“အနီးကပ်ဆုံး ရန်သူကို တိုက်ကြ” ဆိုတဲ့ စကားသံလေးကြားရင် ဘေးနားက ဝီခနဲအသံကို ကြားလိုက်မိမယ် ထင်ပါ တယ်။ မိသားစု စာရင်းဝင် မဟုတ်ဘဲ အတူနေရတဲ့ တအိမ်တည်းနေ သတ္တဝါ ဝေနေယျတွေက အများသား မဟုတ်လား။ ဧည့်ခန်းနံရံမှာ၊ မျက်နှာကြက်မှာ နေတတ်တဲ့ အိမ်မြှောင်လောက်က ပြဿနာ မရှိလှပေမယ့် ခြင်၊ ယင်၊ ကြမ်းပိုး၊ ပိုးဟပ်နဲ့ ကြွက်တွေကတော့ လူတွေအတွက် ဆိုးကျိုးဒုက္ခတွေကို ယူဆောင် လာတတ်ပါတယ်။
သူ့ဘာသာ နေရင်းကပဲ အနံ့အသက်၊ အသံဗလံနဲ့ ပစ္စည်းပစ္စယတွေ ပျက်စီးစေတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာသာမက သူတို့က တဆင့် သယ်ဆောင်လာတတ်တဲ့ ရောဂါပိုးတွေကြောင့် ဝေဒနာပေါင်းစုံလည်း ဖြစ်စေ တတ်တာကိုး။
တကယ်တော့ အဲဒီ ကပ်ပါးသတ္တဝါတွေကို ရောဂါပိုး သယ်ဆောင်သော ပိုးမွှား (Vector) များလို့ စာစကားနဲ့ ဆိုကြ ပါတယ်။ သူတို့ကြောင့် တိုက်ရိုက် ရောဂါမရတတ်ပေမယ့် သူတို့က သယ်ဆောင်လာတဲ့ ရောဂါပိုးတွေကြောင့် ကူးစက် စေတာပါ။ ခြင်ဆိုရင် ရောဂါပိုးတွေကို သွေးကနေတဆင့် ကူးစက်စေတဲ့ သတ္တဝါမျိုး ဖြစ်ပြီး ယင်ကောင်၊ ပိုးဟပ်၊ ကြွက်တွေကတော့ သူတို့ ထိတွေ့မိလို့ ကပ်ပါလာတာမျိုးနဲ့ သယ်ဆောင်ကြတာပါ။ တကယ်တော့ ရောဂါပွဲစားတွေပေါ့။ အဲဒီလို မခေါ်ဘဲလာ၊ နှင်လည်း မသွားတဲ့ ဧည့်သည်အပေါင်းကို ထိန်းချုပ်ဖို့တော့ နည်းလမ်းတွေ ရှိပါတယ်။
ယင်ကောင်
ယင်ကောင် ဆိုတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေမှန်း သိနေကြမှာ ဖြစ်သလို မိုးဦးကျတာနဲ့ အိမ်မှာ၊ ဆိုင်မှာ စိတ်ပျက်စရာ ကောင်းအောင် အစားကို ဖြောင့်ဖြောင့် စားမရအောင် ဒုက္ခပေးတာတွေ မြင်ယောင်လာမှာပါ။ ယင်ကောင်ကို ထိန်းချုပ် နှိမ်နင်းဖို့ရာ အကောင်းဆုံးနည်းကတော့ ပေါက်ပွားစရာ နေရာမရှိအောင် လုပ်တာပါပဲ။
ခက်ခက်ခဲခဲလည်း မဟုတ်လှပါဘူး။ အစား အသောက်ထည့်တဲ့ ဘူးတွေကို လုံအောင် တင်းတင်းကျပ်ကျပ် ပိတ်ထားရ ပါမယ်။ အမှိုက်သရိုက် ထည့်တဲ့ ပုံးတွေကို အပေါက်အပြဲ မရှိ၊ ယင်ဝင်လို့ မရအောင် ဂရုစိုက်ရမယ်။ အမှိုက်ကို မှန်မှန် စွန့်ပစ်ပေးရမယ်။ အမှိုက်ပုံးကို သေသေချာချာ ပုံမှန် ဖုံးအုပ်ထားရပါမယ်။
အိမ်သာက ယင်လုံ အိမ်သာ ဖြစ်နေစေရပါမယ်။ တောမှာလို ပလတ်စတစ်ခွက် သုံးရင်လည်း အဖုံးရှိရပါမယ်။ မြို့က အိမ်သာတွေ ဆိုရင်လည်း အိမ်သာကျင်းတွေ အပေါက်အပြဲ မရှိ လုံနေအောင် အမြဲ စစ်ဆေးပေးရပါမယ်။ အနံ့ထွက် ပိုက်တွေလည်း ယင်လုံမှ ဖြစ်မှာပါ။ တိုက်လှေကားတွေ၊ အိမ်ခြံဝင်းတွေနဲ့ လမ်းပေါ်က တိရစ္ဆာန် အညစ်အကြေးတွေ ကို ပုံမှန် ရှင်းလင်း မပေးနိုင်ဘူး ဆိုရင် ယင်ကောင်တွေ အကြိုက်ပဲပေါ့။
တခုတော့ ရှိတာပေါ့လေ။ ကိုယ့်အိမ်ထဲက ကိစ္စကို ကိုယ်လုပ်နိုင်ပေမယ့် လမ်းပေါ်က ကိစ္စကို တာဝန်ရှိ လခစား၊ ဌာနဆိုင်ရာ ဆိုသူများက ဘယ်လောက် တာဝန်ယူနိုင်ကြပါသလဲ ဆိုတာကတော့ တွေးဆမရတဲ့ ကိစ္စ ဖြစ်နေပြန်ပါ ရော။
ပိုးဟပ်
သူကလည်း စိတ်ညစ်စရာ ကောင်းအောင် မြင်နေကျဖြစ်နေတဲ့ အကောင်ပေါ့။ သူ့ကြောင့် တိုက်ရိုက် ခံစားရတာက အနံ့ဆိုးပါ။ ပြီးတော့ သူထိတွေ့သမျှ အစားအသောက်နဲ့ ပစ္စည်းတွေဆီကနေ ရောဂါပိုးတွေ ဖြန့်ချိပေးသူပါပဲ။ သူ့ကြောင့် အစားအသောက်က ကူးစက်တဲ့ ရောဂါတွေ စုံအောင် ဖြစ်တတ်ပါတယ်။ ယင်ကောင်ကို ထိန်းချုပ်တဲ့ နည်းတွေနဲ့ပဲ သူ့ကို ထိန်းချုပ်နိုင်သလို တခြားနည်းလမ်းတွေလည်း သုံးနိုင်ပါသေးတယ်။
အစားအသောက် ထည့်သိုတဲ့ ဘူးတွေကို လုံအောင် တင်းတင်းကျပ်ကျပ် ပိတ်ထားပါ။ အစားအသောက် ကိုင်တွယ်မယ့် ဇွန်းလို ပစ္စည်းတွေကို ပိုးဟပ် မထိတွေ့အောင် ထားပါ။ နံရံ၊ ကြမ်းခင်း အားလုံးမှာ ပိုးဟပ်ပုန်းခိုနိုင်တဲ့ အက်ကြောင်းတွေ၊ အပေါက်တွေကို ပိတ်ဆို့ပါ။ အထူးသဖြင့် နံရံပေါ်က ပိုက်လုံးတွေ အနီးမှာ သူတို့တွေ အများကြီး ရှိတတ်ပါတယ်။ ဗီရိုတွေကို အပေါ်၊ အောက်အမြဲ ရှင်းလင်း သန့်စင်ပါ။
အစာ အကြွင်းအကျန်တွေ ကြောင်အိမ် ထဲမှာ၊ မီးဖိုထဲမှာ ပြန့်ကျဲ မနေပါစေနဲ့။ ဘယ်လိုမှ ထိန်းမရအောင် အိမ်မှာ ဖောင်းပွလာပြီ ဆိုရင်တော့ ရက်စက်ရပါတော့မယ်။ သိပ်မပြင်းတဲ့ ပိုးသတ်ဆေးတွေ သုံးပြီး နှိမ်နင်းရတော့မှာပါ။ ပိုးဟပ် ပုန်းအောင်းရာ ဗီရို၊ ကြောင်အိမ်၊ ရေခဲသေတ္တာအောက် စတဲ့ နေရာ အစုံကို ပိုးသတ်ဆေး ဖျန်းရမှာပါပဲ။
အခုတော့ ပိုးဟပ်နှိမ်နင်းနိုင်တဲ့ ဖျန်းဆေးတွေ အမည်စုံနဲ့ ပေါ်နေပါပြီ။ သတိထားရမှာက အဲဒီဆေးတွေကို သုံးပြီးရင် လက်ကို ပြောင်စင်အောင် ဆေးကြောဖို့၊ ဆေးဘူးကို ကလေးတွေနဲ့ ဝေးရာမှာထားဖို့၊ အစားအသောက် တွေပေါ် မဖျန်းမိစေဖို့ ဆိုတာတွေပါပဲ။
ခြင်
ခြင် ကလည်း အများသိတဲ့ အတိုင်း ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက် ရောဂါတွေရဲ့ သယ်ယူပို့ ဆောင်ရေးကြီးပေါ့။ ခြင်ကို နှိမ်နင်းတာကလည်း ဟိုအရင် သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ ပြောခဲ့ဖူးသလို ပေါက်ဖွားရာ နေရာတွေကို ရှင်းလင်းဖို့က အဓိက ပါပဲ။ ခြင်ပေါက်ပွားရာ နေရာတွေဖြစ်တဲ့ ရေစီးရေလာ ပိတ်နေတဲ့ နေရာတွေကို အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်မှာ ရှိမနေစေအောင် လုပ်ရမှာပါ။
ဘူးခွံ၊ ပုလင်းခွံ၊ အိုးခွက်ဟောင်း၊ ကားတာယာဟောင်းတွေ ရှိနေတာ ကလည်း ခြင်ပေါက်ပွားဖို့ နေရာပေးထားတာ ပါပဲ။ အိမ်မှာ ရေသိုလှောင် သုံးရတဲ့ အခြေအနေမျိုး ဆိုရင် အဖုံးကို မပြတ်ဖုံးအုပ် ထားရပါမယ်။ ရေဘုံဘိုင်ခေါင်းတွေ စိမ့်ယိုနေရာမှာ အိုင်ဖွဲ့နေတဲ့ ရေအိုင်ရေကွက် သေးသေးကလေးက ခြင်ပေါက်ဖွားရာ နေရာ ဖြစ်နိုင်တယ် ဆိုတာကို သတိရှိရမှာပါ။ အိမ်သာကျင်းတွေ၊ အနံ့ထွက်ပေါက်တွေမှာ အဖုံး မရှိရင်လည်း ခြင်တွေ ပေါက်ပွားတတ်ပါ သေးတယ်။
ခြင်ပေါက်ပွားမှုကို ထိန်းချုပ်ရုံနဲ့ မလုံလောက် သေးရင် အိမ်ထဲမှာ မခိုအောင်းဖို့ စီမံရပါလိမ့်မယ်။ ပြတင်းပေါက် တွေမှာ ခြင်လုံ ဆန်ခါရှိနေရင် အကောင်းဆုံး ပါပဲ။ ခြင်မကိုက်အောင် ခြင်မကိုက်တဲ့ လူးဆေးတွေ လူးတာမျိုး၊ ခြင်ထောင်နဲ့ အိပ်တာမျိုး၊ အဝတ်အစား လုံလုံလဲလဲ ဝတ်တာမျိုးတွေကလည်း အထောက်အကူ ပြုပါတယ်။
ခြင်ဆေးခွေကတော့ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတတ်တာမို့ အားမကိုးသင့်လှ ပါဘူး။ ပိုးလောက်လန်းတွေ ပေါက်ဖွားနိုင်တဲ့ ရေသိုလှောင်ရာ တွေကို စစ်ပေးတာ၊ သွန်ပစ်တာ၊ ခြင်တွေ သိပ်များရင် ဆေးမှုတ်တာ တွေကလည်း နှိမ်နင်းနည်းတွေပဲ ပေါ့။
ကြွက်
ကြွက်ကလည်း အစာတွေ၊ ပစ္စည်းတွေကို ကိုက်ဖြတ် နှောင့်ယှက်တဲ့ အပြင် သူဖြတ်သန်း ထိတွေ့မိတဲ့ အရာတွေက ပိုးမွှားတွေကို ကူးသန်း သယ်ဆောင်ပေးတဲ့ အတွက် အစားအသောက်က တဆင့် ကူးစက်တဲ့ အစာအဆိပ် သင့်တာ မျိုးတွေပါ ဖြစ်စေပါတယ်။ ကိုယ်တိုင် လောင်ကျွမ်းသလို လောင်ကျွမ်းခြင်းကိုလည်း အားပေးတယ် ဆိုတာမျိုးပေါ့။ သူတို့ကို ကာကွယ်ဖို့ကလည်း သန့်ရှင်းရေး အလေ့အကျင့်က ပဓာနကျတာပါပဲ။
စားကြွင်းစားကျန်တွေက သူတို့ကို အဓိက ဖိတ်ခေါ်တာပါ။ အဆောက်အအုံတွေရဲ့ ပုံသဏ္ဌာန်ကလည်း အရေးပါပြန်ပါ တယ်။ ကြွက် ခိုအောင်းနိုင်မယ့် နေရာတွေ များရင်များသလို အိမ်ဖွဲ့နေကြတာကိုး။ ပေါများလွန်း ရင်တော့လည်း ကြွက်ထောင်ချောက်တွေ၊ ကြွက်သတ်ဆေးတွေ သုံးရပါတော့တယ်။ ဒီနေရာမှာ ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေ အန္တရာယ် မဖြစ်ဖို့ကိုလည်း သတိကြီးကြီး ထားရမှာပါ။
ကြမ်းပိုး
ဒီကောင်ကတော့ အနံ့နဲ့ နှိပ်စက်သလို အိပ်မပျော်သောညများ ဖြစ်အောင်လည်း လုပ်တတ်သူပါ။ ယားယံတာသာ မက ကုတ်ဖဲ့ရာက ပိုးဝင်ပြီး အနာရင်းတာလိုမျိုး အရေပြား ပြဿနာတွေ ဖြစ်စေတာပေါ့။ သူ့ကို ထိန်းချုပ်ရမယ့် နည်းတွေထဲမှာ သူ ပေါက်ပွား ခိုအောင်းရာတွေကို အသေအချာ စစ်ဆေးရှင်းလင်းဖို့က အဓိကကျ ပြန်ပါတယ်။
အထူး သဖြင့် အိပ်ရာခင်း၊ ခုတင် အကြိုအကြားတွေက အရေးကြီးတာပေါ့။ ရံဖန်ရံခါလည်း ကိုယ့်အိမ်ကို တခြားကနေ လိုက်ပါလာ တတ်တာမို့ ခရီးက ပြန်တဲ့အခါ ခရီးဆောင်အိတ်တွေကို အသေအချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကြမ်းပိုး တကောင်တလေ တွေ့ပြီ ဆိုတာနဲ့ တအိမ်လုံးကို စစ်ဆင်ရေးလို လုပ်ပြီး နှိမ်နင်းမှ စိတ်ချရတော့မှာပါ။
ကြမ်းပိုးသတ်ဆေးတွေ ဖျန်းရုံနဲ့က ဥတွေကို မသေစေတာမို့ ဆေးဖျန်းပြီး ရေနွေးငွေ့နဲ့ပါ အခန်းတွေထဲ လွှတ်ပေး ရပါတယ်။ အတော်လေးတော့ ကရိကထ များတာပေါ့လေ။
ဘာပဲဖြစ်ဖြစ် အခုလို မိမိနေအိမ်တွင်းမှာ ခိုအောင်းနေထိုင်တတ်တဲ့ ရောဂါသယ်ဆောင်တဲ့ ပိုးမွှားတွေကို ထိန်းချုပ် နှိမ်နင်းမှလည်း အိမ်မှာ နေရင်း ရောဂါဘယတွေ ရနိုင်တဲ့ အခြေအနေကို ကာကွယ်နိုင်မှာပါ။ အဓိက ကျတာကလည်း အိမ်ကို ပုံမှန်ရှင်းလင်း သန့်စင်ပေးဖို့ပဲ ဆိုတာ မြင်သာမှာပါ။
အဲဒီလောက်ကို ထိထိရောက်ရောက် မလုပ်နိုင်လို့ အိမ်ထဲမှာ ပေါက်ပွားလာကြပြီ ဆိုရင်တော့ ဓာတု ဆေးဝါးတွေ သုံးပြီး သတ်ရ ဖြတ်ရပါတော့မယ်။ ရောဂါပွဲစားတွေကြောင့် ကျန်းမာရေးထိခိုက်၊ လူမှုရေး၊ စီးပွားရေး ကျဆင်းတာတွေ မဖြစ်ဖို့ ကိုယ့်အိမ်ကိုယ့်ရာ သန့်ရှင်းသပ်ရပ်အောင် လုပ်တာက ရောဂါ ကာကွယ်ရေး သာမက အမြင်တင့်တယ် စိတ်နှလုံး ကြည်လင်ဖွယ် ဖြစ်မှာလည်း အသေအချာပါပဲ။ ။