၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် အကြီးကျယ်ဆုံးသော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။
အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးသည့် နိုင်ငံတွင် နက္ခတ်ဗေဒင် ဆရာတို့က အချိန်အခါကောင်းဟု အကြံပြုခဲ့ကြသည့် ၈/၈/၈၈ (၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့) ၌ ဆန္ဒပြပွဲများ တရားဝင် စတင်ခဲ့ခြင်း ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး မီးတောင်ကြီးက လွန်ခဲ့သော တနှစ်ခန့်ကပင် ပေါက်ကွဲရန် မြည်သံပေးနေခဲ့ပြီး ဖြစ်သည်။
သူတို့တွေ မေ့လျော့ထားခဲ့သည့် နိုင်ငံတွင် အုံကြွမှုကြီးတခု ရုတ်တရက် ပေါ်ပေါက်မလာမီအချိန် အထိ ကမ္ဘာကလည်း အမှတ် တမဲ့ သာ ရှိနေခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် နိုင်ငံခြား သတင်းဌာနလည်း အလွန်နည်း၏။ သို့သော် နောက်ပိုင်းတွင် မြန်မာနိုင်ငံ သတင်းများက ဩဂုတ်လ ၁၇ ရက်နေ့တွင် စီ ၁၃၀ လေယာဉ်ကြီး မသင်္ကာဖွယ်ရာ ပျက်ကျပြီး ကွယ်လွန်သွားသည့် ပါကစ္စတန် သမ္မတ ဗိုလ်ချုပ်ကြီး မူဟာမက် ဇီယာအူးဟတ်၏ သတင်းကို ဖယ်ချပြီး ထိပ်တန်းသို့ တက်လာတော့သည်။
အောင်မြင်မှု မရခဲ့သည့် ၈ လေးလုံး အရေးတော်ပုံသည် ရက်သတ္တ ၆ ပတ်ခန့် ကြာမြင့်ခဲ့သည်။ နိုင်ငံခြားသား သူစိမ်းများကို ကြောက်တတ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း၏ ကသောင်းကနင်း နိုင်ပြီး မှားယွင်းသော အုပ်ချုပ်ရေး စနစ်ကြောင့် ပေါ်ပေါက် လာရခြင်း ဖြစ်သည်။ ထိုနှစ်ကုန်ပိုင်း ရောက်သည် အထိ အပြောင်းအလဲကို မျှော်လင့်မှုတွေ ရှိနေကြဆဲ ဖြစ်သည်။
ဟောကိန်းတခုက ဗိုလ်ချုပ်ကြီး နေဝင်း လုပ်ခဲ့သမျှ အမှားအယွင်းများကို ပြန်လည် ပြင်ဆင် ပြီးသည် အထိ အပြောင်းအလဲက ကြာမြင့်နိုင်မည် ဟု ဆိုသည်။ လွန်ခဲ့သော ၂၅ နှစ်ကို ပြန်ကြည့်မည် ဆိုလျှင် အဆိုပါ ဟောကိန်း သည် သွေးထွက်အောင် မှန်ခဲ့၏။ ရာစုနှစ်၏ လေးပုံတပုံ ကာလအတွင်း မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကျဆုံးခဲ့ရခြင်းမှ လေ့လာမှတ်သား ဖွယ်ရာ သင်ခန်းစာများ ရနိုင်ခဲ့ပါသလား ဟုလည်း စဉ်းစားရန် ဖြစ်လာသည်။
အရွယ်အစားက အဓိက မဟုတ်ပါ
ကြီးမားသော အစောပိုင်း ဆန္ဒပြပွဲများက ရန်ကုန်တမြို့လုံးနီးပါးသို့ ပျံ့နှံ့ရွေ့လျားသွားသည်။ ထိုအချိန်က ရန်ကုန်မြို့တွင် လူဦးရေ ၃ သန်း ကျော်ကျော်လောက် ရှိသည်။ မြန်မာနိုင်ငံသည် လူဦးရေ ထူထပ်များပြားသည့် နိုင်ငံ မဟုတ်သော်လည်း လူဦး ရေ ၈ သိန်းမျှ ရှိသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့တော် မန္တလေး အပါအဝင် သေးငယ်သော မြို့များဆီမှာပါ အလားတူ ဖြစ်ခဲ့သည်။
ဆိုးရွားသည့် ဆက်သွယ်ရေးစနစ်နှင့် လမ်းပန်း ဆက်သွယ်ရေး အခြေခံများ ရှိနေသည့် တိုင်အောင် ဆန္ဒပြပွဲများ၏ အရွယ်အစား က မှတ်တမ်းတင်လောက်သည်။ အဆိုးဝါးဆုံးနှင့် ထိခိုက်မှု အများဆုံး သွေးချောင်းစီး အကြမ်းဖက်မှုတွေထဲက တခုသည်လည်း လူနေကျဲပါးပြီး မြူခိုးတွေ လွှမ်းနေသော တောင်ကုန်းပေါ်က ဘုရားစေတီတွေကြောင့် လူသိများသည့် စစ်ကိုင်းမြို့က ရဲစခန်းကို ဝိုင်းပတ် ဆန္ဒပြရာတွင် ဖြစ်ပွားခဲ့ရသည်။
ဩဂုတ်လ ဒုတိယ လဝက်နှင့် စက်တင်ဘာလ ပထမ လဝက်တို့တွင် ရန်ကုန်မြို့၌ ကြီးမားပြီး စုစုစည်းစည်း ရှိသည့် ဆန္ဒပြပွဲများကို နေ့စဉ်လို ဆက်လက် မြင်တွေ့နေခဲ့ရသည်။
တက္ကသိုလ်ကျောင်းသားများ၊ အလုပ်သမားများ၊ မြို့ပြဝန်ထမ်းများ၊ သူနာပြုများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ လျှို့ဝှက် ရဲအဖွဲ့ဝင်များနှင့် မြန်မာ့ လေတပ်မှ တပ်သားများသည် တူညီသော နဖူးစည်းစာတန်း တခုနောက်တွင် စုစည်းမိကြပြီး လမ်းမများပေါ်တွင် ချီတက်ရင်း ကောင်းမွန်မျှတသော အုပ်ချုပ်ရေးစနစ်ကို အော်ဟစ်တောင်းဆို ခဲ့ကြသည်။
ဆယ်စုနှစ် ပေါင်းများစွာ အကျိုးမဲ့ လှောင်ပိတ် ခံထားရပြီးနောက် ထိုဆန္ဒပြပွဲများသည် အစပိုင်းတွင် မိမိတို့ ခံစားခဲ့ရသမျှကို ရင်ဖွင့် ခဲ့ကြခြင်းသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် တန်ဖိုးလျော့ကျစေသည့် အဖြစ်တွေ ရှိလာသည်။
ဆူပူအောင် တမင်လိုက်ပြီး လှုံ့ဆော်သူတွေ၏ လက်ရာ ဖြစ်နိုင်ဖွယ်ရှိသော အိမ်ခြေရာခြေမဲ့ ၅၀ ခန့် ခေါင်းဖြတ်သတ်ခံရမှု အပါအဝင် အကြမ်းဖက်မှု တချို့ ပေါ်ပေါက်လာခဲ့သည်။
အုပ်ချုပ်ရေး ပျောက်ကွယ်နေသည့် ကာလတွင် အိမ်နှင့်အဆောက်အအုံများကို ဖောက်ထွင်း ခိုးယူမှုတွေလည်း ဖြစ်လာသည်။ မြောက်မြားစွာသော လူထုကြီးက ငြိမ်းချမ်းစွာ စုဝေးပြီး အဓိပ္ပာယ် ပြည့်ဝသော ပြောင်းလဲမှုကို တောင်းဆိုခြင်းများသည် ဤသို့သော လုပ်ရပ်များကို အကြောင်းပြု၍ ညှိုးမှိန်သွားနိုင်သော်လည်း သူတို့ အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သည်မှာ မယုံကြည်နိုင်စရာပင် ဖြစ် သည်။
မပြတ်သားသော ဝမ်းနည်းဖွယ် ဖြစ်ရပ်
ထိုအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးက အသက်ငင်နေပြီ ဖြစ်သည်။ အလုပ်လက်မဲ့ ပြဿနာက ကျယ်ကျယ် ပြန့်ပြန့် ရှိနေပြီး ပညာရေးကလည်း ကျဆင်းနေသည်။ လောင်စာဆီက အစ စားစရာဆန် အဆုံး အားလုံးပြတ်လပ် နေသည်။ ထုတ်ကုန်ပစ္စည်းများ ဖြစ်သော အိမ်သုံးဆေးနှင့် ကော်ဖီကအစ မှောင်ခို ဈေးကွက်မှာသာ ရနိုင်သည်။ အရှေ့တောင် အာရှ၏ သဘာဝအရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံတွင် လူမှုရေး၊ စီးပွားရေးတွေက ကမောက်ကမ ဖြစ်နေသည်။ ယင်း အခြေအနေတို့က ကမ္ဘာ့ ကုလသမဂ္ဂထံမှ အထောက်အပံ့ ရရှိနိုင်ရန် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဆင့်ကို လျှောက်ထား တောင်းခံဖို့ အတင်းအကျပ် တွန်းပို့ပေးခဲ့သည်။
မြန်မာနိုင်ငံ အရေးတွင် နယ်စပ် ဒေသများမှ နေ၍ ရန်ကုန်ရှိ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုကို ငြင်းဆန်တော်လှန်နေကြသည့် တဒါဇင် မကသော လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်များကြောင့်လည်း အခြေအနေကို ပိုမို ရှုပ်ထွေးစေခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ ကျေးဇူးကြောင့် စစ်တပ်တွင်လည်း ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စိတ်ပျက်စရာ နောက်ကြောင်း မှတ် တမ်း ရှိနေသည်။ စစ်တပ်သည် စီမံအုပ်ချုပ်မှု ကျွမ်းကျင်သူများနှင့် ပညာတတ်များကို အထင်အမြင် သေးကြောင်း ပြသခဲ့ကြသည်။
ထိုအချိန် အတောအတွင်းတွင် အတိုက်အခံကလည်း ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့ခြင်း မရှိသလို အစိုးရတခု ဖွဲ့စည်းရန်လည်း လုံလောက်သော အတွေ့အကြုံ လုံးဝ မရှိခဲ့ပေ။
ဤအဖြစ်အပျက်တွင် စစ်တပ်က ကြမ်းတမ်းစွာ တုံ့ပြန်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ကြီး စောမောင်က ပူပူနွေးနွေး ပဋိပက္ခ အလွန်ကာလကို များစွာ အားထုတ်ခြင်း မရှိဘဲ ကိုင်တွယ်သွားခဲ့သည်။
စစ်တပ်က အာဏာကို ရှင်းရှင်းလင်းလင်းပင် ပြန်လည်ရယူသွားပြီး ပြည်တွင်းပြည်ပမှ ပြောဆိုဝေဖန်မှုများကိုလည်း ထပ်မံ၍ လျစ်လျူရှုလိုက်သည့် အပြင် သူတို့ကိုယ်တိုင်က လွဲ၍ အားလုံးကို အပြစ်ဆိုခဲ့၏။
အတိုက်အခံများ မညီညွတ်ခြင်း
၈ လေးလုံး အရေးတော်ပုံ နေ့ရက်များတွင် “သားသတ်သမား” ဟု လူသိများသည့် ဦးစိန်လွင်ကို ဖြုတ်ချ နိုင်ခဲ့ကြသည်။ သူ့ကို ဇူလိုင်လ နှောင်းပိုင်းတွင် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အကြီးအကဲအဖြစ် အစားထိုး ရွေးချယ်ခဲ့ပြီး နိုင်ငံတော် သမ္မတလည်း ဖြစ်လာသည်။
ဗိုလ်မှူးချုပ် စိန်လွင်၏ နောက်တွင် ပြေရာပြေကြောင်း ပြလိုသည့် အသွင်ရှိသော ဒေါက်တာ မောင်မောင် သမ္မတဖြစ် လာခဲ့သည်။ ဥပဒေပညာရှင် တယောက်ဖြစ်သော ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်းကို အလွန်အမင်း ချီးမြှောက်ထားသည့် အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး နေဝင်းအုပ်စုက အချိန်ရဖို့ ရည်ရွယ်ချက်ဖြင့် လူထုကို နစ်မျောသွားစေရန် ဇာတ်လမ်းဆင်ခြင်းဟု အများက ယူဆခဲ့ သော် လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရေး အကြောင်းတွေ ဒေါက်တာ မောင်မောင် ပြောခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်း ရာထူးမှ အတိအလင်း နုတ်ထွက်ချိန်ကလည်း ယင်းသို့ပင် ပြောခဲ့သည်။ ဒေါက်တာ မောင်မောင်က စစ်အုပ်ချုပ် ရေး ဥပဒေကို ဖယ်ရှားပေးလိုက်သည့် အတွက် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပေါ်နေစဉ်တွင် အခွင့်အရေးတခုကို တလခန့်ရခဲ့ သည်။
ကြားဖြတ် အစိုးရ ဖွဲ့စည်းနိုင်ရန် အတွက် စကားတွေ အများကြီး ပြောခဲ့ကြသော်လည်း အများက ယုံကြည်လက်ခံသော၊ ညီညွတ် သော အတိုက်အခံအဖွဲ့ တခု ပေါ်မလာနိုင်ခဲ့ပေ။ စက်တင်ဘာ လဆန်းပိုင်းတွင် ဒေါက်တာ မောင်မောင် နုတ်ထွက်ပေးရန် တောင်း ဆိုလာကြသည်။
ခေတ်သစ် မြန်မာသမိုင်း အစဉ်အလာနှင့် ဗုဒ္ဓဘာသာ သံဃာများပါ မကျန် အဖွဲ့အစည်းများ အပေါ် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ၏ ဖိနှိပ်ကန့်သတ်ခဲ့မှုကြောင့်လည်း အခြား ရွေးချယ်စရာ အလားအလာကောင်းသည့် အတိုက်အခံ ပေါ်ပေါက်လာရေးကို မျှော်လင့်ရုံသာ မျှော်လင့်နိုင်ခဲ့သည်။
မြန်မာ့ ဒီမိုကရေစီအရေး၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သည်လည်း ထိုအချိန်က နိုင်ငံရေးတွင် လူသစ်တဦးသာ ဖြစ်ပြီး ဩဂုတ်လ အတွင်း အရေးအခင်း အရှိန်အဟုန် ရနေချိန်တွင်မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး ဖြစ်စဉ်ထဲသို့ စတင် ဝင် ရောက်လာချိန်၌ ဖခင်ဖြစ်သူ၏ ကြီးမားသော အရှိန်အဝါမှအပ သူ့တွင် နိုင်ငံရေးအတွေ့အကြုံနှင့် ကျောထောက်နောက်ခံ မရှိပေ။
သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းကျမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းထံသို့ အိတ်ဖွင့်ပေးစာများ ရေးသားပေးပို့ပြီး လူထုကို လှုပ်ရှားအောင် လုပ်ခဲ့သည့် ဗိုလ်မှူးချုပ် အောင်ကြီးက NLD ပါတီ ၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာသည်။ သို့သော်လည်း သူက မကြာမီမှာပင် ကိုယ်ပိုင် ပါတီ ထူထောင်၍ ခွဲထွက်သွားသည်။
အလုပ်သမားများသည် အထွေထွေ သပိတ်ကြီး တခုဆင်နွှဲရန် လုံလောက်သော သိနားလည်မှု ရှိသော်လည်း ထိုအခြေအနေကို ကျော်လွန်သွားသည့် အခါ ဖြစ်ပေါ်လာသည့် ကိစ္စများကို ကိုင်တွယ်နိုင်ခြင်း မရှိကြပါ။ ကျောင်းသားများသည် အမာခံ လှုံ့ဆော်ရေး သမား၊ စည်းရုံးရေးသမားများဖြစ်ပြီး မင်းကိုနိုင်ကဲ့သို့ အရှိန်အဝါရှိသည့် ခေါင်းဆောင်များလည်း ရှိနေသည် မှန်သော်လည်း အကျပ် အတည်းကို ကျော်လွှားပြီး နောက်တဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် သင့်လျော်သောပုံစံ သို့မဟုတ် လှုပ်ရှားမှုကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပါ။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သူအားလုံးက အတိုက်အခံများ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေခြင်း၏ အန္တရာယ်ကြီးမားမှုကို သေသေချာချာ သတိပြုမိခဲ့ကြသော်လည်း အခြေအနေ တခုခုတွင် အားလုံး လိုက်လျောညီထွေ ချိတ်ဆက်ပြီး ကြီးမားသည့် အင်အားစုတရပ်ကို ဖန်တီးနိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း၏ အာဏာသိမ်းယူခြင်း ခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးနုက နည်းလမ်း တခုကို စဉ်းစားမိပြီးနောက် သူ၏ အစိုးရအဖွဲ့ဟောင်းမှ လက်ကျန်လူများကို ပြန်လည်စုစည်းကာ သူသည် မြန်မာ နိုင်ငံ၏ ဥပဒေအရ ရွေးကောက် တင်မြှောက်ထားသော ဝန်ကြီးချုပ် အဖြစ် တရားဝင်ရှိနေဆဲ ဖြစ်သည်ဟု စက်တင်ဘာ လဆန်း၌ ကြေညာ လိုက်သည်။
ထိုလုပ်ရပ်က အလုပ်သမားနှင့် ကျောင်းသားတချို့ ကြားတွင်သာ သူ့ကို ရေပန်းစားစေခဲ့သော်လည်း စစ်တပ်ကို သတိပေးလိုက် သလို ဖြစ်သွားပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အခြားအတိုက်အခံများကို အငိုက်မိသွားစေခဲ့သည်။ အမှန်အားဖြင့် ထိုအချိန်က ဗိုလ်ချုပ်ကြီး တင်ဦးသည် ဦးနု၏ ပါတီတွင်သာ ရှိနေသေးသည်။
သူ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့် နိုင်ငံရေးကို အမြဲလို ရောထွေးထားတတ်သည့် ဦးနုသည် စစ်တပ်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ ပေါ်ပေါက်လာ ပြီးနောက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အလွန် ထိတ်လန့်တုန်လှုပ် ခဲ့ရ ၏။ နောက်ပိုင်းကျမှ သူ၏ စိတ်မြန်လက်မြန်နှင့် လုပ်ခဲ့မိကြောင်း ဦးနုက ဝန်ခံခဲ့သည်။
သို့သော်လည်း သူတကယ် လုပ်ခဲ့မိသောအမှားမှာ မှန်ကန်သည့် အရာတခုကို မှားယွင်းသည့် နည်းလမ်းဖြင့် လုပ်ခဲ့မိခြင်း ဖြစ်နိုင်ပါသည်။ သူ၏ အစိုးရအဖွဲ့ဝင်ဟောင်း အများစုမှာ ကာလကြာမြင့်စွာကပင် သေဆုံးခဲ့ကြပြီဖြစ်ပြီး ဝိညာဉ်များသာ တက်ရောက်နိုင်ကြ မည် ဖြစ်သော်လည်း ဦးနုက သူ့အိမ်မှ အခန်းတခန်းတွင် အစိုးရအဖွဲ့ကို ပြန်လည် အသက်သွင်းဖို့ ဆက်လက် ကြိုးစားနေခဲ့သည်။
စက်တင်ဘာလ နှောင်းပိုင်းတွင် စစ်အစိုးရက သူတို့၏ လုပ်ရပ်များထဲတွင် ရှားရှားပါးပါး ဂုဏ်ယူ စရာတခုဖြစ်သော အဖွဲ့ဝင် ငါးဦးပါဝင်သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကို ဒေါက်တာ မောင်မောင်၏ အကူအညီဖြင့် ဖွဲ့စည်းလိုက်သည်။ နောက်ပိုင်းလများ အတွင်းတွင် ပါတီ ၄၀ဝ ကျော် လာရောက် မှတ်ပုံတင်ခဲ့ကြသည်။
ဤမျှ များပြားသော အရေအတွက်သည် NLD ပါတီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို အမည်ပြောင်းလဲလိုက်သော တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီ (NUP) တို့သာ အဓိက ယှဉ်ပြိုင်ကြရသည့် ရွေးကောက်ပွဲတွင် တဒါဇင်ခန့်သာ ပါဝင်ယှဉ်ပြိုင် နိုင် သည်အထိ လျော့ကျသွားခဲ့သည်။
ရွေးကောက်ပွဲ ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ချထားလိုက်သည့် အတွက် NLD ပါတီ ကို စစ်တပ်မှ ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်က ဦးဆောင်၍ ယှဉ်ပြိုင်ခဲ့ရသော်လည်း ကွဲပြားမှု ပြဿနာ များကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့သောကြောင့် ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။
ထို လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲ၏ ရလဒ်ကို နောက်ပိုင်းတွင် စစ်တပ်က မျက်ကွယ် ပြုခဲ့သည်။
ဗိုလ်ချုပ်ကြီးများက ပြည်သူလူထု၏ လိုအင်ခံစားမှုနှင့် မကိုက်ညီသည်များကို ဆက်လက် လုပ်ဆောင်တော့မည်ဟု မျှော်လင့်ချက် ကင်းမဲ့သွားရခြင်း အတွက် ရှင်းလင်းသောသာဓက ဖြစ်သည်။ ပြတ်သားတည်ငြိမ်သော ရည်မှန်းချက်၏တန်ဖိုးကို လိုတာထက်ပိုပြီး သိလိုက်ကြရသည်။
၁၉၉၀ တွင် ပြည်သူလူထုသည် စွမ်းရည်ပြည့်စုံသော အစိုးရတခု ရရှိရေးက အရေးအကြီးဆုံး အချက်ဖြစ်ပြီး ကျန်သည့် အရာများကို ၎င်းနောက်မှ လိုက်ရမည် ဖြစ်သည်ကို သိရှိလာခဲ့ကြသည်။
ဒီမိုကရေစီသည် အချက်ပြမှု
ဒီမိုကရေစီစနစ်က ပို၍ကောင်းသော အစိုးရများကို ထုတ်လုပ်ပေးသည်ဟု အနောက်နိုင်ငံများနှင့် ၎င်းတို့၏ မီဒီယာများက ဝါဒဖြန့်လေ့ရှိကြသည်။ မကြာသေးသော ဆယ်စုနှစ်များအတွင်း ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဂရိ၊ အီရန်၊ အီတလီ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ သို့မဟုတ် ဗင်နီဇွဲလား စသည့် နိုင်ငံများတွင် ကျင်းပခဲ့သော လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများသည် ပြည့်စုံ ကောင်းမွန်သော အစိုးရများကို မွေးထုတ်ပေးနိုင်ခြင်း ရှိမရှိ လေ့လာကြည့်ရန် လိုအပ်လာသည်။ ရွေးကောက်ပွဲများသည် အလွန် အရေးပါသည် ဆိုခြင်းကတော့ အမှန်ဖြစ်သည်။
ဒီမိုကရေစီ၏ အကြီးဆုံးလက်ဆောင်မှာ ပို၍ကောင်းသော အစိုးရတခုကို ရွေးကောက်ပေးနိုင်မည်ဟု အာမခံချက် မပေးခြင်း ဖြစ် သည်။ ဒီမိုကရေစီက မဲဆန္ဒရှင်များကို မကောင်းသော လူတယောက်အား ငြိမ်းချမ်းသော နည်းလမ်းဖြင့် စနစ်တကျ ဖယ်ထုတ်နိုင် ရန် အခွင့်အာဏာ ပေးခြင်းသာ ဖြစ်သည်။
သို့သော်လည်း အခြေအနေတခုတွင် မကောင်းသည့် အစိုးရတရပ်က သိက္ခာရှိစွာဖြင့် မိမိ၏ ရာထူးမှနုတ်ထွက်ပေးခြင်း မရှိသည့် အဖြစ်မျိုးလည်း ကြုံလာရနိုင်သည်။ ဤနေရာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (စစ်အစိုးရ) က ၁၉၉၀ ရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန်ငြင်းဆန်ခဲ့ခြင်းသည် အကောင်းဆုံး ဥပမာဖြစ်သည်။
လူပေါင်းများစွာ အတွက် တိကျစွာဆိုရလျှင် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသမှ ပြည်သူများ အတွက် သွေးထွက်သံယို မဖြစ်ဘဲ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာရေးသည် ရနိုင်ခဲသော အရာတခု ဖြစ်နေသည်။ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင် ၁၀ နိုင်ငံ အတွင်းမှာပင် (ထိုအချက်ကို ထိုင်းနှင့် ဖိလစ်ပိုင်တို့က ပြင်းပြင်းထန်ထန် ငြင်းဆန် ဖွယ်ရှိသော်လည်း) အင်အားကြီးသည့် ဒီမိုကရေစီ အတိုက်အခံကို နေရာပေးခြင်းမျိုး မတွေ့ရှိရပေ။
နေပြည်တော်ရှိ မြန်မာလွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ်များ ပါဝင်နေသည့် အတွက် ဒီမိုကရေစီ၏ အသွင်သဏ္ဌာန်မှ လမ်း ကွဲ ထွက်နေသည်ကို လူတိုင်း မှန်ကန်စွာ ထောက်ပြနိုင်ကြသည်။ သို့သော်လည်း NLD ပါတီက အတိုက်အခံ အင်အားစုအဖြစ် ဥပဒေနှင့်ညီညွတ်သော နည်းလမ်းဖြင့် ပါဝင်နေနိုင်ခြင်းသည် ကြမ်းတမ်းခက်ခဲမည့် ခရီးလမ်းအတွက် အဓိကကျသော ပထမဆုံးခြေလှမ်းတခု ဖြစ်ပါသည်။
NLD ပါဝင်နေခြင်းသည် လွှတ်တော်ကို မိမိဘာသာ ပြန်လည်တည်ဆောက်ခြင်းအားဖြင့် သန့်စင်စေနိုင်သည်။ အယူအဆ ကွဲပြားခြားနားခြင်းမှ နေ၍ အလုပ်ဖြစ်သော နိုင်ငံရေးပါဝင်မှုဆီသို့ NLD သွားရမည့်ခရီးလမ်းတွင် ရင်ဆိုင်ရမည့် အကျပ်အတည်း တခုမှာ ပြင်ပမှ ပုဂ္ဂိုလ်များ၏ အလွန်စိုးရိမ်ကြီးသော ဝေဖန်ပြောဆိုမှု ဖြစ်သည်။ ပြင်းထန်သော ကန့်ကွက်မှု မဟုတ်ပါ။
ဗိုလ်ချုပ်ကြီး နေဝင်းကိုလည်း ဆက်လက်ပြီး အပြစ်ဆိုရန် မဖြစ်နိုင်တော့ပေ။ ယနေ့အချိန်တွင် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုအတွင်း ကာလနှင့် ပြန်လည်နှိုင်းယှဉ်ကြည့်လျှင် ဒီမိုကရေစီ အဆန်ဆုံးသော အစိုးရကို ရရှိထားသည်ဟု ဆိုနိုင်ပါသည်။ မရရှိခဲ့ခြင်းများ အတွက် ပူဆွေးတမ်းတမှုကို တိုင်းတာပြသနိုင်သည့် ကိရိယာ မရှိပါ။
၈ လေးလုံးမှ ရရှိနိုင်သော အကြီးမားဆုံးသင်ခန်းစာမှာ အလွယ်တကူရရှိနိုင်ခဲ့သော စိတ်ပိုင်းဆိုင်ရာ တက်ကြွမြင့်မားမှုသည် ရေရှည် တွင် တိုးတက်မှုကို မရရှိနိုင်ဟုသာ ဆိုရပေလိမ့်မည်။ ။
ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ က ဖော်ပြခဲ့သော ဒေါမနစ် ဖော်လ်ဒါ ၏ Lessons of “88” ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။