ယခု ရုရှားမှာ ခိုလှုံနေတဲ့ အမေရိကန် CIA ဝန်ထမ်းဟောင်း အက်ဒဝပ်စနိုဒင် အကြောင်းကို လူတိုင်းလိုလို သိပြီးကြ ပါပြီ။ အမေရိကန်ရဲ့ ထောက်လှမ်းရေး သတင်းတွေကို ကမ္ဘာသိအောင် ဖွင့်ချလိုက်လို့ အမေရိကန်ဟာ သူ့မဟာမိတ် တွေ ကြားမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် ဖုန်းပြောတာကို ခိုးနားထောင်၊ သူ့မဟာမိတ် ဥရောပ နိုင်ငံတွေက ခေါင်းဆောင် တွေ ဖုန်းပြောတာ ခိုးနားထောင်နဲ့ အမေရိကန်ကို သူ့မဟာမိတ်တွေက အော့နှလုံးနာလာ ကြပါတယ်။ ထောက်လှမ်းရေး သမိုင်းမှာတော့ ကမ္ဘာကျော် ဖော်ကောင်လုပ်တဲ့ ပွဲကြီးတပွဲပါပဲ။ သူ့အခြေအနေ မဟန်မှန်းသိတာနဲ့ စနိုဒင်ဟာ ဟောင်ကောင်ကနေ မော်စကိုကို ရောက်သွားတာပါ။
တရုတ်က အမေရိကန်ရဲ့ လုပ်ရပ်တွေကို မကြိုက်ပေမယ့် အမေရိကန်နဲ့ ရန်မများချင်၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက် တွေ ဖြစ်တာကြောင့် စနိုဒင်ကို ခိုလှုံခွင့် မပေးခဲ့ပါဘူး။ ရုရှားမှာလည်း ယာယီသာ ဆိုပေမယ့် အခုအချိန်ထိ မော်စကိုမှာ ခိုလှုံခွင့်ပေး ထားတယ်။ ယူကရိန်း ပြဿနာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန် ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာတဲ့ အခါ စနိုဒင်ဟာ မော်စကိုမှာ ကြာမယ့် အခြေအနေပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် ထောက်လှမ်းရေး ဆိုတာ ဘယ်နိုင်ငံမှာမဆို အစိုးရ ရပ်တည်နိုင်ဖို့နဲ့ တိုင်းပြည် လုံခြုံရေး အတွက် ထားရှိရတဲ့ ယန္တရားတခုပါပဲ။ ပြည်တွင်းမှာ ထောက်လှမ်းရ သလို ပြည်ပနိုင်ငံများက မိမိနိုင်ငံ အပေါ် ထားရှိတဲ့ သဘောထားကိုသိရှိဖို့လည်း ပြည်ပထောက်လှမ်းရေး ထားရှိရတယ်။ မြန်မာ နိုင်ငံမှာလည်း ၁၉၆၂ ခုနှစ်က စပြီး စစ်ထောက်လှမ်းရေး အားကောင်းလာတယ်။ မဆလခေတ်၊ နအဖ ခေတ်တွေမှာ စစ်ထောက် လှမ်းရေးဟာ ဩဇာ ကြီးမား ပါတယ်။
စစ်အစိုးရ အဆက်ဆက်ဟာ သူတို့ အာဏာ တည်မြဲရေး၊ ပြည်သူကို ဖိနှိပ်ရေး အတွက် အားအကိုးဆုံးက စစ်ထောက်လှမ်းရေး ပါပဲ။ နောက်ပိုင်းကျတော့ သရဲမွေးသလို ဖြစ်လာပါတယ်။ မွေးထားတဲ့ သရဲကို မကျွေး နိုင်တာ ကြောင့် ကိုယ်မွေးထားတဲ့ သရဲက ကိုယ့်ကို ပြန်စားတယ်လို့ လူကြီးတွေ ခိုင်းနှိုင်း ကြတာကို ကြားဖူးပါတယ်။ နောက်ဆုံး ကျွေးလည်း မကျွေးနိုင်၊ သရဲကိုလည်း မနိုင်တဲ့အခါ နောက်ဆုံး မွေးထားတဲ့ သရဲက သခင်ကို ပြန်စားလာတယ်။
ဒီလိုပဲ သရဲလို ကိုယ့်သခင်ကို ပြန်စောင်လာတဲ့ အခါ ရှင်းပစ်ရတဲ့ သမိုင်းဟာ မြန်မာနိုင်ငံ စစ်အစိုးရခေတ် မှာ ၂ ကြိမ် တောင် ရှိခဲ့ပါတယ်။ ပထမအကြိမ်က ဗိုလ်နေဝင်း လက်ထက် မဆလခေတ် ထောက်လှမ်း ရေးမှူး ဗိုလ်တင်ဦးကို ရှင်းလင်းတာပါပဲ။ ဗိုလ်တင်ဦး ခြေရာတိုင်းတာကို သိတဲ့ ဗိုလ်နေဝင်းဟာ ဗိုလ်စန်းယုနဲ့ ပေါင်းပြီး ထောက်လှမ်းရေး ကွန်ရက်ကြီး တခုလုံးကို ဖြိုချတော့တာပဲ။ အကြောင်းပြချက်က အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ အဖွဲ့ကို မြောက်ကိုရီးယား အေးဂျင့်တွေက လုပ်ကြံတာနဲ့ ပတ်သက်ပြီး စတာပါပဲ။
အမှန်က ဗိုလ်တင်ဦးက အစ္စရေးက အူဇီစက် သေနတ်တွေ မှာယူတာကို ဗိုလ်စန်းယုက ဗိုလ်နေဝင်းထံ တိုင်တယ်။ ဗိုလ်နေဝင်းက သူ့ကို အန္တရာယ် ပြုလာမှာ စိုးရိမ်ပြီး ထောက်လှမ်းရေး ကွန်ရက်ကြီး တခုလုံးကို ဖြိုချပစ်လိုက်ပြီး လူအပြောင်းအလဲ လုပ်ခဲ့တာပါပဲ။
ဒုတိယအကြိမ် ထောက်လှမ်းရေးကို ဖြိုချတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာပါ။ ဩဇာ ကြီးသထက် ကြီးလာတဲ့ ဗိုလ်ခင်ညွန့်နဲ့ သူ့နောက်ပါတွေကို အားလုံးဖမ်းပြီး ထောင်ထဲထည့် ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘေးက စစ်ဘက် လက်ထောက် အဖြစ် ရှိနေတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း ဆိုတဲ့ လူတယောက်ပဲ လွတ်ခဲ့တာပါ။
စာအုပ်တွေ စိစစ်ရေးမတင်ဘဲ လွတ်လွတ်လပ်လပ် ရေးသားထုတ်ဝေခွင့် ရလာတဲ့အခါမှာ ယခင်က ဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင် တသက်တကျွန်း အထိ ချမှတ်ခံရနိုင်တဲ့ စာအုပ်တွေလည်း ထွက်ပေါ်လာ ပါတယ်။ အဲဒီအထဲမှာ မိုးဇေညိမ်းရေးတဲ့ “ဘာလဲဟဲ့ စွမ်းအားရှင်နှင့် အခြားစာစုများ” ဆိုတဲ့ စာအုပ်လည်း ပါနိုင်ပါ တယ်။
စွမ်းအားရှင် ဆိုတဲ့နာမည် ပါလာကတည်းက စိတ် ဝင်စားမိပါတယ်။ ဖတ်ချင်စိတ်လည်း ဖြစ်မိတယ်။ စွမ်းအားရှင် ဆိုတာ ၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရခေတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကြံ့ခိုင်ရေး အဖွဲ့က မွေးထုတ်ထားတဲ့ လူမိုက်၊ လူရမ်းကား အဖွဲ့ တဖွဲ့ပါပဲ။ လူရမ်းကားအဖွဲ့ ဆိုတာကိုတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဝန်ခံရလိမ့်မယ်။
ယခင်က စွမ်းအားရှင်ဆိုတာ တွေ့ကြ၊ ကြုံကြ ရပေမယ့် စွမ်းအားရှင် ဘယ်လိုဖွဲ့တယ်ဆိုတာတော့ ဂဃနဏ မသိကြ ပါဘူး။ အခုတော့ မိုးဇေညိမ်းက ရန်ကုန်တိုင်းမှာ ရှိတဲ့ စွမ်းအားရှင်တွေရဲ့ နာမည်၊ လိပ်စာ စတာ တွေကို ဖော်ပြလိုက် ကတည်းက ကြက်သီးလည်း ထသွားမိတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖော်ပြနိုင်တဲ့ မိုးဇေညိမ်းကို အထင်ကြီးမိ သလို သူ့အတွက် စိုးရိမ်စိတ်တွေလည်း ပေါ်လာမိတယ်။ တချိန်တည်းမှာ သူဟာ ဘယ်လိုလူလဲ။ ကြံ့ခိုင်ရေး ထဲမှာရော၊ စစ်ထောက်လှမ်းရေး မှာရော၊ စရဖ အဖွဲ့ထဲမှာရော ထဲထဲဝင်ဝင် သိနိုင်တဲ့သူ ဖြစ်နိုင်တယ်။ သူ့ကိုလည်း ခပ်ရွံ့ရွံ့ ဖြစ်သွားမိပါတယ်။
စွမ်းအားရှင်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်းက ဘယ်လို ရေးထားသလဲဆိုရင် “၂၀ဝ၇ ခုနှစ် သံဃာ့ အရေးအခင်း ကာလ နောက်ပိုင်းမှာ ပြည်သူတွေ အကြားမှာ မသတီစရာ အကြောင်းအရာတခု ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒါကတော့ စွမ်းအားရှင် ဆိုတဲ့ စကားလုံးပါပဲ။ သံဃာ့အရေး အခင်းကာလမှာ သံဃာတော်နဲ့ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ ကြတဲ့ စစ်တပ်တွေ၊ ရဲတွေနဲ့ တတန်းတည်းထားပြီး စွမ်းအားရှင်ဆိုတဲ့ လူတွေကိုလည်း မုန်းတီးခဲ့ကြ ပါတယ်။ စွမ်းအားရှင် ဆိုတဲ့ လူတွေဟာ ဖိနှိပ်မှု ယန္တရားထဲက ခွေးသွားစိပ်လေး တခုမို့ အသားထဲက လောက်ထွက်တဲ့ လူတွေ လို့ ပြည်သူတွေက သတ်မှတ်ခဲ့ ကြပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အာဏာရှင်နိုင်ငံတွေက အိုင်ဒီယာ အသစ်တခုတော့ မဟုတ်ပါဘူး။ ဟစ်တလာရဲ့ ရှပ်ညိုတပ် တွေလို၊ အာဏာရှင်တွေရဲ့ ဒေါက်တိုင်လက်ကိုင် အဖွဲ့အစည်း အဖြစ်နဲ့ စွမ်းအားရှင်တွေကို စုဖွဲ့ထားခဲ့တာပါ။ လက်တွေ့မှာ စွမ်းအားရှင်တွေကို စတင်ပြီး အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တာက နာမည်ကျော် ဒီပဲယင်း အကြမ်းဖက်မှု မှာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ဒီပဲယင်းမြို့၊ ရွာသစ်ရွာ အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင် တွေရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ရာမှာ အစိုးရနဲ့ ကြံ့ခိုင်ရေးတို့ရဲ့ လက်ကိုင်တုတ် လူမိုက်တွေကို အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် သတင်းထုတ် ပြန်တဲ့ အခါမှတော့ NLD ကို မလိုလားတဲ့ လူစုလူဝေးလို့ သုံးနှုန်းခဲ့ပါတယ်။ အတိုက်အခံ တွေကို နှိပ်ကွပ်တဲ့ အခါ နအဖ အတွက် ဒီလိုလူမိုက်တွေဟာ အင်မတန် အသုံးတည့်ကြောင်း ဒီပဲယင်း အရေး အခင်းမှာ သိရှိသွား ပါတယ်။ ပြောရရင်တော့ ဒီပဲယင်း အရေးအခင်းဟာ စွမ်းအားရှင်တွေရဲ့ ပွဲဦးထွက်ပါပဲ” လို့ စာအုပ်ရဲ့ စာမျက်နှာ ၁၀ မှာ မိုးဇေညိမ်းက စွမ်းအားရှင်တွေ အကြောင်းကို ဖော်ပြခဲ့တယ်။
“စွမ်းအားရှင်” ဆိုတဲ့ စကားလုံး စတင်အသုံးပြု လာတဲ့ တရားဝင် အသုံး အနှုန်းကိုလည်း သူက ဒီလိုရေးထားပါတယ်။
“စွမ်းအားရှင် ဆိုတဲ့ စကားလုံးကို အစိုးရက တရားဝင် ဖော်ထုတ် စတင်အသုံးပြုခဲ့တာ ကတော့ ၂၀ဝ၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နအဖ သတင်းစာ ရှင်းလင်းပွဲ (၇/၂၀ဝ၆) မှာ ဖြစ်ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ စွမ်းအားရှင် ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး မီးသတ်၊ ကြက်ခြေနီ၊ ရ.ယ.က စသဖြင့် အဲဒီပုဂ္ဂိုလ်တွေဟာ လစာရိက္ခာ တပြားတချပ်မှ မယူဘဲနဲ့ သီးခြား စေတနာအလျောက် ကူညီပေးတဲ့ စွမ်းအားများ ဖြစ်တဲ့ အတွက်ကြောင့် ဒီပုဂ္ဂိုလ်များကို စွမ်းအားရှင်လို့ နိုင်ငံတော်က စာလုံးရွေးချယ် သတ်မှတ်ပြီးတော့ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ (၃၊ ၁၁၊ ၂၀ဝ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁၃) လို့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောခဲ့ပါတယ်” လို့ ရေးထားတယ်။
အဲဒီကစပြီး စွမ်းအားရှင်တွေရဲ့ နာမည်တွေ၊ နေရပ် လိပ်စာတွေ၊ တာဝန်တွေ၊ တယ်လီဖုန်းနံပါတ် တွေက အစ အသေးစိတ် ဖော်ပြထားတယ်။ စာရေး သူဟာ ဒီစွမ်းအားရှင်တွေကို နှိုက်နှိုက်ချွတ်ချွတ် သိရှိ ရေးသားခဲ့တယ်။
ဒီစာအုပ်မှာ “ဘာလဲဟဲ့ စွမ်းအားရှင်၊ တပ်အင်အား ပြုန်းတီးမှုနှင့် ယနေ့ မြန်မာ့တပ်မတော်၊ တော်လှန်ရေး အဖွဲ့အစည်း များ၊ သတင်းပေးများနှင့် သံဃာတော်များကို စောင့်ကြည့်ခြင်း၊ ဘာလဲဟဲ့ စရဖ၊ တခါတုန်းက အမှတ်တရများ (၁)၊ တခါတုန်းက အမှတ်တရများ (၂)၊ တခါတုန်းက အမှတ်တရများ (၃)” ဆိုပြီး ဆောင်းပါး ၇ ပုဒ်ကို ဖော်ပြထားတဲ့ စာအုပ်ပါပဲ။
မိုးဇေညိမ်းဟာ တပ်မတော်က အရာရှိ တယောက် ဖြစ်နိုင်ပါတယ်။ ထဲထဲဝင်ဝင် သိရှိတဲ့ ထောက်လှမ်းရေးကလည်း ဖြစ်နိုင်သလို စရဖ ကလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စာရေးသူဟာ အပင်ပန်းခံပြီး နှိုက်နှိုက်ချွတ်ချွတ် စုံစမ်း ရေးသားတာလည်း ဖြစ်နိုင်ပါတယ်။ စွမ်းအားရှင် အကြောင်း ရေးထားသလို တပ်အင်အား ပြုန်းတီးမှုနှင့် ယနေ့ မြန်မာ့ တပ်မတော်ဟာ ပြည်သူလူထုနဲ့ ကင်းကွာ သထက် ကင်းကွာပြီး တပ်ပြေးတွေ များသထက် များလာတယ်၊ ခေတ်မီ တပ်မတော် ဖြစ်အောင် ကြိုးစားတယ် ဆိုရင်းနဲ့ ခေတ်မမီဘဲ တိုက်ရည်ခိုက်ရည် ကျဆင်းလာတဲ့ တပ်မတော် ဖြစ်လာတဲ့ အကြောင်း ရေးထား ပါတယ်။
အဲဒီမှာ စစ်တပ်က ထွက်ပြေးတဲ့ တပ်မှူး၊ တပ်သားတွေက အစ ထွက်ပြေးရင်း ပါသွားတဲ့ လက်နက် အမျိုးအစားတွေ က အစ ရေးထားပါတယ်။ စစ်တပ်က ထွက်ပြေးတဲ့ တပ်ပြေးပေါင်းဟာ ၂၀ဝ၅ ခုနှစ်က ၁၃၀၅၀ ဦး ရှိပြီး ၂၀ဝ၆ ခုနှစ်မှာ မေလနဲ့ ဩဂုတ်လ ၂ လအတွင်း တပ်ပြေး ၉၄၉၇ ဦး ရှိခဲ့တယ်။ ၂၀ဝ၈ ခုနှစ် ဒုတိယ ၄ လပတ်အတွင်း တပ်ပြေး ၅၀ဝ၀ ဦး ရှိတယ်လို့ ရေးထားပါတယ်။
မိုးဇေညိမ်းက “စစ်အာဏာရှင်တွေဟာ တပ်မတော်ကို လက်ကိုင်တုတ် အဖြစ် အသုံးချခဲ့ တာကြောင့် လူထုနဲ့ ကင်းကွာခဲ့ရ သလို ကလေးစစ်သားတွေ များပြားလာတဲ့ ပြဿနာ၊ စွမ်းရည် မပြည့်တဲ့ တပ်သားတွေ များပြားလာတဲ့ ပြဿနာ အစရှိတဲ့ ဘေးထွက် ဆိုးကျိုး တွေလည်း ဖြစ်ပေါ်လာတယ်” လို့ ကောက် ချက်ချထားခဲ့ပါတယ်။ နောက် စစ်ထောက်လှမ်းရေး တဖြစ်လဲ စရဖ အကြောင်း ရေးထားသလို စရဖ ထဲက သတင်းပေးတွေ အကြောင်း ရေးထားတာ လည်း ဖတ်ရပါတယ်။
ဒါကြောင့် မိုးဇေညိမ်းရဲ့ “ဘာလဲဟဲ့ စွမ်းအားရှင်” စာအုပ်ဟာ စရဖ အကြောင်း၊ စစ်ထောက်လှမ်းရေး အကြောင်း၊ စွမ်းအားရှင် အကြောင်း နှိုက်နှိုက်ချွတ်ချွတ် ရေးသားထား တာကြောင့် သိသင့်၊ ဖတ် သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ယခုလို အချိန်မှာ ထွက်လာတာ ဖြစ်လို့ တော်သေးတာပေါ့။
ယခင် စစ်အစိုးရ ခေတ်မှာ ဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြား မှုနဲ့ ထောင်တသက်တကျွန်းအထိ ကျစေမယ့် စာအုပ်ပါပဲ။ ဖောင်းကားစား မောင်မောင်ရဲ့ မယားပြီး မယား၊ စကားပြီး စကားဆိုတဲ့ အသုံးနှုန်းထည့်လိုက် တဲ့ စာရေးဆရာ မောင်ဖေငယ်တောင် တသက်တကျွန်း ကျခဲ့တယ် မဟုတ်ပါလား။ ။
စာအုပ် အမျိုး အစား – ဆောင်းပါး ပေါင်းချုပ်
စာအုပ်အမည် – ဘာလဲဟဲ့ စွမ်းအားရှင်နှင့် အခြားစာစုများ
စာရေးသူ – မိုးဇေညိမ်း
စာအုပ်တိုက် – ညနေခင်းစာပေ
ထုတ်ဝေသည့်နှစ် – ပထမ အကြိမ်၊ ဇွန်၊ ၂၀၁၄
အုပ်ရေ – ၅၀၀
တန်ဖိုး – ၂၀၀၀ ကျပ်