Health

ရေကြီးရေလျှံခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ

This article has been converted from Zawgyi One to Unicode

မြို့တမြို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု လက္ခဏာတွေမှာ ရေကြီးတာ ပါသလားတော့မသိ။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး ပွင့်လင်းမြင်သာ ဖြစ်လာနေပြီ ဆိုတဲ့ အခါတော်မှာ ကျန်တာတွေ မသိသာပေမယ့် ရေကြီးတာကတော့ မျက်စိ ရှေ့တင် ရှောင်မရ လွှဲမရ တွေ့နေ ကြုံနေရလို့ပါ။ မိုးကြီးလို့ပါဆိုပြီး ထန်းလက်နဲ့ ဘယ်လိုကာ စေဦး၊ စီးဆင်းဖို့ ပိတ်ဆို့နေတဲ့ မြောင်းတွေ ကြောင့် ဆိုတာကို မျက်စိမှိတ်ငြင်းလည်း ဘွင်းဘွင်းကြီး ပေါ်နေ တာပါပဲ။

မိုးရွာတိုင်း ရေတွေ စီးဆင်းမသွားတော့ ရေကြီးလာတယ်။ ခဏတဖြုတ် လျှံပြီးရင် ပြန်ဆင်းသွားတာ မျိုးရှိသလို ဒီရေတက်တဲ့ ရက်တွေ ကြုံရင်တော့ ပိုလို့ ကြာမြင့်ပြီး တအိအိမြုပ်နေတော့ တာပေါ့။ ရေမြုပ်နေတဲ့ လမ်းတွေ၊ အိမ်တွေ အတွက် ကြုံတွေ့ရ နိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ကလည်း များပြားလွန်းပါတယ်။

ရေကြီးနေစဉ်နဲ့ ရေကြီး ပြီးတဲ့အခါ တွေမှာ တကိုယ်ရေ ကျန်းမာရေးနဲ့ လုံခြုံ စိတ်ချရမှု ဆိုင်ရာတွေက ဦးစားပေး စဉ်းစားစရာ ဖြစ်လာတာပါပဲ။ အထူးသဖြင့် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့  ထိခိုက်ဒဏ်ရာ ကာကွယ်ရေးတွေက အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။

ရေကြီးချိန်မှာ ဖြစ်တဲ့ ရောဂါတွေ

ရေကြီးတဲ့ အခါ ပုံမှန်သုံးနေတဲ့ ရေမှာ ရောဂါပိုးတွေ ဝင်ရောက်လာတတ် ပါတယ်။ အထူးသဖြင့် အစာနဲ့ ရေကြောင့် ကူးစက်တဲ့ ဝမ်းနဲ့ ပတ်သက်တဲ့  ရောဂါတွေကတော့ အတွေ့ရများတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါများ

ဝမ်းပျက်ရောဂါ အများစုက ရောဂါပိုးဝင်ပြီး ၁ ရက် ကနေ ၁ ပတ်အတွင်း လက္ခဏာပြတော့တာ ပါပဲ။ သွေးဝမ်း သွားတာလည်း ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါပိုးတွေ ကလည်း အမည်စုံဆိုတော့ တိတိကျကျ သိအောင် ဝမ်းကို ဓာတ်ခွဲစစ်ဆေးပြီး ကုသသင့် ပေမယ့် အခြေအနေ မပေးတော့လည်း သင့်လျော်ရာ ပိုးသတ်ဆေးနဲ့ ကုသနေ ကြရတာပါပဲ။

အသည်းရောင်အသားဝါ (အေ)

အများအားဖြင့်တော့ အစားအသောက် ကိုင်တွယ်သူရဲ့ လက်မသန့်တာ၊ သောက်သုံးရေတွေ မသန့်တာကနေ ကူးစက် တာပါ။

ကပ်ပါးပိုးများ

ကပ်ပါးပိုးတွေကတော့ သန်ကောင်နဲ့ နွှယ်ဆက်နေတာ များပါတယ်။ နာတာရှည် ဝမ်းပျက်တတ်ပါတယ်။

Leptospirous

ဒီရောဂါကတော့ အပြင်းဖျား၊ ခေါင်းကိုက်၊ ချမ်းတုန်၊ ကြွက်သားတွေ ကိုက်ခဲ နာကျင်၊ အော့အန်၊ ဗိုက်နာ၊ ဝမ်းပျက်တာ တွေနဲ့ အသားဝါတာပါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကြွက်လို တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ထိတွေ့ထားတဲ့ အစား အသောက်တွေ ကနေ ကူးစက်တာမျိုးပါ။

ရေဝင်တဲ့ အဆောက်အအုံတွေမှာ  တွေ့ရတတ်တဲ့ ပြဿနာတွေ

လူနေထိုင်ရာ၊ အလုပ်လုပ်ရာ အဆောက်အအုံတွေ ရေဝင်ပြီ ဆိုကတည်းက ပြဿနာက အများကြီးပါ။ နေရေး ထိုင်ရေး ဒုက္ခလောက်က သိပ်မဆိုးလှသေး ပါဘူး။ ကိုယ့်အိမ်ထဲမှာ ရောဂါပိုးမွှားတွေ ပေါက်ပွားတာ၊ ရေတွင်း ရေကန်လို အသုံးပြုနေတဲ့ ရေတွေပါ ရေလွှမ်းခံရတာက ကြောက်စရာ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် လုံခြုံ စိတ်ချရေးကို ထိပါးလာမယ့် အန္တရာယ်တွေရှိလာ ပါတယ်။

ရေကြီးပြီးတဲ့နောက် မသန့်ရှင်းတဲ့ ရေစိုစွတ်မှု တွေကြောင့် မှိုတက်၊ ရေညှိတက်ခြင်း တွေကနေ ရောဂါ ရနိုင်ပါတယ်။ ရေကြီးပြီးတာနဲ့ ဆေးကြော ခြောက်သွေ့အောင် မလုပ်နိုင်ရင် ပြဿနာပါ။ အထူးသဖြင့် ကော်ဇောတွေ၊ အိပ်ရာခင်း တွေ၊ နံရံတွေ၊ ကြမ်းခင်းတွေ အားလုံး မှိုတက်လာနိုင်တာပေါ့။ အဲဒီကနေ ဓာတ်မတည့် လက္ခဏာတွေ၊ ပန်းနာရင်ကျပ် တွေ၊ နှာချေတာတွေ ဖြစ်လာမှာပါ။

ရေကြီးချိန်မှာ ရေနဲ့ထိတွေ့ စိုစွတ်ခဲ့တဲ့ အဝတ်အစား၊ အသုံးအဆောင် တွေကို ချွတ်ဆေး (Bleach) ပါ သုံးပြီး လျှော်ဖွတ် သန့်စင် သင့်ပါတယ်။ ဒါမှ မဟုတ် ရေနွေးနဲ့ ဆပ်ပြာသုံးပြီး လျှော်ဖွပ်တာက စိတ်ချရပါတယ်။ ပြီးရင်လည်း သေသေချာချာ ခြောက်သွေ့အောင် လုပ်ရပါ မယ်။ ရေမြှုပ်ပါတဲ့ အိပ်ရာခင်းတွေ၊ ကြမ်း ခင်းတွေ၊ ကော်ဇောနဲ့ တခြား အသုံးအဆောင် တွေကတော့ ရေကြီး ပြီးရင် စွန့်ပစ်လိုက်တာသာ အကောင်းဆုံးလို့ ဆိုပါတယ်။

ရေကြီးနေတဲ့ အိမ်ထဲမှာ ခန္ဓာကိုယ်အတွက် ကာကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ်နိုင်ရင် ကောင်းပါတယ်။ ဘွတ်ဖိနပ် စီးတာ၊ လက်အိတ်သုံး တာ၊ နှာခေါင်းဖုံး အုပ်ထားတာတွေက အသက်ရှူ လမ်းကြောင်းကို လေနဲ့ ရေက ဝင်ရောက်လာမယ့် အမှုန်အမွှားနဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ တုပ်ကွေးနဲ့ မှိုစွဲရောဂါမျိုးတွေ ပေါ့။

စိုစွတ်နေတဲ့ ဧရိယာမှာ လျှပ်စစ်နဲ့ ပတ်သက် တဲ့ ပစ္စည်းကိရိယာတွေ ကိုင်တွယ်တာကလည်း အန္တရာယ်ပါပဲ။ ထိတွေ့မယ့် လျှပ်စစ်ပစ္စည်းတိုင်းကို ခြောက်သွေ့နေစေဖို့ သတိပြုပါ။ လက်နှိပ်ဓာတ်မီးလိုမျိုး အန္တရာယ်ကင်းတာကိုသာ အသုံးပြုပါ။ တသက်လုံး ပျက်နေတဲ့မီးက အဲဒီအချိန်ကျမှ ထလာချင်လာ နေဦးမှာ မဟုတ်လား။

အိမ်ထဲမှာ သိုလှောင်ထားတဲ့ သောက်သုံးရေ၊ သောက်သုံးတဲ့ ရေတွင်းရေကန်တွေကို ရေလွှမ်းမိုး တာကလည်း ကြုံရတတ်တဲ့ အခြေအနေပါ။ အဲဒီ အခါမျိုးမှာ ရေကို ကျိုချက်သောက်ဖို့ ကလည်း အရေးကြီး တာပါပဲ။ ဖြစ်နိုင်ရင်တော့ ရေသန့်ဘူးတွေ သောက်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အခု ကပ်ဘေးကျ ရောက်ချိန်မှာ ရေကို သန့်စင်ပေးနိုင်တဲ့ ဆေးလုံးတွေ၊ ဆေးရည်တွေ ရှိနေပါပြီ။ အဲဒါတွေကလည်း ရေထဲက ရောဂါပိုးတွေကို သန့်စင်ပေးပါ တယ်။ ဒါကြောင့် ရေတွင်းရေကန်တွေကို ရေလွှမ်းပြီးတဲ့အခါမှာ ဆေးခတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါတွင်မက စားသောက်ရာမှာ သုံးတဲ့ ပန်းကန်၊ ခွက်ယောက်ကအစ ပိုးသတ် သန့်စင်ထားတဲ့ ရေနဲ့ ဆေးကြောမှ စိတ်ချရမှာပါ။

အိမ်ရှေ့ အိမ်နောက်က ရှိသမျှအညစ်အကြေး အမှိုက်သရိုက်တွေ ဝင်လာမယ့် အန္တရာယ်ကလည်း ရှိတတ်လေတော့ ရေကြီးပြီးတာနဲ့ ရေညစ်တွေနဲ့ ထိတွေ့ခဲ့သမျှ ကြမ်းခင်း၊ နံရံ၊ ပရိဘောဂ အားလုံးကို ပိုးသန့်စင်တဲ့ဆေး ဒါမှမဟုတ် ဆပ်ပြာ လှိုင်လှိုင်သုံးလို့ သန့်စင်ရမှာပါ။

ရေကြီးပြီးချိန်မှာ ခြင်တွေ ပေါက်ပွားတာကလည်း အလွန်သိသာတဲ့ အချက်ပါပဲ။ ရေကြီးရာက တင်ကျန်ခဲ့တဲ့ ရေကွက်၊ ရေအိုင်တွေက ခြင်တွေ အတွက် ဥချ၊ သားပေါက်ဖို့ အခြေအနေတွေ ဖန်တီးပေးတာ ကိုး။ ဒီတော့ ရေကြွင်းကျန်မယ့် နေရာ အားလုံးကို ဖယ်ရှားသန့်ရှင်းဖို့ အလုပ်က ပိုလာပြန်ပါတယ်။

တခြား ရောဂါပိုးသယ်ဆောင်တဲ့ ကြွက်လို ပိုးမွှားတွေ ကလည်း သူတို့ အသိုက်အမြုံတွေ ရေမြုပ်ရာက အိမ်ပေါ် ရောက်လာကြမှာ ပါ။ ပျားလို အင်းဆက်တွေဆိုရင် အဲဒီအခါမျိုးမှာ ပိုပြီး ဒေါသတွေ ထွက်နေတတ် တာမို့ ပျားတုပ်ခံရ တာတွေလည်း ရှိပါသတဲ့။ ကျေးလက် ဒေသတွေမှာဆို မြွေတွေပါ အိမ်ပေါ် ရောက်လာတာမို့ ရေကြီးရာက မြွေပေါက်ခံရ တာမျိုးတွေတောင် ရှိတတ်ပါလေရဲ့။ ရေကြီးပြီးချိန် အိမ်ကို သန့်ရှင်းရေး လုပ်တော့မယ် ဆိုရင် အဲဒီ သတ္တဝါတွေလည်း ခိုအောင်းနေ တတ်တာကို မမေ့ဖို့ လိုပါတယ်။ ဒါတင်မက ရေကြီးတဲ့ အခါ တိရစ္ဆာန်အသေတွေ မျောပါ ဝင်ရောက်လာတတ် ပါသေးတယ်။ အဲဒါတွေကို လက်အိတ်နဲ့ အသေအချာ ကိုင်တွယ်ပြီး မြေအောက်ကို အနည်းဆုံး ၃ ပေ အနက် ရှိအောင် မြှုပ်နှံမှ စိတ်ချရပါတယ်။

ရေကြီး ရေမြုပ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရင် ပြင်ပက အစားအသောက်တွေ ရေနဲ့ ထိတွေ့တဲ့ ပြဿနာ အပြင် ရေခဲသေတ္တာထဲက အစားအသောက်တွေပါ ပြဿနာ ရှိလာပြန်ပါတယ်။ ရေခဲသေတ္တာမှာ လျှပ်စစ်ဓာတ် ၂ နာရီ အထက် ပြတ်တောက်ထားတဲ့ သားငါးတွေ၊ ဥတွေ၊ နို့ထွက် ပစ္စည်းဖြစ်တဲ့ စားသောက် စရာ (ဒိန်ခဲလိုမျိုး) တွေကို စွန့်ပစ်တာက အကောင်းဆုံးလို့ ဆိုပါတယ်။

ရေကြီးရင် ကြုံရမယ့် စိတ် အနှောင့်အယှက်၊ သွားလာရခက်၊ အလုပ်ပျက်အကိုင်ပျက်တာတွေ သာမက ရေကြီးချိန်၊ ရေကြီးပြီးချိန် တွေမှာ ကြုံရမယ့် အန္တရာယ်တွေ၊ ကျန်းမာရေး မထိခိုက်အောင် ဆောင်ရွက်ရမယ့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေက အလွန်ကို များပြားလှပါတယ်။ ရေကြီးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို တာဝန် ရှိသူတွေက လျစ်လျူရှုနေသမျှ၊ ရေကြီးပြီးချိန် လုပ်ဆောင်ရမှာတွေ အတွက်လည်း ပျက်ကွက်နေသမျှ အကျင့်ပျက် စနစ်ရဲ့ သားကောင်တွေ ထုံးစံအတိုင်း ကိုယ့်အသက် ကိုယ် ကင်းစောင့်ကြဖို့ လုပ်ဆောင်နိုင်သမျှ လေးတွေ လုပ်ဆောင်နိုင်ကြဖို့ ကြုံတတ်တာတွေကို သတိပေး လိုက်ရပါတယ်။     ။

Loading