ကြိုးသမားတွေထဲမှာ တချို့က ကွယ်လွန်၊ တချို့က ထောင်ပြောင်းရွှေ့ ခံရတာတွေနဲ့ ကြိုးတိုက်ထဲမှာ တဖြည်းဖြည်းနဲ့ ကိုယ်နဲ့အတူ ကြိုးသမားဘဝ ဖြတ်သန်းခဲ့ဖူးတဲ့သူတွေ သိပ်မရှိတော့ဘူး။ ကြိုးသမားတွေ ကတော့ လျော့မသွားဘဲ ကြိုးသမား အသစ်တွေက ထပ်တိုး လာနေပါတယ်။
ပြောရရင် ကြိုးတိုက်ဟာ ကြိုးသမားအသစ်တွေနဲ့ ကြိုးသမား အဟောင်းတွေ၊ ထောင်တွင်း လူသတ်မှု၊ မူးယစ် ဆေးဝါးမှု စတဲ့ ပြစ်မှုကြီး၊ ပြစ်မှုငယ်တွေ ကျူးလွန်လို့ ထောင်တွင်း ပြစ်ဒဏ် ပေးခံရသူ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်တွင်း ပြစ်ဒဏ်ပေးခံရသူ၊ ပြစ်ဒဏ်ကျ နိုင်ငံခြားသားတွေနဲ့ တကယ့်ကို လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ရပ်ဝန်းကြီးတခု ဖြစ်လာပါတယ်။
ထိုင်းငါးဖမ်း လှေတွေနဲ့ အတူမိလာတဲ့ ထိုင်းအကျဉ်းသားတွေနဲ့ မြန်မာ အကျဉ်းသားတွေ ပဋိပက္ခဖြစ်စေခဲ့လို့ ဆိုတဲ့ ပြစ်ချက်နဲ့ ရောက်လာတဲ့ မိန်းမလျာတွေလည်း အင်းစိန် သီးသန့်ထောင်ကနေ ကြိုးတိုက်ကို ရောက်လာကြတယ်။ ဒီတော့ ကြိုးတိုက်ဟာ လူစည်ကားရာအရပ် ဖြစ်လာပါရော။
ကျနော့်မှာတော့ ကြိုးတိုက်မှာ အနေကြာလာသူ အိမ်ရှင်လို ဖြစ်နေတာက တကြောင်း၊ ကိုယ့်မှာလည်း စာပေ ဗဟုသုတ စတဲ့ လေ့လာစရာ ပစ္စည်းလေးတွေက စုမိဆောင်းမိ ဖြစ်နေတာက တကြောင်း၊ အထိုင်ကျ နေတဲ့ အခြေအနေ ရှိနေပြီ ဖြစ်တာက တကြောင်းကြောင့် ထောင်ပြောင်း ခံရမှာကို စိုးရိမ်မိခဲ့တယ်။
အရင်ကတော့ မိသားစုနဲ့ နီးရာ မန္တလေး သို့မဟုတ် မြင်းခြံထောင်ကို ပြောင်းရွှေ့ပေးဖို့ မိသားစုက စာတင်လိုက်မှ ထောင်မပြောင်းဘဲ ကြိုးတိုက်ထဲမှာ အမုန်း ထားတော့တယ်။ ဒီတော့လည်း ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်လာတဲ့ ကြိုးတိုက်မှာ ဖတ်စရာ မှတ်စရာတွေ စုဆောင်းထား တော့တာပေါ့။ ဒီတော့ ထောင်ပြောင်းတာကို မလိုလားတော့ဘူး။
တခါ ထောင်ပြောင်းတဲ့ အတွေ့အကြုံကလည်း ကိုယ့်မှာ တခါမှ ကိုယ်တိုင် မကြုံဖူးသေးတာလည်း ပါမယ် ထင်တယ်။ ဒါပေမယ့် တချို့က ထောင်ပြောင်း တာကို လိုလားကြပြီး အင်းစိန်ထောင်က မြန်မြန် ဝေးရာကို သွားချင်သူတွေလည်း ရှိကြတယ်။ အများ စုကတော့ အနည်ထိုင်နေတဲ့ အခြေအနေပျက်မှာ စိုးလို့ ထောင် မပြောင်းချင်ကြဘူး။
ရာဇဝတ်မှုနဲ့ ကျတဲ့ တချို့အကျဉ်းသားတွေကတော့ လိုင်းပေးပြီး ကိုယ်နေချင်ရာ အကျဉ်းထောင်၊ ရဲဘက်စခန်း စတာတွေဆီ ပြောင်းသွားကြတယ်။ နိုင်ငံရေး အကျဉ်းသား အတွက်တော့ လိုင်းကြေးလည်း အကျဉ်းဦးစီးက မယူရဲ ကြဘူး။ ဒါလည်း တချို့ နိုင်ငံရေးအကျဉ်းသား တချို့က စမ်းကြည့်တယ် ပြောတာပဲ။
ထောင်ပြောင်းမယ် ဆိုတဲ့ ကောလာဟလတွေ ကလည်း ခဏခဏ ထွက်တတ် သလို ဒါကလည်း အကစ အရာရှိကြီး တွေရဲ့ အကွက်လည်း ဖြစ်တာကိုး။ ဒါမှ လိုင်းကြေးတွေ ကလည်း ဝင်လာမစဲ ဖြစ်မှာပေါ့။
ထောင်ပြောင်းတဲ့ အစီအစဉ်ကို အကျဉ်းဦးစီးက ညဘက် အိပ်ချိန်ပေးထားပြီး ညဉ့်နက် သန်းခေါင်ကျော် ၁ နာရီ၊ ၂ နာရီ အိပ်ကောင်းတဲ့ အချိန်မျိုး အမြဲ လုပ်လေ့ရှိတယ်။ ဒါကြောင့် သော့သံကြားရင် အိပ်မပျော်ဖြစ်ခဲ့ရတဲ့ ညတွေ ခဏခဏ ကြုံခဲ့ရတယ်။ ထောင်ထဲမှာ ပုံမှန်အချိန် မဟုတ်ဘဲ သော့သံကြားပြီ ဆိုရင်တော့ သေချာတယ်၊ ထောင်ပြောင်းတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သံသယ တခုခုကြောင့် ထုတ်ရိုက် စစ်ဆေးတာ၊ ဒါမှမဟုတ် စစ်ကြောရေး လာထုတ် တာမျိုးပဲ။
အဲဒီ အခါမျိုးဆို သော့သံတချွင်ချွင်နဲ့ ထောင်ပြောင်း ခံရမယ့်သူရဲ့ အခန်းတံခါးကို ဖွင့်၊ နာမည် ခေါ်၊ ပစ္စည်းသိမ်းဖို့ ခိုင်း၊ ခပ်မြန်မြန် သိမ်းပြီး ခေါင်း စွပ် စွပ်၊ အထုပ်ဆွဲပြီး ခေါ်သွားတော့ တာပါပဲ။
မိန်းဂျေးလ် အဝိုင်း၊ ထောင်ကျရုံးနဲ့ အချုပ်ရုံးနား ရောက်ရင်တော့ သူတို့တွေကို ခြေချင်း ခတ်မယ်၊ လူစစ်မယ်။ ပါသွားတဲ့ ပစ္စည်းတွေ စစ်ဆေးမယ်။
အဲဒီ အခါမျိုးဆို ထောင်ဝန်ထမ်းတွေရဲ့ ခွင်ပဲ။ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို လုံခြုံရေး အကြောင်းပြပြီး သိမ်းမယ်။ သူတို့ ယူမယ်။ တချို့ဆို အရပ်ဝတ် အထည်၊ ပုဆိုးစတဲ့ ပစ္စည်းကောင်းတွေတောင် သိမ်းတယ်။ တချို့ သဘောကောင်းတဲ့ ဝန်ထမ်းမျိုး ကျတော့ ဆေးလိပ်နည်းနည်း ပေးပြီး လဲယူလိုက်တယ်။
ထောင်ပြောင်း ခံရသူတိုင်း ကံကောင်းသူ ရှိသလို၊ ကံမကောင်းသူလည်း ရှိတယ်။ တချို့ ထောင်တွင်း ပြစ်မှုနဲ့ ထောင်ပြောင်းတာ ခံရပြီ ဆိုရင်တော့ အထွက်ကြေးဆိုပြီး ထောင်ပြောင်းရွှေ့ခံရသူတွေကို နံပါတ်တုတ်၊ ဂန်းပိုက် (ရော်ဘာတုတ်) တွေနဲ့ ရိုက်နှက်လေ့ ရှိသလို အကျဉ်းဦးစီး ဝန်ထမ်းတချို့က လက်သီး၊ ဒူး၊ တံတောင်တွေလည်း လက်ဆောင် ပေးလိုက်သေးတယ်။
ဒါမျိုးတွေ မြင်ရ၊ ကြားရဆိုတော့ ထောင်ပြောင်း မှာလည်း စိုးရိမ်မိတာ အမှန်ပါပဲ။ ဒါပေမယ့် အကျဉ်းသားဆို တာမျိုးက ကိုယ့်စိတ်မှအပ သူတို့ စိတ်ကြိုက် ခန္ဓာကိုယ် ဖြစ်နေလေတော့ ဆွဲထုတ်သွားလည်း ခံရတာမျိုး။
ဒီလိုနဲ့ ထောင်ပြောင်းတွေ တစုပြီးတစု ကြိုးတိုက်ထဲက ထုတ်သွားတာမျိုးတွေ ကြုံလာရပြီး ကိုယ့်အလှည့် ဘယ်နေ့ ဆိုတာ မသေချာတဲ့ အတွက် အမြဲအဆင်သင့် ဖြစ်အောင် စီစဉ်ထားရတယ်။
တချို့ပတ်သက်ရာ ပတ်သက်ကြောင်း၊ ဘောက်ချာလို့ခေါ်တဲ့ လာဘ်ပေးနေသူတွေ၊ အရာရှိကြီးများနဲ့ နီးစပ်သူတွေရဲ့ ထောင်ပြောင်းမျိုး ကတော့တကယ့်ကို သီးသန့် အထူးအခွင့်အရေးတွေ ရှိကြပါတယ်။
တချို့ ရာဇဝတ် အကျဉ်းသားတွေက အင်းစိန်ထောင်မှာ လုပ်ကိုင်စားသောက်ရတာ စီးပွားဖြစ်နေတာကြောင့် ထောင် မပြောင်းချင်ကြဘူးတဲ့။ သူတို့ကလည်း လာဘ်ပေးပြီး နေရာ ယူထားတတ်ကြတယ်။
အထုပ်လည်း မရှိ၊ ရုပ်လည်း မပေါက်တဲ့ သူတွေကျတော့ ကြံဖန်ပုံက ထူးခြားတယ်။ တချို့က အမှုဝယ်တယ် တဲ့လေ။ ဒါမှ နောက်အမှု ရှိနေပြီး အမြဲရုံးထွက် သွားနေရမှာမို့ ပေါ့ပေါ့ပါးပါး ပြစ်မှု ကျူးလွန်ထားတဲ့သူ တဦးဦးဆီက အမှုကို ငွေပေးဝယ်ရ တာမျိုးလည်း ရှိသလို၊ ငွေလက်ခံပြီး ထောင်အကျခံဖို့ အစားတရားခံ လုပ်တာမျိုးလည်း ရှိတယ်လို့ ထောင်လူလည် တွေက ပြောပြတာ မှတ်မိ နေသေးတယ်။
တချို့ ကျတော့ ဒီလို မလုပ်ဘဲ သူ့အပေါ် နှိပ်စက် အနိုင်ကျင့်ဖူးတဲ့ သူကို အခြေအနေပေးရင် သတ်လိုက်တာ ပါပဲ။ ထောင်တွင်း လူသတ်မှု ဆိုတာ မျိုးကလည်း အရင်တုန်းက ထောင်ဒဏ် ၅ နှစ် လောက်ဆိုတော့ မကြာခဏ ဆိုသလို လူသတ်မှု ဆိုတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတယ်။
သေတဲ့သူ အများစုက အကျဉ်းသားချင်း အနိုင်ကျင့်သူ၊ ဒါမှမဟုတ် သတင်းပေး၊ ချောက်တွန်းသူတွေ ဖြစ်တတ်ကြ တယ်။ လူသတ်မှုတွေ သိပ်များလာတော့ နောက်ပိုင်း ထောင်တွင်း လူသတ်မှုဆို ထောင်ဒဏ်က နှစ် ၂၀၊ အစိတ်အထိ ပြစ်ဒဏ်တွေ ပေးလာကြတယ်။
များသော အားဖြင့် ထောင်တွင်း လူသတ်မှုတွေက ညအိပ်ချိန်မျိုးမှာ သံချွန်၊ ချွန်ထက်တဲ့ ပစ္စည်းမျိုး သုံးကာ ဖြစ်တတ်လေ့ ရှိပါတယ်။ အလုပ်ကြီးဝင်း တို့၊ အလုပ်ခွင်တွေ ထဲမှာလည်း လုပ်ငန်းခွင်သုံး ပေါက်တူး၊ ပေါက်ချွန်းတွေ သုံးပြီး လူသတ်မှု ဖြစ်တတ်တယ်။ တိုက်ဝင်းထဲမှာ ဖြစ်တဲ့ လူသတ်မှုမျိုးမှာလည်း ထောင်က ပေးထားတဲ့ ဆီးခွက်၊ စဉ့်ဇလုံ၊ သံချွန် စတာတွေ သုံးပြီး လူသတ်တာမျိုးလည်း ရှိတယ်။
အသတ်ခံရသူတွေ ထဲမှာ တချိန်က ကြိုးသမား ဖြစ်ခဲ့ဖူးသူမျိုးလည်း ပါတယ်။ ကြိုးသမားဘဝနဲ့ မသေခဲ့ရဘဲ ၄/၈၉ ဆိုတဲ့ နဝတ စစ်အစိုးရ ပေးလိုက်တဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ တသက်တကျွန်း ပြစ်ဒဏ်ပြောင်းသွား ပြီးမှ သေရတဲ့ အဖြစ်မျိုးပါ။ ပထမဆုံး သေသွားသူကတော့ မြခေါင်ဆိုတဲ့ ကြိုးသမားဟောင်းပါ။
သူကတော့ အနိုင်ကျင့်တာ များလွန်းပြီး ထောင်အာဏာပိုင်ကိုလည်း သတင်းပေးမှုတွေကြောင့် လူတစုက ပေါက်ပြား၊ ပေါက်တူးတွေနဲ့ ဝိုင်းခုတ် သတ်လိုက်ကြတာပါ။
ထောင်တွင်း လူသတ်မှုတွေထဲမှာ ထူးခြားတာ တခုကတော့ တယောက်သော သူဟာ တညမှာ အသတ်ခံရမယ် ဆိုတာ သူနေထိုင်တဲ့ အခန်းထဲက အကျဉ်းသား အားလုံးက သိနေပြီးဖြစ်ပေမယ့် ကာယကံရှင်မှာ လုံးဝ မသိခဲ့ရဘဲ ညဘက် အိပ်နေတုန်း စီစဉ်ထားတဲ့ သံချွန် (ထောင်စကားအရ ချွတ်) နဲ့ အချက်ပေါင်းများစွာ ထိုးသတ်လို့ သေသွားတဲ့ ဖြစ်ရပ်ပါ။
ဒီလို ချွန်ထက်တဲ့ ပစ္စည်းတွေ သုံးပြီး ထောင်တွင်း လူသတ်မှု ကျူးလွန်တတ်တာကြောင့် အိမ်ကပေးတဲ့ သွားတိုက်တံတွေဟာ အမြဲပဲ ချိုးပစ်တာ ခံရပြီး လက်ကလေး ကိုင်တွယ်ရရုံ တိုတိုလေးပဲ ထောင်က တရားဝင် သတ်မှတ်ပေးထားတယ်။ ဒါကြောင့် သွားပွတ်တံ အကောင်းတောင် လူစဉ်မမီသုံးရတဲ့ အကျဉ်းသားဘဝ။
အင်းစိန်ထောင်ထဲမှာ နာမည်ကြီး ထောင်တွင်း လူသတ်မှုတွေ ကျူးလွန်ခဲ့ဖူးသူတွေ မနည်းလှပါဘူး။ အင်းစိန်က အီဆတ်ကတော့ နာမည် တော်တော်ကြီးတယ်။ တနေ့ သူလည်း မူးယစ်ဆေးမှုနဲ့ ကြိုးတိုက်ထဲ ရောက်လာတုန်း အခန်းချင်း မျက်နှာ ချင်းဆိုင်နေတော့ အီဆတ်နဲ့ ခင်သွားတယ်။
အီဆတ်ဆိုလို့ ထောင်ထဲမှာ နာမည်သာ အရမ်းကြီးနေတာ။ လူက ဖလံလေး။ သေးသေး ပုပု။ လူဆိုးလူမိုက် ဆိုပြီး အထင်တော့ သေးလို့ မရဘူး။ စကားစမြည် ပြောဖြစ်တော့ စာတော်တော် ဖတ်ထားတာ သိလိုက်ရတယ်။ စာအုပ် စာပေတွေ အကြောင်း သူကောင်းကောင်း ပြန်ဆွေးနွေးနိုင်တယ်။ နိုင်ငံရေးလည်း နားလည်တယ်။
တိုက်ဝင်းအပြင်က အဆောင်တွေမှာ ရှိတဲ့ နာမည်ကြီး လူဆိုးတွေက သူထောင်ထဲ ရောက်လာတာနဲ့ ပစ္စည်းနဲ့ စားစရာ၊ အသုံးအဆောင်တွေ လှမ်းပို့ လိုက်ကြတာ ကြိုးတိုက်ထဲက သူ့အခန်းထဲ ချက်ချင်း ဆိုသလို ဇိမ်ခန်း တခုလို ဖြစ်သွားတာ မျက်မြင်ပဲ။
ဒါနဲ့ တနေ့ သူ့ကို မေးလိုက်တယ်။ “ခင်ဗျားဗျာ ဘာကြောင့် လူဆိုးဖြစ်နေတာလဲ” ဆိုတော့ သူ့ အဖြေက “ကျနော် ဆိုးသွမ်းတယ် ဆိုတာ မင်းဆိုးမင်း ညစ်တွေလို ယုတ်မာကောက်ကျစ်မှု မရှိဘူး” တဲ့။ ကဲ – နာမည်ကြီး ထောင်လူဆိုး အီဆတ်ရဲ့ နှုတ်က ထွက်လာတဲ့ စကား။
အီဆတ်ကို ထောင်လောက နာမည်ကြီး အကျဉ်းသားတွေကတင် ကြောက်ရွံ့ ရိုသေတာ မဟုတ်ဘူး။ ထောင် ဝန်ထမ်းတွေ၊ အရာရှိတွေ အပြင် အဲဒီတုန်းက အကျဉ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဇော်မင်းကပါ လေးစားတယ်။ တနေ့ ညွှန်ချုပ်က တန်းစီတာ လာစစ်တော့ အီဆတ်အခန်း ရှေ့မှာ ဗိုလ်မှူးကြီး ဇော်မင်းက ပြောတယ်။
“မင်းဟာ ငါ့ထက် အကျဉ်းထောင်ထဲမှာ ဝါ (ထောင်သက်) ပိုကြီးတယ်” တဲ့။ အကျဉ်းဦးစီး ညွှန်ချုပ်ကတောင် အီဆတ်ကို လိုအပ်တာ ပြောဖို့မှာသွားသေးတယ်။
အီဆတ်ကို ဒီလို လူတကာ လေးစားကြောက်ရွံ့ တာမျိုးတွေ ရှိပေမယ့် အီဆတ်ကိုယ်တိုင် လေးစားတဲ့ သူ တဦးလည်း ရှိပါတယ်။ အဲဒီလူ ကြိုးတိုက်ထဲ ရောက်လာချိန်မှာတော့ အီဆတ်က တရိုတသေ၊ တလေးတစားနဲ့ သူ့ကို လိုအပ်တာ အကူအညီပေးတယ်။
သူက တခြားသူတော့ မဟုတ်ဘူး။ ဖျာပုံထောင် ဖောက်ပြေးခဲ့ဖူးသူ၊ စစ်တပ်က တပ်ကြပ်ဟောင်း၊ ဓားပြဗိုလ် တဖြစ်လဲ ABSDF ကျောင်းသား တပ်မတော်ကနေ လက်နက်ခဲယမ်းတွေနဲ့ ဖောက်ခွဲရေး ကိစ္စနဲ့ သေဒဏ် ၂ ခု ကျ ခံခဲ့ရသူ နာမည်ကျော် ကိုတိုက်ယဉ် ပါပဲ။
အီဆတ်လို ထောင်တွင်းမှာ လူပေါင်းများစွာ သတ်ခဲ့ဖူးသူရဲ့ လေးစားခြင်း ခံရတဲ့ ကိုတိုက်ယဉ်ကို လူဆိုးကြီးလို့ တချို့က ပြောကောင်း ပြောကြမယ်။ ဒါပေမယ့် သူ့ရုပ်သွင်က တကယ့်ကို တန်ခိုးဩဇာကြီးတဲ့ ပုဂ္ဂိုလ်ကြီး လိုပါပဲ။
သူ့ကို ဖမ်းစဉ်တုန်းက သူက ဒုလ္လဘ ရဟန်းဝတ် ထားချိန်လို့ သိရတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကလည်း ကျနော့်ထက် ၂ ဆ မက။ ၂ ကြိုး၊ ၁ ကျွန်း၊ ၂၁ နှစ် ၁၁ လ တဲ့ဗျာ။
ဆိုလိုတာက သေဒဏ် ၂ ခုနဲ့ နောက်ထပ် ထောင်ဒဏ်တွေ ပေါ့။ ပထမ သေဒဏ်က ရှစ်လေးလုံး ကာလ လောက်က ဓားပြမှုနဲ့ အဖမ်းခံရချိန် ဇနီးသည်ကို ရဲအရာရှိတဦးနဲ့ ရဲဝန်ထမ်း တချို့က သူ့ရှေ့မှာတင် ကိုယ်တုံးလုံးချွတ်ပြီး ရေနွေးပူနဲ့လောင်း စစ်ဆေးခဲ့လို့ အဲဒီ ရဲတွေကို ကလဲ့စားချေတဲ့ အနေနဲ့ ရုံးထုတ်စဉ်မှာ သင်္ဘောကို ပြန်ပေးဆွဲပြီး ရဲတွေကို ပစ်သတ်ခဲ့လို့ပါ။
ဒါကလည်း သူပြန်ပြောပြလို့ သိရတာ။ သူ့ စွန့်စားခန်းကလည်း ရုပ်ရှင်ရိုက်လို့ ရတယ်။ အဲဒီလို ပြောတော့ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ဖူး ခဲ့ပြီးသားလို့ ပြောတယ်။ အဲဒါက မြင်စိုင်းသား အောင်အောင် ပါဝင်သရုပ် ဆောင်တဲ့ “ကျနော့်ဝေစု အမေ့ပေးပါ” ဆိုတဲ့ မြန်မာ ဇာတ်ကားလို့ ပြောတယ်။
နောက်တော့ ဖျာပုံထောင် ဖောက်ပြေးပြီး လွတ်မြောက်သွားခဲ့ကာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျောင်းသား တပ်မတော်လို့ လူသိများတဲ့မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ဆက်သွယ်ခဲ့တယ်တဲ့။
ကိုတိုက်ယဉ်က တချိန်က လူဆိုး၊ ဓားပြလို့ နာမည်ကြီးတာ ဆိုတော့ ကျောင်းသား တပ်မတော်ကို ရောက်တော့ သူ့ ဖြစ်ကြောင်း အကုန် ဝန်ခံပြောတယ်လို့ ဆိုတယ်။
တကယ်တော့ သူက စစ်တပ်က တပ်ကြပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘိုကလေးဘက်မှာ ကောင်းရောင်း ကောင်းဝယ် လုပ်စားခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဘဲမွေးမြူရေး လုပ်ငန်းနဲ့ အဆင်ပြေပြီး မိဘဆွေမျိုး တွေလည်း စီးပွားကောင်းတာမို့ တရွာတကျေးက ဓားပြတွေက မကြာခဏဆိုသလို အနိုင်ကျင့်၊ ဓားပြတိုက်တာ ခံခဲ့ရလို့ နောက်ဆုံး သူလည်း ဓားပြ ဖြစ်လာခဲ့တယ်လို့ ပြောပြတယ်။
ဓားပြမှုနဲ့လည်း ထောင်အကြိမ်ကြိမ် ကျခဲ့ဖူးတယ်လို့ သိရတယ်။ ဒါကြောင့် ထောင်လောကမှာ တိုက်ယဉ်ဆိုတာ မသိသူ ရှားတယ်။ သူက လူသတ်လည်း ယဉ်ပါးသလို အကြီးအကဲစိတ်လည်း အပြည့်ရှိတာ သတိထား မိတယ်။
သူ လူဆိုးဘဝကို အခုလို ရောက်ခဲ့ရတာ ဗီဇကြောင့် မဟုတ်ဘဲ စနစ်ကြောင့် ဆိုးခဲ့ရတာကို သက်သေပြလိုတဲ့ အတွက် တော်လှန်ရေး အင်အားစုရဲ့ အစီအမံကို လိုက်နာမယ်၊ သူဆိုးခဲ့သမျှတွေ အတွက် ပြန်လည် ဆေးကြောဖို့ ဒီစနစ်ဆိုးကို တိုက်ဖျက်ဖို့ သူ့ကို တာဝန်ပေးပါဆိုပြီး တောင်းဆိုခဲ့တယ်။
ဒီတော့ ကျောင်းသား တပ်မတော်က သူ့ကို လက်နက်ခဲယမ်းတွေပေးပြီး ရန်ကုန်ကို ပြန်လွှတ်ခဲ့တယ် လို့ သူက ပြောတယ်။ ကိုတိုက်ယဉ်လည်း ရန်ကုန်ရောက်တော့ တရုတ်နီသံရုံးကို ဖောက်ခွဲဖို့ ကြံစည်ရင်း အဖမ်းခံခဲ့ရတယ်။
ဒါကြောင့် အဲဒီ ဖောက်ခွဲရေးကိစ္စနဲ့ သေဒဏ် တခုတိုးပြီး ရဲတွေကို သတ်လိုက်တဲ့ အမှုနဲ့ သေဒဏ်အပြင် တခြား ဓားပြမှုတွေနဲ့ ပတ်သက်လို့လည်း နှစ်တွေ တသီးကြီး ပြစ်ဒဏ်တွေ ပွေ့ပိုက်ပြီး ကြိုးတိုက်ကို ရောက်လာတယ်။ သူကလည်း ကြိုးတိုက်ကို စရောက်ကတည်းက ကျန်းမာရေး လိုက်စားတယ်။ နောက် ထောင်ပုံစံ အသားတွေ စုပြီး သူက ရင်းပြီး ချက်ကျွေးလေ့ ရှိတယ်။
ကိုတိုက်ယဉ်တို့ ကြိုးသမား အုပ်စုကတော့ ၁၉၉၃ ခုနှစ်နောက်ပိုင်း ကြိုးသမား အဖြစ် ပြစ်ဒဏ် ကျလာခဲ့သူတွေပါ။ ကြိုးသမား အသစ်တွေထဲမှာ စစ်သားလေး ၃ ယောက်လည်း ပါတယ်။ သူတို့ကို အနိုင်ကျင့်တဲ့ တပ်ကြပ်ကို သတ်ပြီး တံတားတခု အောက် မြှုပ်၊ အလောင်းဖျောက်ခဲ့တဲ့ ပဲခူးနယ်ဘက်က သောင်းအေးတို့ စစ်သားငယ် ၃ ဦး အုပ်စုလည်း သေဒဏ်တွေ အသီးသီးကျပြီး ကြိုးတိုက်ထဲ ရောက်လာခဲ့တယ်။
နောက်ကြိုးသမား အသစ် တစုကတော့ စက်မှုတက္ကသိုလ် ကျောင်းသားတဦးကို ခါးပိုက်နှိုက် လိုက်ရာက ကျောင်းသားက အော်ဟစ် အကူအညီတောင်းလို့ အသင့်ပါလာတဲ့ ဓားနဲ့ ထိုးသတ်လို့ ရန်ကုန်မှာ ပွဲဆူခဲ့တဲ့ ခါးပိုက်နှိုက် အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ ခါးပိုက်နှိုက် လက်ကပ်ခေါ် ခင်မောင်ဦးနဲ့ သူ့ယောက်ဖ၊ တပည့် တသိုက်တို့ပါပဲ။
တကယ်တော့ ခင်မောင်ဦးက သူ့ယောက်ဖ လက်လွန်ခြေလွန် ခါးပိုက်နှိုက်ရင်း လူသတ်မိလို့ ကျောင်းသားထု မကျေနပ်မှုကို ဖြေသိမ့်တဲ့ အနေနဲ့ ခါးပိုက်နှိုက် ဂိုဏ်းသားတွေကိုပါ စုဖမ်းလိုက်တာကြောင့် သေဒဏ် အမိန့်ချခံရပြီး ကြိုးသမား ဖြစ်လာတာ။
ဆေးကြောင်ပြီး ဆေးဖိုး မရလို့ ကိုယ့်အဘွား အရင်းကို သတ်ပြီး ရွှေငွေတွေ ယူခဲ့ရာက သေဒဏ် ကျတဲ့ ခရမ်းသုံးခွ အရပ်က မြင့်သိန်းဆိုတဲ့ ကြိုးသမား တယောက်လည်း ကြိုးတိုက်ထဲမှာ ရှိပါတယ်။
ဒီတော့ ကြိုးတိုက်ထဲမှာ ကြိုးသမား အသစ်၊ ကြိုးသမား အဟောင်းတွေနဲ့ ရသစုံတယ်။ မြန်မာ ကျပ်ငွေ ၅၀ဝ တန် အတုတွေ ရန်ကုန်လေဆိပ်မှာ သိန်းချီပြီး အိတ်လိုက်တွေ့လို့ အဖမ်းခံခဲ့ရတဲ့ ထိုင်း နိုင်ငံသား မစ္စတာ စူလဖုန်၊ မစ္စတာ ထားဝီး၊ မစ္စတာ ကွန်ကယောက်တို့ ၃ ဦးလည်း ကြိုးတိုက်ထဲမှာ ရှိတယ်။
နောက် ဒေါ်လာငွေ အတုလုပ်တဲ့ စက်တွေရယ်၊ ဘိန်းဖြူကိစ္စ တွေရယ်နဲ့ ဖမ်းဆီးခံရကာ ထောင် ၇ နှစ်ကျတဲ့ ကင်မရွန်းနိုင်ငံသား ဘာဘို၊ မိုက်ကယ် စတဲ့ လူမည်း ၄ ဦးလည်း ရှိတယ်။
နောက်ပြီး ထောင်ကျအဆောင်မှာ အာဇာနည်နေ့ အထိမ်းအမှတ် ကော်ဖီစုသောက်ပြီး အောက်မေ့ ဖွယ်လုပ်လို့ ထောင်တွင်း ပြစ်ဒဏ်ကျခံလာရတဲ့ နိုင်ငံရေးအကျဉ်းသား တသိုက်လည်း ရှိပြန်တယ်။ အဆောင်မှာ နိုင်ငံရေး လှုပ်ရှားမှု လုပ်တယ် ဆိုပြီး သတင်းပေးတွေရဲ့ လက်ချက်ကြောင့် ကြိုးတိုက်ထဲ ရောက်လာသူတွေထဲမှာ အခု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး လုပ်နေတဲ့ ကိုဘိုကြည်လည်း ပါပါ တယ်။
ဆက်လက်ဖော်ပြပါမည်။
(လင်းသန့်သည် ရှစ်လေးလုံး ကာလတွင် ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ရန်ကုန်တွင် အဖမ်းဆီးခံရပြီးနောက် သေဒဏ်ချမှတ်ခြင်း ခံပြီး အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် ၁၉ နှစ်ကြာ နေထိုင်ခဲ့ရသည်။)