစ်ထားတဲ့ ကြားထဲက ခိုးဝင်တယ်ဆိုရင် ပိုင်နက်ကျူးလွန်မှု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အဓိက ဆိုလိုရင်းဟာ လျှို့ဝှက်ချက် မရှိပါဘဲ၊ လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ တရားစီရင် ထောင်ချခဲ့တဲ့ ကိစ္စပါ။ ပြောရရင် စာနယ်ဇင်းသမားတွေကို ကြောက်လန့်သွားအောင်၊ နောင်ကြဉ်သွားအောင်၊ နောက်တခါ မရေးရဲ မသားရဲအောင် ခုလို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃/၂၉ သုံးပြီး ပြင်းပြင်းထန်ထန် အရေးယူ လိုက်တယ်လို့ပဲ မှတ်ယူရပါမယ်။
နောက်တမှု ဆက်ပါဦးမယ်။ သမ္မတ မိန့်ခွန်းပြောအပြီး နောက်တနေ့မှာပဲ Bi မွန်းတည့်နေ ဂျာနယ်က သတင်းထောက်တွေ၊ အယ်ဒီတာတွေကို ဖမ်းပြန်ပါတယ်။ နောက်ဆုံး သတင်းတွေအရ ဂျာနယ်လိုင်စင်ပိုင်ရှင် အမျိုးသမီးကြီးရဲ့ ခင်ပွန်းဖြစ်သူကိုပါ ဖမ်းဆီးတယ်လို့ သိရပါတယ်။ စုစုပေါင်း ၅ ယောက်ပါ။ ဂျာနယ်တိုက်က ကွန်ပျူတာ ၃ လုံး၊ ပရင်တာ တလုံး၊ အင်တာနက် ချိတ်ဆက်တဲ့ ကိရိယာတွေကိုလည်း သိမ်းသွားတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဇန်နဝါရီ ၇ ရက် တနင်္လာ နံနက်မှာထုတ်ဝေတဲ့ Bi မွန်းတည့်နေဂျာနယ် အတွဲ ၁ အမှတ် ၂၉ မျက်နှာဖုံးမှာ ခုလို သတင်းတပုဒ် ဖော်ပြခဲ့လို့ လို့ဆိုပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုပြီးတော့ပါ။ အတွင်း စာမျက်နှာ ၂ ထဲမှာတော့ ကြေညာချက်ထဲမှာ ပါတဲ့ စာသားတွေကို ဖော်ပြထားပါတယ်။ ဒီလောက်ပါပဲ။
အဲဒီ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီလောက်မှာ တော့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့က အဖွဲ့ဝင် ၃၀ ကျော်လောက်ဟာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြပွဲတခု လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ အသုံးပြုတဲ့ ဗီနိုင်း ပိုစတာတွေမှာ ရေးထားတာတွေကလည်း စုံလို့ပါပဲ။ “အသက်ပေါင်းများစွာ ကျဆုံးခဲ့ရသောနေ့ ၇ ဇူလိုင်” လို စာသားမျိုးလည်း ပါရဲ့။ သံတော်ဆင့် ဂျာနယ်ပါ သတင်းဖော်ပြမှုကို ပုံနှိပ်ထားတာလည်းပါရဲ့။ နိုင်ငံရေး အကျဉ်းသားတွေ ခုချက်ချင်းလွှတ် ဆိုတာလည်း ပါရဲ့။ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား အစိုးရအဖြစ် တာဝန်ပေးအပ်ကြောင်း ပြည်သူများ ထောက်ခံကြ” ဆိုတာမျိုးလည်း ပါရဲ့။ “ပြည်သူသာလျှင် အရှင်သခင်ဖြစ်သည်” ဆိုတာမျိုးလည်း ပါရဲ့။ စုံစီနဖာစေ့နေတဲ့ ဆန္ဒပြပွဲလို့တောင် ခေါ်နိုင်ပါတယ်။ အဲဒီပွဲမှာ သူတို့ရဲ့ သဘောထား ကြေညာချက်ဆိုတာ ထုတ်ပြန်ပြီး ကြေညာချက် စာရွက်တွေကိုလည်း ဝေငှခဲ့ပါတယ်။
ဇူလိုင် ၈ ရက် ပြည်တွင်းမှာထုတ်ဝေတဲ့ Daily Eleven သတင်းစာနဲ့ အခြား သတင်းစာ ဂျာနယ်တွေမှာ ဒီသတင်း ဝေဝေဆာဆာ ထည့်သွင်းဖော်ပြ ခဲ့ကြပါတယ်။ Bi မွန်းတည့်နေမှာ ပါတာထက် စုံလင်ပါတယ်။ ဒါပေမယ့် Bi မွန်းတည့်နေ ဂျာနယ်တစောင်ကိုပဲ အရေးယူခဲ့တာက ဘာကြောင့်ပါလဲ။ သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က အခြားသတင်းစာတွေဟာ ဆန္ဒပြပွဲပြီးမှ ဒီကြေညာချက်အကြောင်း ဖော်ပြတယ်၊ Bi မွန်းတည့်နေကတော့ ဆန္ဒပြပွဲလုပ်တဲ့နေ့မှာပဲ တပြိုင်နက်တည်း ဖော်ပြတာ ဖြစ်တဲ့အတွက် ဒါဟာတိုင်းပြည် မတည် မငြိမ်ဖြစ်အောင် ချိန်ကိုက်လုပ်ဆောင်တာ ဖြစ်နိုင်တာမို့ ခုလိုဖမ်းရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ တိုင်းပြည်မတည်ငြိမ်အောင် ချိန်ကိုက်လုပ်တယ်ဆိုရင် သတင်းထောက်ဟာ သူရလာတဲ့ ကြေညာချက်စာရွက်ကို ဟိုဖြတ်သည်ဖြတ် သတင်းတိုလေး လုပ်ရုံမက အခြားအမြင်တွေ၊ အခြားဒီ အချက်ကိုပံ့ပိုးတဲ့ ဆောင်းပါးတွေ ကာတွန်းတွေနဲ့ ဝေဝေဆာဆာ ဖော်ပြမှာပဲဖြစ်ပါတယ်။ ခုဒါမျိုး မတွေ့ရပါဘူး။
ဒီနေရာမှာ အစိုးရဟာ ဘာလို့ Bi မွန်းတည့် နေဂျာနယ်ကို အမှားစောင့်ပြီး ဖမ်းဆီးရသလဲဆိုပြီး သံသယ ဖြစ်စရာ ရှိလာပါတယ်။ Bi မွန်းတည့်နေ ထုတ်ဝေတဲ့ ဂျာနယ်တိုက်ဟာ မွန်းတည့်နေနဲ့ Bi မွန်းတည့်နေဆိုပြီး ဂျာနယ် နှစ်စောင် ထုတ်ပါတယ်။ ပိုင်ရှင်ဟာ အစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်။ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေ သတင်းထောက်တွေကတော့ ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပြီး အယ်ဒီတာ လွတ်လပ်ခွင့်ရှိတဲ့ ဂျာနယ်တစောင်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဂျာနယ်ထဲမှာ မြန်မာနိုင်ငံထဲက လူနည်းစု အစ္စလမ် ဘာသာဝင်တွေ အရေးအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြတာတွေကို ဘာသာပြန် ဖော်ပြတာမျိုး ရှိပါတယ်။ နိုင်ငံခြား မီဒီယာတွေမှာ ဖော်ပြတဲ့အတိုင်း “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအတိုင်း သုံးစွဲတဲ့ ဂျာနယ်လည်း ဖြစ်ပါတယ်။ Bi မွန်းတည့်နေ ဂျာနယ်ဟာ အဲလို ဂျာနယ်မျိုးပါ။
အခု ဖြစ်စဉ်မှာ အာဏာပိုင်တွေဟာ ကြေညာချက်ထုတ်တဲ့ MDCF က ကိုနောင်နောင်နဲ့ Bi မွန်းတည့်နေ အယ်ဒီတာတွေ၊ တာဝန်ရှိသူတွေကို အမှုတွဲထားလိုက်ပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပုဒ်မပါ။ ဒီအတွက် အာဏာပိုင်တွေဟာ Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေ အနေနဲ့ MDCF အဖွဲ့ကလုပ်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့ရေးဆိုတဲ့ နိုင်ငံရေးအလုပ်မှာ ဝင်ပါကြသလား၊ အဲဒီ အလုပ်အောင်မြင်ဖို့ဆိုပြီး မီဒီယာကနေ ကြေညာချက်ထုတ် လှုံ့ဆော်တာမျိုး လုပ်ခဲ့သလား ဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကြေညာချက်ကိုဖော်ပြလို့ သက်သက်ဆိုရင်တော့ အခြား သတင်းမီဒီယာ ဥပဒေလိုမျိုးနဲ့ပဲ အရေးယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနကတော့ သမ္မတကြီး အချက်ပေး လိုက်တဲ့အတိုင်း Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာနဲ့ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ထောင်ချလို့ရတဲ့ ပုဒ်မနှစ်ခုနဲ့ အရေးယူလိုက်ပါပြီ။ မတော်တဆ ဖမ်းထားသူတွေရဲ့ အီးမေးလ်တွေ ငွေစာရင်းတွေ စစ်ဆေးပြီး အခြားပုဒ်မတွေနဲ့လည်း စွပ်စွဲလာ နိုင်ပါသေးတယ်။
အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် သမ္မတနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနဟာ ခုလို ဘာကြောင့် စာနယ်ဇင်းတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ကြိုးပမ်းလာရသလဲ ဆိုတာပါ။ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး ရုပ်သိမ်းပေးခဲ့တဲ့ ၂၀၁၂ ဇွန်လက စရေတွက်ရင် စာနယ်ဇင်း လွတ်လပ်ခွင့် စရလာတာ ၂ နှစ်၊ ၂၀၁၃ ခုနှစ် ဧပြီလက စရေတွက်ရင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရလာတာ တနှစ်နဲ့ ၃ လပဲ ရှိပါသေးတယ်။ ဒီကာလအတွင်း ထုတ်ဝေတဲ့ စာနယ်ဇင်းတွေဟာ သမ္မတဦးသိန်းစိန် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အတိုက်အခံ၊ စီးပွားရေးသမားတွေ အားလုံးကို တတ်သမျှ မှတ်သမျှ သတင်းစာပညာနဲ့ မရှိမဲ့ ရှိမဲ့ အတွေ့အကြုံလေးတွေနဲ့ ဝေဖန်တာတွေ လုပ်ခဲ့ကြပါတယ်။ အများစုသော စာနယ်ဇင်းတွေဟာ ပြည်သူတွေ သိသင့်သိထိုက်တာတွေ သိအောင် ကြိုးစားခဲ့ကြပါတယ်။ ဒီဝေဖန် ထောက်ပြမှုကိုပဲ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဘက်က သည်းမခံနိုင်တာ ဖြစ်နိုင်ပါတယ်။ ဥပမာ ရခိုင်ကစလို့ အခုနောက်ဆုံး မန္တလေးမှာဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးအထိ သမ္မတနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိမှုကို ဝေဖန် ထောက်ပြတာမျိုး ဖြစ်ပါတယ်။
ဒီအထဲမှာ စာနယ်ဇင်းကျင့်ဝတ် နားမလည်တာ၊ ဥပဒေကို နားမလည်တာတွေကြောင့် မရေးသင့်တာ ရေးခဲ့၊ မဖော်ပြသင့်တာ ဖော်ပြခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ တချို့ စာစောင် ရောင်းကောင်းရင် ပြီးရော ကိုယ်ကျိုးစီးပွားအတွက် မရေးသားသင့်တာ မဖော်ပြသင့်တာ ရေးသား ဖော်ပြခဲ့တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် သေချာတာတခုကတော့ သမ္မတ ဦးသိန်းစိန် ကြီးကြီးကျယ်ကျယ် စွပ်စွဲသလို စာနယ်ဇင်းကို အသုံးပြုပြီး “နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေး” ဖို့ ကြိုးစားသူ တယောက်မှ မရှိတာပါ။ ယူနတီ ဖြစ်စဉ်၊ Bi မွန်းတည့်နေ ဖြစ်စဉ်နှစ်ခု စလုံးမှာ ဂျာနယ်တာဝန်ရှိသူတွေ၊ သတင်းထောက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ် မသိတာ၊ ဥပဒေကို နားမလည်တာ၊ မရင့်ကျက်တာ အလွန်ပေါ်လွင်ပါတယ်။ တကယ်လို့ သမ္မတ ဦးသိန်းစိန် စွပ်စွဲသလို စာနယ်ဇင်းကို အသုံးပြုပြီး “နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေး” ဖို့ တကယ်လုပ် မယ့်သူတွေသာဆို တယောက်မှတောင် ဖမ်းမိမှာ မဟုတ်ပါဘူး။
ဒီမိုကရေစီစနစ်နဲ့ သွားချင်တယ်ဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးရပါမယ်။ နောက်ပိုင်း ရုပ်သံ၊ ရေဒီယို လွတ်လပ်ခွင့် အပါအဝင် ခုထက် လွတ်လပ်ခွင့် ပိုပေးရပါဦးမယ်။ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းမီဒီယာတွေက ကောင်းကောင်းဝေဖန်စေချင်ရင် ကောင်းတာတွေ လုပ်ပြကြရပါလိမ့်မယ်။ အခုဖြစ်သွားခဲ့တဲ့ ပြဿနာလို သတင်းမီဒီယာ လုပ်ကိုင်သူတွေ မလိမ်မိုး မလိမ်မာ ဖြစ်တယ်ဆိုရင် ရင့်ကျက်လာအောင် ဝိုင်းဝန်းဖေးမ ကူညီဖို့ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆို သတင်းမီဒီယာ အဆင့်အတန်း နိမ့်ကျ ပျက်စီးသွားအောင် ဖျက်ဆီးခဲ့သူတွေဟာ အရင် စစ်အာဏာရှင် အဆက်ဆက်နဲ့ လက်ရှိ တိုင်းပြည်ကို တာဝန်ယူနေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင်ပဲ ဖြစ်နေလို့ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။