ဆောင်းပါး

ကြိုးတိုက် ဋီကာ အပိုင်း (၁၃)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ကို ကြိုးသမားဘဝ နိဂုံးချုပ်စေခဲ့ တာကတော့ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့ညက ထုတ်ပြန်တဲ့ နဝတ စစ်အစိုးရရဲ့ ၁/၉၃ အမိန့်ပါပဲ။

အဲဒီ အမိန့်အမှတ် ၁/၉၃ ဆိုတာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ကျင်းပမယ့် ညောင်နှစ်ပင် အမျိုးသား ညီလာခံကြီးကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သေဒဏ်ကျခံရသူ အကျဉ်းသားတွေကို တသက်တကျွန်း ပြစ်ဒဏ်ပြောင်းလဲ ခံစားစေပြီး ၁၀ နှစ်နဲ့ အထက် ထောင်ဒဏ်အသီးသီး ပြစ်ဒဏ်ကျခံ နေရသူတွေကို ပြစ်ဒဏ် ၁၀ နှစ် အဖြစ် ပြောင်းလဲ သတ်မှတ် ကြေညာခဲ့တဲ့ အမိန့်ပါ။

နဝတ အာဏာသိမ်း စစ်အစိုးရ လက်ထက် အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ တတိယမြောက် လွတ်ငြိမ်းသက်သာ အမိန့် ဖြစ်ပါတယ်။ ပထမဆုံးကတော့ အမိန့်အမှတ် ၄/၈၉ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင်က ပြစ်ဒဏ် ကျခံနေရသူတွေနဲ့ တရားရင်ဆိုင်ဆဲသူ တချို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာ စေတဲ့ အမိန့်ပါ။

ဘာပဲ ပြောပြော သေဒဏ်ကျ ကြိုးသမားဘဝက လွတ်မြောက်လာတော့ စိတ်ထဲမှာ ပျော်ရွင်မှုတခု ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပျော်ရွှင်မှုက မရေရာ မသေချာတဲ့ ပျော်ရွှင်မှုမျိုး ဖြစ်နေပါသေးတယ်။ ဆိုလိုတာက အမိန့်အမှတ် ၁/၉၃ အရ သေဒဏ်ကနေ ပြောင်းလဲလိုက်တဲ့ တသက်တကျွန်း ဆိုတာမှာ ဝိဝါဒ ကွဲပြားစရာတွေ ရှိနေလို့ပါ။

တသက်တကျွန်း ဆိုတာ ဥပဒေတွေထဲမှာ နှစ်ပေါင်း ၃၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း၊ နှစ်ပေါင်း ၂၅ နှစ်ညီမျှတဲ့ တသက်တကျွန်း၊ နှစ်ပေါင်း၂၀ နှင့် ညီမျှတဲ့ တသက်တကျွန်း ဆိုပြီး တသက်တကျွန်း ၃ မျိုး ရှိပါတယ်။

ကျနော်တို့ကို ပြောင်းလဲလိုက်တဲ့ တသက်တကျွန်းနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့ အတွက် သက်ဆိုင်ရာ ထောင်ပိုင်၊ ညွှန်မှူး၊ ညွှန်ချုပ်တွေ တန်းစီလာတိုင်း မေးမြန်းခဲ့ကြ ပေမယ့် တိကျရေရာတဲ့ ရှင်းလင်းချက်ကို အကျဉ်းဦးစီးဌာနက ပထမပိုင်းမှာ မပေးနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ သေဒဏ်ကျ ကြိုးသမားတဖြစ်လဲ တသက်တကျွန်း ပြောင်းလဲ ကျခံရတဲ့ ကျနော်တို့တွေရဲ့ မိသားစုတချို့က ပူးပေါင်းပြီး စစ်ခုံရုံးက တရားစီရင်ခံခဲ့ရသူတွေ ဖြစ်လို့ စစ်ဥပဒေချုပ်ရုံးဆီ စာတင်ဖြစ်ခဲ့တယ်။

ထုံးစံအတိုင်း အကြောင်းပြန်ကြားချက် ဆိုတာ ပြန်မလာခဲ့ပါဘူး။ အကြိမ်ကြိမ် တင်ပြရင်း၊ တင်ပြရင်းနဲ့ နောက်ဆုံးတော့ ကျနော်တို့ကို ပြောင်းလဲ သတ်မှတ်လိုက်တဲ့ တသက်တကျွန်းဟာ အနှစ် ၂၀ နဲ့ ညီမျှတယ် ဆိုတာ သိခဲ့ရပါ တော့တယ်။ အဲဒီနေ့က စပြီး ကျနော်တို့မှာ ထောင်က လွတ်ရက်ဆိုတဲ့ မျှော်လင့်ချက် တစုံတရာ ရှိလာခဲ့ပါပြီ။

ဒီလို မနက်ဖြန် ဆိုတာတွေ ရှိလာတယ် ဆိုတဲ့ အသိနဲ့ ကျနော်လည်း အကျဉ်းထောင်ထဲမှာ နေထိုင်မှုတွေကို ပိုပြီး အကျိုးရှိရှိ ဖြတ်သန်းဖို့ စိတ်အားထက် သန်ခဲ့ရပါတယ်။

ကိုယ့်စိတ်ကိုယ် ပြင်ဆင် အလုပ်ပေး၊ နေထိုင်မှုက အစ၊ ဗဟုသုတ လေ့လာခြင်း အပါအဝင်၊ ကျန်းမာရေး လိုက်စားမှုတွေ လုပ်ပြီး အချိန်သူဌေး ကျနော်တို့ အနေနဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချကြပါတယ်။

ရေချိုးဆင်းချိန် ၁၅ မိနစ်၊ နာရီဝက်က လွဲလို့ တနေ့ ၂၄ နာရီမှာ ကျန်တဲ့ ၂၃ နာရီကျော်ကို အခန်းကျဉ်းထဲမှာပဲ နေ့စဉ် အလုပ်တခုခု ကိုယ့်ဘာသာ တာဝန်ပေးပြီး နေထိုင်ဖြတ်သန်းတယ်။

လက်မှုပညာတွေ ဖြစ်တဲ့ ပုတီးထိုး၊ ချည်ထိုး၊ အိတ်ထိုး အလုပ်တွေလည်း လုပ်ပြီး အဲဒီက ထွက်ကုန်တွေကို ပြန်ရောင်းကာ ဖတ်စရာ စာအုပ်တွေ တရားမဝင် ဝယ်သွင်းကြပါတယ်။

ကြိုးသမားဘဝ တုန်းကဆို ကြိုးတိုက်ထဲက ကြိုးသမားထိုးတဲ့ ကြိုးပုတီးဆိုတာ အလွန် လူကြိုက်များပြီး တချို့ဆို အစွမ်းထက်တယ် လို့တောင် အယုံအကြည် ဖြစ်ကြပါတယ်။

အကျဉ်းခန်းအတွင် မြင်ကွင်း (ဓာတ်ပုံ - ဗညား)
အကျဉ်းခန်းအတွင် မြင်ကွင်း (ဓာတ်ပုံ – ဗညား)

ဒါကလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးပုတီး စစ်စစ်ဆိုတာ ကြိုးသမားရဲ့ ပုံစံပိတ်စကို ချည်ထုတ်၊ ထမင်းကို ပိတ်နဲ့တိုက်ပြီး လုပ်ထားတဲ့ ကော်နဲ့လုံး၊ အခြောက်လှန်း၊ ရလာတဲ့ ပုတီးလုံးကို သိုးမွှေး၊ ချည်ပင် တွေနဲ့ ကျစ်ထားတဲ့ကြိုးနဲ့ ပုတီးထိုးကြတယ်။ ပုတီးထိုးတဲ့အခါလည်း ဗုဒ္ဓဘာသာ အရ ရတနာသုံးပါး ဂုဏ်တော်တွေ၊ ပဋ္ဌာန်း စတာတွေကို နှလုံးသွင်း ရွတ်ဆိုရင်း လုပ်ကိုင်ကြလို့ ဖြစ်ပါလိမ့်မယ်။

တနေကုန် အပင်ပန်းခံပြီး ပုတီးထိုးကြ၊ အိတ်ရက်ကြ၊ ချည်ထိုးပန်းထိုးပြီးလို့ ထောင်ဝန်ထမ်း ဒါမှမဟုတ် တခြား ကြိုးတိုက်ထဲကို လာလို့ရတဲ့ ရာဇဝတ် အကျဉ်းသား အမြဲဆင်းတို့၊ ဘောက်ဆင်းတို့နဲ့ တဆင့် ပြန်ရောင်းတဲ့အခါ ပိုက်ဆံနဲ့ ရောင်းတာမျိုး ဆေးလိပ်၊ အချိုမှုန့်ထုပ်၊ ရောင်းတာမျိုးလည်း ရှိတယ်။ ရလာတဲ့ ငွေကြေး၊ ပစ္စည်းတွေနဲ့ ကိုယ်လိုအပ်တဲ့ စာအုပ်၊ ဆေးဝါး၊ လူသုံးကုန် ပစ္စည်းတချို့၊ စားစရာတွေကို ပြန်ဝယ်ကြတယ်။ ရံဖန်ရံခန် အလိမ်ခံရတာမျိုးလည်း ကြုံရတတ်တယ်။

ကြိုးတိုက်ထဲ ရှာဖွေရေးတွေမှာ အဲဒီလို ကြိုးတိုက်ထွက်ကုန် ပစ္စည်းတွေ လုပ်တဲ့ ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရပြီဆို အလုပ် မရှိကြတော့တဲ့ ကြိုးသမား အလုပ်လက်မဲ့တွေ ဖြစ်ကုန်တတ်တယ်။

အဲဒီလို အခါမျိုးဆို ကိုယ်မွေးထားတဲ့ စာကလေး၊ ကျီး၊ ဆက်ရက်ငှက်တွေနဲ့ အချိန်ကုန်တတ် သလို နံရံနဲ့ မျက်နှာကြက်တွေမှာ မြင်တွေ့နေရတဲ့ အိမ်မြှောင်၊ ပုရွက်ဆိတ်စတဲ့ ပိုးကောင်တွေကို ကြည့်ရင်း သူတို့ သဘာဝတွေကို လေ့လာဖြစ်တာမျိုးလည်း လုပ်ဖြစ်တယ်။

ကြာလာတော့ ပိုးကောင်တွေရဲ့ သဘာဝတွေကို ဖတ်ရင်းမှတ်ရင်း သူတို့သဘာဝတွေကို ကောင်းကောင်း သိလာတယ်။

ဥပမာ အိမ်မြောင်တကောင် တက်ထိုးပြီဆို ဒါ အိမ်မြောင် အထီးရဲ့အသံ၊ ဒါ အိမ်မြောင် အမရဲ့အသံ၊ ဒါ အိမ်မြောင်တွေ မိတ်လိုက်တော့မယ်၊ ဒါ မိတ်လိုက်ပြီး အောင်မြင်တဲ့ အသံ စသဖြင့် သိလာတော့တာပါပဲ။

အလားတူပါပဲ၊ နေ့စဉ် တွေ့နေရတဲ့ လူတွေ၊ မျက်နှာတွေ၊ အသံတွေ၊ အပြုအမူတွေကို နေ့စဉ် ဖတ်ရင်းမှတ်ရင်း လူ့စိတ်တွေကိုလည်း ဖတ်တတ်လာခဲ့တယ်။

သေဒဏ်ကျ ကြိုးသမားဘဝက လွတ်မြောက်ခဲ့ပြီး တသက်တကျွန်း ကျွန်းသမားဘဝကိုလည်း ကျနော်ဟာ ကြိုးတိုက်ထဲမှာသာ ၁၉၉၇ ခုနှစ်၊ နိုဝင် ဘာလ ၁၅ ရက်နေ့ အထိ ဆက်လက် ဖြတ်သန်းရပါတယ်။

အဲလို ဖြတ်သန်းခဲ့တဲ့ ကာလထဲမှာ ကျနော်ဟာ ကြိုးတိုက်ထဲက အခန်း တော်တော်များများကို ပြောင်းရွွှေ့ခံရပြီး ရံဖန်ရံခါ ဆိုသလို ထောင်တွင်း ပြစ်ဒဏ်တွေလည်း မကြာခဏ ကြုံဆုံဖြတ်သန်းရ ပါတယ်။

ဆက်လက်ဖော်ပြပါမည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading