မြန်မာပြည်မှာ ကျင်းပတဲ့ နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲဟာ အကြေအညာ စုံစုံလင်လင် စည်စည်ကားကား လာရောက်ကြတဲ့ ပွဲပါပဲ။ အနယ်နယ်အရပ်ရပ်က မန္တလေးကို ရောက်လာကြပြီး မန္တလေးကနေ တောင်ပြုန်းကို ကားနဲ့၊ မီးရထားနဲ့ သွားလာကြတယ်။ အရင်ခေတ်တုန်းက တောင်ပြုန်းကို လှေတွေနဲ့သွားကြတယ်။ မန္တလေး ဈေးချိုတော်ရဲ့ အနောက်ဘက်က ကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေ တောင်ပြုန်းအထိ လှေတွေနဲ့ သွားကြ တယ်ဆိုရင် အတော် အံ့ဩကြမှာ ပါပဲ။
ဒီလိုသွားကြတာ ကျနော်တို့တောင်မှ မမီခဲ့ပါဘူး။ ကျနော်တို့ မိဘများခေတ် ဖြစ်မှာပေါ့။ “နှဲကုပ်သို” လို့ အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာ ဘိုးတော်ဘုရား လက်ထက်ကတည်းက မတ္တရာကနေ အမရပူရ နေပြည်တော် တက်သိမ်းအင်း အထိ ဖောက်သွယ်ခဲ့တဲ့ မြောင်း ဖြစ်ပါတယ်။ တာပေါင်း ၂၇၀ဝ ရှည်သတဲ့။
လယ်တွေကို ရေပေးဝေဖို့ အပြင် မတ္တရာနဲ့ အမရပူရ နေပြည်တော် ဆက်သွယ်သွားလာရေး အတွက် ရေလမ်း အဖြစ် အသုံးပြုခဲ့တာ ပေါ့။ ရတနာပုံ ခေတ်မှာတော့ ရွှေတချောင်းမြောင်း အမည်နဲ့ ရေရှင် ရေကောင်းတွေ စီးဆင်းခဲ့ပြီး မတ္တရာ နယ်မှာ လယ်ရေ ပေးဝေရေးနဲ့ မန္တလေး ရွှေမြို့တော်မှာ သုံးရေ ချိုးရေ သုံးရေ အတွက် သာမက မတ္တရာနယ် က သစ်သီးသစ်နှံ တွေကို မန္တလေး ဈေးချိုတော်ဆီ လှေများနဲ့ ပို့ဆောင်ဖို့ အသုံးဝင် ခဲ့တယ်။
တောင်ပြုန်း ပွဲတော်အခါ ရောက်ရင် လူစည်ကားတဲ့ ဈေးချိုတော် ကနေ လှေတွေနဲ့ ဆိုင်းတွေ ဗုံတွေနဲ့ တောင်ပြုန်းပွဲတော်ဆီ ရွှေတချောင်းမြောင်း အတိုင်း သွားကြတာ တဲ့။ သီပေါမင်းခေတ်မှာ တောင်ပြုန်းပွဲတော် ကျင်းပတဲ့ အခါ ပွဲတော်အုပ်ချုပ်ရေး အတွက် ရနောင်မောင်မောင်တုတ်ကို လွှဲအပ်ထားတာ တဲ့။ သိကြတဲ့ အတိုင်းပဲ ရနောင်မောင်မောင်တုတ် ဆိုတာက သီပေါဘုရင်ရဲ့ “သူ့ဓားနှင့် မသေစေရ” လို့ ပစားပေးထားခဲ့ရ သူပါ။
ဒီတော့ တောင်ပြုန်းပွဲကို ရနောင်မောင်မောင် တုတ်လက် ဝကွက်အပ်ထားတဲ့ အခါ ပွဲတော်နဲ့ ပတ်သက်တဲ့ မှုခင်းမှုရာတွေ ကိုလည်း နေပြည်တော်က လွှတ်ရုံး အဆင့်ဆင့်ဆီ တရားနည်းလမ်းကျစွာ ဥပဒေနဲ့အညီ ဓမ္မသတ် ရာဇသတ်များနဲ့ အညီ တက်ရောက်စရာ မလိုဘူး။ ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း အမိန့်အာဏာနဲ့ သဘောကျ စီရင်စေရတယ်။
တောင်ပြုန်းပွဲ ဆိုတာကလည်း အခုမှ မဟုတ်ဘူး။ ရတနာပုံ ခေတ်ကတည်းက မူးယစ်ရမ်းကား အပျော်ကြူးကြတဲ့ပွဲလို့ ဆိုတယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ တိုက်ကြမယ်၊ သတ်ကြမယ်၊ ရိုက်ကြမယ်။ အဲ.. အဲ… မိန်းကလေးတွေကို ကာယိန္ဒြေ ပျက်အောင် စော်ကားကြမယ်။ ဒီလိုကိုး။ ဒီတော့ ပွဲတော်တွင်း အပြစ်ကျူးလွန်သူ မှန်သမျှ၊ အပြစ်ကျူးလွန် သူလို့ ယူဆသူ မှန်သမျှ၊ မျက်မုန်းကျိုးသူ မှန်သမျှ၊ အမိန့် အာဏာ ဖီဆန်သူ မှန်သမျှ ထင်ရင်ထင်သလို၊ မထင်ရင် မထင်သလို ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း သဘောနဲ့ တရားစီရင် သတဲ့။ ရှင်းပါတယ်။ “ရနောင့်တရားရုံး” ရဲ့ စီရင်ချက်က တမျိုးတည်းပါပဲ။ “သတ်စေ” ပေါ့။
ဒီတော့ မန္တလေးကနေ တောင်ပြုန်းကို ပွဲတော် လာသူတွေ ဖီးလိမ်း၊ ဝတ်စား ပြင်ဆင်ပြီး ဆိုင်းသံ ဗုံသံ တညံညံနဲ့ ပျော်ပျော်ပါးပါး အများဆုံး လာကြတဲ့ လမ်းဖြစ်တဲ့ ရွှေတချောင်းမြောင်း ပေါင်မှာ မန္တလေး ရွှေမြို့တော်က အထွက်၊ တောင်ပြုန်း ပွဲခင်းအထိ မြောင်းဘေး တလျှောက်မှာ ကားစင်တွေ ဆင်ထားသတဲ့။ အဲဒီ ကားစင်တွေမှာ ရာဇဝတ်သားလို့ ယူဆသူတိုင်းကို ကားစင်တင် သတ်တယ်။
သတ်ပြီးရင် သုဿာန်တွေမှာ ချက်ချင်းမြှုပ်နှံတာ မဟုတ်ဘူး။ ကားစင်ပေါ်မှာပဲ ရင်ကိုခွဲ၊ အတွင်းက ကလီစာတွေ နုတ်၊ တော်ရာမြှုပ်ပြီး ကျန် လူသေကောင်ကြီးကို ကားစင်ပေါ်မှာပဲ ခြေကားရား လက်ကားရားနဲ့ ရေနံချေး သုတ်ထားတာ ပွဲတော်ပြီးတဲ့ အထိ ဒီအတိုင်း ထားသတဲ့။
ဒါကြောင့် တောင်ပြုန်းပွဲလာကြတဲ့ ပွဲတော်လာ တွေထဲက မိန်းမပျို၊ မိန်းမအိုတွေ၊ အသည်းငယ်တဲ့ ယောက်ျားသား တွေဟာ မန္တလေးရွှေမြို့တော် အိုးဘိုရပ် လွန်တာနဲ့ ရွှေတချောင်းမြောင်းအတိုင်း ခပ်လှမ်းလှမ်းက ကားစင်ကြီးတွေ ရိုးတိုးရိပ်တိတ် အမြင်မှာတင် လှေဝမ်းမှာ မှောက်ပြီး မျက်နှာဝှက်ကြ ဆိုသကိုး။ ပွဲတော်လာသူတွေ ရနောင်ရဲ့ အမိန့်အာဏာ မဖီဆန်ရဲအောင် ကြိုပြီး သတိပေးတဲ့ သဘောပေါ့။
တောင်ပြုန်းပွဲတော်ရက် အတွင်း ဖြစ်ပွားတဲ့ အမှုအခင်းကို ချုပ်ရင်ချုပ်၊ သတ်ရင်သတ်၊ လွှတ်ရင် လွှတ်၊ ပွဲတော် အတွင်းမှာပဲ အပြီးစီရင်ရတာတဲ့။ အဲဒီ အမှုအခင်းကို ဒီ့ပြင်ရုံး အထိ သယ်ယူ မလာရဘူးတဲ့။ တောင်ပြုန်းပွဲ အတွင်းပဲ အပြတ်စီရင်၊ ဒီလိုကိုး။ ဒါကို “တောင်ပြုန်းတရား” လို့ ခေါ်သတဲ့။
ဒီအစဉ် အလာကြောင့် နောက်ပိုင်းမှာ အမှုအခင်း တခုခုကို တရားနည်းလမ်းအရ သက်သေသက္ကာရနဲ့ ဥပဒေကြောင်း အရ စစ်ဆေး၊ ရှေ့နေ ရှေ့ရပ်နဲ့ လျှောက်လဲ၊ ခုံရုံး အဆင့်ဆင့်နဲ့ ဥပဒေကြောင်း အရ တရားနည်း လမ်းကျစွာ ဆုံးဖြတ်၊ အပြစ်မပေးဘဲ တဦးတယောက်၊ တဖွဲ့ရဲ့ အာဏာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ မျက်စိ စုံမှိတ်ပြီး တချက်လွှတ် အမိန့်ချ အပြစ်ပေးရင် “တောင်ပြုန်း တရား စီရင်တယ်” လို့ ပြောစမှတ် ရှိကြတယ်။
“တောင်ပြုန်းတရား” ဆိုတာ ရေမြေလိုက်တာ နေမှာပေါ့။ တရုတ်ပြည်က အနော်ရထာမင်း ပြန်အလာ၊ တောင်ပြုန်း ရပ်မှာ စစ်နားတုန်း ဆုတောင်း ပြည့်စေတီ တည်တယ် မဟုတ်လား။ ပြည်သူပြည်သား၊ မင်းမှုထမ်းတွေနဲ့ တဦးချင်းစီ လုပ်အားနဲ့ စေတီတည်တော့ ကလေးအရွယ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ အပျော်မက်ပြီး စေတီတော်မှာ လုပ်အားဒါန မပါနိုင်ဘဲ အုတ် ၂ ချပ်လပ်ရော မဟုတ်လား။ ဒီအပြစ် အတွက် ဘုရင်က မြေးတော် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီနောင်ကို ရွှေကြိမ်လုံးနဲ့ ဆုံးမလိုက်ပါဆိုတာကို မင်းအလိုလိုက် မင်းကြိုက်လိုက်ရုံမက သည်းသည်း လှုပ်တွေက လွန်ကြိုးနဲ့တုပ်ပြီး ဝါးရင်းတုတ်နဲ့ ရိုက် သတ်လိုက်တာ မဟုတ်လား။
ဒီအစဉ်အလာ၊ ဒီရေခံ မြေခံကြောင့် ထင်ပါရဲ့၊ သီပေါမင်း လက်ထက်၊ ရနောင် မောင်မောင်တုတ် လက်ထက် တောင်ပြုန်း ပွဲတော်ကို “ဝ” ကွက် အပ်ထားချိန် ရာဇဝင်တွင်လောက်တဲ့ “တောင်ပြုန်းတရား” ဆိုတာ ပြောစမှတ် ဖြစ်ခဲ့ကြရ တာပါပဲ။
ကျနော်တို့လည်း နတ်ဖြစ်သွားတဲ့ မင်းကြီး မင်းလေးရဲ့ အာဏာစက်က တပြည်လုံး ဖြန့်ကြက် သွားခဲ့ ထင်ပါရဲ့။ “တောင်ပြုန်းတရား” အစီအရင်တွေ ဆယ်စုနှစ်ပေါင်း များစွာ တပြည်လုံး ခါးကော့အောင် ခံခဲ့ရပြီပဲ။ အခုလည်း “တောင်ပြုန်းတရား” အစီအရင်များက လွတ်ကြပါပြီလား။ ။