အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုက သူ၏ စီးပွားရေးလုပ်ငန်းများကို ကျပ်တည်းစေပြီး အမေရိကန် အရာရှိများက သူ၏ ငွေဝင်ငွေထွက် မှန်သမျှကို မယုံသင်္ကာစွာဖြင့် စောင့်ကြည့် နေကြသည်ဟု မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇက ပြောဆိုကြောင်း နာမည်ကျော် အမေရိကန် စီးပွားရေးမဂ္ဂဇင်း FORBES က ရေးသားထားသည်။ မဂ္ဂဇင်း သတင်းထောက်က ဦးတေဇနှင့် တွေ့ဆုံမေးမြန်းရာတွင် အမေရိကန်တာဝန်ရှိသူများက မြောက်ကိုရီးယား နှင့် အဆက်သွယ်ရှိသည့် ကုမ္ပဏီများနှင့် ငွေကြေးလွှဲပြောင်းမှု၊ လက်ခံမှုများ ပြုလုပ်ခဲ့သည်ဟု မသင်္ကာဖြစ်ပြီး စင်ကာပူရှိ သူပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ ငွေစာရင်းများကို ပိတ်ပစ်ခြင်းအပါအဝင် အနှောင့်အယှက်များ ပြုလုပ်နေသည်ဟု သူက စွပ်စွဲလိုက်သည်။ ဝေးလံ ခေါင်ဖျား သည့် မြန်မာပြည် မြောက်ပိုင်းတွင် မိခင်ကို သတ်ဖြတ်ခံခဲ့ရသောကြောင့် မွေးစားထားသော ဝက်ဝံလေး ၂ ကောင် ရှေ့ မိကျောင်းသားရေခင်း ကုလားထိုင် နောက်ကျောကိုမှီထိုင်ချရင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇက အမေရိကန် အစိုးရကို “သူတို့က ကမ္ဘာ့ပုလိပ်တွေပဲ” ဟု ပြောကြောင်း ရေးထားသည်။
အသက် ၅၀ အရွယ်ရှိပြီဖြစ်သော ဦးတေဇသည် အမေရိကန် အစိုးရအတွက် ဒွိဟတခုလည်း ဖြစ်သည်။ ရင်းနှီး မြှုပ်နှံသူများ နှင့် လေ့လာသုံးသပ်သူများက မြန်မာနိုင်ငံမှ သြဇာအကြီးဆုံး စီးပွားရေးသမားအချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဆက်လက်ထားရှိခြင်းက နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှိနေခဲ့သည့် နိုင်ငံတခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထိခိုက်စေလိမ့်မည် ဟုပြောကြသည်။ ယခုအချိန်တွင် အရပ်သားအသွင်ပြောင်း အစိုးရ အာဏာရနေပြီ ဖြစ်သော်လည်း လူ့အခွင့်အရေး ဖောက်ဖျက်မှု ကြောင့် နာမည်ပျက်ခဲ့သည့် စစ်အစိုးရဟောင်းကို ထောက်ခံခဲ့သည့် စီးပွားရေးသမားများကို အခွင့်အရေး မပေးရန် အမေရိကန် အာဏာပိုင်များ အပေါ် တွင် ဖိအားပေးမှုများ ရှိနေဆဲဖြစ်သည်။
“ဒီခရိုနီတွေက သူတို့ ပိုက်ဆံအိတ်နဲ့ သူတို့ အနေအထားကိုပဲ ဂရုစိုက်တယ်။ မြန်မာပြည်သူတွေ အတွက် ကောင်းကျိုး ဘာမှ ပေးမှာမဟုတ်ဘူး” ဟု မြန်မာ-အမေရိကန် ဆက်သွယ်မှု လျှော့ချရေး ဥပဒေကြမ်းတခု တင်သွင်းနိုင်ရန် ကြိုးစား နေသော ရီပတ်ဘလစ်ကင် ကွန်ဂရက်လွှတ်တော် အမတ် Steve Chabot က ပြောကြောင်း FORBES မဂ္ဂဇင်းက ရေးသည်။
မဂ္ဂဇင်း၏အဆို Air Bagan လေကြောင်းလိုင်းသည် အမေရိကန်လုပ် စက်ပစ္စည်း အစိတ်အပိုင်းများကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ခြင်း မရှိသဖြင့် လွန်ခဲ့သည့် နှစ် အနည်း ငယ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀ခန့် အရှုံးပေါ်ခဲ့ကာ ပိတ်ပစ်ရနိုင်သည့် ဖိအားများ ရှိနေသည်ဟု ဦးတေဇက ပြောကြောင်း သိရသည်။
သူ၏ ငွေစာရင်း ၉ခုကို ပိတ်လိုက်ကြောင်း စင်္ကာပူနိုင်ငံမှ United Overseas ဘဏ် (UOB) မှ ဧပြီလ ၁၇ နေ့ ရက် စွဲ ဖြင့် ပေးပို့လာသည့် စာများကို သတင်းထောက်ကို ထုတ်ပြသည်။ စာများတွင် အကျိုးအကြောင်း ရှင်းပြမထားသလို မှတ်ချက်ပေးရန် မေတ္တာရပ်ခံသည့်အခါ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ဟု သိရသည်။ သို့သော်လည်း မြောက်ကိုရီးယား နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲ ခြင်းခံရ သော တရုတ်နိုင်ငံမှ ကုမ္ပဏီများသို့ သူငွေလွှဲပြောင်းခြင်းများ ပြုလုပ်ခဲ့ခြင်း အပေါ် အမေရိကန်အာဏာပိုင်များက မေးခွန်း ထုတ်မှုများ မြင့်တက်လာခဲ့ပြီးနောက်ပိုင်းတွင် UOB ဘက်မှ စိုးရိမ်မှုများ ဖြစ်လာခဲ့သည်ဟု ဦးတေဇက ပြောပြသည်။
အဆိုပါ ငွေလွှဲပြောင်းမှု အချို့ကို လုံ့လဝီရိယကောင်းသည့် အမေရိကန်အရာရှိများက သိရှိသွားခဲ့ပြီးနောက် ဦးတေဇ၏ စင်္ကာပူ အခြေစိုက် 4G Investment ကုမ္ပဏီ နှင့် ပတ်သက်သည့် အခြားအချက်အလက်များ မေးမြန်းရန် ဆက်သွယ်လာခဲ့သည်။ ဦးတေဇ၏ အကိုဖြစ်သူ ဦးသီဟ နှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကိုယ်စားလှယ် ၂ ဦးတို့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းတွင် တွေ့ဆုံခဲ့ကြသည်။ FORBES မဂ္ဂဇင်းက ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးကို အဆိုပါ တွေ့ဆုံမှု အကြောင်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်မည့် စုံစမ်းမှုများ အကြောင်း ထုတ်ဖော်ပြောဆိုရန် တောင်းခံသည့်အခါ ညင်းပယ်ခဲ့သည်။ ၎င်းတို့တွင် သီးခြားကိစ္စများနှင့် ပတ်သက်၍ မှတ်ချက်မပေးရန် မူဝါဒ ချမှတ်ထားကြောင်းလည်း ပြောသည်။
ဦးတေဇက FORBES သတင်းထောက်သို့ ထုတ်ပြခဲ့သည့် 4G Investment အပြင် သူပိုင် အခြား ကုမ္ပဏီ တခုဖြစ် သည့် Asia Pioneer Impex နှင့် ငွေလွှဲပြောင်းမှု၊ လက်ခံမှုရှိခဲ့သော တရုတ်ကုမ္ပဏီ စာရင်းတွင် Fanwell၊ Goldtec Trading Group၊ Win Trade World Wide၊ Ocean Wide Trading (Hong Kong) နှင့် Fortune Sun International Trading တို့ ပါဝင်ကြောင်း သိရသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ၎င်းတို့ထဲမှ Fortune Sun International Trading သည် မြောက်ကိုရီးယား မှ Tanchon Commercial ဘဏ်မှ တည်ထောင်ထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ၂၀၀၉ ခုနှစ် အတွင်းက အမေရိကန် သံတမန်ကြေးနန်း သတင်းများကို ဖော်ထုတ်ဖွင့်ပြခဲ့သည့် WikiLeaks ၏ အဆိုအရ သိရသည်။ ကုလသမဂ္ဂက Tanchon ကို ၂၀၀၉ ခုနှစ် တွင် ပိတ်ဆို့ အရေးယူခဲ့ပြီး ဖျက်အားပြင်းလက်နက်များ၊ ပဲ့ထိန်း ဒုံးကျည်များ နှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ထုတ်လုပ်ရေး ပစ္စည်းများ ရောင်းချမှုတွင် ဘဏ္ဍာရေးဆိုင်ရာ အဓိက တာဝန်ရှိသူအဖြစ် ဖော်ပြခဲ့သည်။
ငွေပေးချေမှုများကို မြန်မာအစိုးရ၏ ကိုယ်စားပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးတေဇက ဆိုသည်။ ကမ္ဘာ့ဈေးကွက်မှ ဝယ်ယူမှု အများအပြားပိတ်ဆို့ခြင်းခံထားရသည့် မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ လွှဲပြောင်းမှု ပြုလုပ် ပေးခဲ့ကြောင်း၊ ငွေလွှဲပြောင်းမှုမှတ်တမ်းများအရ စစ်အစိုးရလက်ထက်တွင် ငွေပေးချေမှု အများစုသည် Fortune Sun International Trading သို့ ဖြစ်ကြောင်း၊ သို့သော်လည်း တခုမှာ ၂၀၁၁ ခုနှစ် မတ်လတွင် အစိုးရသစ် အာဏာရရှိလာပြီး နောက်ပိုင်း ၈ လ အကြာတွင် ဖြစ်ကြောင်း သိရသည်။
အတိတ်ကရော လက်ရှိကာလတွင်ပါ မြန်မာအစိုးရနှင့် မြောက်ကိုရီယားတို့၏ ဆက်သွယ်မှု သတင်း အချက်အလက်များ ရရှိရေးက ခက်ခဲပါသည်။ မည်သည့် ကိစ္စတွင်မဆို အစိုးရအာဏာပိုင်များ ခိုင်းသည့်အတိုင်း လုပ်ရန်မှလွဲ၍ သူ့တွင် ရွေး ချယ်စရာမရှိခဲ့ဟု ဦးတေဇက အလေးအနက်ပြောသည်။ “အစိုးရက ဘာခိုင်းခိုင်း၊ ကျနော်လုပ်ရမှာပဲ” ဟု ဦးတေဇက FORBES မဂ္ဂဇင်းကို ပြောဆိုသည်။
ယခင် စစ်အစိုးရ အာဏာပိုင်များသည် စီးပွားရေး ရပ်တည်နိုင်ရေး အတွက် ဦးတေဇကဲ့သို့သော စီးပွားရေး လုပ်ငန်းရှင် ကြီး များကို မှီခို အားထားခဲ့ကြရသည်။ လူအများက ခရိုနီများဟု သိကြသည့် လုပ်ငန်းရှင်ကြီးများသည် ဒဏ်ခတ်ပိတ်ဆို့ မှုကို တရားမဝင်နည်းလမ်းဖြင့် ရှောင်လွှဲရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပြီး စစ်အစိုးရ၏ ရက်ရောစွာ ချီးမြှင့်မှုများ ကို လည်း ရရှိခဲ့ကြသည်။ သစ်ထုတ်လုပ်ရေးမှသည် မော်တော်ကား တင်သွင်းခြင်းအထိ လုပ်ပိုင်ခွင့်များ ရခဲ့ကြသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်တွင် အထူးကန့်သတ်ထားသည့် နိုင်ငံသားများ စာရင်း (Specially Designated Nationals -SDN) တွင် ဦးတေဇကို ထည့်သွင်း၍ ဒဏ်ခတ်အရေးယူခဲ့သည်။ ထိုအချိန်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ စစ်လက်နက်များနှင့် စစ်လေယာဉ်များ ဝယ်ယူပေးခြင်း အပါအဝင် စစ်အစိုးရကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့၍ ဖြစ်သည်ဟု ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်အတွင်းက ပေးပို့ခဲ့သော သံတမန်ကြေးနန်းသတင်းများ ပေါက်ကြားခဲ့ရပြီး နောက်ပိုင်းတွင် အမေရိကန် အစိုးရ၏ ကန့်ကွက်ချက်များက ပိုမို ထင်ရှားလာသည်။ အဆိုပါသတင်းများက ဦးတေဇသည် လက်နက်ခဲယမ်းမီးကျောက်များ၊ ထောက်ပံ့ရေး ပစ္စည်းများ၊ MI-17 ရဟတ်ယာဉ်များ နှင့် MiG-29 ဂျက်တိုက်လေယာဉ်များ စစ်တပ်သို့ ရောင်းချခြင်းမှ ပွဲခ မြောက်များစွာ ရရှိကြောင်း ဆိုသည်။
ဦးတေဇကမူ သူ့အပေါ်စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး “သက်သေအထောက်အထားပြသရန်” အမေရိကန် တာဝန်ရှိ သူများကို စိန်ခေါ်လိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနများသို့ ပေးပို့ခဲ့သည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သော အမေရိကန် အစိုးရတာဝန်ရှိသူ တဦးက ဦးတေဇကို အရေးယူရန် ခိုင်လုံတိကျသည့် သက်သေ အထောက်အထားများ တည်ဆောင်နိုင်ခြင်း မရှိခဲ့ဟု ဝန်ခံခဲ့ကြောင်း FORBES မဂ္ဂဇင်းက ရေးသည်။
SDN စာရင်းဝင် နောက်ထပ်လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဦးဝင်းအောင်ကလည်း ထိုစာရင်းအတွက် ကောလာဟလများကိုသာ အမေရိကန်နိုင်ငံက အားကိုးခဲ့ကြောင်းပြောသည်။ “သူတို့ ဒီသတင်း အချက်အလက်တွေ ဘယ်က ရခဲ့သလဲ။ သူတို့ရနေတဲ့ အချက်အလက်တွေက မှန်ကန်တယ်လို့ ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်မလဲဆိုတာ က တကယ့်ကို မေးခွန်းထုတ်စရာကြီးပါပဲ” ဟု သူက မေးလိုက်သည်။
ရုရှားလုပ် MI-17 ရဟတ်ယာဉ်များ ရောင်းချခဲ့ကြောင်း ဦးတေဇက ဝန်ခံသည်။ ဝန်ဆောင်မှုအတွက် ကန်ထရိုက် ဆက်လက်ရရှိထားပြီး မြန်မာစစ်တပ်သို့ အပိုပစ္စည်းများ ပေးသွင်းခဲ့ကြောင်းလည်း ပြောသော်လည်း အခြား လက်နက် ရောင်းချမှုများတွင် ပါဝင်ခြင်း မရှိဟု ဆိုသည်။ သူက မြန်မာစစ်ဗိုလ်ချုပ်များနှင့် ရုရှားများကို မိတ်ဆက် ပေးခဲ့ ခြင်းဖြစ်သော်လည်း ထိုအချိန်မှစ၍ ညှိနှိုင်းဆွေးနွေးခြင်းကို သူတို့ဘာသာ တာဝန်ယူလုပ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူတို့က အစိုးရချင်း တိုက်ရိုက် ဆောင်ရွက်ခဲ့တာပါ။ ကျနော်တို့က အစည်းဝေးခန်းထဲကိုတောင် သွားလို့ မရပါဘူး” ဟု ဦးတေဇက FORBES မဂ္ဂဇင်းကို ပြောသည်။ WikiLeaks က ဖော်ပြခဲ့သော ၂၀၀၇ ခုနှစ် သံတမန်ကြေးနန်းသတင်းများတွင် သူ့ကို ယခင်စစ်အစိုးရ၏ အတွင်းစည်းမှ အစိတ်အပိုင်းတခု အဖြစ် ပုံဖော်ပြခဲ့သည်။ WikiLeaks က သူ့ကို မြန်မာနိုင်ငံ၏ နံပတ်တစ် ခရိုနီ စီးပွားရေးသမားဟု ခေါ်ဝေါ်ခဲ့သည်။ ထို့ပြင် စစ်အစိုးရခေါင်းဆောင်များ၏ မျက်နှာသာပေးမှုနှင့် အကျိုးအမြတ် အများဆုံး လုပ်ငန်းကန်ထရိုက်များ ရရှိနိုင်ရန်အတွက် ရက်ရောစွာ မျက်နှာလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
အမေရိကန်နိုင်ငံက အရပ်သားနိုင်ငံရေးသမားများအဖြစ် ပြောင်းလဲခဲ့သော SDN စာရင်းအတွင်းမှ စစ်ဗိုလ်ချုပ်များကို ပယ်ဖျက်ပေးခဲ့သည်။ ၎င်းတို့ထဲတွင် သမ္မတဦးသိန်းစိန်နှင့် ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သော ပြည်သူလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းတို့လည်း ပါဝင်သည်။ သို့သော်လည်း စာရင်းထဲတွင် ဦးတေဇနှင့် အခြားသော မြန်မာလုပ်ငန်းရှင်ကြီးများ ကျန်ရှိနေသေးသည့် အတွက် ၎င်းတို့ကို မြန်မာနိုင်ငံသား စီးပွားရေးလက်တွဲဖက်များအဖြစ် ယူဆထားကြသည့် အမေရိကန် စီးပွားရေးသမားများက အာရှ၏ အလားအလာ အကောင်းဆုံး ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ဆူဆူညံညံ တောင်းဆိုလာနေကြသည်။
“အမေရိကန် ကုမ္ပဏီ အများစုက SDN စာရင်းကို ပြင်ဆင်မှု လုပ်စေချင်ကြတယ်။ ဒါမှလည်း စာရင်းကနေ ဖယ်ထုတ်လို့ ရနိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို ဖယ်ထုတ်နိုင်မယ်လေ” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများ အသင်း၏ ဥပဒေရေးရာ ကော်မတီဥက္ကဌ William Greenlee ကပြောကြောင်း FORBES မဂ္ဂဇင်းက ရေးသည်။ William Greenlee သည် အမေရိကန် နိုင်ငံမှ ဥပဒေ ရေးရာ နှင့် အခွန် အကျိုးဆောင်ကုမ္ပဏီတခုဖြစ်သည့် DFDL မှ ရှေ့နေတဦးလည်း ဖြစ်ပါသည်။
ဇန်နဝါရီလ အလယ်ပိုင်း ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက SDN စာ ရင်းအတွင်းမှ နာမည်အချို့ကို မကြာမီဖယ်ရှားပေးတော့မည်ဟု သတင်းကောင်းပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း ၆ လကြာသည်အထိ မည်သည့်နာမည်ကိုမှ ဖယ်ရှားပေးခြင်း မရှိသေးပါ။ နှောင့်နှေးနေရခြင်းသည် အမေရိကန် အစိုးရဘက်ကရော နေပြည်တော်ရှိ မြန်မာအစိုးရဘက်ကပါ နိုင်ငံရေး ကျားကွက်ရွှေ့မှုများ ပြုလုပ်ရန် ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် အစိုးရအတွင်းပိုင်းလူများက ပြောကြောင်း FORBES မဂ္ဂဇင်းက ရေးသည်။ အမေရိကန် နိုင်ငံမှ နိုင်ငံရေးသမားများနှင့် လူ့အခွင့် အရေး အဖွဲ့များကလည်း မြန်မာအစိုးရသည် ကတိပြုထားပြီးဖြစ်သည့် ပြုပြင်ပြောင်းလဲရေးများကနေ နောက်ကြောင်းပြန် သွားနေသည်ဟု ပြောဆို ဖိအားပေးလာနေကြသည်။
အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်ကန့်ကွက်နေသူများထဲတွင် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များကို ဖိနှိပ်ခြင်း ရပ်တန့်စေရန် မြန်မာအစိုးရကို ပိုမိုပြင်းထန်သည့် ဖိအားသက်ရောက်စေမည့် ဥပဒေကြမ်း တရပ် တင်သွင်းနိုင်ရန် ကြိုးစားနေသော ကွန်ဂရက်လွှတ်တော် အမတ် Steve Chabot လည်း အပါအဝင်ဖြစ်သည်။ Steve Chabot က SDN စာရင်းကို ပယ်ဖျက်ခြင်းက မှားယွင်းသော သတိပေးချက်ဖြစ်လိမ့်မည်ဟု ပြောသည်။ “အမေရိကန် ကုမ္ပဏီတွေနဲ့ ခရိုနီတွေ ပူးပေါင်းမယ့် ကိစ္စကို ကျနော် ဘယ်လိုနည်းနဲ့မှ မထောက်ခံနိုင်ပါဘူး” ဟု သူက FORBES မဂ္ဂဇင်းကို ပြောဆိုသည်။
ဇွန်လနှောင်းပိုင်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ က SDN စာရင်း တွင်ပါဝင်သူများကို ဖိတ်ခေါ်၍ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး စာရင်းမှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။ လိုအပ်သည့် သတ်မှတ်ချက်များထဲတွင် စစ်တပ်နှင့် အဆက်အသွယ်ဖြတ်တောက်ရန်၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွင် ပွင့်လင်း မြင်သာမှု ပြသနိုင်ရန်တို့ပါဝင်သည်။ ၎င်းအချက်များသည် ဦးတေဇတို့လို စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် ဝါရှင်တန် ဒီစီ မှ နိုင်ငံရေး အတိုက်အခံများထက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုတခုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်ဟု FORBES မဂ္ဂဇင်းက ရေးသားထားပါသည်။