အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ ကြိုးသမားဘဝကနေ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး ကျွန်းသမားဘဝကို ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်းသမားဆိုတာ တချိန်ကလို ပင်လယ်ထဲက ကျွန်းတကျွန်း ပေါ်မှာ မဟုတ်ပေမယ့် ဒုက္ခပင်လယ်ထဲက ရှင်သန်ခြင်း ကြိုးတိုက်ကျွန်းပေါ်ကနေ တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲခံစားရတာကို ဆိုလိုပါ တယ်။
တသက်တကျွန်းဆိုတဲ့ ပြစ်ဒဏ်ကြောင့် တချိန်က ထောင်က လွတ်ရက်မရှိ အနာဂတ်မဲ့ အခြေအနေဆိုးကနေ အလင်းဖျော့ဖျော့ မြင်ခွင့်ရခဲ့တာပါပဲ။
ဒီတော့ ရှင်သန်ခြင်း အတွက် စိတ်ခွန်အားလည်း ပိုရှိလာခဲ့တယ်။ ဒါကြောင့်တနေ့၊ ဘယ်တော့မှန်း မသိရတဲ့ တနေ့ ထောင်က ပြန်ထွက်ရမယ် ဆိုတဲ့ အသိက တန်ခိုးကြီးလာတယ်။
ဒီ စိတ်တန်ခိုးက ကြိုးသမားတဖြစ်လဲ ကျနော့် ဘဝကို တမျိုး ပုံသွင်းတယ်။ ထောင်ထဲမှာ အငံ့လင့်ဆုံး ဖြစ်တဲ့ စာဖတ်ခြင်း တွေနဲ့အတူ သတင်းငတ်တာတွေ အဆာပြေဖို့ သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ရေဒီယိုတလုံး အရမ်း လိုချင်ခဲ့တယ်။
ဒီ ကိစ္စကို ၃ တိုက်မှာ ရှိနေတဲ့ ကျနော့် အမှုတွဲ ကိုမျိုးမင်း (မကြာခင်က ကွယ်လွန်)၊ ကိုမင်းဇင်တို့နဲ့လည်း တိုင်ပင်ဖြစ် တယ်။ ဒီတော့ နိုင်ငံရေး အကျဉ်းသားချည်း သပ်သပ်ထားတဲ့ ၃ တိုက်ဆိုတာက ထောင်ဝန်ထမ်းတွေနဲ့ ချဉ်းကပ် စည်းရုံးတဲ့ နေရာမှာ အကန့်အသတ် ရှိလေတော့ ကြိုးတိုက်မှာ နေတဲ့ ကျနော်က ဒီကိစ္စကို တာဝန်ယူလိုက်တယ်။
မှတ်မှတ်ရရ ကိုမျိုးမင်းက တထောင်စိုက်တယ်။ ကျန်တာ ကျနော်စိုက်မယ်ဆိုပြီး တာဝန်ယူခဲ့တယ်။
အိမ်က ထောင်ဝင်စာက တဆင့်ပေးတဲ့ ဆေးလိပ်တို့ ဟင်းတို့ ရောင်းရငွေတွေ၊ ကိုယ့်အားကိုယ်ကိုး လက်ရက်ခြင်း၊ သိုးမွှေးအိတ် ရက်ပြီး ရောင်းလို့ရတဲ့ ငွေတွေကို စာဖတ်ဖို့ စာအုပ်ဝယ်ကြတယ်။ ဥပမာ တချိန်က နွယ်နီ မဂ္ဂဇင်း တအုပ်ကို အပြင်မှာ ဆယ်ဂဏန်းပဲ ပေးရချိန် ထောင်ထဲမှာ ၂၀ဝ ကျပ် ပေးဖတ်နေ ခဲ့တယ်။ အဲဒီကနေ နိုင်ငံတကာ ဗဟုသုတတွေ ရတယ်။ စာအုပ်ဆိုလို့ တအုပ်လုံးကို ဇိမ်ရှိရှိနဲ့ ဖတ်ရတာတော့ မဟုတ်ပါဘူး။ တရွက်ချင်း၊ တပိုင်းချင်းစီကို တိုက်တွေ လှည့်ပြီး ဖတ်ကြရတာပါ။
အခုလည်း လတ်လတ်ဆတ်ဆတ် သတင်းတွေ အတွက် စုထား၊ သိမ်းထားတဲ့ ပိုက်ဆံထဲက ရေဒီယို ဝယ်ဖို့ ဆုံးဖြတ် လိုက်တယ်။
ဒါနဲ့ ကျနော့်ကို ချစ်ခင်ယုံကြည်တဲ့ ထောင်ဝန်ထမ်း တယောက်နဲ့ ဒီကိစ္စ စကား ပြောကြတယ်။ သူကလည်း အိုကေလို့ ပြောတယ်။
ဒါနဲ့ လက်ထဲရှိတဲ့ ပိုက်ဆံလေးနဲ့ အဲဒီထောင် ဝန်ထမ်းကို ပစ္စည်း (ကြက်တူရွေး) ဈေးနှုန်းတွေ စုံစမ်းဖို့ အချက်အလက် တွေ သေချာမေးလာဖို့ မှာလိုက်တယ်။
သူကလည်း အတော်စိတ်ချရတဲ့ ဝန်ထမ်း၊ တိကျစွာ အလုပ် လုပ်တတ်တဲ့ ဝန်ထမ်းဆိုတော့ ၃ ရက်ကြာတဲ့ အခါ သူက စာရင်း အတိအကျနဲ့ ဘယ်အမျိုးအစားက ဘယ်လောက်၊ ဘာလိုင်းတွေ ရတယ် စသဖြင့် အသေအချာ ရေးမှတ် လာတယ်။
ရေဒီယို ရောက်လာရင် သိမ်းဖို့၊ ဝှက်ဖို့ အတွက် ပြင်ဆင်ပြီးချိန်မှာတော့ ဓာတ်ခဲရေဒီယို တလုံးကို မှာလိုက်တယ်။ တရုတ်နိုင်ငံလုပ် ဓာတ်ခဲရေဒီယို အမျိုးအစား အတော်များများကလည်း ဈေးကွက်ထဲ ပေါနေချိန်ပါ။ ထိုင်ဝမ် နိုင်ငံလုပ် SANYO အမျိုးအစား လိုင်းတို၊ လိုင်းလတ်တွေ ဖမ်းလို့ရတဲ့ ကျပ် ၉၈၀ တန် ဓာတ်ခဲ ရေဒီယို တလုံးကို မှာယူခဲ့တယ်။ နောက်နေ့ ညပိုင်းမှာပဲ အဲဒီရေဒီယိုလေးကို ထောင်ဝန်ထမ်းက ကျနော့် အခန်းကို လာပေးသွားတယ်။
ထောင်ထဲမှာ ရေဒီယိုတလုံး သွင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါက စွန့်စားမှုကြီး တခုပါ။ အကယ်လို့ ထောင်ဝန်ထမ်းက ထောင်အဝင် ဘူးဝကနေ အဆင့်ဆင့် ရှာဖွေရေးတွေကိုလည်း ဖြတ်ကျော် လာချိန်မှာ အမှားအယွင်း ဖြစ်ခဲ့ရင် သူလည်း ထောင်ကျခံရနိုင်သလို ပစ္စည်းမှာတဲ့ ကျနော်လည်း နောက်တမှုထပ်တိုးမှာ သေချာပေါက်ပါပဲ။
ပစ္စည်း သွင်းလာတာမှာ ကံကောင်းခြင်းတွေနဲ့ အကုန် ချောချောမောမော ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခန်းထောင့်နား ရေဒီယိုကို နားကြပ်လေး တပ်ပြီး စမ်းကြည့်တယ်။ လိုင်းဆွဲအားလည်း ကောင်းတယ်။ မြန်မာသတင်းတွေ တင်ပြနေတဲ့ ဘီဘီစီ၊ ဗီအိုအေ စတဲ့ ရေဒီယို အသံလွှင့်ဌာနတွေက လွှင့်သမျှကို ဖမ်းလို့ရတယ် ဆိုတော့ ထောင်တွင်း အဆာလောင် အငတ်မွတ်ဆုံး ကိစ္စကို ဖြေသိမ့်နိုင်ကြ တော့မည်။
ဒါပေမယ့် ရာဇဝတ် အကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဘောက်ဆင်း၊ အမြဲဆင်း အကျဉ်းသားတွေ အလွယ်တကူ ဝင်ထွက်သွားလာ နေပြီး အချွန်အတက်၊ အပ်လို့ခေါ်တဲ့ သတင်းပေး တွေလည်း ရှိနေတဲ့ ကြိုးတိုက် ထဲမှာ ဒီရေဒီယို အသုံး ပြုဖို့ဆိုတာ အန္တရာယ်က အချိန်မရွေး ကျလာနိုင်တာမို့ ၃ တိုက်က အမှုတွဲ ကိုမျိုးမင်းနဲ့ ကိုမင်းဇင် တို့ဆီကို ပို့ပေးလိုက်တယ်။
ဒါနဲ့ ၃ တိုက်ကနေ တဆင့် သတင်းတွေကို နံနက်ရေချိုးဆင်းချိန် လူကြုံနဲ့ ပေးပို့လာတဲ့ ထောင်တွင်း သတင်းစာ တွေက တဆင့် နေ့စဉ် သတင်းတွေ သိလာကြရတယ်။
အဲဒီတုန်းက ထောင်တွင်း သတင်းစာဆိုတာ နိုင်ငံရေး အကျဉ်းသားတွေကြား လျှို့ဝှက်ဆက်သားတွေနဲ့ တိုက်တွေ တတိုက်ချင်း စုန်ချည်၊ ဆန်ချည် ကူးသန်းပြီး သွားလာနေခဲ့ပြီ။ ဒီထောင်တွင်း သတင်းစာကို အဓိက စီစဉ်သူ တဦးကတော့ မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ပါပဲ။
ဒီလို ထောင်တွင်း သတင်းစာတွေနဲ့ အတူ လွတ်လပ်မှုတွေ ဖန်တီး ရယူလာပြီး စာစောင်တွေ ထုတ်ကြ၊ မှတ်တမ်းတွေ ရေးကြတဲ့ စွန့်စားမှုတွေက တိုက်ဝန်းထဲမှာ အတော် ခြေဆန့်လာနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာဘဲ ၁၉၉၅ ခုနှစ်ရဲ့ တနေ့မှာတော့ ရေဒီယို ပျက်တာကို ပြင်ဆင်ဖို့ သူခိုးကြီး မြင့်သိန်း ဆိုသူကို အကူအညီ တောင်းရာကနေ အဲဒီ ရေဒီယိုကို အသည်းအသန် ရှာဖွေရေးတွေ လုပ်ပြီး ရှာပါလေ ရော။
ကိုမျိုးမင်းကလည်း သေချာဝှက်ထားရင်း နောက်ဆုံး တောင်ယာထဲမှာ မြှုပ်ထားတဲ့ ရေဒီယိုကို ထောင် အာဏာပိုင် တွေက မိသွားခဲ့တယ်။ ကိုမျိုးမင်း ကိုလည်း တိုက်ပြောင်းပြီး ပြစ်ဒဏ်ထားလိုက်တယ်။ ထောင်ဝင်စာလည်း ပိတ်လိုက်ပြီ။
အခုလို ထောင်တွင်းမှာ ရေဒီယို တလုံး သိမ်းဆည်း မိတယ် ဆိုတော့ ထောင်တွင်း တာဝန်ယူနေတဲ့ စစ်ထောက် လှမ်းရေးတွေနဲ့ ထောင်အာဏာပိုင်တွေလည်း ခေါင်းမီးတောက်ကုန်ပြီ။ သူတို့ လုံခြုံရေး ညံ့ဖျင်းလို့ ဒီရေဒီယိုက နိုင်ငံရေး အကျဉ်းသားတွေ လက်ထဲ ရောက်လာတာ ဆိုတော့ အမှုက သူတို့ကိုပါ လာပတ်တော့မယ်။
ဒါနဲ့ အဲဒီတုန်းက ထောင်အာဏာပိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုယ်စားလှယ်ကြားမှာ ညှိနှိုင်းမှုတွေ လုပ်ကြတယ်။ ကိုမျိုးမင်းကို မူလ ထားရှိတဲ့ ၃ တိုက်ကို ပြန်ပို့ရေး တောင်းဆိုကြ တာကို ပထမ လက်မခံခဲ့ပေမယ့် နောက်ပိုင်း လက်ခံလိုက်တယ်။
ညှိနှိုင်းရင်းနဲ့ တောင်ယာထဲက သိမ်းမိတဲ့ ရေဒီယိုက နောက်ဆုံးတော့ ဟောင်းနွမ်း သုံးမရတော့တဲ့ ရေဒီယိုစုတ် တလုံး အဖြစ် ကူးပြောင်းသွားပါ တော့တယ်။
အဲဒီရေဒီယိုလေး ဘဝဇာတ်သိမ်းသွားပေမယ့် နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း သတင်းစာကတော့ ရပ် မသွားခဲ့ ပါဘူး။ ထိုစဉ်က တိုက်ဝန်းထဲ မှာ ကြက်တူရွေးခေါ် ရေဒီယိုတွေက တကောင်မက ရှိနေခဲ့လို့ ပါပဲ။ ပုံမှန် အတိုင်း ထောင်တွင်း ကြက်တူရွေးတွေ ဆီက ပေးပို့လာတဲ့ သတင်းတွေနဲ့ နေ့စဉ်ထောင်တွင်း သတင်းစာက ပုံမှန် ဖြန့်ဝေ နေခဲ့ပါတယ်။
တခါတရံ သတင်းစာပို့တဲ့ သူရဲ့ အခက်အခဲ ဖြစ်တာမျိုး တွေကြောင့် ရေချိုးဆင်းချိန်လေး အပြေးအလွှား ၃ တိုက် သံဆူးကြိုးနား ကပ်ပြီး သတင်းတွေကို နားထောင်ရတယ်။ စိတ်ထဲက မှတ်လာတဲ့ သတင်းတွေကို ပလတ်စတစ်နဲ့ ထုံးသုတ်ထားတဲ့ နံရံပေါ် တုတ်ချောင်းနဲ့ ကပ်ရေးပြီး ကြိုးတိုက် ထဲမှာလည်း အဆင်ပြေသလို ဖြန့်ရတယ်။
ဦးနှောက်တွေ သေသွားစေဖို့ သတင်းတွေကို ဖုံးဖိဖြတ်တောက် ထားခဲ့ပေမယ့် ကြက်တူရွေး အကူအညီနဲ့ မြန်မာနဲ့ ကမ္ဘာတဝန်းက နေ့စဉ်ဖြစ်ပျက် နေတာတွေကို အကျဉ်းထောင်တွင်း၊ သံတိုင်ကြားက လူတွေ သိခွင့်ရ ကြရတယ်။
တချိန်ကတော့ ထောင်ဝင်စာ မိသားစုတွေက တခွန်းစ၊ နှစ်ခွန်းစ ပြောသွားတဲ့ သတင်းတချို့နဲ့ စောင်းပါး ရိပ်ခြည် သတင်း အစအနလေးတွေနဲ့ ရောင့်ရဲတင်းတိမ် နေရတဲ့ သတင်းမျှဝေခြင်း တွေကနေ သတင်းဌာနကြီး တွေဆီက လေလှိုင်းထဲက သတင်းတွေဟာ နံရံ၊ တံတိုင်းတွေနဲ့ သံတိုင်တွေနောက်က နိုင်ငံရေး အကျဉ်းသားတွေဆီ တိုးတိုး တိတ်တိတ် ရောက်နေခဲ့ရလို့ စိတ်ခွန်အားတွေ ဖြစ်ရတယ်။
ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေဟာ အပြင်က နိုင်ငံရေး၊ စီးပွားရေး စတဲ့ အခြေအနေတွေ အပေါ် နီးစပ်ရာနဲ့ ဆွေးနွေး ဖြစ်ကြတယ်။ အမြင်တွေ ဖလှယ်ကြနဲ့ နောက်ပိုင်း ထောင်အာဏာပိုင်တွေ မသိအောင် တိုးတိုးတိတ်တိတ် စကားဝိုင်းလေးတွေထိ အဆင့်မြှင့်လာခဲ့ကြတယ်။
ထောင်တွင်း အခြေအနေတွေကလည်း တနေ့ ရွှေ၊ တနေ့ ငွေ ဆိုသလို အမျိုးမျိုး ပြောင်းလဲ တတ်ပါတယ်။ ထူးခြားတာ တခုက အပြင်နိုင်ငံရေး အခြေအနေနဲ့ ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ နေမှုထိုင်မှုဟာ တိုက်ရိုက် ချိတ်ဆက် နေတာပါပဲ။
ထောင်ပြင်ပ မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အစိုးရက နိုင်ငံတကာကို အမျိုးမျိုး လိမ်ညာပြီး ပျော့ပျောင်း ပြချိန် တွေမှာ ကျနော်တို့လည်း ထောင်ထဲမှာ အနည်းငယ်တော့ အနေချောင် ပါတယ်။ အဲ … အပြင်က နိုင်ငံရေး အတိုက်အခံတွေကို ဖိပြီ၊ နှိပ်ကွပ်ပြီဆိုတာနဲ့ ထောင်ထဲက ကျနော်တို့လည်း အနေကျပ်တော့တာပါပဲ။
သိပ်မကြာပါဘူး၊ ၁၉၉၅ ခုနှစ်ထဲမှာပဲ ကြက်တူရွေးတွေ တကောင်ပြီး တကောင်ကို ထောင်အာဏာ ပိုင်တွေက သိမ်းမိသွားကြ ပါတယ်။ ဒီတော့ ပြစ်ဒဏ်တွေ ဖြစ်ကြ၊ ထောင်ဝင်စာတွေ ပိတ်ကြ၊ ထောင်ပြောင်းရွှေ့တာတွေလည်း ရှိ၊ နောက်မှုနဲ့ ထပ်တရားစွဲ ခံရတာတွေလည်း ဖြစ်လာပါရော။
ဆက်လက်ဖော်ပြပါမည်။
(လင်းသန့်သည် ရှစ်လေးလုံး ကာလတွင် ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ရန်ကုန်တွင် အဖမ်းဆီးခံရပြီးနောက် သေဒဏ်ချမှတ်ခြင်း ခံပြီး အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် ၁၉ နှစ်ကြာ နေထိုင်ခဲ့ရသည်။)