ကျနော်တို့ ငယ်ငယ်က မန္တလေးမှာ ၁၂ ရာသီ ပွဲလမ်းမပြတ်ဘူး။ ညနေစောင်းတာနဲ့ နားစွင့်လိုက်ရင် တနေရာရာက ကြေးနောင်သံလေး တလွင်လွင်ကို ကြားရတတ်တယ်။ အငြိမ့်၊ ဒါမှမဟုတ်၊ ဇာတ်၊ ဒါမှမဟုတ် ဗလာဆိုင်း၊ အဖွဲ့တဖွဲ့ရဲ့ “ယိုးဒယားကရောင်း” ရိုက်တဲ့ ကြေးနောင်သံလေး ပေါ့။ ဒါဆိုရင် ထမင်း စားသောက်ပြီးတာနဲ့ အဲဒီ ကြေးနောင်သံလေး ကြားရတဲ့ဆီ နားစွင့်ပြီး သွားကြတာပါပဲ။
နောက်ပိုင်း ပွဲကြည့် ဝါရင့်လာကြတော့ ကြားရတဲ့ ကြေးနောင်သံကိုပဲ တခဏလောက် နားထောင်လိုက်ရုံနဲ့ အငြိမ့်လား၊ ဇာတ်လား၊ ဗလာဆိုင်းလား ဆိုတာ တပ်အပ်ခွဲနိုင် ကြတယ်။ ပိုပြီး ဝါရင့်တဲ့ သူများကျတော့ ဘယ်သူ့အငြိမ့်၊ ဘာဇာတ်၊ ဘယ်သူ့ဆိုင်း ဆိုတာတောင် သေချာပေါက်ပြောနိုင်ကြတယ်။
မန္တလေးမှာ ဝါကျွတ်ချိန်ကနေ တပို့တွဲတပေါင်း အထိ ပွဲလမ်းတွေ ဆက်နေတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံး အနိုင်ရလို့ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ပွဲထည့် ပွဲခင်းကြတယ်။ အထူးသဖြင့် ဘုရားပွဲတွေမှာ ဆိုရင် အငြိမ့်တွေ၊ ဇာတ်တွေ၊ တီးဝိုင်းတွေ၊ ဆိုင်းတွေ ဖောဖောသီသီ ပါတတ်တယ်။
ကျနော်က အခုထိ မန္တလေးပွဲခင်းတွေကို လွမ်းဆွတ်နေ မိတယ်။ ထူးထူးခြားခြား လွမ်းဆွတ်မိတာက မန္တလေး ဘုရားပွဲကြီးတွေမှာ ပါတတ်တဲ့ စည်တော်ကြီး အဖွဲ့ကိုပါ။ ကျနော် မွေးဖွား ကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရားက မဟာလောကရံသီ အိမ်တော်ရာ စေတီတော်ပါ။ ဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ ရက်နေ့ပွဲဝင် အဖြစ် အိမ်တော်ရာဘုရား၊ ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်း ပါတယ်။
မလှမ်းမကမ်းမှာက ဆိုင်းအဖွဲ့ ပါတယ်။ စည်တော်ကြီး အဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီး တီးခတ်တယ်။ ပြီးမှ အိမ်တော်ရာ အရှေ့မုခ် အာရုံခံ အနီးက ဆိုင်းအဖွဲ့က တီးမှုတ်တယ်။ ကျနော်က ကလေး ပေမယ့် စည်တော်ကြီး ကို သဘောကျတယ်။ အိမ်တော်ရာ ဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။ အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခု ထိုင်ပြီး ကြည့်တယ်။ “သူတို့ပြောတဲ့ ရာဇဝင် စကားတွေ နားထောင်ကွ၊ ဗဟုသုတရတယ်” လို့လည်း ပြောပြတယ်။
နှစ်စထောင် ခေါင်းပေါင်းဖြူ ဖော့လုံးနဲ့၊ သျှောင်နဲ့၊ တောင်ရှည်ပုဆိုးနဲ့၊ သိုရင်းအကျႌနဲ့ စည်တော် အဖွဲ့သား တွေက “မင်းရာဇာ ဧကရာဇ်ဘုရင်သည် တပြေခေတ်တွင် အရှိန်သရေ လင်းစေဖို့ စိန်မြေ သလင်း နတ်နန်း ဝတိံကဲ့သို့ လျှပ်ပန်း တထိန်ထိန် ရှစ်ခန်းပလ္လင် ရတနာတို့နှင့် အသစ်ကြငှန်းထွင်ကာ၊ မနွမ်းအသရေ မချို့ရအောင် နန်းတော်ရှေ့က နန်းသုံး စည်တော်…ရွမ်း” လို့ စည်တော်ဆင့် သီဆိုလိုက်တော့ စည်တော်သားတွေ ဂန္ဓာဗုံလေး တို့ခတ်၊ နှဲကြီး မှုတ်ပြီး သိုရင်းအကျႌလက်ပွကြီး မကာမကာနဲ့ စည်ကြီးနား ဝေ့ဝိုက်ပြီး တီးတော့မယ့် ဟန်ပြင်ပြီးမှ မတီး ဘဲ ဝေ့ဝဲနေတာကို သိပ် သဘောကျတာကိုး။
စည်ဆရာက “ဝမ်းဘဲအင်းစံ မင်းတရားကြီး လက်ထက်တွင် ၉ ဆောင်သော တိုက်ခန်းတို့ကို ဗားမဲ့ဆရာတော်ကြီး ကိုယ်တိုင် ဘုရင်မင်းမြတ်နှင့် တိုင်ပင်တော်မူပြီးလျှင် သိုက်စာထွက် ကိန်းခန်းနှင့် ညှိပြီးလျှင် အသိအမှတ် ပြုထားခဲ့ ကြောင်း” လို့ အစ ချီပြီး “သောနှင့်သတ္တ၊ အဋ္ဌနဝ သချၤာ၊ စွန်းကောဇာတွင် မိစ္ဆာလူမျိုး၊ စက်ရောင်ညှိုး၊ တန်ခိုးအာဏာ ပျောက်လတ္တံ့” ဆိုတဲ့ တဘောင်တွေ ရွတ်ပြီး ကုန်းဘောင် ရာဇဝင်ကို ခင်းကျင်းပြတယ်။
ကြားထဲမှာ စည်တော်သံတွေ၊ လူးတားတွေလည်း ရွတ်ဆိုတယ်။ အိမ်တော်ရာ ဘုရားပွဲမှာ စည်တော်ကြီးကို အစကအဆုံး ထိုင်ကြည့်လို့ အားမရ သေးတော့ သီတင်းကျွတ် လပြည့် ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရားပွဲတွေမှာလည်း ကုသိုလ်တော်ရင်ပြင်နဲ့ စန္ဒာမုနိကုန်းတော်တွေမှာ စည်တော်ကြီးအဖွဲ့ ပါတတ်တယ်။ အဲဒီ နေရာတွေ အထိ သွားကြည့်ဖြစ် ပါတယ်။
၁၉၇၀ ကျော် ၈၀ ကာလတွေမှာ နန်းရှေ့ စည်တော်ကြီးအဖွဲ့က ဦးဘဦးရဲ့ လင်ကွင်းအက၊ လင်ကွင်း ကစားပြီး က လာတယ်။ အခုနန်းတော်ရှေ့ မဟာမင်္ဂလာ စည်တော်ကြီး အဖွဲ့က အသက် ၈၆ နှစ်အရွယ် စည်တော် ပညာရှင် ဦးချိုက ဦးဘဦးရဲ့ သားပါ။ မန္တလေးမှာ စည်တော်ကြီးအဖွဲ့ အနေနဲ့ ဒီတဖွဲ့ပဲ ကျန်တော့တယ်။
ယခု ကျန်ကောင်း ကျန်ရာ ကျန်တော့တဲ့ နန်းတော်ရှေ့ မဟာမင်္ဂလာ စည်တော်ကြီး အဖွဲ့ဟာ ၁၂၉၉ ခုနှစ် ကတည်းက တည်ထောင်ခဲ့လို့ အခုဆိုရင် ၇၇ နှစ် သက်တမ်း ရှိပါပြီ။ စိန်ရတု ကာလအထိ ခိုင်မြဲတည်ဆဲ အဖွဲ့တဖွဲ့ပါ။ ဒီကနေ့အထိ နန်းတော်ရှေ့မှ မဟာမင်္ဂလာ စည်တော်ကြီး အဖွဲ့ကို ဦးဆောင်ဆဲ ရှိတဲ့ ဦးချိုက အသက် ၈၈ နှစ် ရှိပါပြီ။
ဦးချိုရဲ့ အဖေက စည်တော်ကြီး မင်္ဂလာဦးဘဦးပါ။ ဦးဘဦးနဲ့ စည်တော်ကြီး အဖွဲ့က ကိုဘကွန်း၊ ကိုဘဦး၊ ကိုငွေ၊ ကိုအောင်ညွန့် တဲ့။ ကိုဘဦး၊ ကိုဘကွန်းတို့ ဆရာက ဆရာဇင်တဲ့။ ဆရာဇင်ရဲ့ ဆရာက ဦးကျောက်လုံး တဲ့။ ဦးကျောက်လုံးက ရှေ့တော်တီး စည်တော်ဆရာ ပါ။ ဦးကျောက်လုံးက ရွှေနန်းတော်အတွင်း ရှေ့တော်တွေမှာ ဝင်စည်၊ ထွက်စည် တီးရတဲ့သူပေါ့။
ပါတော်မူပြီးနောက် နန်းတွင်းမှာ တီးခတ်ခဲ့တဲ့ စည်ကြီးတွေကို ဦးကျောက်လုံးက မပျောက်မပျက် ထိန်းသိမ်းခဲ့တယ်။ အဲဒီ စည်တော်ကြီးတွေကို ၁၂၇၇ ခုနှစ်မှာ နန်းတော်ရှေ့ ဓမ္မာရုံဒကာ ဦးကြီးက ရှေ့တော်တီးစည်တော် ဦးကျောက်လုံး ဆီက ဝယ်ပြီး ဓမ္မာရုံမှာ လှူထားခဲ့တယ်။
ဦးကျောက်လုံး ဆီက စည်တော် တီးနည်းကိုလည်း ဆရာဇင်ကို သင်ယူစေခဲ့တယ်။ စည်တော် တီးရာမှာလည်း သူ့နည်း သူ့လမ်း၊ သူ့သမားစဉ် ရှိတယ်။ ဂန္ဓမာဗုံတီးပုံ၊ ကပုံ၊ ဟန်ပန် အမူအရာ၊ ပြောပုံဆိုပုံ မက ရှေ့တိုးနောက် ဆုတ်၊ အချောက်၊ အဆို့အပိတ်တွေက စနစ်တကျ ရှိသတဲ့။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ မှာတော့ မြို့ကြီးတိုင်းမှာ စည်တော်အဖွဲ့တွေ များပြားလာတယ်။ စနစ် ဇယားနဲ့ သမားစဉ်နဲ့ မဟုတ်တော့ပါဘူး။ လမ်းဖွင့်ပွဲ၊ တံတားဖွင့်ပွဲ၊ ကျောင်းဆောင်သစ် ဖွင့်ပွဲ၊ မာလ်တီ မီဒီယာ ခန်းမ ဖွင့်ပွဲ တွေမှာ စည်တော်အဖွဲ့က မပါမဖြစ်ကိုး။ “အောင်စေ၊ ပိုင်စေ” နဲ့ တိုင်းမှူး၊ ဝန်ကြီးများ၊ ဘုန်းတော်ဘွဲ့ ရတုပိုဒ်စုံ ရွတ်ရာမှာ ဗိန်းဗိန်းနဲ့ တီးရုံပါပဲ။
တောင်ရှည် ခါးတောင်းကျိုက်၊ ခေါင်းပေါင်းလေးတွေနဲ့ ကလေးတွေက သင်ထားတဲ့ အတိုင်း ကကြတာပေါ့။ ပို အရုပ် ဆိုးတာက တကယ့် စည်တော် အစစ်အတိုင်း အလျား ၄ ပေ၊ မျက်နှာဝ ရှေ့ဘက် ၁၉ လက်မ၊ နောက်ဘက် ၁၃ လက်မ ရှိပြီး ကြားယပ် ၃ ဆင့်နဲ့ မဟုတ်တော့ဘူး။ ပတ်မကြီး နှစ်လုံးကို ထိပ်ဝမှာ မှန်စီရွှေချ ဗိမာန်နဲ့ ကွယ်ထားတဲ့ စည်တော် အတုတွေ။ ရာဇဂိုဏ်း သင့်ကြပေရော။
မန္တလေးမှာ တချိန်က ထွန်းကားခဲ့တဲ့ စည်တော်ကြီး အဖွဲ့တွေကို ကြည့်ပြီး အလုပ်တခုကို ချက်ချင်း လက်ငင်း လိုအပ်ချိန် မလုပ်ဘဲ ဆိုင်းငံ့နေရင် “စည်တော်ကြီးပါပဲဗျာ” လို့ ပြောကြတယ်။ နှဲကြီး ကြူပြီး စည်းဝါးအရ ဂန္ဓမာ ဗုံလေးက အတို့အခတ်နဲ့ “ဗိန်း” ခနဲ တီးလိုက်ရမှာကို စည်ဆက်မင်းသားက တီးမလို့ စည်ကြီးနား ဝဲပြီး ဟန်ပြင်ကာ မတီးဘဲ ဝေ့ဝိုက်သွားကြတာလေ။
အခုလည်း တိုင်းပြည်မှာ “စည်တော်ကြီး မင်းသား” တွေ များနေပါပြီ။ အပြောချည်းပါပဲ။ ချက်ကျလက်ကျ အချိန် စည်တော်တီးသံ မကြားရ သေးပါဘူး။
စည်တော်ကြီးနဲ့ ပတ်သက်ပြီး နောက်တခု သဘောကျတာ ရှိသေးတယ်။ မန္တလေးသား စာရေးဆရာ၊ ကာတွန်းဆရာ၊ ဒါရိုက်တာ ဆရာကြီး ဦးဝင်းဖေက လူထု သတင်းစာမှာ ရေးခဲ့တဲ့ ကာတွန်းပါ။ နှစ်စထောင် ဖော့လုံးဖြူတွေ သိုရင်းအကျႌ၊ တောင်ရှည် ပုဆိုးတွေနဲ့ စည်တော်ကြီး အဖွဲ့ရဲ့ နှဲဆရာက စည်တီးတဲ့ သူကို ပြောနေတာ လေ။
“ငါက တပုဒ်လုံး မှုတ်ရတယ်။ မင်းက တချက် နှစ်ချက် ဗိန်း – ဗိန်းနဲ့ ဝင်တီးပြီး တီးလိုက် ပါတဲ့ ဗုံကြီးသံ ဆိုလို့ မင်းပဲ စဉ်းစား ကြည့်လေ” တဲ့ ။
ဟုတ်ကဲ့ အခုလည်း တပုဒ်လုံး အစအဆုံး မှုတ်ခဲ့ သူမှ အားမနာ၊ စည်ကြီးတချက် ဝင်တီးပြီး “တီးလိုက်ပါတဲ့ ဗုံကြီးသံ” ဆိုတဲ့ ခါတော်မီတွေလည်း အများသား။ ။