ဆောင်းပါး

တဆင့်ခံ စစ်ပွဲရဲ့ ဓားစာခံ MH17

This article has been converted from Zawgyi One to Unicode

မလေးရှားလေကြောင်းလိုင်း  MH17 ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဘယ်ပုံဘယ်ကြောင့် ပျက်ကျသွားသလဲ ဆိုတာကို စုံစမ်းစစ်ဆေးဆဲပါ။ သေချာတာ တခုကတော့ လူ ၃၀ဝ နီးပါးဟာ သူတို့နဲ့မဆိုင်တဲ့ နိုင်ငံရေးဇာတ်လမ်းထဲမှာ အသက်စတေးခံသွားတယ် ဆိုတာပါပဲ။

သတင်းအတော်များများ ရေးသားချက်တွေ အရတော့ အရပ်ဘက်လေယာဉ်ဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူဆီကို ပျံသန်းနေတဲ့အချိန်မှာ  ရုရှားလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေး သမားတပ်ဖွဲ့တွေ (ဒွန်းညက် ပြည်သူ့သမ္မတနိုင်ငံလို့ ကြေညာထားသူတွေ) က ယူကရိန်း စစ်လေယာဉ်နဲ့ မှားပြီးပစ်ချခဲ့ပုံ ရတယ်လို့ ဆိုကြတယ်။ မြေပြင်ကနေ ဝေဟင်ပစ် ရုရှားလုပ် ဒုံးကျည် (SA-11) နဲ့ ပစ်ချခဲ့ပုံရတယ်လို့ တွက်ကြတယ်။

ဒီလက်နက်က ယူကရိန်းစစ်တပ်မှာ ရှိသလို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ လက်ထဲမှာ လည်းရှိပါတယ်။ သူပုန်တွေလက်ထဲက လက်နက်ကတော့ ယူကရိန်းစစ်တပ်ဆီကနေ ရသွားတာ ဖြစ်နိုင်သလို၊ ရုရှားစစ်တပ်က ထောက်ပံ့ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီရက်သတ္တပတ်တွေ အတွင်းမှာ ယူကရိန်း စစ်ရဟတ်ယာဉ်တွေ အတော်များများကို သူပုန်တွေက ပစ်ချခဲ့ပါတယ်။ MH17 ပစ်ချမခံရခင် ရက်ပိုင်းအတွင်းမှာ ပစ်ချခံရတာက ၂ စင်း ရှိခဲ့ပါတယ်၊ SA-11 ခေါ် Buk ဒုံးကျည်ကို သုံးခဲ့တာလည်းရှိပါတယ်။ ယူကရိန်း အစိုးရဘက်က စွပ်စွဲထားတဲ့ စုံထောက်ဝတ္ထုဆန်ဆန် တခြားကိစ္စတွေ လည်းရှိပါတယ်။ လေယာဉ်ပစ်ချပြီးနောက်မှာ ဒွန်းညက် ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်နဲ့ ရုရှားထောက်လှမ်းရေးတို့ တယ်လီဖုန်း စကားပြောနေတာကို ကြားဖြတ်ဖမ်း ထားတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ အထောက်အထား၊ နောက်တရက်မှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာတွေ့ရတဲ့ SA-11 ဒုံးကျည်တွေ တင်ထားတဲ့ကားပေါ်မှာ ဒုံးကျည်အတွဲ ထဲက တစင်းလျှော့နေတာ မျိုးတွေပါ။

ယူကရိန်း အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ သုံးလကြာ ပဋိပက္ခတွေကို ပြန်ကောက်ရရင် ယူကရိန်းသမ္မတ ဗစ်တာယန်နူကိုဗစ် ထွက်ပြေးသွားတာကနေ စပါတယ်။ ရုရှားလိုလားတဲ့ သမ္မတ ယန်နူကိုဗစ်ဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတယ်ဆိုပေမယ့် အကျင့်ပျက်တဲ့ သမ္မတဖြစ်ပါတယ်။ သူ့ကို အနောက် လိုလားတဲ့ ဆန္ဒပြသမားတွေက ဖြုတ်ချလို့ ရုရှားကို ထွက်ပြေးသွားရတယ်။ အဲဒီနောက်မှာ ဆန္ဒပြသမား တွေက ကျောထောက်နောက်ခံပေးထားတဲ့  ကြားဖြတ်အစိုးရသစ် တက်လာပြီး ဥရောပသမ္မဂ (EU) နဲ့ နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့သလို၊ အမေရိကန်ဆီက ငွေကြေးအကူအညီကို လက်ခံခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အခါမှာ အနောက်လိုလားတဲ့ သန်းကြွယ်သူဌေးကြီး ပိုရိုရှန်ကိုက ရွေးချယ်ခံရတယ်။ ချက်ချင်းဆိုသလိုပဲ EU နဲ့ စီးပွားရေး သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့တယ်။

ယူကရိန်းနိုင်ငံတွင်းက ရုတ်ချည်း အပြောင်းအလဲဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်လို လူမျိုးအတွက် ဘယ်လိုမှ သည်းခံသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ ပူတင်ဟာ ကေဂျီဘီ အရာရှိဟောင်းပီပီ အရှေ့- အနောက် ဆက်ဆံရေးကို ဆိုဗီယက်ခေတ်က ဝါဒမှိုင်းကပ်နေတဲ့ မှန်ပြောင်းနဲ့ပဲကြည့်တယ်။ EU ညီမျှခြင်း NATO ညီမျှခြင်း US ညီမျှခြင်း ဖက်ဆစ်ဆိုတဲ့ အယူအဆမျိုးပါ။ ပူတင်လိုပဲ ကေဂျီဘီအရာရှိဟောင်း ဖြစ်ခဲ့ပြီး အခုတော့ ကရင်မလင်နဲ့ နီးစပ်တဲ့ အကြံပေးအဖွဲ့ (Think Tank) အဖွဲ့တဖွဲ့ရဲ့ ပဲ့ကိုင်တယောက် ဖြစ်တဲ့ ဗလာဒီမာ ရူဘာနော့ဗ် ပြောတာကိုထောက် ရင် ပူတင်ရဲ့ စဉ်းစားပုံကို မှန်းဆလို့ရပါတယ်၊

ဗလာဒီမာ ရူဘာနော့ဗ်ရဲ့ အလိုအရ ယူကရိန်းမှာ ယန်နူကိုဗစ် အစိုးရ ပြုတ်ကျသွားတာဟာ အနောက်နိုင်ငံက ကျူးကျော်တာကို ခံလိုက်ရတာနဲ့ အတူတူပဲတဲ့။ ရုရှားအနေနဲ့ အရေးကြီးတဲ့ မဟာဗျူဟာ အရင်းအမြစ်တွေကို ကာကွယ်ရုံကလွဲလို တခြားရွေးစရာ မရှိနိုင်တော့ပါဘူးတဲ့။ သူ့စကား အတိအကျကတော့ “NATO အဖွဲ့က ကျနော်တို့ နယ်စပ်နားကို ချဉ်းကပ်လာတာ၊ ပင်လယ်နက် ရေတပ်စခန်းနားအထိ ချဉ်းကပ်လာတာဟာ မင်နီစည်း (red line) ကိုရောက်တာပေါ့၊ မဟာဗျူဟာရှုထောင့်က ဘယ်လိုမှ ခွင့်မပြုနိုင်တဲ့ ကိစ္စပဲ။ ကျနော်တို့ နောက်ဆုတ်စရာ နံရံပဲကျန်တော့တယ်” တဲ့။ ဒီလိုနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ စကားအတိုင်း “၂၁ ရာစုမှာ ၁၉ ရာစုကလိုမျိုး တခြားနိုင်ငံရဲ့ နယ်မြေကို ကျုးကျော်” တယ်ပဲဖြစ်ဖြစ် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့တယ်။

ယူကရိန်းဟာ နဂိုကတည်းက လူဦးရေပုံစံအရ ညီညွတ်ရေးနဲ့ တည်ငြိမ်ရေးခက်ခဲတဲ့ နိုင်ငံမျိုးပါ။ နိုင်ငံအရှေ့ပိုင်းမှာ ရုရှားလူဦးရေကများပြီး အနောက်ပိုင်းမှာက ရုရှားဆန့်ကျင်ရေး အားကောင်းတယ်။ ဆိုဗီယက်အင်ပါယာ ပြိုကွဲသွားခဲ့တဲ့ နောက်ပိုင်းမှာ အရှေ့ဘက်ကို ယိမ်းတဲ့အခါယိမ်းပြီး အနောက်ဘက်ကို ယိမ်းတဲ့အခါ ယိမ်းခဲ့ပါတယ်။ ယန်နူကိုဗစ် ထွက်ပြေးသွားတဲ့အခါမှာလည်း ယန်နူကိုဗစ်ရဲ့ ပါတီက စည်းရုံးထားတဲ့ နယ်မြေတွေ၊ ယန်နူကိုဗစ်ရဲ့ပုဂ္ဂိုလ်ရေး ကွန်ရက်တွေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာဏာလေဟာနယ် အကြီးအကျယ် ပေါ်ခဲ့တယ်။ ရုရှားတပ်သား အင်အားသုံးသောင်းလောက်ရှိနေတဲ့ ခရိုင်းမီးယားမှာလို ဆန္ဒခံယူပွဲ နည်းလမ်းနဲ့ ရုရှားနဲ့ ပေါင်းစည်းရေး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ဘဲ လက်နက်ကိုင်ခွဲထွက်ရေး လှုပ်ရှားမှုအထိ အရှိန်မြင့်သွားတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့စကား အတိုင်းဆိုရင် ခွဲထွက်ရေး သူပုန်တွေကို ရုရှားက လက်နက်တွေအဆက်မပြတ် ထောက်ပံ့ပေးခဲ့တာကလည်း အဓိကအကြောင်းတွေထဲက တခုပါ၊

ခရိုင်းမီးယား အရေးအခင်းကစလို့ မီဒီယာတွေမှာ ခေတ်စားလာတဲ့ အယူအဆတခုက စစ်အေးခေတ် တကျော့ပြန်လည်လာတယ် ဆိုတာပါ။ ဒါပေမယ့် ဒီနေ့ ရုရှားရဲ့ စီးပွားရေးအင်အား၊ စစ်ရေးအင်အားက အမေရိကန်ကို ပုခုံးချင်းယှဉ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ တိုင်းပြည်စီးပွားရေးဟာ ရေနံနဲ့ ဓာတ်ငွေ့က ရတဲ့ဝင်ငွေတွေ အပေါ်မှာပဲ မှီခိုနေရတယ်။ အသက်ကြီး လူဦးရေများလာပြီး ကလေးမွေးနှုန်း ကျဆင်းတဲ့ ကိစ္စမျိုးလို ရေရှည်အကျလက္ခဏာပြနေတဲ့ အနေအထားလည်း ရှိနေတယ်။ ဆိုဗီယက်ခေတ်က စစ်အင် အားမျိုးလည်း ပြန်မရောက်သေးပါဘူး၊ ဒီနေ့ရုရှားရဲ့ စစ်အသုံးစရိတ်က အမေရိကန် စစ်ရေးအသုံးစရိတ်ရဲ့ ရှစ်ပုံတပုံစာလောက်ပဲ ရှိပါတယ်။ နိုင်ငံတကာ အမာခံမိတ်ဆွေစာရင်းကို သိချင်ရင် ခရိုင်းမီးယားအရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲတဲ့အချိန်က ရုရှားဘက်ထောက်ခံတဲ့ နိုင်ငံ ၁၀ နိုင်ငံပဲ ရှိခဲ့ပါတယ်။ နိုင်ငံတွေ အတိအကျ စာရင်းချကြည့်ရင် ရုရှား နဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အာမေးနီးယား၊ ဘီလာရု၊ အစဉ်အလာ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ လက်တင်အမေရိက နိုင်ငံတွေ (ဘိုလီဗီးယား၊ နီကာရာဂွာ၊ ဗင်နီဇွဲလား) ဟော့ရမ်းတဲ့ နိုင်ငံစာရင်းဝင် (ကျူးဘား၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဆူဒန်၊ ဆီရီးယား) တို့လောက်ပါပဲ၊

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ “ယူကရိန်း အခြေအနေက မတော်တဆလို့ ထင်ရပေမယ့် ကြုံရတဲ့ အဖြစ်အပျက်တွေက ရှောင်လွှဲမရတဲ့ အနေအထားမျိုးပါ” လို့ ပြောခဲ့ပေမယ့် ထောက်ခံတဲ့ နိုင်ငံစာရင်းမှာ တရုတ်နိုင်ငံ မပါဝင်ခဲ့ပါဘူး။ တကယ်၍  တရုတ်က ရုရှားဘက်က ဝင်ရပ်ပေးခဲ့ရင်  စစ်အေးခေတ် ဒိုင်းနမစ်က ပိုပြင်လာဖွယ်ရှိပါတယ်။ ဒါပေမယ့် တရုတ်မှာလည်း သူ့ပြဿနာနဲ့သူပါပဲ။ ခရိုင်းမီးယားအရေးကို ထောက်ခံလိုက်ရင် ရှင်ကျန်းနဲ့ တိဘက်တို့က အတုခိုးမှာ စိုးရိမ်ရတယ်။ တဖက်မှာ အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ EU တို့ကို စိတ်ကွက်တာမျိုးလည်း အဖြစ်မခံ၊ ရုရှားဆီက စွမ်းအင်ပို့ကုန်တွေနဲ့ စီးပွားရေး အခွင့်အလမ်းသစ်လည်း ရနိုင်မယ့် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ ခရိုင်းမီးယား အရေးအခင်းဖြစ်ပြီး မကြာခင်မှာ တရုတ်နဲ့ ရုရှားတို့ နှစ်ရှည်စွမ်းအင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ရုရှားဆီက စွမ်းအင်ကို တရုတ်က ဈေးပေါပေါနဲ့ဝယ်တဲ့ စာချုပ်ဖြစ်ပါတယ်။

အမေရိကန်ဘက်မှာလည်း ဒီသဘောပါပဲ။ ရုရှားကို ဘယ်လောက်ပဲ သင်းကွဲဖြစ်စေချင်ပေမယ့် အထူးသဖြင့် EU နိုင်ငံတွေကို စည်းရုံးရတာ မလွယ်ပါဘူး။ အမေရိကန်ရဲ့ ရုရှားနဲ့ ကုန်သွယ်တဲ့တန်ဖိုးဟာ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပေမယ့် EU နိုင်ငံတွေဟာ ရုရှားနဲ့ ကုန်သွယ်ရေး အရရော၊ ရုရှားနိုင်ငံဆီက ဓာတ်ငွေ့ကို မှီခိုနေရတာရော အကျိုးစီးပွား ထောက်ထားစရာတွေ ရှိပါတယ်။

ခြုံပြောရရင် ရုရှားအုပ်စုဟာ အမေရိကန်အုပ်စုကို အံတုနိုင်တဲ့ အနေအထားမရှိသလို အမေရိကန်ကလည်း ရုရှားကို လုံးလုံးလျားလျား သင်းကွဲလုပ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့် ဒီနေ့ အခြေအနေဟာ စစ်အေးခေတ် အားပြိုင်မှုပုံစံမျိုး မဟုတ်ပါဘူး။ ဒါက အရှိတရားပါ၊ သတင်းဆိုးကတော့ ဗလာဒီမာပူတင်က ရုရှားအင်အားအပေါ် ယုံကြည်မှုလွန် ကဲတာမျိုး ဖြစ်နိုင်ပါတယ်။ ခရိုင်းမီးယားမှာ ရုရှားရဲ့ ကျူးကျော်မှုမျိုးက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပေမယ့် ဘယ်သူမှ ထိထိရောက်ရောက် မတားနိုင်ကြတာပါ။ ဒီထက်ဆိုးတဲ့သတင်းက ဒီနှစ်ပိုင်းတွေ အတွင်းမှာ စစ်အေးခေတ်တုန်းက တွေ့ခဲ့ရတဲ့ တဆင့်ခံစစ်ပွဲ (Proxy War) တွေ ကျယ်ပြန့်နေတာပါ၊

စစ်အေးခေတ်က နယူးကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အင်အားကြီး အမေရိကန်နဲ့ ဆိုဗီယက်ဟာ (တရုတ်လည်း တချို့နေရာမှာပါ)  အချင်းချင်း စစ်မတိုက်ဘဲ တတိယနိုင်ငံတခုမှာ တဆင့်ခံစစ်ပွဲတွေကို ဖန်တီးခဲ့ကြတယ်။ အာဖဂန်နစ္စတန်၊ အန်ဂိုလာ၊ ကိုရီးယား၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကား နေရာစုံမှာ တွေ့ခဲ့ရတယ်။ အခုလည်း ကမ္ဘာသတင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ်၊ အီရတ်ဆွန်နီသူပုန်ထမှု၊ ယူကရိန်း ခွဲထွက်ရေး ပြဿနာ၊ အစ္စရေး-ဟာမက် စစ်ပွဲတွေ အားလုံးဟာ တဆင့်ခံ စစ်ပွဲတွေချည်းပါပဲ၊ စစ်အေးခေတ်က တဆင့်ခံစစ်ပွဲတွေရဲ့ နောက်မှာ အမေရိကန်နဲ့ ဆိုဗီယက်၊ တခါတရံ တရုတ်တို့လောက်ပဲ ရှိခဲ့ပေမယ့် ဒီနေ့ တဆင့်ခံစစ်ပွဲတွေရဲ့ နောက်က နိုင်ငံစာရင်းက ပိုများလာပါတယ်။ ဝါဒရေးရာထက် လူမျိုးရေးနဲ့ အကျိုးစီးပွားကိစ္စတွေ ပိုပြီး ရှုပ်ထွေးလာတယ်။

တခါက အမေရိကန် အထက်လွှတ်တော်အမတ် ဟာရမ် ဂျွန်ဆင် (Hiram Johnson) ပြောသလို      “စစ်ဖြစ်လာရင် ပထမဆုံး သေဆုံးသွားတာ အမှန်တရားပါပဲ” နောက်တော့ စစ်သည်တွေ သာမက အပြစ်မဲ့ ပြည်သူတွေ အချည်းနှီး သေဆုံးကြရတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေ၊ ကလေးတွေ သေဆုံးနေတဲ့ သတင်းတွေမှမဆုံးခင်၊ ယူကရိန်း အရှေ့ပိုင်းမှာ MH17 ပစ်ချခံရပြီး မဆီမဆိုင် လူ ၃၀ဝ နီးပါး သေဆုံးခဲ့ရတဲ့ သတင်းက နမူနာတွေပါပဲ။ ဒီနေ့ နိုင်ငံတကာ အခင်းအကျင်းဟာ ဘာလင်တံတိုင်း ပြိုသွားတဲ့ အချိန်နောက်ပိုင်း တခါမှမတွေ့ရတဲ့ အားပြိုင်မှုကို တကျော့ပြန်ရောက်လာတယ်လို့ လေ့လာသူတွေ အတော်များများက သဘောတူကြပါတယ်။ ဆိုလိုတာကတော့ ယူကရိန်းလို၊ မြန်မာပြည်လို တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးကို မတည်ဆောက်နိုင်တဲ့ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ အားစမ်းပွဲတွေမှာ စစ်မြေပြင်ဖြစ်ကြဖို့ အန္တရာယ် ပိုများလာပါတယ်။

Loading