ပြီးခဲ့တဲ့ဇွန်လက ကယားပြည်နယ်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ခရီးထွက်ရင်း မိသားစုဝင်တယောက် ဆိုင်ကယ် မတော်တဆ ဖြစ်ပြီး လက်ဖျံရိုး ၂ ချောင်းကျိုးသွားခဲ့လို့ မမျှော်လင့်ဘဲ လွိုင်ကော်မြို့ပေါ်က အစိုးရ ဆေးရုံကြီးကို အတွင်းလူနာ အဖြစ်နဲ့ တက်ရောက် ကုသခဲ့ရတယ်။
ကျမတို့ မြန်မာနိုင်ငံသားတွေရနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေထဲက တစိတ်တပိုင်းကို အနီးကပ် လေ့လာခွင့် ရခဲ့တဲ့ အတွက် သင်ခန်းစာ ယူစရာတွေ၊ အတုယူစရာတွေ၊ ပြုပြင်စရာ ရှိနေတာတွေကိုလည်း မြင်ခွင့်ရခဲ့တယ်။ လွိုင်ကော် ဆေးရုံမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဟာ ကျမ ရောက်ဖူး၊ ကြုံဖူး၊ တွေ့ဖူးသမျှ ဆေးရုံတွေနဲ့ ကွဲပြား ခြားနားလွန်းတဲ့အတွက် ဒီစာကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံး လွိုင်ကော်ဆေးရုံရဲ့ အရေးပေါ်ဌာနကို ရောက်တော့ တာဝန်ကျ ဆရာဝန်က ကျိုးသွားတဲ့လက်ကို ဘာဆေးကုသမှုမှ မပေး သေးဘဲ ဓာတ်မှန်ရိုက်ခိုင်းပါတယ်။ ဓာတ်မှန်ခန်းကို ချက်ချင်းပဲ ကြိုတင်ဖုန်းဆက်ပေးပါတယ်။ ဆေးစာအုပ် လုပ်တဲ့အတွက် ငွေတကျပ်မှ မပေးခဲ့ရတာရယ်၊ အရေးပေါ်ဌာနက သူနာပြုတွေရဲ့ ဖော်ရွေမှုတွေရယ်ကို ကျမ သတိထားမိ လိုက်တယ်။
ဓာတ်မှန်ခန်းကိုရောက်တော့ အသင့်ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတယောက်က ဓာတ်မှန်ရိုက်ပေးပါတယ်။ ဓာတ်မှန်ရိုက်ခက ကျပ် ၂ ထောင်။ ၃ မိနစ်လောက် စောင့်ပြီးချိန်မှာ ဓာတ်မှန်အဖြေကို ရပါတယ်။ အရေးပေါ်ဌာန ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်နဲ့ လွိုင်ကော် ဆေးရုံကြီး၊ အရိုးကုသဆောင်မှာ တက်ရောက်ကုသ ခံရပါမယ်။
ခရမ်းရောင်လုံချည် ဝတ်ဆင်ထားတဲ့ ဆေးရုံဝန်ထမ်းက ကျမတို့ကို အရိုးဆောင်ကို လိုက်ပို့ပါတယ်။ လက်ကျိုးတာဆိုတော့ လူနာ က ဘီးတပ်ကုလားထိုင်ကြီး စီးပြီးမသွားရဘူး။ အရိုးဆောင်ကို လမ်းလျှောက်ပြီး သွားရတယ်။ ပင်မဆောင်ကနေ အရိုးဆောင်ကို သွားရတဲ့ လမ်းတလျှောက်မှာ သန့်ရှင်းသပ်ရပ်နေတာရယ်၊ လိုက်ပို့ပေးတဲ့ ခရမ်းရောင်ဝတ် ဝန်ထမ်းရယ်က လိုက်ပို့ကြေး မတောင်း တာရယ်ကို ထပ်ပြီး သတိထားလိုက်မိတယ်။
အရိုးဆောင်က ဖွင့်ထားတာ သိပ်မကြာသေးတဲ့ အဆောင်အသစ်။ အရိုးဆောင်မှာ တာဝန်ကျနေတဲ့ ဆရာဝန်က ခွဲစိတ်ရမယ်၊ စတီးလ်ရိုး ထည့်ရမယ်လို့ ညွှန်ကြားလိုက်တဲ့ အချိန်မှာ ကျမစိုးရိမ်သွားတာက ကုန်ကျစရိတ်များမလား ဆိုတာရယ်၊ နည်းပညာနဲ့ အထောက်အကူပြုပစ္စည်း လုံလောက်ပါ့မလားဆိုတဲ့ အချက်တွေပါပဲ။
အဲဒီအချိန်မှာ ရန်ကုန်က မိတ်ဆွေတွေ၊ မိသားစုတွေနဲ့လည်း အဆက်အသွယ်ရတော့ သူတို့က နယ်ဆေးရုံမှာ ဆေးကုခံဖို့ထက် ရန်ကုန်ကို ပြန်လာခဲ့ဖို့ ခေါ်ကြပါတယ်။ တာဝန်ကျ ဆရာဝန်ကလည်း ကျမတို့ကို ရန်ကုန်ပြန်မလား၊ ဒီမှာပဲ တက်မလား ဆိုတာ ဆုံးဖြတ်ခွင့် ပေးပါတယ်။ ဒါပေမယ့် ကျမတို့ဟာ အရေးပေါ်ဌာနက သူနာပြုတွေရဲ့ ဖော်ရွေမှု၊ ဆေးရုံဝန်ထမ်းတွေရဲ့ ဆက်ဆံရေး ကောင်းမွန်မှု၊ ဆေးရုံရဲ့သန့်ရှင်းမှု၊ အရိုးနဲ့ထိခိုက်ဒဏ်ရာ ကုသဆောင်မှာ တာဝန်ကျ သူနာပြုဆရာမတွေ လောက်ငတာ စတဲ့ အပေါ်ယံမြင်သာတဲ့ အချက်တွေကိုကြည့်ပြီး လွိုင်ကော်မှာပဲ တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့ ကျမတို့ လွိုင်ကော် ဆေးရုံကြီးရဲ့ အရိုးထိခိုက်ဒဏ်ရာ ကုသဆောင်မှာ တပတ်ကျော် တက်ရောက်ခဲ့ပြီး မမျှော်လင့်ဘဲ တိုင်းရင်းသား ဒေသက နယ်ဆေးရုံတရုံကို အနီးကပ် လေ့လာခွင့် ရခဲ့ပါတယ်။
လွိုင်ကော် ဆေးရုံကြီးရဲ့ အရိုးနဲ့ ထိခိုက်ဒဏ်ရာ ကုသဆောင်မှာ စပယ်ရှယ်ခန်း မရှိပါဘူး။ လူနာခုတင် ၉ ခုပဲ ဆံ့တဲ့ အခန်း ၄ ခန်းရှိတယ်။ လေဝင်လေထွက် ကောင်းပြီး သပ်ရပ်သန့်ရှင်းတာကို တွေ့ရတယ်။ အထူးကြပ်မတ် ကုသခန်းမှာ အဲယားကွန်းတွေ တပ်ထား ပေးတယ်။ အခြားအခန်းတွေမှာ ပန်ကာတွေ တပ်ထားပေးတယ်။ ဆေးရုံတက်မယ်လို့ ဆုံးဖြတ်လိုက်တော့ သူနာပြု ဆရာမ တယောက် က နေရမယ့် အခန်းကို လိုက်ပြပြီး ဆေးဝါးတွေထည့်ဖို့ ပလတ်စတစ် ခြင်းငယ်တခုကို ပေးပါတယ်။ လူနာနေရမယ့် အခန်း မှာ ခုတင်အလွတ် မရှိသေးတော့ ခဏစောင့်ရတယ်။
လွိုင်ကော်ဆေးရုံကြီးရဲ့ အနောက်ဘက်မှာ လူနာစောင့်တွေ၊ လူနာတွေ အသုံးပြုဖို့အတွက် အချိန်ပြည့် ရေဖြည့်ပေးနေတဲ့ အုတ် ရေ ကန်ကြီးတွေ၊ အဝတ်လှန်းမယ့် နေရာတွေ စီစဉ်ပေးထားတာကလည်း တမူထူးခြားနေပါတယ်။
အခန်းထဲမှာ ခြေထောက်ကျိုးသူက ကျိုး၊ လက်ကျိုးသူက ကျိုး၊ ခြေချောင်းလေးတွေ ကျိုးသူက ကျိုး။ ကျိုးသမျှ လူတွေတော်တော် များများဟာ ဆိုင်ကယ် မတော်တဆမှုတွေကြောင့် ဖြစ်ကြတာ တွေ့ရတယ်။ တချို့က ကားမှောက်လို့ ဆေးရုံရောက်လာတယ်။ ထူးထူးခြားခြား ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ လမ်းခင်းရာမှာ အမြင့်ပေ ၂၀ လောက်က ပြိုကျလာတဲ့ မြေပိလို့ အရိုးကျိုး၊ အတွင်းဒဏ်ရာ ရပြီး ဆေးရုံလာတက်နေရတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတယောက်ကိုလည်း တွေ့ရပါတယ်။
“တလကို အနည်းဆုံး အရိုးနဲ့ပတ်သက်ပြီး ခွဲစိတ်လူနာပေါင်း ၉၀ လောက်ရှိတယ်” လို့ လွိုင်ကော်ဆေးရုံက အရိုးအထူးကု ဆရာဝန်ကြီးက ပြောပြတယ်။
နယ်ဆေးရုံတရုံ ဖြစ်တဲ့အတွက် အနီးတဝိုက် ကျေးရွာတွေ၊ မြို့တွေက လာပြီး ဆေးကုသခံနေတဲ့ လူနာတွေ၊ လူနာစောင့်တွေဟာ ငွေကြေးအင်အား ချို့တဲ့သူတွေ များတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ မျက်နှာမှာ လူတဖက်သားကို အားနာဟန်၊ ရိုးသားဟန် တွေ ကို အပြည့်အဝ မြင်ရတွေ့ရတယ်။
ဆေးရုံရောက်ပြီး နောက်နေ့မနက် ၆ နာရီ မထိုးခင်မှာတော့ အခန်းထဲကို လုံချည်အနီဝတ် သူနာပြု ဆရာမလေးတယောက် ဝင်လာ ပါတယ်။ လူနာတွေကို သွေးပေါင် လိုက်တိုင်းပေးတယ်။ သူ့ အမူအယာတွေက ယဉ်ကျေးဖော်ရွေတာကို သတိပြုမိတယ်။ ဆေးရုံတက်ခဲ့တဲ့ တပတ်ကျော်ကျော်မှာ မနက် ၆ နာရီတိုင်း အဲဒီလို ယဉ်ကျေးဖော်ရွေတဲ့ ဆရာမလေး တယောက် ပုံမှန်ရောက်လာပြီး တခန်းဝင် တခန်းထွက်နဲ့ သူလုပ်စရာတွေကို လုပ်ပါတယ်။
အဲဒီ ဆရာမလေး ထွက်သွားတော့ နောက်ထပ် သူနာပြု ဆရာမလေး ၂ ယောက်နဲ့ အမျိုးသား သူနာပြုတယောက် အခန်းထဲကို ထပ် ဝင်လာပါတယ်။ သူတို့လက်ထဲမှာ အငွေ့တထောင်းထောင်း ထနေတဲ့ ဇလုံကြီးတလုံးနဲ့ အဝတ်စတွေ ကိုင်ထားတယ်။ ပြီးတော့ လူနာခုတင် ခြေရင်းခေါင်းရင်းမှာ ရှိနေတဲ့ လက်ရန်းတွေ၊ လူနာစောင့်တွေထိုင်တဲ့ ခုံတွေနဲ့ လူနာသုံး ပစ္စည်းအတိုအစလေးတွေ ထည့် တဲ့ ဘီရိုငယ် စတဲ့ နေရာတွေ အားလုံးကို ရေနွေးတွေ ထည့်ထားတဲ့ ဇလုံကြီးထဲကရေနဲ့ အဝတ်တွေ ရေဆွတ်ပြီး သုတ်ပါတော့တယ်။ လူတွေလက်နဲ့ ကိုင်တွယ်တတ်ပြီး ရောဂါပိုး ကူးလွယ်တဲ့နေရာမျိုးတွေကို ရေနွေးနဲ့ဆေးတဲ့ သဘောမျိုးပါ။ အဲဒီမြင်ကွင်း က ကျမရောက်ဖူးသမျှ အစိုးရ၊ ပုဂ္ဂလိက ဘယ်ဆေးရုံ၊ ဆေးခန်းမှာမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ မြင်ကွင်းဖြစ်တဲ့ အတွက် အင်မတန် ထူးဆန်းပြီး ချီးကျူးဖို့ ကောင်းလွန်းလှပါတယ်။
အဲဒီလို သန့်ရှင်းရေး လုပ်သွားပြီး နာရီဝက်လောက် အကြာမှာ ခရမ်းရောင် လုံချည်ဝတ်ထားတဲ့ အထွေထွေ ဝန်ထမ်းတွေ ထပ် ရောက် လာပြန်ပါတယ်။ အခန်းအနှံ့ တံမြက်စည်း လှည်းကျင်းပြီးတဲ့ အခါမှာ ရေဆွတ်ထားတဲ့ ကြမ်းတိုက်ဝတ်နဲ့ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ကို တိုက်ချွတ်သန့်စင်လိုက်ပါတယ်။ ဒီမှာတင် ကျမ ထပ်ပြီးသတိထားမိတာက ဆေးရုံသန့်ရှင်းရေး ဝန်ထမ်းတွေရဲ့မျက်နှာဟာ အခြားအစိုးရ ဆေးရုံတွေမှာ တွေ့နေကျ မျက်နှာအမူအယာတွေလို မဟုတ်ဘဲ အေးအေးချမ်းချမ်း ပုံစံမျိုးလေး ဖြစ်နေတာပါ။ သူ့အလုပ်တွေ ပြီးသွားသည့်တိုင် လူနာရှင်တွေကို အော်တာ ငေါက်တာမျိုး လုံးဝ မလုပ်ခဲ့တာကိုလည်း သတိထားမိပါတယ်။
သူနာပြု ဆရာမတွေရောက်လာချိန်မှာ လူနာမရှိတဲ့ခုတင်ပေါ်ကို တက်အိပ်နေတဲ့လူနာရှင်တချို့ကို အော်ငေါက်မောင်းထုတ်တာမျိုး မတွေ့ရဘဲ “ဒါကလူနာလား၊ လူနာမဟုတ်ဘူးဆိုရင် ဒီမှာ မအိပ်ရဘူးနော်။ တော်ကြာ ဆရာမတွေဆီမှာ လူနာနဲ့မှားပြီး ဆေးထိုးခံရ မယ်” ဆိုတဲ့ စကားကို ရယ်ရယ်မောမော ချိုချိုသာသာ ပြောသွားတဲ့ အပြာရောင် လုံချည်ဝတ် ဆရာမတယောက်ရဲ့ မျက်နှာ အမူ အယာလေးကို ကျမ ဘယ်တော့မှ မမေ့ဘူး။
ခရမ်းရောင်ဝတ် ဝန်ထမ်းတွေ လုပ်ငန်းပြီးလို့ ထွက်သွားပြီး မရှေးမနှောင်းမှာပဲ အပြာဝတ် သူနာပြု ဆရာမကြီး ၂ ယောက် ရောက် လာပြန်ပါတယ်။ သူတို့က ဆေးရုံစတက်တက်ချင်းနေ့မှာ ပေးထားတဲ့ ဆေးခြင်းတွေကို လူနာစောင့်တွေဆီက လှမ်းယူလိုက်ပြီး ဆေး လက်ကျန် ဘယ်လောက်၊ သောက်ပြီးသွားတာ ဘယ်လောက် စသဖြင့် မှတ်တမ်းယူပါတယ်။ ပြီးတော့ ဆေးဖောက် သောက် ထားလို့ ကုန်နေတဲ့ ဆေးကတ် အခွံတွေကို သိမ်းဆည်းသွားတယ်။ ဆေးကတ်ထဲကမှ တွဲရက်ဖြစ်နေတဲ့ အခွံတွေကို အသင့်ယူလာ တဲ့ ကပ်ကြေးနဲ့ ဖြတ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ထားပေးခဲ့တယ်။
ကျမ သတိထားမိတာတွေထဲမှာ လွိုင်ကော် ဆေးရုံကြီးမှာ အလုပ်သင်ဆင်းနေတဲ့ သူနာပြုလေးတွေလည်း ပါဝင်ပါတယ်။
လွိုင်ကော်ဆေးရုံရဲ့ အနောက်ဘက် လမ်းတဖက်ခြမ်းမှာ လွိုင်ကော် သူနာပြု တက္ကသိုလ်ရှိပါတယ်။ သူနာပြုလောင်းလျာ ဆရာမ လေးတွေဟာ လက်တွေ့ သင်ကြားရေးအတွက် လွိုင်ကော် ဆေးရုံကြီးကို လာကြရပါတယ်။ အလုပ်သင်ဆင်းနေတဲ့ သူနာပြုလေး တွေ ဖြစ်တဲ့အကြောင်း သိသာအောင် ရင်ထိုးလေးတွေ တပ်ထားပါတယ်။
မနက်ပိုင်း တာဝန်ကျ ဆရာဝန်ကြီး လူနာတွေကို လိုက်မကြည့်ခင်မှာ ရင်ထိုးလေးတွေ ကိုယ်စီတပ်ထားတဲ့ အလုပ်သင် သူနာပြုလေးတွေဟာ လူနာတွေ အခန်းထဲကို အဖွဲ့လိုက် ရောက်လာပါတယ်။ ပြီးတော့ အခန်းထဲမှာရှိတဲ့ ဖရိုဖရဲဖြစ်နေတဲ့ လူနာခုတင်တွေ၊ အနားမှာ လူနာစောင့်မရှိတဲ့ သက်ကြီးရွယ်အိုလူနာတွေရဲ့ ခုတင်၊ လူနာက တပိုတပါးသွားနေလို့ လူမရှိတဲ့ ခုတင်တွေပေါ်က စောင် တွေ၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်၊ တွန့်လိပ် မနေအောင် ခေါက်သိမ်းပေးပါတယ်။
ဒါတွေအားလုံးဟာ ကျမတို့ ဆေးရုံတက်ရောက်ခဲ့ရတဲ့ တပတ်တာ ကာလလုံးမှာ နေ့စဉ် မြင်တွေ့ခဲ့ရတဲ့ လွိုင်ကော်ဆေးရုံ အရိုးနဲ့ ထိခိုက်ဒဏ်ရာ ကုသဆောင်က ထူးခြားတဲ့ ဝန်ဆောင်မှုတွေ ပါပဲ။
ကျမရဲ့ လူနာက ခွဲစိတ်ခန်း ဝင်ရမှာဖြစ်တဲ့ အတွက် ခွဲစိတ်မယ့် ရက်ကို စောင့်ရပါတယ်။ အဲဒီကြားထဲမှာ ဒဏ်ရာ အနာပျောက်ဆေး တွေ သောက်ရပါတယ်။ အကြောဆေးတွေ သွင်းရပါတယ်။ ဆေးတော်တော်များများကို ဆေးရုံကနေ အစိုးရ ထောက်ပံ့စရိတ်နဲ့ အခ မဲ့ ရရှိခဲ့ပြီး ဈေးမြင့်တဲ့ အရိုးနဲ့သက်ဆိုင်တဲ့ ဆေးဝါးတွေကို ပြင်ပဆိုင်က ဝယ်ယူခဲ့ရတယ်။
ခွဲစိတ်ခန်းဖွင့်တဲ့ ရက်မှာ ကျိုးနေတဲ့ လက်ဖျံရိုး ၂ ချောင်းကို အရိုးအထူးကု ဆရာဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့က ခွဲစိတ်ပြီး စတီးလ်ရိုး နှစ်ချောင်းထည့်ပါတယ်။ ခွဲစိတ်ခန်းက အထွက်မှာ လူနာကို သန့်ရှင်းရေးလုပ်ပေးရတဲ့ ဆေးရုံဝန်ထမ်းက ဖြစ်စေ၊ ခွဲစိတ်ဆောင် က နေ လူနာဆောင်ကို တွန်းလှည်းနဲ့ လိုက်ပို့ပေးတဲ့ ဝန်ထမ်းကဖြစ်စေ ငွေကြေး တစုံတရာ တောင်းခံခြင်း၊ ငွေမပေးမချင်း လူနာခုတင်
နားက မခွာဘဲ နေပြခြင်း၊ အလိုမကျတဲ့ မျက်နှာပေး အမူအယာမျိုး မရှိခြင်းက အင်မတန် စိတ်ချမ်းသာဖွယ် ကောင်းလှပါတယ်။
ခွဲစိတ်ပြီးတဲ့နေ့မှာ မခွဲခင်က နေရတဲ့ အခန်းကနေ အထူးကြပ်မတ် ကုသခန်းဆိုတဲ့ အခန်းကို ရွှေ့ရပါတယ်။ ကျမရဲ့ လူနာခုတင် ဘေးမှာ အသက် ၃ နှစ်အရွယ် ကယန်းလူမျိုး ကလေးငယ်တယောက်။ သူလည်း ခွဲစိတ်လူနာပဲ။ သူ့အမေ ထမင်းဟင်းချက်နေတဲ့ အချိန်မှာ မီးဖိုထဲကို ထင်းချောင်းတွေ ထိုးထည့်တာကို အတုယူပြီး လူကြီးတွေမမြင်ခင် အဲဒီလိုလိုက်လုပ်ရင်း မီးဖိုထဲ ထိုးကျသွားပြီး သူ့လက်နှစ်ဘက်လုံး မီးလောင်သွားခဲ့တယ်။ မီးလောင်ဒဏ်ရာတွေ ပျောက်သွားတော့ ကလေးရဲ့ လက်ချောင်းလေးတွေဟာ အကောင်းအတိုင်း မဟုတ်တော့ဘဲ လက်ဖဝါးက အသားတွေ တွယ်ဆက်ပြီး ကပ်သွားတယ်။ အဲဒါကို ပြန်ခွဲစိတ်တာ။ သူ့အဖေရော၊ အမေပါ စာရေး၊ စာဖတ်လုံးဝမတတ်တဲ့ တောသူတောင်သားတွေ။ ဝမ်းစာအတွက် စပါးနဲ့ ပြောင်းကို စိုက်တယ်။ ပိုက်ဆံရဖို့အတွက် နွေရာသီမှာ ရှမ်းပြည်နယ်ဘက်ကိုသွားပြီး လွှဆွဲတယ်။ သားသမီး ၇ ယောက်ရှိတယ်။ သူတို့အတွက် ပိုက်ဆံဆိုတာ ရှားပါးပစ္စည်း ပဲ။
ခွဲစိတ်ခန်းထဲက ထွက်လာပြီး နာရီနည်းနည်းကြာတော့ သူနာပြု ဆရာမ တယောက်က လူနာရှင်တွေကို ဆရာဝန်ကြီး ခေါ်နေပါတယ် ဆိုပြီးပြောပါတယ်။ အခြား လူနာရှင်တွေ အလှည့်ကျ ဝင်တွေ့နေတုန်းမှာ လက်ကိုမီးလောင်တဲ့ ကလေးရဲ့ အဖေနဲ့ ကျမ စကား နည်းနည်းပြောကြည့်ပါတယ်။ မြန်မာစကားကို လိတ်ပတ်လည်အောင် မနည်းပြောယူနေရတဲ့ သူဟာ အိမ်ကထွက်လာ ကတည်းက ပါလာတဲ့ ငွေကြေး အခြေအနေအတွက် စိတ်ပူပင်နေမှန်း သူ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေတယ်။
ဆရာဝန်ကြီး အခန်းထဲ ကျမနဲ့ အဲဒီဦးလေးနဲ့ ရှေ့ဆင့်နောက်ဆင့် ဝင်သွားတယ်။ ပထမဆုံး ကျမရဲ့ လူနာအတွက် ခွဲစိတ်ခန်းအတွင်း အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေအတွက် ကုန်ကျစရိတ်က ၆ သောင်းခွဲ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ အဲဒီ ငွေပမာဏကို တတ်နိုင်သလား၊ မတတ်နိုင်ဘူးလား ဆိုတာကိုလည်း မေးပါတယ်။ မတတ်နိုင်ဘူး ဆိုရင်လည်း ဆေးရုံရဲ့ စရိတ်မျှပေးစနစ်ရှိတဲ့ အကြောင်း သေသေချာချာ ရှင်းပြပါတယ်။ ငွေကိုချက်ချင်း မပေးနိုင်သေးရင်လည်း ပြန်ရှာနိုင်သေးတဲ့ အကြောင်းလည်း ပြောပါတယ်။ ကုန်ကျစရိတ်ဟာ ဒီထက်ပိုများမယ်လို့ ထည့်တွက်ထားတဲ့အတွက် ဆရာဝန်ကြီး ပြောပြတဲ့ ပမာဏကို ကျမ ချက်ချင်းပဲ ထုတ်ပေးနိုင်ခဲ့တယ်။ ငွေပေးပြီးကြောင်း လက်မှတ်ကို ဆရာဝန်ကြီးရဲ့ စာရင်းစာအုပ်မှာ လက်မှတ်ထိုးပေးရပါတယ်။
ကျမပြီးတော့ ကလေးလေးရဲ့ အဖေအလှည့် ကျလာပါတယ်။ သူ့ကိုလည်း စောစောက အတိုင်း ရှင်းပြပါတယ်။ သူ့ကလေးအတွက် ကုန်ကျစရိတ်က ၅ သောင်းကျပ်ဖြစ်ပါတယ်။ အိမ်ကထွက်လာတုန်းက ပါလာတဲ့ ငွေပမာဏနီးပါး ကုန်ကျနေတဲ့အတွက် သူ့မျက်နှာဟာ ထားစရာ မရှိအောင်ကို ဖြစ်နေတယ်။
“ခင်ဗျား ၅ သောင်း မတတ်နိုင်ဘူးဆိုရင် ဘယ်လောက်တတ်နိုင်လဲ၊ ကျနော့်ကို ပွင့်ပွင့်လင်းလင်းပြောပါ” လို့ ဆရာဝန်ကြီးက ထပ်ပြောတယ်။ ကလေးလေးရဲ့ အဖေက “ ၅သောင်းတော့ တတ်နိုင်မယ် မထင်ဘူးဆရာ”ဆိုတဲ့ စကားကို ကယန်းလေသံ ဝဲဝဲနဲ့ ပြော တယ်။ “ဒါဆို ၃ သောင်းတတ်နိုင်လား” လို့ ဆရာဝန်ကြီးက ထပ်မေးတယ်။ “ ၃ သောင်းဆိုရင်တော့ ကျနော် ပြန်ရှာလိုက်မယ် ဆရာ” လို့ သူက ပြန်ဖြေတယ်။ “ရပါတယ်။ အခုချက်ချင်း ပေးစရာ မလိုသေးပါဘူး။ ရတဲ့အခါမှ လာပေး” လို့ ဆရာဝန်ကြီးက ပြော လိုက်ပြီး သူ့ရှေ့က စာရင်းစာအုပ်ထဲမှာ မှတ်သားလိုက်ပါတယ်။
ဆေးရုံတခုမှာ တက်ရောက် ကုသခံတဲ့ ကုန်ကျစရိတ်ကို အဆင်မပြေသေးရင် အကြွေးခဏထားလို့ ရတယ်ဆိုတာ ကျမ မြင်ဖူးတွေ့ဖူးကြုံဖူးသမျှ မြန်မာပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ကိစ္စပဲဆိုတာ လူတိုင်းလည်း သိမယ်လို့ ယုံကြည်တယ်။ ကျမရင်ထဲမှာ ကလေးလေးရဲ့ အဖေကို စာနာတဲ့စိတ်၊ ဆရာဝန်ကြီးရဲ့ ပွင့်လင်းမှု၊ စေတနာထားမှု၊ လွိုင်ကော်ဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံကွဲတခုကို တန်ဖိုးထားတဲ့ စိတ်တွေနဲ့ အမည်မဖော်နိုင်တဲ့ ခံစားချက်မျိုး ဖြစ်နေ တယ်။
ခွဲစိတ်ပြီး လူနာတွေကို ထားတဲ့ အထူးကြပ်မတ် ကုသခန်းထဲမှာ သူနာပြု ဆရာမလေးတွေနဲ့ ဆရာဝန်တွေဟာ လစ်ဟာမှုမရှိအောင် အမြဲလိုလို ဝင်ထွက်သွားလာနေတယ်။ အဲဒီကြားထဲမှာ အကြောထဲသွင်းထားတဲ့ ဆေးရည် ကုန်သွားလို့ဖြစ်စေ၊ လူနာ နာကျင်လွန်း လို့ဖြစ်စေ တာဝန်ကျဆရာမတွေ ထိုင်တဲ့နေရာကို သွားပြီး အကြောင်းကြားရင် အချိန် တစက္ကန့်တောင် မဆိုင်းဘဲ ချက်ချင်းရောက် လာတတ်တဲ့အတွက် လူနာရှင်တယောက်အနေနဲ့ စိတ်ထဲမှာ ကျေးဇူးတင်လို့ မဆုံး၊ ကျေနပ်လို့ မဆုံးဖြစ်မိတယ်။
ကျမရဲ့ လူနာကတော့ နိုင်ငံကျော် အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ “ခွဲစိတ်ခန်းက ဆရာမလေးသို့” သီချင်းကိုပဲ ညည်းလိုက်ချင်တယ် လို့ ခဏခဏ ပြောနေလေရဲ့။
နောက်နေ့ကျတော့ ခွဲစိတ်ထားတဲ့ လက်ကို ဓာတ်မှန်ရိုက်ရပါတယ်။ ကျမလူနာ ကံဆိုးပါတယ်။ အရိုးနှစ်ချောင်းမှာ ရိုက်ထည့် ထားတဲ့ စတီးရိုး ၂ ချောင်းထဲက ၁ ချောင်းက ချော်ထွက်ပြီး အသားထဲကို သွားထိုးထည့်ထားသလို ဖြစ်နေတဲ့ အဖြေထွက်လာ တဲ့ အတွက် နောက်တကြိမ် ခွဲစိတ်ခန်း ထပ်ဝင်ရမှာပါ။ အဲဒီလိုဖြစ်ရကောင်းလားဆိုတဲ့ စိတ်နဲ့ ကျမ တော်တော် ဒေါသဖြစ်ရတယ်။
ပြီးတော့ ဆေးရုံပင်မဆောင်ကြီးရဲ့အပေါ်ထပ်မှာရှိတဲ့ ခွဲစိတ်ခန်းကနေ ဆင်းတဲ့လမ်းဟာ အင်မတန် မတ်စောက်လွန်းတဲ့အတွက် နောက်တကြိမ် လူနာတင်တွန်းလှည်းနဲ့ ဆင်းရမှာကို စိတ်ထဲမှာ အင်မတန် စိုးရိမ်နေမိတယ်။ ဒါဟာ သူ့အမှားဖြစ်တဲ့ အကြောင်း၊ နောက်တကြိမ် ခွဲစိတ်ရမယ့် ကုန်ကျစရိတ်အားလုံးကို သူ့အနေနဲ့ ကုန်ကျခံပေးမယ့်အကြောင်း၊ လုံးဝ အဆင်ပြေသွားတဲ့အထိ ပြန် ကုသပေးမယ့် အကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ကျမတို့ကို သူနာပြုတွေနဲ့ အခြားလူတွေအများကြီးရှေ့မှာ ပွင့်ပွင့် လင်း လင်း တောင်းပန်ပါတယ်။ ကျမရဲ့ လူနာနဲ့အတူ တနေ့တည်း စတီးရိုးထည့်ရတဲ့ လူနာ ၂ ယောက်ရှိပါတယ်။ သူတို့ ၂ ယောက်လုံး အဆင်ပြေတဲ့ အကြောင်း ပြောပြပါတယ်။
ပြန်ခွဲရမယ်ဆိုတော့လည်း ပြန်ခွဲရမယ်ပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျမနောက်မှ ထပ်သိရတာတခုက ခွဲစိတ်ခန်းမှာ ပစ္စည်း ကိရိယာ မလုံလောက်မှု အကြောင်းပါ။ ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်နေစဉ် အဆင်ပြေမပြေကို တခါတည်း ဓာတ်မှန်ရိုက်ကြည့်လို့ရတဲ့ စက်တမျိုးမရှိတော့ လက်မှန်းနဲ့ လုပ်ရတဲ့အတွက် အခုလို အလွဲလွဲအချော်ချော် ဖြစ်ရတာပါ။ အဲဒီစက်ရဲ့ တန်ဖိုးဟာ မြန်မာငွေ ကျပ်သိန်း ၆၀၀ ဝန်းကျင်ပဲ တန်ကြေးရှိပေမယ့် တလကို အနည်းဆုံး လူအယောက် ၉၀ လောက် ခွဲစိတ်ပေးနေရတဲ့ ပြည်နယ် ဆေးရုံကြီးတခုမှာ အသင့်ရှိမနေတာဟာ ရင်လေးစရာ တခုပါပဲ။ ဒါဟာ ဆရာဝန်တယောက်ရဲ့ အတတ်ပညာပိုင်းဆိုင်ရာ အားနည်းချက် တခုတည်း မဟုတ်တော့ဘဲ အထောက်အပံ့ပြုပေးမယ့် ပစ္စည်းကိရိယာ အလုံအလောက်မရှိတဲ့ အားနည်းချက်လို့ ပြောရမှာပါ။
ခွဲစိတ်ခန်း ဝင်ဖို့အတွက် စောင့်ဆိုင်းနေရချိန်မှာ သူနာပြု ဆရာမလေး တယောက်က ခွဲစိတ်ခန်း ဝတ်စုံကို လာပေးပါတယ်။ အဲဒီ ခွဲစိတ်ခန်း ဝတ်စုံကို ပေါင်းအိုးကြီး တခုထဲက ညှပ်ကြီးတခုနဲ့ ဆွဲထုတ်ယူလိုက်တာကို ကျမရဲ့ လူနာ နေရတဲ့ ခုတင်ကနေ လှမ်းမြင် နေ ရပါတယ်။ ခွဲစိတ်ခန်းဝတ်စုံကို လာပေးတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်လူနာအဖြစ် ကျမ တက် ရောက်ခဲ့ရစဉ် အခန်းထောင့်မှာ ဖြစ်သလို လုံးထွေးစုပုံထားတဲ့ အရောင်ညစ်ထေးထေး ဝတ်စုံနဲ့ ကွာခြားချက်ကို နှိုင်းယှဉ်လိုက်မိ တယ်။ လူနာတဦးချင်းစီ အပေါ်မှာ ဂရုစိုက်တဲ့ စနစ်ကို မြင်လိုက်ရတယ်။
နောက်တကြိမ် ခွဲစိတ်ခန်း ထပ်ဝင်ရပါတယ်။ ပထမအကြိမ် ခွဲစိတ်စဉ်ကထက် အချိန်ပိုကြာပါတယ်။ ဒုတိယအကြိမ် ခွဲစိတ်ပြီး နောက်နေ့မှာ ဓာတ်မှန်ထပ်ရိုက်ရပါတယ်။ ဓာတ်မှန်ရိုက်ဖို့ရော၊ ဓာတ်မှန်အဖြေကို ကြည့်ဖို့အတွက်ရော ကျမမှာ အင်အားမရှိသလို ခံစားရပါတယ်။ နောက်တကြိမ် ထပ်လွဲရင် ဆိုတဲ့ စိတ်က ကြီးစိုးနေပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ ကျမတို့ ကံကောင်း ပါတယ်။ အဆင်ပြေပြေ ရှောရှောရှုရှု ဝင်သွားတဲ့ စတီးရိုးကို ကျေးဇူးတင်ရပါတယ်။ ကျမရဲ့ လူနာ ပြောပြချက်အရ ခွဲစိတ်ခန်းထဲမှာ လူနာကို စိတ်သက်သာရာရအောင် အားပေးစကား ပြောခဲ့တဲ့ အရိုးအထူးကု ဆရာဝန်ကြီး၊ မေ့ဆေး ဆရာဝန်နဲ့ ခွဲစိတ်ခန်းက ဆရာမလေးတွေ အားလုံးကို ကျေးဇူးတင်ရပါတယ်။
နှစ်ကြိမ် ခွဲစိတ်လိုက်ရတဲ့ အတွက် မူလမှန်းထားတဲ့ ရက်ထက် နောက်ကျပြီးမှ ဆေးရုံက ဆင်းခဲ့ရပါတယ်။ လွိုင်ကော်ဆေးရုံဟာ ကျမကို ရသစုံတဲ့ စိတ်ခံစားမှုတွေ ပေးခဲ့သလို၊ မြန်မာပြည်မှာ ဒီလို ကျန်းမာရေး စောင့်ရှောက်မှုမျိုး ရှိနေသေးပါလားဆိုတဲ့ အသိ စိတ် ကိုလည်း ပေးခဲ့ပါတယ်။
လွိုင်ကော်ဆေးရုံကြီးရဲ့ စင်္ကြ ံထောင့်တွေမှာ ရန်ကုန်ဆေးရုံကြီးလို ကွမ်းတံတွေးတွေနဲ့ ညစ်ပတ်မနေဘူး။ လွိုင်ကော်ဆေးရုံကြီးမှာ လူနာတွေကို နင်ပဲငဆ အော်ငေါက်တတ်တဲ့ သူနာပြုတွေ မတွေ့ခဲ့ရဘူး။ ပိုက်ဆံတောင်းဖို့ အမြဲချောင်းနေတဲ့ သန့်ရှင်းရေး ဝန်ထမ်း တွေ မရှိဘူး။ လူနာတွေ၊ လူနာစောင့်တွေကို အော်ငေါက်တတ်တဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေ မရှိဘူး။ ချက်ချင်းလက်ငင်း ငွေမရှင်း ပေး နိုင်ရင် ဆေးရုံတက်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆေးရုံမျိုးထဲမှာ မပါဘူး။
လွိုင်ကော်ဆေးရုံ အရိုးနဲ့ ထိခိုက်ဒါဏ်ရာ လူနာဆောင်ရဲ့ အိမ်သာတွေဟာ ခြေချစရာ မကောင်းလောက်အောင် ညစ်ပတ်နံစော် နေ တဲ့ နေရာမျိုးမဟုတ်ဘူး။ အမြဲအလုပ်လုပ်နေတဲ့ ဆေးရုံသန့်ရှင်းရေး ဝန်ထမ်းတွေဟာလည်း ချီးကျူးစရာ ကောင်းပါတယ်။ သာမန် ပုဂ္ဂလိက ဆေးရုံတခုထက်တောင် အဆင်ပြေလွန်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံဖြစ်ပါတယ်။
ညဘက်တွေကျရင် ဘယ်ကရောက်လာမှန်း မသိတဲ့ ကြွက်ကတိုးတွေနဲ့ ခြင်တွေက လွဲရင် လွိုင်ကော်ဆေးရုံကြီးပေါ်မှာ ဖြတ်သန်း ခဲ့ရတဲ့ တပတ်တာကာလကို ရာနှုန်းပြည့်နီးပါး စိတ်ကျေနပ်မှုရခဲ့တဲ့ အကြောင်း အမှတ်တရ ဖြစ်မိပါတယ်။ မြန်မာပြည် တနံတလျားက ဆေးရုံဆေးခန်းတွေမှာလည်း လူနာနဲ့ လူနာရှင်တွေအတွက် ဒီလို စိတ်ကျေနပ်မှုတွေ ပေးနိုင်မယ်ဆိုရင်တော့ အတိုင်း ထက် အလွန်ပေါ့လေ။
“နောက်ကျရင် တခုခုဖြစ်ရင်တောင် လွိုင်ကော်ဆေးရုံကို ပြေးတက်ရမလို ဖြစ်နေပြီ။ ဒါပေမယ့် အရိုးထိခိုက်တာမဟုတ်ဘဲ အခြား ရောဂါဖြစ်ရင်တော့ အရိုးဆောင်မှာ တက်ရမှာမဟုတ်ဘူး”လို့ ကျမလူနာက တဖွဖွပြောမဆုံးဘူး။
စိတ် မကျေနပ်စရာ ကြုံခဲ့ရရင် အမြဲလိုလို အပြစ်တင်ဖို့ ဝန်မလေးတဲ့ ကျမတို့ဟာ အခုလိုစိတ်ကျေနပ်စရာ၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို တွေ့ကြုံဖူးတာမျိုးကိုလည်း ချီးကျူး ဂုဏ်ပြု မှတ်တမ်း တင်သင့်တယ် မဟုတ်ပါလား။ ။