ဘုသီးခလုတ်များကို နှိပ်နေသည့် တအုန်းအုန်း တဗြုန်းဗြုန်းအသံများ ဆက်တိုက် ကြားလိုက်ရပြီးနောက် ကျောက်ပွဲစား ကိုအောင်မြင့် ဝမ်းခေါင်းသံကြီးဖြင့် “ဟေး” ကနဲ အော်လိုက်သည်။ ကိုအောင်မြင့် ကျောက်ဝိုင်း မသွားဘဲ ရွှေငါးလာဖမ်းနေခြင်း ဖြစ်သည်။ မန္တလေးမြို့လယ်ခေါင်တွင် ရွှေငါးဖမ်းရန် အသည်းအသန် ကြိုးစားရင်း အောင်မြင်သွားသည့်အတွက် ပတ်ဝန်းကျင်ကိုပင် သတိမထားမိဘဲ ဝမ်းသာအားရ အော်လိုက်ခြင်း ဖြစ်သည်။ ခုန်ပြေးနေသော တိုးနယားကြီးများ၊ အိပဲ့အိပဲ့ သွားနေသည့် ရွှေနဂါးကြီးများ၊ တလွန့်လွန့် ကူးခတ်နေသော ရွှေငါး ရောင်စုံများအား ဖမ်းဆီးရန် ကြိုးစားနေသူများမှာ သူတယောက်တည်း မဟုတ်ပါ။ အသက် လေးဆယ်ဝန်းကျင်အရွယ် တခြား ကျောက်ပွဲစာ တဦး၊ ဈေးချိုတော်မှ အထည်ဆိုင်ပိုင်ရှင်တဦး၊ လိုင်းကားပိုင်ရှင် အုံနာတဦးတို့ပါသည်။ ဘဝပျက်သည်အထိ ဖြစ်စေသည့် ရွှေငါးကို သည်းကြီးမဲကြီး ဖမ်းကြရင်း ရွှေငါးဖမ်းသည့် ပိုကွန် လှလှလေးများထဲသို့ ဖမ်းသူများကိုယ်တိုင် ရောက်နေပြီဆိုသည်ကို သူတို့ သတိမပြုမိကြသေးပေ။
ရွှေငါးဖမ်းခြင်း ဆိုသည်မှာ ဘီယာ တကျိုက်မော့လိုက်၊ စီးကရက် ဖွာလိုက်၊ ကွမ်းတမြုံ့မြုံ့ ဝါးလိုက်ဖြင့် သည်းထိတ်ရင်ဖိုစေသည့် ဂိမ်းလောင်းကစားတမျိုး ပြုလုပ်နေခြင်းကို ခေါ်ခြင်း ဖြစ်သည်။ ထမင်းစား စားပွဲဝိုင်းအကြီးပုံစံ ၄ ပေ၊ ၂ ပေ ကျယ်သည့် ဖန်သားပြင်ဘေး တဖက်တချက်တွင် ဘုသီးခလုတ်များ ၆ ခုမှ ၈ ခုအထိ ပါဝင်သည့်အတွင် လူ ၈ ဦး တချိန်တည်း ကစားနိုင်သည်။ ကစားမည့်သူရှေ့တွင် အမှတ်ကိုပြသော လေးထောင့်ကွက် တခုရှိသည်။ မိမိကစားမည့် ပမာဏအလိုက် ဆိုင်ရှင်က ၁ ထောင်ဖိုးမှ ၁၀ သိန်းဖိုးအထိ ကစားလိုသည့် ပမာဏအလိုက် အမှတ်ထည့်ပေးသည်။ ပြီးနောက် ဖန်သားပြင်ပေါ်တွင် ပြေးလွှားနေသည့် တိုးနယား၊ နဂါး၊ ရွှေငါးရောင်စုံများကို လိုက်လံချိန်ရွယ်ကာ ပစ်ခတ်ရသည့် ဂိမ်းတခုဖြစ်သည်။ ကစားသူ တချက်ပစ်လိုက်လျှင် ထည့်ထားသော ငွေပမာဏက လျှော့သွားသည်။
ဖန်သားပြင် တဖက်မှ တဖက်သို့ ယင်းရေသတ္တဝါ အရုပ်ကလေးများ ပြေးလွှားနေကြပြီး ယင်းသတ္တဝါလေးများ ပျောက်ကွယ်မသွားခင် သေအောင် လိုက်ပစ်ရသည်။ သေသွားလျှင် အမှတ်ရပြီး မသေလျှင် မိမိငွေ ဆုံးရှုံးသည်။ ယင်းဂိမ်း၏ ရင်ခုန်ဖွယ်ရာကောင်းသော တချက်မှာ အလျော်အစား ကြီးမားခြင်းဖြစ်သည်။ ဥပမာအားဖြင့် တချက်လျှင် ငွေငါးဆယ်တန်ကြေး သတ်မှတ်ထားသော ကျည်ဆံဖြင့် ပစ်လိုက်၍ ဖန်သားပြင်ပေါ်ရှိ တိုးနယားကောင် သေသွားလျှင် အမြင့်ဆုံး ပမာဏ ငွေ ၂ သောင်းခွဲအထိ ကစားသူက ရရှိသည်။ အဆ ၅၀၀ အထိ အနိုင်ရနိုင်သောကြောင့် ဂိမ်းစက်က ပြန်လျော်ပေးသည့် ပမာဏမှာ ချဲလောက်ကစားသည့် အဆနီးနီးရှိသည်။
နောက်ထပ် စွဲလမ်းစေသော တချက်မှာ ယင်းတိုးနယား တကောင်တည်းအား လူအများက ဝိုင်းဝန်းပစ်ခတ်နိုင်ခြင်း ဖြစ်သောကြောင့် မိမိဘေးကလူ ပစ်သော ကျည်ဆန်ကြောင့် မသေသော်လည်း မိမိပစ်လိုက်သည့် ကျည်ဆန်ဖြင့် သေသွားနိုင်သည်။ ယင်းကဲ့သို့သော အချက်များကြောင့် ကလေးသူငယ်များသာမက လူကြီးသူကြီးများပါ ရွှေငါးလောင်းကစားခြင်းကို စွဲလမ်းနေကြခြင်းဖြစ်သည်။
နောက်ထပ်စွဲလမ်းစေသည့် အချက်မှာ ရွှေငါးလောင်းကစားခြင်းသည် တခြားသော ဖဲရိုက်ခြင်း၊ ဂျင်လှည့်ခြင်းစသည့် လောင်းကစားနည်းများကဲ့သို့ အတွေ့အကြုံ ကျွမ်းကျင်မှု မလိုခြင်းဖြစ်သည်။ ဂိမ်းစက်ပေါ်ရှိ လိုက်လံချိန်ရွယ်ရသည့် ဘုသီးကို လှည့်ချင်သလိုလှည့်ကာ ပစ်ချင်သည့်အကောင်ကို ပစ်လျင်သလို ပစ်နိုင်သည်။
ယင်းဂိမ်းစက်များတွင် ထည့်သွင်းထားသော ပရိုဂရမ်ကလည်း အဆင့်မြင့်ပုံပေါ်သည်။ ကစားသူများအနေဖြင့် ဖန်သားပြင်ပေါ်တွင် ပြေးလွှားနေသော ရွှေငါးရောင်စုံများ မည်သည့်အချိန်တွင် သေမည်ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်။ သူသေချင်သည့်အချိန်တွင် သေသွားဖြင်းဖြစ်သည့်အတွက် ရွှေငါးကစားရာတွင် ကျွမ်းကျင်သူ၊ ကစားသက်ရင့်သူဟူ၍ ကွာခြားချက်မရှိ၊ မည်သူမဆို အနိုင်ရနိုင်သည်။ ထို့အတူ မည်သူမဆိုလည်း ရှုံးနိုင်သည်။ အသေချာဆုံးအချက်မှာ ကစားဝိုင်းသိမ်းသည့်အခါ ဆိုင်ပိုင်ရှင်မှာ အရှုံးနည်းလှသည်ဆိုခြင်းပင်။
ဒီတကြိမ်တွင် ကျောက်ပွဲစား ကိုအောင်မြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကစားချိန် ဆယ့် ၁၅ မိနစ်မျှသာ ရှိဦးမည်၊ သူ ငွေ ၃ သိန်းခန့် နိုင်နေသည်။ အရှိန်ရလာကာ ကျည်ဆန် ၁ တောင့်လျှင့် ငွေ ၅၀ ဖြင့် ပစ်နေရာမှ ကျည်ဆန် ၁ တောင့်လျှင် ငွေ ၅၀၀ အထိ တိုးလိုက်သည်။ တိုးနယား အကောင် ၅၀ ပစ်လျှင် နှစ်သောင်းခွဲသာ ရသော်လည်း ၅၀၀ တန်ကျည်ဖြင့် ပစ်လျှင် ၂ သိန်းခွဲ ရမည်ဖြစ်သည်။ ဤသို့ဖြင့် တကြိမ်နိုင်မိရာမှ လောင်းကစားပိုးဝင်ကာ စီးပွားပျက်အောင် ကစားကြသူများလည်း ရှိလာသည်။
ရွှေငါးဆော့ခြင်းသည် တရားဝင် ဟုတ်မဟုတ်၊ ဥပဒေနှင့် ငြိစွန်းခြင်း ရှိမရှိ ဆိုသည်ကို လူအများစုက မသဲကွဲကြပါ။ ယင်းဂိမ်းဆိုင်ကြီးများကို ဖွင့်သူက ဖွင့်ထားပြီး ဆော့သူများကလည်း ပေါ်ပေါ်တင်တင် ဆော့နေကြသည် တရားမဝင်ဟု ထင်ရန်ကလည်း ခက်သည်။ သို့သော် တခါတရံ ဖမ်းချင်လျှင်လည်း ရဲသဖမ်းသဖြင့် တရားဝင်မှု မဝင်မှုမှာ မျက်စိလည်နေသည်။
၁၉၆၈ လောင်းကစား ဥပဒေ ပုဒ်မ (၂) အပိုဒ်ခွဲ (က) တွင် လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်းတခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော (သို့မဟုတ်) ငွေကြေးတန်ဖိုးအဖြစ် ပြောင်းလဲသတ်မှတ်ရန် သဘောတူသော ပစ္စည်းတစုံတရာအတွက် အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုလိုသည်ဟု ပြဌာန်းထားသည်။
ယင်းဥပဒေအရဆိုလျှင် ရွှေငါးလောင်းကစားစက်များ၊ ဂိမ်းများသည် လောင်းကစားမှုနှင့် အကျုံးဝင်နေသည်။ သို့သော် မန္တလေးမြို့ရှိ ရဲများကမူ ရွှေငါးလောင်းကစားဝိုင်းများကို ဖမ်းတလှည့် မဖမ်းတလှည့် လုပ်နေသည်။ အမရပူရမြို့ တိုက်ခန်းတခုတွင် ဖွင့်ထားသော ရွှေငါးဂိမ်းဆိုင်၊ ၃၅ လမ်းရှိ ရွှေငါးဂိမ်းဆိုင်၊ ၉၁ လမ်းရှိ ရွှေငါးဂိမ်းဆိုင်တို့ကို ရဲအင်အား၊ လူအင်အားများစွာသုံးကာ ဆိုင်ရှင်နှင့် ဝန်ထမ်းများအပြင် လောင်းကစားသူများ စီးလာသည့် ဆိုင်ကယ်နှင့် ကားများပါမကျန် ကားကြီးကားငယ်နှင့်တင်၍ ဖမ်းဆီးသွားသည်ကို မြင်တွေ့ရဖူးသည်။ သို့သော် ယင်းသို့ ဖမ်းဆီးပြီးနောက် ၁ ပတ်ခန့် ကြာသောအခါ ယင်းအနီးဝန်းကျင်ရှိ တခြား ဂိမ်းဆိုင်များက ပုံမှန်ပြန်လည် ဖွင့်ကြခြင်းဖြစ်သည်။
ယင်း ရွှေငါးလောင်းကစား ဂိမ်းများနှင့် ပတ်သက်၍ လွှတ်တော်တွင်လည်း မေးမြန်းခဲ့ဖူးသည်။ မန္တလေးမြို့ အပါအဝင် နိုင်ငံတော်ရှိ မြို့ကြီးများတွင် အီလက်ထရောနစ် ပစ္စည်းများဖြင့် ဂိမ်းကစားရန် ဆိုင်ကဲ့သို့ ဆောင်ရွက်ထားကြောင်း၊ အဆိုပါ စက်များဖြင့် ရွှေငါးဂိမ်း၊ ပန်းသီးသရဖူဂိမ်းနှင့် တခြားဂိမ်းကစားနည်းများကို အခြေပြုပြီး လောင်းကစားနည်း မျိုးစုံ၊ ဥပမာ ရွှေငါးဖမ်းခြင်း လောင်းကစားနည်းကဲ့သို့ ဆောင်ရွက်ရာတွင် ငွေအစား တိုကင် အမှတ်အသားများဖြင့် လဲလှယ်ကစားခြင်း ပြုလုပ်ဆောင်ရွက်လျက် ရှိနေကြကြောင်း၊ တချို့သော ကစားသူများမှာ တရက်တည်းဖြင့် ၅ သိန်းမှ ၁၀ သိန်းအထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ထို ဂိမ်းဆိုင်ဟန်ပြ လောင်းကစားနည်းများကို လောင်းကစားဥပဒေ၊ တည်ဆဲ ဥပဒေများအရ အရေးယူရန် ရှိ၊ မရှိ ပြီးခဲ့သည့် လွှတ်တော်တွင် အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက မေးမြန်းခဲ့သည်။
ယင်းကဲ့သို့ ငွေကြေး (သို့မဟုတ်) ငွေကြေးကဲ့သို့ ပြောင်းလဲ သတ်မှတ်ပြီးသော ပစ္စည်းတစုံတရာအတွက် လောင်းကစားလျှင် အရေးယူနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ လွှတ်တော်တွင် မေးမြန်းပြီးနောက် ၁၀ ရက်ခန့်အကြာတွင် မူဆယ်၊ တောင်ကြီး၊ မန္တလေး၊ အမရပူရတို့တွင် ယင်းရွှေငါးဂိမ်းဆိုင်များကို ဖမ်းဆီး အရေးယူကြောင်း တွေ့ရသည်။ သို့သော် ပိုက်စိပ်တိုက် ဖမ်းခြင်းမျိုးမဟုတ်ဘဲ ကွက်ကြားအရေးယူမှု ပြုလုပ်ကာ နောက်ပိုင်းတွင် လျစ်လျူ ရှုထားပြန်သည်။
အဆိုပါဂိမ်းဆိုင်များကို မြို့တော်စည်ပင်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နိုင်ပြီး ငွေကြေး လောင်းကစား ပါဝင်လာပါက တိုင်းကြားမှု ရှိလျှင် အရေးယူနိုင်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် တိုင်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းဂိမ်းဆိုင်များ လုပ်ငန်းလိုင်စင် လျှောက်ထားပါက သက်ဆိုင်ရာ ရယက၊ အုပ်ချုပ်ရေးမှူး၊ အနီးဝန်းကျင် အိမ် ၄ အိမ်၊ မြို့နယ်ရဲစခန်း ထောက်ခံချက် ပါမှ ခွင့်ပြုကြောင်း၊ သို့သော် လောင်းကစား ဂိမ်းဆိုင်များအဖြစ် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူမှသာ လိုင်စင် ပိတ်သိမ်းနိုင်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။
မန္တလေးမြို့ အနှံ့ဖွင့်နေသော ရွှေငါးဂိမ်းဆိုင်များသည် ဝိနည်းလွတ် “ကလေးအားကစားကွင်း” ဟု နာမည်ထားပြီး၊ ဆိုင်းတိုင်းတွင် အကြွေစေ့များကို ငွေကြေးဖြင့် လုံးဝလဲလှယ်ပေးမည်ဟု ဆိုင်းဘုတ်များ ထင်ရှားစွာ တပ်ထားလေ့ရှိသည်။ သို့သော် ယင်းဆိုင်များတွင် လာဆော့ကြသည်မှာ ကလေးသူငယ်များ မဟုတ်ကြဘဲ အသက် ၂၀ မှ ၅၀ အထိ ရှိသူများ ဖြစ်ကြောင်း တွေ့ရသည်။ ကစားပြီးလျှင် လာရောက်ကစားသူ၏ အမှတ် အရေအတွက်အတိုင်း ဆိုင်ရှင်က ပိုက်ဆံ ပြန်ထုတ်ပေးသည်သာ ဖြစ်သည်။ ဆိုင်အများစုမှာ ပေါ်ပေါ်တင်တင် မဖွင့်ကြ၊ ဆိုင်းဘုတ် မတပ်ကြပေ။ သို့သော် ကစားနေကျလူများမှာ ဆိုင်အပြင်အဆင်ကို ကြည့်လိုက်လျှင် တန်း၍ သိကြသည်။ ခန်းဆီး အပြာရောင်များ ချထားလျက် ဆိုင်ရှေ့ဘက်တွင် အစောင့်တဦး အမြဲတမ်း ချထားသည်ဆိုလျှင် ယင်းမှာ လောင်းကစားဆိုင်ဆိုသည်ကို သိကြသည်။
“ကျနော်တို့ကတော့ ပေါ်တင်ကြီး မဖွင့်ပါဘူး။ ဒီလိုပဲ နားလည်မှုနဲ့ ဖွင့်နေရတာပေါ့။ ပတ်ဝန်းကျင် အရိပ်အခြေကိုလည်း ကြည့်ရပါသေးတယ်။ လူကြီးခရီးစဉ် ရှိတဲ့နေ့မျိုးဆိုရင်တော့ ကျနော်တို့လည်း ဆိုင်ပိတ်တယ်” ဟု ဈေးချိုတော် ပတ်ဝန်းကျင်တွင် ဖွင့်ထားသည့် လောင်းကစားဆိုင်တဆိုင်မှ ဆိုင်တာဝန်ခံက ပြောသည်။
မန္တလေးမြို့တွင်း လူစည်ကားရာ ကျောက်ဝိုင်း၊ ဈေးချို၊ အဝေးပြေးကားဂိတ် (ကားကြီးကွင်း) ဘက်များသာမက စက်မှုမြို့သစ် စသည်တို့ ဘက်တွင်လည်း လောင်းကစားဆိုင်များ တိုးပွားနေကြောင်း၊ အရင်းနည်းပြီး အမြတ်များသည်မှာ ဤလုပ်ငန်းတခုသာ ရှိကြောင်း အဆိုပါ ဆိုင်တာဝန်ခံက ဆိုသည်။
၁၉၉၀ ဝန်းကျင်ကတည်းက မန္တလေးမြို့တွင် ပန်းသီးလောင်းကစားစက်များ တစခန်းထခဲ့သေးသည်။ ထိုစဉ်ကလည်း တရုန်းရုန်းနှင့် ကစားခဲ့ကြပြီးနောက် ပြဿနာများ တက်သောအခါမှ အာဏာပိုင်များက ဝင်ရောက် ထိန်းသိမ်းခဲ့သဖြင့် တဇာတ်သိမ်းခဲ့သည်။ ထို့နောက် ၁၀၀၃ ခုနှစ်တွင် ဂဏာန်းများ နှိပ်ရသည့် တန်ပိုရာဂိမ်း၊ ရွှေဘောလုံးဂိမ်းတို့ ခေတ်စားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ရွှေငါးဖမ်း လောင်းကစာဂိမ်းမှာ ရေပန်းအစားဆုံး ဖြစ်ခဲ့သည်။
ကိုမောင်မြင့်သည် ခါးပုံစထဲမှာ ကွမ်းတယာကို ထုတ်ဝါးလိုက်သည်။ မိနစ် ၂၀ ခန့် အချိန်အတွင်းမှာပင် သူ အနိုင်ရရှိထားသည့် ငွေ ၃ သိန်းစလုံး ပြန်ကုန်သွားပြီ ဖြစ်သည်။ ကျောက်ဖိုးခြေရန် လော်ပန် အပ်ထားသည့် ငွေ ၂ သိန်းကို သူ မျက်စပစ်နေသည်။ ချီတုံချတုံဖြင့်ပင် ကိုမောင်မြင့်သည် ထိုငွေ ၂ သိန်းကို ရွှေငါး လောင်းကစားခုံပေါ် တင်ရင်း နောက်တပွဲနွှဲရန် ပြင်လိုက်သည်။ ထို ငွေ ၂ သိန်းပေါ်တွင် ကိုမောင်မြင့် အပေါ် စီးပွားရေးအရ ယုံကြည်မှု၊ အလုပ်အကိုင်၊ ဂုဏ်သိက္ခာ၊ သူ့ဘဝရပ်တည်မှု၊ မိသားစုတို့၏ ကံကြမ္မာ ရှိနေပေသည်။