မြန်မာစကားမှာ အသံထွက်တူပေမယ့် စာလုံးပေါင်း မတူတာနဲ့ အဓိပ္ပာယ် ကွဲလွဲသွားတာတွေ အများကြီးပါ။ အဲဒီမှာမှ တခါ ဆက်နွှယ်နေတဲ့ ဝေါဟာရတွေ ဖြစ်လာပြန်တယ်။ ဥပမာ- သံဆိုရင် အိမ်ရိုက်တဲ့ သံက စပြီး သံနဲ့ ပတ်သက်တာ တွေ တွေးမိမှာ ဖြစ်သလို သန် ဆိုရင်တော့ သန်ကောင်တွေ မြင်လာမှာပါ။
အဲဒီ အသံတူ အဓိပ္ပာယ်ကွဲ ဝေါဟာရတွေ ဆက်နွှယ်နေတာကို ကျန်းမာရေး ပြဿနာတခုမှာ တွေ့ရပါတယ်။ သန်ကောင် အမျိုးအစား တခုကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်တာပါပဲ။ ဒါကို နားလည်ဖို့ဆိုရင် သံ နဲ့ လူ ဆက်စပ်မှုရယ်၊ အဲဒီ သန်ကောင် အကြောင်းရယ်တော့ နည်းနည်းဆက်စပ် သိထားသင့်မယ် ထင်ပါတယ်။
သံ အကြောင်း
သံဓာတ်က လူ့ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ သတ္တုဓာတ် တမျိုးပါပဲ။ အထူးသဖြင့် သွေးဆိုတာ သံဓာတ် ပါဝင်တဲ့ အဓိက ပစ္စည်းဖြစ်ပါတယ်။ သွေး နီဥတွေက သံဓာတ်ကို ကိုယ်အင်္ဂါပေါင်းစုံဆီ ပို့ပေးတာပါ။ အဲဒီသွေးနီဥတွေက သံဓာတ် ချို့တဲ့ရင် ပုံမှန် အလုပ် မလုပ်တော့ဘဲ ကိုယ်အင်္ဂါတွေဆီ အောက်ဆီဂျင် သယ်ဆောင်ဖို့ နှောင့်နှေးလာတဲ့ အခါ ရောဂါ လက္ခဏာတွေ ပေါ်လာပါတယ်။ သံဓာတ် ချို့တဲ့စေတဲ့ အကြောင်းတွေထဲမှာ –
– စားတဲ့ အစားအသောက်တွေမှာ သံဓာတ်ပါဝင် မှု နည်းတာကြောင့် ဖြစ်တတ်ပါတယ်။ သံဓာတ်က အသားတွေ၊ သွေးခဲတွေ၊ ဥတွေ၊ နွားနို့နဲ့ အစိမ်းရောင် အရွက်တွေမှာ ပါဝင်တာမို့ အဲဒါတွေ ပုံမှန်စားရင် လုံလောက် ပါတယ်။ တချို့လည်း အလွယ်တကူ သံဓာတ် အားဆေးတွေ သောက်ကြပါတယ်။ သံဓာတ် ပါဝင်တဲ့ အစာတွေ စားသည့်တိုင် အစာ စားပြီးတာနဲ့ ကော်ဖီ၊ လက်ဖက်ရည် သောက်တာမျိုးကလည်း သံဓာတ် စုပ်ယူမှုကို နှောင့်နှေးစေပါတယ်။ အချဉ် ဖြစ်တဲ့ ဗီတာမင်စီကတော့ အစာအိမ်ရဲ့ သံ ဓာတ်စုပ်ယူမှု ကို အားပေးပြန်ပါ သတဲ့။
– ပုံမှန် ဇီဝ ဖြစ်စဉ်တွေ ဖြစ်တဲ့ ဓမ္မတာလာတာ များတဲ့ အခါမျိုးမှာလည်း သံဓာတ်ချို့တဲ့တတ် ပါတယ်။
– ရောဂါတွေ ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တဲ့ အစာအိမ်နာ၊ အူကင်ဆာ၊ လိပ်ခေါင်းလို ရောဂါမျိုးတွေ ကလည်း သံဓာတ် ချို့တဲ့ သွေးအားနည်းစေ တတ်ပါတယ်။
– သန်ကောင်ထဲက ချိတ်သန်ကောင် (Hookworm) လို့ ခေါ်တဲ့ တုတ်ပြားသန်ကောင်စွဲတဲ့ ရောဂါရရင်လည်း သံဓာတ်ချို့တဲ့ သွေးအားနည်းစေ တတ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ သံဓာတ်ချို့တဲ့ သွေးအား နည်းခြင်းမှာ အဲဒီသန်ကောင် စွဲတာက အဓိက အကြောင်း ထဲမှာ ပါဝင်နေတတ်ပါတယ်။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ လက္ခဏာတွေ
အားနည်း မောပန်းလွယ်တာ၊ နုံးချည့်နေတာတွေကို ယေဘုယျ တွေ့ရတတ် ပါတယ်။ တချို့ဆိုရင် လျှာတွေ ချောပြီး နီရဲ ပြောင်လက် နေတတ်သလို လက်သည်းတွေက ဇွန်းပုံစံ ကော့လန်နေ တတ်ပါတယ်။ သံဓာတ်ချို့တဲ့ သွေးအား နည်း ရောဂါက သေသေချာချာ မကုသရင် နှလုံးပါ အလုပ်မလုပ်နိုင်အောင် ထိခိုက်လာတတ်ပါတယ်။
သံဓာတ်အားဖြည့် ဆေးတွေ တိုက်ကျွေးရင်၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှာဖွေ ကုသနိုင်ရင်တော့ (ဥပမာ – အစာလမ်းကြောင်း သွေးယိုတာတွေကို လိုအပ်ရင် ခွဲစိတ်ကုတာမျိုး ဆောင်ရွက် ကုသပေးနိုင်ရင်တော့) အပြည့် အဝ ပြန်ကောင်းနိုင်တဲ့ ရောဂါပါ။
သန် အကြောင်း
သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ ဖြစ်စေတဲ့ သန်ကောင်အကြောင်းလည်း နည်းနည်း ပြောချင်ပါတယ်။ Ancylostoma Duodenale၊ ဒါမှမဟုတ် Necator Americanus ဆိုတဲ့ ချိတ်သန် (Hookworm) အမျိုးအစား ၂ ခု၊ တနည်းအားဖြင့်တော့ တုတ်ပြားကောင်တွေ ပါ။ တချို့ဒေသတွေမှာ သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းလို့တောင် ပြောကြပါတယ်။
ထူးထူးခြားခြား သူတို့တွေ လူ့ခန္ဓာကိုယ်ထဲကို ဝင်တာက အဲဒီ သန်ကောင် သားလောင်းတွေ ရှိရာ မြေကြီးမှာ ဖိနပ်မပါဘဲ သွားရာက အရေပြားကို ဖောက်ပြီး လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်တတ်ကြပါ တယ်။ ဝင်ရောက်ရာ ခြေဖဝါး အရေပြားနေရာမှာ ယားယံနီရဲနေတဲ့ အဖုလေးတွေ ရှိမယ်။ သွေးထဲကနေ အဆုတ်ကို ရောက်တဲ့အခါ ရင်ကျပ်ချောင်းဆိုး လိုမျိုးကနေ ချောင်းဆိုးသွေးပါအထိ ဖြစ်တတ်လေ့ ရှိပါတယ်။
အသက်ရှူလမ်းကြောင်းကနေ ဆန်တက် လာရင်း အစာလမ်းကြောင်းထဲ ရောက်တဲ့အခါ ဗိုက်နာတာ၊ ပျို့အန်၊ ဝမ်းလျှော၊ လေတွေထပြီး အစာမကြေ ဖြစ်၊ ကိုယ်အလေးချိန်ပါ ကျလာတတ် ပါတယ်။ နာတာရှည် ဆိုရင်တော့ အစာလမ်းကြောင်းက သံဓာတ်တွေ စုပ်ယူတာကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါပါ ရလာတော့တာ ပါပဲ။ အဲဒီအခါ လူက ဖြူဖျော့၊ အသက်ရှူကျပ်၊ နှလုံးတုန်၊ မောပန်း၊ ခြေလက်တွေ ရောင်လာတတ်ပါတယ်။
ဒီ သန်ကောင်ရောဂါ ဆိုတာ သေချာဖို့ ဝမ်း (မစင်) ကို မှန်ဘီလူးနဲ့ ကြည့်ပြီး စစ်ဆေးကြည့်ရုံနဲ့ တွေ့ရတတ်ပါတယ်။ ကုသဖို့လည်း လွယ်ကူပါတယ်။ အခုခေတ်ပေါ် တလုံးတည်း သောက်ရုံနဲ့ သန်ကောင် တော်တော်များများကို နိုင်တဲ့ သန်ချဆေးတွေ ရှိနေပြီပဲ။
ရောဂါကာကွယ်ဖို့ ကတော့ မြေကြီး၊ ရွှံ့ညွန်တွေ ထဲမှာ ခြေဗလာနဲ့ မသွားဘဲ နေနိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လွှဲရှောင်မရတဲ့ အခြေအနေတွေ (အလုပ်လုပ်နေရသူတွေ၊ သဲထဲဆော့ရတာ ပျော်တဲ့ ကလေး သူငယ်တွေ စသဖြင့်) မှာတော့ မလွယ်ကူဘူး ပေါ့။
ဒီတော့လည်း ကိုယ့်အတွက် အထက်က ပြောခဲ့တဲ့ သန်စွဲလက္ခဏာ၊ ဒါမှမဟုတ် သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါလက္ခဏာတွေ ဖြစ်နေပြီ ဆိုရင် ဆရာဝန်နဲ့ ပြသအကြံဉာဏ်တောင်းခံ ပြီး ကုသခံယူရင် အလွယ်တကူ ပျောက်ကင်းသက် သာသွားမှာပါ။
သံဓာတ်ချို့တဲ့ပြီး သန်ကောင်တွေ စွဲကပ်လို့ ဖြစ်တတ်တဲ့ ရောဂါတွေ အတွက် အနာသိ ဆေးရှိပါတယ်။ လိုအပ်တဲ့ အခြေခံ သိသင့်တာလေးတွေကို မှတ်သား သတိထားကြရင်ဖြင့် အေးဆေးလွယ်ကူစွာ ကျန်းမာပျော်ရွှင် ရမှာပါ။ ။