ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့သည် နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးသိန်းဖေမြင့်၏အသက် နှစ် ၁၀၀ ပြည့်မွေးနေ့ ဖြစ်သည်။ ရာပြည့်အထိမ်းအမှတ်ပွဲ တခုခုလုပ်မည်ဟု သတင်းကြားသည်။
မည်သူတွေ ဦးဆောင်၍ မည်သည့် အစီအစဉ်များဖြင့် ပြုလုပ်မည်ကို မသိသော်လည်း မြန်မာ့သမိုင်းတွင် ချန်လှပ်ထားခဲ့၍မရသည့် ထင်ရှားခဲ့သူများအနက် တဦးအပါအဝင်ဖြစ်သည့် ဆရာ သိန်းဖေမြင့်၏ ရာပြည့် ပွဲသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သည့် ၈ နှစ်က ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့သည့် အမျိုးသား စာဆို ဆရာ ဇော်ဂျီ ရာပြည့်ပွဲကို ပြန် လွမ်းမိသေးသည်။
ထိုစဉ်က ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းမှ ဖျာပုံမြို့သို့ ပြည်တွင်းရေကြောင်းပိုင် ၂ ထပ်သင်္ဘောကြီးဖြင့် ခရီးထွက်ခဲ့ကြသည်။ သင်္ဘောကြီး၏ အပေါ်ထပ်တထပ်လုံးတွင် အခြားသော ခရီးသည်များမရှိဘဲ ဇော်ဂျီရာပြည့်ပွဲသို့ သွားမည့် ဧည့်ပရိသတ်များက နေရာ ယူ ထားသည်။
စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာနှင့် အနုသုခုမနယ်ပယ်မှ ပုဂ္ဂိုလ်များသည် ရန်ကုန်မှ စထွက်ကတည်းက ဖျာပုံရောက် သည်အထိ တညလုံးမအိပ်ဘဲ မိတ်ဟောင်းဆွေဟောင်းများနှင့် စကားလက်ဆုံကျကြသည်။ ကဗျာ ဆရာများက ကဗျာတွေ ရွတ်ကြ သည်။ တချို့ ကဗျာဆရာများက ကဗျာကို ဈာန်ဝင်စားကာ ငိုကြသည်။ စောင်းကောက် တီးသူက တီးသည်။ သီချင်းဆိုသူက ဆို သည်။ ကွေးနေအောင် ကသူက ကသည်။ ထိုတညလုံး သင်္ဘောပေါ်တွင် ကိုယ့်လူတွေချည်း တရုန်းရုန်းဖြင့် ပျော်ရွင်ဖွယ် ကောင်း လှသည်။
ဆရာဇော်ဂျီ စာကြည့်တိုက်နှင့် ဇော်ဂျီ ရာပြည့်ပွဲကို ဖျာပုံမြို့မှ နာမည်ကျော် ရာမဇာတ်တော်ကြီးဖြင့် ဖျော်ဖြေသည်။ နိုင်ငံကျော် စာရေးဆရာများက စာပေဟောပြောပွဲလုပ်သည်။ ဆရာသုမောင်က သီချင်းဆိုသည်။ ဆရာ ဆောင်းဝင်းလတ်က စင်ပေါ်တက်၍ ကွေးနေအောင် ကသည်။ တက်ရောက်လာသည့် ဒေသခံ ရွှေပွဲလာ ပရိသတ်များကလည်း ဇာတ်စင်ရှေ့တွင် အလင်းပေါက်ထိုင်ကာ အားပေးကြသည်။
ဆရာဇော်ဂျီ ရာပြည့်အထိမ်းအမှတ် ကျရောက်သည့် ၂၀၀၆ ခုနှစ်က ဆရာကြီးပါရဂူလည်း ကျန်းမာစွာ အသက်ရှင်လျက် ရှိသေး သည်။ ဆရာမောင်ဝံသလည်း ရှိသည်။ စာပေဗိမ္မာန်စာကြည့်တိုက်က ဆရာမောင်ဆုရှင်လည်း ရှိသည်။ ဦးသုမောင်လည်း ရှိသေး သည်။ ထိုပုဂ္ဂိုလ်များအားလုံး တက်ရောက်ကြသည်။
ယခု ဆရာသိန်းဖေမြင့်၏ ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို သူ့မွေးရပ်ဇာတိ ဘုတလင်မြေတွင် ပြုလုပ်မည်။ မြန်မာ စာပေလော က တွင် ယခင်ကလောက် လူစုံတက်စုံ မရှိတော့၍လား မဆိုနိုင်။ စာပေမိသားစုဝင်များက ဦးဆောင် စီစဉ်ကာ ရန်ကုန်မှ အဖွဲ့လိုက် ထွက်ခွာသည့် အစီအစဉ်မရှိ။ ထို့ကြောင့် ဆရာသိန်းဖေမြင့် ရာပြည့်ပွဲကို ကိုယ့် အစီအစဉ်နှင့် ကိုယ် ရန်ကုန်မှ ထွက်ခဲ့သည်။
ရန်ကုန်မှ မုံရွာသို့ ဦးတည်လိုက်သည်။ မုံရွာသို့ရောက်လျှင် နယ်သတင်းထောက် မိတ်ဆွေများ ရှိသည်။ သူတို့နှင့် အတူ ဘုတလင် သို့ ခရီးဆက်မည်။
မုံရွာသို့ ရောက်လျှင် မုံရွာမြို့ခံ နယ်သတင်းထောက်တဦးဖြစ်သည့် ကိုမင်းနိုင်သူက လာကြိုသည်။ သူ့အိမ်တွင် ခရီးဆောင်အိတ်များကိုထားကာ သူ့ကားဖြင့် ဘုတလင်သို့ ခရီးဆက်ကြသည်။ အခြားမုံရွာနယ်ခံ သတင်းထောက်များက ကားဝင်နောက်ကျနေသည့် အတွက် မိမိတို့အား မစောင့်ဆိုင်းနိုင်တော့သဖြင့် ရှေ့မှ သွားနှင့်ကြပြီ။
မုံရွာမှ ဘုတလင်သို့ မိုင် ၂၀ ခန့် ခရီးရှိသည်။ မုံရွာမှ ဘုတလင်သို့ သွားရာလမ်းအား လမ်းဘေးတဖက်တချက်ရှိ သက်တမ်းရင့် ထနောင်းနှင့် တမာပင်ကြီးများက လက်ယှက်ထိုးကာ အုပ်မိုးထားသည်။ ဆရာသိန်းဖေမြင့်၏ စာအုပ်များတွင် ပါဝင်လေ့ရှိသော အညာအငွေ့အသက်များကို လမ်းတလျှောက်လုံး တွေ့မြင်ခံစားနိုင်သည်။
ဦးသိန်းဖေမြင့်ရေးသားခဲ့သည့် “အညာပြန်” စာအုပ်ထဲမှ ချည့်နဲ့ ယိမ်းယိုင်လျက်ရှိသဖြင့် ပုံလဲကျတော့မတတ် ဖြစ်နေသော၊ စက်ခေါင်းအဖုံး ဂနာမငြိမ်သဖြင့် ခဏခဏ ပြင်ဖုံးနေရသော၊ ရေတိုင်ကီ ပွက်လွန်းလှသဖြင့် ခဏခဏ ရေအေး လောင်းပေးရသော၊ အပေါ်မှ စက်နှိုးမရသဖြင့် အောက်အပြေးဆင်းကာ ဂေါက်လှည့်ရသော မုံရွာ-ဘုတလင် တနာရီ ၁၀ မိုင်နှုန်းဖြင့် ခုတ်မောင်းနေသည့် ဘတ်စ် ကားကြီးကို မြင်ယောင်မိသည်။
ယခုမြင်ကွင်းထဲမှာကား ဆိုင်ကယ်များ၊ ခေတ်မီကားများ တဝီဝီ မောင်းနှင်သွားလာနေကြသည့် မုံရွာ-ဘုတလင် လမ်းမကြီးပင်ဖြစ် တော့သည်။
ဇူလိုင်လ ဖြစ်သော်လည်း အညာတွင် မိုးမရွာသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်ရာ ဘုတလင်သည် ခြောက်သွေ့၍ နေသည်။ ဘုတလင်မြို့သို့ အဝင်တွင် ဈေးဆိုင်တန်းများကိုတွေ့ရာ လမ်းမသိသော မိမိတို့သည် ကားကိုရပ်၍ လမ်းမေးရသည်။ လမ်းမေးခံရ သူသည် ကားအနီးသို့ ရောက်လာပြီး သူကိုယ်တိုင်လိုက်ပြမည်ဟု ဆိုကာ ဈေးဆိုင်၏ တိုင်တွင် ချိတ်ထားသော အကျႌကို ဆွဲယူကာ ကားပေါ်သို့ တက်၍ လိုက်လာလေသည်။
မုံရွာ-ဘုတလင်-ရေဦးလမ်း တလျှောက်မောင်းနှင်လာပြီး လမ်းချိုးတခုပြီးတခု ကွေ့ဝင်ခဲ့ရာမှ အဖြူရောင် အောက်ခံပေါ်တွင် အပြာ ရောင် ဖောင်းကြွစာလုံးများဖြင့် “သိန်းဖေမြင့် စာကြည့်တိုက်” ဟု ရေးထိုးထားသည့် ဆိုင်းဘုတ် အနီးရှိ အဆောက်အအုံ ရှေ့သို့ အရောက်တွင် ကားကို ရပ်လိုက်သည်။ မိမိတို့ သွားလိုသည့် ခရီးကို ရောက်လေပြီ။
ဘုတလင်မြို့ ဗန္ဓုလရပ်ကွက်ရှိ မြတ်သဒ္ဒါ လူမှုကူညီရေး အသင်းရုံးနှင့် ကပ်လျက်တွင် “သိန်းဖေမြင့် စာကြည့်တိုက်” ရှိသည်။ ထိုစာကြည့်တိုက်၏ အပြင်ဘက်တွင် ဆရာသိန်းဖေမြင့်နှင့် ပတ်သက်သည့် စာများ၊ ကိုယ်ရေး အထ္တုပ္ပတ္တိ အကျဉ်းနှင့် မိသားစု ဓာတ်ပုံ များကို ကျောက်သင်ပုန်း နှစ်ချပ်ဖြင့် ကျကျနန ကပ်ထား၏။
စာကြည့်တိုက်ထဲသို့ ဝင်ကြည့်လိုက်လျှင် လည်ကတုံးကျႌ နှင့် တိုက်ပုံအကျႌကို ဝတ်ဆင်ထားကာ မျက်နှာမူရာ အရပ်သို့ ဦးခေါင်းကို မော့လျက် လှမ်းမျှော်ကြည့်နေသည့် ဆရာသိန်းဖေမြင့်ကို တွေ့လိုက်ရသည်။ နံရံထက်ရှိ စင်မြင့်တခုပေါ်တွင် နေရာယူထားသည့် ထိုကျောက်ဆစ်ပုံတူ ပန်းပုရုပ်တုသည် လက်ရာမြောက်လွန်းလှသည်။ ထိုစင်မြင့်ကလေးတွင် ချိတ်ဆွဲထားသည့် အဝါရောင် နေကြာပန်းပွင့်ကြီးများ ထိုးစိုက်ထားသော ပန်းခြင်းကလေးသည် ဆရာ့၏ သမီးဖြစ်သူ ဒေါ်ကြည်သာမြင့်၏ လွမ်းသူ့လက်ဆောင်ဖြစ် သည်။
စာကြည့်တိုက် အတွင်းပိုင်းသည် မကျဉ်းမကျယ် အနေအထားဖြစ်ပြီး စာအုပ်စင်များ၊ စာကြည့်တိုက်မှူးနေရာ စသည်ဖြင့် စနစ်တကျ စီစီရီရီ ရှိသည်။ စာကြည့်တိုက်၏ နံရံများတွင် စာအုပ်စာပေနှင့် ပတ်သက်သည့် ဒဿန စာတမ်းများ သေသေသပ်သပ် ကပ်ထား သည်။ စာအုပ်စင်များပေါ်တွင်လည်း စာအုပ်တချို့က နေရာယူထားသည်။ သို့သော် စာအုပ်စင် အလွတ်များ ကျန်နေသေးသည်။
မိမိတို့ ရန်ကုန်မှ သယ်သွားသည့် မဂ္ဂဇင်းနှင့် ဂျာနယ်တချို့ကို စာကြည့်တိုက်အတွက် လှူခဲ့သည်။ များများစားစားတော့ မဟုတ်လှ။ သို့သော် သည်လိုနှင့်ပင် သူတလက် ငါတလက်ဖြင့် သည်စာကြည့်တိုက် ကလေး ပြည့်စုံသွားမည်ဖြစ်ရာ မိမိတို့လည်း အုတ်တချပ်၊ သဲတပွင့် ပါဝင်ခဲ့ခြင်းဟု သဘောပိုက်မိသည်။
ထိုစာကြည့်တိုက်လေးသည် ဘုတလင်မြို့၏ အထင်ကရဖြစ်သည့် ရန်အောင်မြင် ဘုရားဝင်းနှင့် လမ်းတဖက်တချက်စီ၌ တည်ရှိသည်။ ဘုရားဝင်း အတွင်း၌ ပရိတ်တရားနာ၊ ဆွမ်းကပ်လှူပွဲနှင့် ဆရာသိန်းဖေမြင့်အား ရည်စူး၍ မိသားစုဝင်များ၏ ဆွမ်းစားဆောင် ရေစက်ချ လှူဒါန်းပွဲကို ဦးစွာ ပြုလုပ်မည်ဖြစ်ရာ စာကြည့်တိုက်တွင် ဧည့်ခံကြိုဆိုပေးနေသည့် ဦးကြီးတယောက်က ရန်အောင်မြင် ဘုရားဝင်း အတွင်းသို့ လိုက်ပို့ပေးသည်။ ရန်အောင်မြင် ဘုရားဝင်း အတွင်း၌ မုံရွာစာပေ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက အစောဆုံး ရောက်နှင့်နေကြသည်။
ထိုဘုရားဝင်း၏ အနောက်ဘက်တွင် ရေကန်ကြီး တကန်ရှိသည်။ ထိုရေကန်၏ ဘေးတွင် ဆရာဦးသိန်းဖေမြင့်၏ မိဘများ နေထိုင်ခဲ့ သည့် ခြံဝန်းကြီးရှိသည်ဟု မြို့ခံများက ပြောပြသည်။
ဆရာ၏ဇနီး ဒေါ်ခင်ကြည်ကြည်က အသက်အရွယ်ကြောင့် ရန်ကုန်နှင့် ဘုတလင်ခရီး အကွာအဝေးကို လာရောက်နိုင်ခြင်း မရှိသော် လည်း သားသမီးများဖြစ်သည့် ဦးဟံသာမြင့်၊ ဦးခွန်သာမြင့်နှင့် ဒေါ်ကြည်သာမြင့်တို့နှင့်အတူ သူတို့၏ မိသားစုများလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ သိပ်မကြာခင် မန္တလေး စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ ရောက်လာကြသည်။ ဆရာ သင့်နော်၊ ဆရာ ဆူးငှက်၊ ဆရာ ကျော်ရင်မြင့်၊ ဆရာ ညီစေမင်း အပါအဝင် စာပေသမားများ၊ မန္တလေးသို့ရောက်နေသည့် ရန်ကုန်မှ တော်ဝင်နှင်းဆီ ဦးစိုးညွန့်၊ ဦးစိုးဝင်းငြိမ်း တို့ ဂုဏ်ပြု တက်ရောက်ကြသည်။
ရာပြည့်အခမ်းအနား တက်ရောက်လာသူများအား ဦးစိုးညွန့်က ရာပြည့်အမှတ်တရ အဖြစ် တက်ဘုန်းကြီး သခင်သိန်းဖေ အမည်ဖြင့် ရေးသည့် “လက်ငင်း တို့တာဝန်” ဆိုသော စာအုပ်ငယ်ကို မေတ္တာလက်ဆောင် ဝေငှသည်။ ထိုစာအုပ်ငယ်သည် နဂါးနီ အသင်း သား များအတွက် နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေသည့် စာအုပ်ငယ်ဖြစ်ပြီး စာအုပ်ငယ်၏ အောက်ခြေတွင် “အသင်းသား အလကား၊ အပြင်လူ ၂ ပြား” ဟု ဈေးနှုန်း သတ်မှတ်ထားသည်။
ဆရာ သိန်းဖေမြင့်၏ ရာပြည့်ပွဲတွင် ကျန်ရစ်သူ မိသားစုဝင်များက တည်ဆောက် လှူဒါန်းသည့် စာကြည့်တိုက် ဖွင့်ပွဲနှင့် ရန်အောင်မြင် ဘုရားဝင်း အတွင်းရှိ ဆွမ်းစားဆောင်သစ်အား ရေစက်ချ လှူဒါန်းခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။
“ဒီအချိန်မှာ ဖေဖေနဲ့ပတ်သက်ပြီး ဘာကို အမှတ်အရဆုံးလဲဆိုရင် ဟိုအရင်တုန်းက ဒီရန်အောင်မြင်ဘုရားကို ကမ္ဘာပေါ်မှာ အကြီး ဆုံးလို့ ထင်ခဲ့တဲ့အကြောင်း၊ နောက်ပိုင်း ရန်ကုန်ရောက်ပြီး ရွှေတိဂုံ ဘုရားကို ဖူးရတော့မှ ဒီထက်ကြီးတဲ့ ဘုရားတွေ ရှိသေးတာ သိတဲ့ အကြောင်း ခဏခဏ ပြန်ပြောပြဖူးတာလေး မှတ်မိနေတယ်”ဟု ဒေါ်ကြည်သာမြင့်က ပြောပြသည်။
ဒေါ်ကြည်သာမြင့် အနီးတွင် ရပ်နေသည့် အသက် ၇၀ ကျော် အဘွားအိုများသည် ဦးသိန်းဖေမြင့်၏ သမီးမှန်း သိသောအခါ အံ့သြ သည့် မျက်နှာအမူအယာများဖြင့် ရင်ဘတ်ကလေးများကိုဖိလျက် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ အတိတ်က မြင်ကွင်းများကို သူ့ထက်ငါ အရင် ပြောကြဆိုကြသည်။
“အရင်တုန်းကဆိုရင် ဦးဘခြံ၊ ဦးဘခြံဆိုပြီး ဦးသိန်းဖေမြင့်တို့ ခြံထဲမှာ ရေသွားခပ်ရတယ်။ ဦးဘဆိုတာ ဦးသိန်းဖေမြင့်ရဲ့ အဖေပေါ့” ဟု ဘုတလင် ဒေသခံ အသက် ၇၅ နှစ်အရွယ် အဘွားအိုတဦးက ဆိုသည်။
“ဦးသိန်းဖေမြင့်ကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးနေတာ။ ကပ်ထားတဲ့ ဓာတ်ပုံတွေထဲမှာ သူဝတ်ထားတဲ့ ပုဆိုး ကွက်ထောက်ကြီးက ဘုတလင်ပြန်လာရင် သူဝတ်နေကျပဲ။ ငယ်ငယ်တုန်းက ရွေးကောက်ပွဲမှာ ဦးသိန်းဖေမြင့် ဟောပြောပွဲတွေ သွားနားထောင်ရတာ မှတ်မိတယ်။ လူထုတွေ့ဆုံပွဲတွေ လျှောက်လိုက်ရင်း “အပြစ်လွတ်တဲ့ တို့ခေါင်းဆောင်၊ တို့ခေါင်းဆောင်ဟာ ဦးသိန်းဖေမြင့်” ဆိုပြီး အသံပြိုင် အော်ခဲ့ကြတယ်”ဟု ဘုတလင် ဒေသခံ အသက် ၇၀ ဝန်းကျင် ဒေါ်ပဲခူးက ပြောသည်။
ထိုအဘွားအိုများ၏ မျက်လုံးများသည် အပြုံးများဖြင့် တလက်လက်ဖြစ်နေသည်။ ဝမ်းသာစိတ်၊ ဂုဏ်ယူစိတ်နှင့်အတူ အတိတ်ကို ပြန်တွေးကာ နုပျိုသွားသည့် ဟန်ပန်အမူအယာ ရှိသည်။
အဘွား ဒေါ်ပဲခူးက ဇရာကြောင့် ယိုင်နဲ့နေသော သူ၏ သွားများကို မြင်ရသည်အထိ အစွမ်းကုန် ပြုံးရယ်ကာ “အဲဒီတုန်းက အဘွားက ၁၆ နှစ်သမီးပဲ ရှိသေးတယ်။ ကြည်ပြာရောင် လုံချည်လေးဝတ်ပြီး သွားခဲ့တာကို သတိရတုန်း ပဲ”ဟု တဖွဖွ ပြော၍ မဆုံး။
ရာပြည့် အခမ်းအနားတွင် မန္တလေးမှ ဆရာဆူးငှက်က တက်ရောက်လာသည့် စာပေသမားများကိုယ်စား ဂုဏ်ပြုစကား ပြောသည်။ ဆရာဦးသိန်းဖေမြင့်၏ သားဖြစ်သူ ဦးခွန်သာမြင့်က အခမ်းအနား အကျဉ်းချုံး ကျင်းပရခြင်း အကြောင်းကို ရှင်းပြသည်။ စာကြည့် တိုက် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌက ဆရာသိန်းဖေမြင့်နှင့် ပတ်သက်သမျှ၊ ဆရာရေးဖူးသမျှ စာအုပ်စာပေများထဲမှ အမှတ်ရဖွယ်များကို အောက်မေ့ ဂုဏ်ပြုစကား ပြောသည်။ ငယ်ရွယ်စဉ်က တက်ခေတ်နတ်ဆိုး ကြောင့် လမ်းမှားသို့ မရောက်ခဲ့ပုံတို့ကို ချီးမွမ်း သည်။ တက်ဘုန်းကြီးအား ထောပနာပြုသည်။
မိမိသည်ကား ထိုအချိန် မိမိဖတ်ဖူးသည့် ဆရာ့စာအုပ်များအနက် အမှတ်အရဆုံးမှာ “တခုသော ငွေရတု သဘင်နှင့် ဘိုးဘိုးနှင့်ဘွားဘွား အချစ်ပွား” ဆိုသည့် မိသားစုဘဝနေနည်း အနုပညာကို ရေးဖွဲ့ထားသည့် စာအုပ်နှင့် သူတို့ ဖြတ်သန်းခဲ့ရသည့် ခေတ်စနစ်များကို ထင်ဟပ်စေသော “အရှေ့က နေဝန်းထွက်သည့် ပမာ” ဆရာ့လက်ရာ စာအုပ်နှစ်အုပ်သာ ဖြစ်သည်။
အိမ်နံမည် ဟင်္သာဟု ခေါ်သော သားအကြီးဆုံးဖြစ်သူ ဦးဟန်သာမြင့်ကို လည်းကောင်း၊ ငယ်စဉ်က မုန်းစရာကောင်း လောက် အောင် အငိုသန်သည်ဟု စာအုပ်ထဲတွင် ထည့်ရေးခဲ့သော ဦးခွန်သာမြင့်ကို လည်းကောင်း၊ သမီးလတ် ဒေါ်ကြည်သာမြင့်ကို လည်းကောင်း အပြင်တွင် တပြိုင်နက်တည်း မြင်တွေ့ခွင့် ရခြင်းကိုလည်း ဝမ်းသာမိသည်။
အလားတူ အမြဲတစေ ဆရာဖွဲ့ခဲ့သော ဘုတလင် ဘူတာလေးကို သတိရသည်။ တက္ကသိုလ်ကျောင်းသား မောင်တင်ထွန်းကို သတိရ သည်။ ကမာရွတ် ရွာထဲကို သတိရသည်။
နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေး ဆရာတဦးအဖြစ် သူ့ခေတ် သူ့အခါက အောင်မြင်ကျော်ကြားခဲ့သည့် ဆရာ သိန်းဖေမြင့် သည် အခြားသော ဘဝရပ်တည်မှုတို့တွင် လူကြိုက်များခြင်း၊ နည်းခြင်း စသဖြင့် ဝိဝါဒ ကွဲပြားနိုင်သော်လည်း စာပေလောကတွင် ကဝိတဆူ ဖြစ်ခဲ့သည်ကိုကား မည်သူမျှ မငြင်းနိုင်။ ပရိသတ်ကို လွှမ်းမိုး နိုင်ခဲ့သော စာပေ မြောက်များစွာကို ရေးသားခဲ့သည့် ဆရာ့ အား မိမိအနေဖြင့် ချီးမွမ်းခြင်းသည် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဂုဏ်ပုဒ်တို့ကို ချီးကျူး ထောပနာပြုသည့် မြင်းထိန်းသမား ငတာ ထက်ပင် ပို၍ မသင့်တော်လှဟု ထင်သည်။
စာရေးခြင်းကို နှစ်သက်မြတ်နိုးသူဖြစ်ရာ ဆရာရေးသားခဲ့သည့် စာအုပ်များသည် မိမိအတွက် သင်ဆရာ၊ မြင်ဆရာ ဖြစ်သည်။ ထို ဆရာ၏ ရာပြည့်ပွဲနှင့် ကြုံကြိုက်ပြီး တက်ရောက် ဂုဏ်ပြုခွင့်ရခြင်းသည် တသက်လုံး ကျေနပ်အမှတ်ရဖွယ် ဖြစ်လေသည်။
ရာပြည့်အခမ်းအနားကို အောင်မြင်စွာ အဆုံးသပ်ပြီးနောက် ဘုတလင်သချႋုင်းရှိ ဆရာ့ ဂူဗိမာန်ရှိရာသို့ သွားကာ ဂါရဝ ပြုသည်။ ဆရာ၏ အုတ်ဂူဘေးတွင် ဆရာချစ်သော တမာပင်များက အရွက်တဖားဖားနှင့် အုံ့ဆိုင်းလျက်ရှိသည်။ သက်တမ်းရင့် ထနောင်းပင်ကြီးမှာ အရွက်တို့ဖြင့် မစိမ်းဝေနိုင်တော့သော်လည်း ဆင်စွယ်ရောင် ပင်စည်လုံးကြီးများက အုတ်ဂူအား အကာအကွယ်သဖွယ် ဝန်း ရံ ထားသည်။ ခြံဝန်းအကျယ်ကြီးအတွင်း တခုတည်း ထီးထီးကြီးဖြစ်နေသော အုတ်ဂူပေါ်တွင် တမာသီးလေးများ ကြွေကျလျက်ရှိသည်က လွမ်းမောဖွယ်ပင် ကောင်းသေးတော့သည်။
စာရေးဆရာကြီး ဦးရန်အောင်၏ အုတ်ဂူနှင့် မလှမ်းမကမ်းတွင် ဆရာကြီးဝင်းတင်၏ ရုပ်ခန္ဓာ လဲလှောင်းရာ အုတ်ဂူရှိသည်။ ဘဘ ဦးသုခ၏ အုတ်ဂူနှင့် ခပ်လှမ်းလှမ်းတွင် ဆရာမောင်ဝံသ၏ ဂူဗိမာန်ရှိသည်။ ယခု ဆရာ သိန်းဖေမြင့် လဲလှောင်းရာ ဂူဗိမာန်သည် ကား အထီးကျန်လှသည်ဟု စိတ်ထဲတွင် ထင်မှတ်မိသည်။
အုတ်ဂူပေါ်တွင် “စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်၊ အသက် ၆၄ နှစ်၊ ၁၁း ရး ၁၉၁၄ – ၁၅း ၁း ၁၉၇၈” ဟု ရေးထိုးထားသည်။ အလားတူ ဆရာ၏ ထိုးမြဲလက်မှတ်ဖြင့် စာပိုဒ်လေးတခုကို ရေးထိုးထားသည်။
“ဘဝကို ကျေနပ်နေသော ကျနော်သည် သေရမှာလည်းမကြောက်၊ နေရမှာလည်း မကြောက်ချေ။ အနှစ် ၅၀ ပြည့်အောင် ကျေနပ် စွာ နေခဲ့ရပြီး၊ သေလိုက သေစေ၊ မနှမျော၊ မကြောက်။ ကျေနပ်စွာနေခဲ့ရပြီး၊ ရှေ့လည်း ကျေနပ်စွာ နေရမည်ဟု ယုံကြည်သဖြင့် နေရဦးမည် ဆိုလျှင်လည်း ဝမ်းသာစွာ…….. ဖြစ်သည်” ဟူ၍ ဖြစ်၏။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ နီးပါးက ရေးထိုးထားသည့် ထိုကမ္ပည်းစာ၏ နောက်ဆုံး စာကြောင်းသည် ရာသီဥတုဒဏ်ကြောင့် မှိန်ဖျော့ ပျောက်ကွယ်လျက် ရှိသည်။
ဆရာသိန်းဖေမြင့် ရာပြည့်ပွဲ ပြီးသည့်နောက် ဘုတလင်မှ မုံရွာသို့ မုံရွာမြို့ခံသတင်းထောက် ကိုတိုး(ချင်းတွင်း)၏ စီးတော်ယာဉ်ဖြင့် ပြန်ခဲ့သည်။ အခြားတိုက်များမှ သတင်းစာဆရာများက စိမ်းပြာရေညှိ ထွက်ရှိရာ တွင်းတောင်ဘက်သို့ ခရီးဆက်ကြသည်။
မုံရွာ-ဘုတလင် အဝေးပြေး ကားလမ်းနံဘေးရှိ ဘုတလင်သချႋုင်းသည် ဝေး၍ဝေး၍ ကျန်ရစ်ခဲ့သည်။
ဆရာမကြီး လူထုဒေါ်အမာ ရာပြည့်၊ ဆရာကြီးပါရဂူ ရာပြည့်၊ ဆရာကြီးဒဂုန်တာရာ ရာပြည့်၊ ဆရာမြသန်းတင့် ရာပြည့်၊ ဆရာ လူထု စိန်ဝင်း ရာပြည့်၊ ဆရာမောင်ဝံသ ရာပြည့် စသည့် လေးစားထိုက်သူများ၊ တန်ဖိုးထားအပ်သူများ၏ ရာပြည့်ပွဲများကလည်း နီး၍ နီး၍ လာလေပြီ။ ထို ရာပြည့်ပွဲများကိုလည်း ဆင်နွှဲခွင့် ရချင်သေး၏ဟု တွေးတောနေမိသည်။
ဘုတလင်မှ အပြန်ခရီးတွင် ရန်ကုန်မှ သတင်းတခုဝင်လာသည်။ သတင်းသမားများ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချခံရ သည့် ဝမ်းနည်းဖွယ် သတင်းပင် ဖြစ်လေသည်။ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား တဦး၏ နှစ် ၁၀၀ ပြည့်ပွဲမှ ပြန်လာ သည့် မိမိတို့အား ရန်ကုန်က သတင်းစာ လွတ်လပ်ခွင့် ကြွေးကြော်သံများနှင့်အတူ စောင့်ကြို နေလေသည်။ ။