အရင် ရာစုနှစ်တွေတုန်းက သတင်းအချက်အလက် နည်းပညာတွေဟာ အခုလောက် မြန်မြန်မတိုးတက်ဘဲ အသုံး နည်း နှေးကွေးခဲ့တာ တွေ့ရတယ်။
ဆက်သွယ်ရေး အပိုင်းမှာ ကြေးနန်း၊ ကြိုးမဲ့ကြေးနန်း၊ ကြိုးသုံးဖုန်း၊ ကြိုးမဲ့ဖုန်း၊ ဖက်စ်လောက်နဲ့တင် ကျေနပ်ခဲ့ ကြရပါ တယ်။
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ခဲ့တဲ့ အချိန်က စစ်ပွဲ သတင်းတွေ၊ ရန်သူတွေရဲ့သတင်းအချက် အလက် တွေကို ရယူနိုင်ဖို့ အတွက် လူကိုယ်တိုင် သွားရောက် ထောက်လှမ်း ခဲ့ရတာတွေ၊ ကောင်းကင် မြေပုံတွေ ရိုက်ဖို့ အဲဒီ နေရာဒေသကို လေယာဉ်တွေ လွှတ်ပြီး ရိုက်ခဲ့ရပါတယ်။
သတင်းအချက် အလက်တွေ ရဖို့ အတွက် အသက်ပေါင်းများစွာ ရင်းခဲ့ရပေမယ့်၊ အခုအချိန်မှာ ဂြိုဟ်တု ကနေ လုပ် ဆောင်ပေးတဲ့ GPS (Global Positioning System) တွေ ရှိနေပါပြီ။
စစ်ကြီး ပြီးသွားပြန်တော့ ဆိုဗီယက်နဲ့ အမေရိကန် အားပြိုင်မှုကြီးမှာ သူ့ထက်ငါ အသာရအောင် နည်းလမ်းပေါင်းစုံ၊ နည်းပညာ ပေါင်းစုံ တီထွင်သုံးစွဲခဲ့ပြီး အရေးပါတဲ့ သတင်းအချက် အလက်တွေကို ရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားခဲ့တာရဲ့ လက်သည်က ဖက်စ်(Fax) တွေ ဖြစ်ပြီး၊ သတင်းအချက်အလက်တွေ ဖြန့်ဝေ ဖို့ ဖက်စ်တွေကို သုံးခဲ့တာပါ။
ဘရာဇီးက ကမ္ဘာကျော်ဘောလုံးသမား ပီလီတို့ခေတ်က ဘရာဇီးအသင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ သတင်းကို ဘရာဇီးကသူ့အမေဆီကို ဖုန်းဆက်ပြောဖို့ နောက်တရက် မနက်အထိ စောင့်ခဲ့ရပါတယ်။
မြန်မာ့ဘောလုံး ရွှေခေတ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ပတ်ချုံဟီး ဖလားဗိုလ်လုပွဲသတင်းဟာ နောက် တရက် မြန်မာ သတင်းစာမှာ ပတ်ချုံဟီးဖလား ဘောလုံးဗိုလ်လုပွဲ၊ မြန်မာ-၁၊ တောင်ကိုရီးယား-၁ ဆိုတဲ့သတင်း အကြောင်း နှစ်ကြောင်း လောက်ပဲ ပါပါတယ်။
နောက်တရက် သတင်းစာမှာမှ ဘယ်သူတွေ ဘယ်လို ကန်တယ်၊ ဘယ်နှမိနစ်မှာ ဘယ်သူ ဂိုးသွင်းတယ် ဆိုတဲ့ သတင်း ပါလာပါတော့တယ်။
ဒီနေ့မှာတော့ နိုင်ငံတကာမှာ ကျင်းပ နေတဲ့ အားကစား ပြိင်ပွဲတွေက တကမ္ဘာလုံး အချိန်နဲ့ တပြေးညီ ကြည့်နိုင်နေ ပါပြီ။
အာကာသ လွန်းပျံယာဉ် လွှတ်တင်လိုက်တာ၊ နိုင်ငံတကာ အာကာသစခန်းထဲက လေယာဉ်မှုးတွေ ဘယ်လို စား သောက် နေထိုင်ကြသလဲ ဆိုတာ ရုပ်သံတွေမှာ၊ အင်တာနက်မှာ ကြည့်နိုင်ပါပြီ။
သတင်းအချက်အလက်တွေဟာ သူ့ခေတ် သူ့အခါ အလိုက် အရေးပါနေ ပေမယ့်၊ အချိန်နဲ့ တပြေးညီ သိဖို့ မလိုသလိို၊ နည်းပညာတွေ အားနည်းနေတဲ့ အတွက် အချိန်နဲ့ တပြေးညီသိဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
သတင်းအချက်အလက်တွေ၊ နည်းပညာတွေရဲ့ အရေးပါမှုတွေကြောင့် ဒီနေ့ ခေတ်ကို သတင်းအချက်အလက် နည်း ပညာ ခေတ်လို့ ခေါ်ထားပြီး၊ အဲဒီလို သတင်းအချက်အလက်တွေ တိုးတက်လာအောင် တွန်းအားပေးခဲ့တဲ့ နည်း ပညာ နှစ်ခုက ကွန်ပျူတာနဲ့ အင်တာနက်ဆက်သွယ်မှု ဖြစ်ပါ တယ်။
အဲဒီ နောက်ပိုင်းမှာ PC (Personal Computer)တွေ ပေါ်လာခဲ့ပြီး၊ လူအများစု အိမ်သုံးကွန်ပျူတာတွေကို အိမ်မှာထား သုံး နိုင်ခဲ့ပါတယ်။
ပီစီမတိုင်ခင် ကတည်းက ကွန်ပျူတာ ဆိုတာပေါ်ခဲ့တာဖြစ်ပေမယ့်၊ ပထမဦးဆုံး ကွန်ပျူတာ ဆိုတာ ဘယ်တုန်းက ပေါ်ပေါက်ခဲ့သလဲ ဆိုတာ ပြောရခက်သလို၊ စက်မှုနည်းပညာသုံး ကွန်ပျူတာတွေ၊ လျှပ်စစ်သုံး၊ အီလက်ထရောနစ် နည်းပညာသုံး ကွန်ပျူတာတွေ ရှိခဲ့ပြီးပါပြီ။
ဒါပေမယ့် အဲဒီကွန်ပျူတာကြီးတွေ အရွယ်အစား ကလည်း အိမ်မှာထား သုံးလို့ မရနိုင်လောက်ဘဲ အိမ်ခန်း တခန်းစာ လောက်ရှိကာ၊ ဈေးနူန်း၊ နည်းပညာ အခက်အခဲတွေ ကြောင့် သာမန် သုံးစွဲသူ အများစုသုံးနိုင်တဲ့ အဆင့်ကို ရောက်မ လာခဲ့ပဲ၊ တက္ကသိုလ်ကြီးတွေ၊ အစိုးရ အေဂျင်စီတွေ၊ ကော်ပိုရေးရှင်း ကြီးတွေမှာပဲ သုံးခဲ့ပါတယ်။
၁၉၈၁ မှာ အိုင်ဘီအမ်ကနေ ပါစင်နယ် ကွန်ပျူတာ ဆိုတာ ထုတ်လုပ်ဖြန့်ချိ ခဲ့ဲပြီးချိန်က စပြီး၊ အိုင်ဘီအမ် ပီစီ နဲ့ သူ့ရဲ့ ဟာဒ့်ဝဲ(Hard Ware) တွေ အတိုင်း လိုင်စင်ခံ ထုတ်လုပ်ထားတဲ့၊ ကလုန်းပီစီ (Clone PC) တွေ၊ အိုင်ဘီအမ် ပီစီနဲ့ လိုက်ဖက် သဟဇာတဖြစ်တဲ့ မိုက်ခရို ကွန်ပျူ တာတွေဟာ ပီစီဆိုပြီး ဖြစ်လာခဲ့ပါတယ်။
ပီစီတွေဟာ တဆင့်ပြီး တဆင့် စွမ်းဆောင်ရည် တိုးတက်လာ၊ အသုံးများ ရေပန်းစားခဲ့ပေမယ့်၊အခု အချိန် မှာတော့ ပီစီဆိုတာကို လူအများ စိတ်ဝင်စားမှု လျော့လာပြီး ရောင်းအား ကျဆင်း လာပါတယ်။
ပီစီ ထက်စာရင် မိုလ်ဘိုင်း ပစ္စည်းတွေကို ပိုစိတ်ဝင်စား လာပါတဲ့အတွက် သိပ်မကြာခင်ကာလမှာ ပီစီဆိုတာ မသုံးကြ တော့ဘူးလား၊ မိုလ်ဘိုင်းပစ္စည်း (mobile devices) တွေပဲ သုံးကြတော့ မှာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
အိုင်ဘီအမ် နဲ့ အက်ပဲလ်
နည်းပညာစကားနဲ့ ပြောရရင် မိုက်ခရိုပရိုဆက်ဆာ သုံးထားတဲ့ မိုက်ခရို ကွန်ပျူတာတွေ အားလုံးကို ပီစီတွေလို့ ခေါ်နိုင်ပါတယ်။
အိုင်ဘီအမ်နဲ့ အက်ပဲလ်မှာ အက်ပဲလ်က အရင်ပေါ်ခဲ့ပေမယ့်၊ ပီစီဆိုတဲ့ စကားလုံးကို အိုင်ဘီအမ်နဲ့ အိုင်ဘီအမ် အုပ်စု ဝင် ပုံစံတူ လိုင်စင်ခံ ထုတ်ထားတဲ့ ကလုန်း (Clone) ကွန်ပျူတာတွေကိုပဲ သုံးစွဲခေါ်လေ့ရှိပြီး၊ သူနဲ့အပြိုင် ရှိနေတာက အက်ပဲလ် ရဲ့ မက်စင်းတော့ရှ် (Macintosh) ကွန်ပျူတာတွေ ဖြစ်ပါတယ်။
တီဗွီနဲ့ တွဲသုံးနိုင်တဲ့ အက်ပဲလ် ကွန်ပျူတာကို လူငယ် စွန့်ဦးတီထွင်သူ စတိဗ်ဂျော့ခ် (Steve Job) နဲ့ စတီဗ် ဝေါ့စနီ ယက် (Steve Wozniak) တို့ ၂ ယောက်က Apple 1 ကို ၁၉၇၆ ဧပြီလမှာ တီထွင်ခဲ့တာပါ။
အဲဒီအချိန်မှာ အိုင်ဘီအမ်က ပီစီဆိုပြီး ထုတ်ဖို့ စိတ်မဝင်စားသေးဘဲ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ကွန်ပျူတာကြီး တွေ ကို ထုတ်လုပ် နေတဲ့ ကမ္ဘာအကြီးဆုံး ကုမ္ပဏီကြီး တခုဖြစ်ပါတယ်။
၁၉၇၁ မှာ ပထမဦးဆုံး မိုက်ခရို ပရိုဆက်ဆာကို အင်တဲလ် (Intel) က တီထွင်နိုင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် သြဂုတ် ၁၂ မှာ ပထမဦးဆုံး ပါစင်နယ် ကွန်ပျူတာကို International Business Machine (IBM) ကုမ္ပဏီကြီးက ဈေးကွက်တင်ခဲ့ ပါ တယ်။
အင်တဲလ်ရဲ့ 8088 ပရိုဆက်ဆာ သုံးထားပြီး အမြန်နှုန်း 4.47MHz ပဲ ရှိခဲ့ပါတယ်။ အဲဒီ ပီစီ မော်ဒယ်နံပတ် 5150 ကို ၁၅၆၅ ဒေါ်လာနဲ့ ရောင်းချခဲ့ ပါတယ်။
သူ့ခေတ်သူအခါက စွမ်းဆောင်ရည်ခြင်း ယှဉ်ကြည့်ခဲ့ရင် အက်ပဲလ်က ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ သုံးရလွယ်ကူမှုတွေမှာ အမြဲအသာရခဲပေမယ့်၊ ဈေးနူန်းမြင့်နေတဲ့အတွက် ရောင်းအားမှာတော့ အိုင်ဘီအမ်အုပ်စုဝင် ကွန်ပျူတာတွေကို မယှဉ် နိုင်ခဲ့ပါဘူး။
အခုချိန် အထိလည်း အက်ပဲလ်ရဲ့ MacBook, Mac Book Air, Mac Pro စတဲ့ ကွန်ပျူတာတွေက စွမ်းဆောင်ရည်မှာ အိုင်ဘီ အမ်အုပ်စုဝင် ကွန်ပျူတာတွေထက် သာပါတယ်။
ဒါပေမယ့် အိုင်ဘီအမ်ရဲ့ထူးခြားတဲ့ လုပ်ဆောင်မှု တခုက လိုင်စင်ကြေး ပေးပြီး အိုင်ဘီအမ် ပီစီတွေနဲ့ ပုံစံတူ ထုတ်လုပ် ခွင့် ပြုခဲ့တဲ့လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာပေါ်မှာ သုံးနေတဲ့ ကွန်ပျူတာတွေ အားလုံး နီးပါး၊ ပီစီတွေ ဖြစ်လာခဲ့ပါ တယ်။
တကယ်တမ်းမှာ အက်ပဲလ် ဖြစ်ဖြစ်၊ အိုင်ဘီအမ် ဖြစ်ဖြစ် အဲဒီကွန်ပျူတာ တွေမှာမှ စားပွဲတင် (desktop)၊ ခရီးဆောင် (notebook)၊ လက်ဝါးပေါ်တင် သုံးနိုင်တဲ့အရွယ် အစား (palmtop) စသဖြင့် ထုတ်လုပ် ခဲ့ပါ တယ်။
ပထမဦးဆုံး ခရီးဆောင် ကွန်ပျူတာ ဆိုရင် အပ်ချုပ် စက်ခေါင်းလောက် ရှိပြီး ခရီးဆောင်လက်ဆွဲသေတ္တာ လုံး လောက်လေးပြီး၊ တဖြည်းဖြည်းသေးအောင်၊ ပါးအောင် လုပ်လာတာ ၈လက်မ အရွယ်၊ ၁၀ လက်မ အရွယ် တက်ဘ လက်တွေ၊ ပါဝါစား နှုန်းနိမ့်ပြီး ဘက်ထရီ ကြာကြာခံမယ့် (Notebook) တွေ တီထွင်လာနိုင်ပါတယ်။
Palmtop တွေဆိုရင် အခု သုံးနေကြတဲ့ စမတ်ဖုန်းတွေလောက် စွမ်းဆောင်ရည် မမြင့်ပေမယ့် စမတ်ဖုန်းတွေနဲ့ အရွယ် အစား အတူတူ လောက်ပဲ ရှိပါတယ်။ တိုးတက်ပြောင်းလဲ လာမှုတွေက အံ့မခန်းတိုးတက် လာခဲ့တာပ ါ။
မိုလ်ဘိုင်းလ်ခေတ်
ဒီနေ့ဒီအချိန်မှာတော့ လူတွေရဲ့ နေထိုင်မှု ဘဝပုံစံတွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀၊ နှစ် ၃၀ နဲ့ကို မတူတော့ပါဘူး။ အပြေး အလွှား နေထိုင်စားသောက် ရုန်းကန်နေကြရတာ ဖြစ်လို့ အိမ်မှာ ထားတဲ့ ပီစီရှေ့မှာ၊ ဒါမှ မဟုတ်ရုံးမှာ ရှိတဲ့ ကွန်ပျူ တာခုံတိုင်းမှာ အင်တာနက် ချိတ်ဆက်၊ သတင်းဖတ်၊ အင်တာနက်သုံးဖို့ အချိန် မပေးနိုင်တော့ပါဘူး။
အီးမေးလ်လေး တစောင်ပိ့ုဖို့၊ ဖတ်ဖို့၊ ဓာတ်ပုံလေးတပုံ ဖွင့်ကြည့်ဖို့ ဆိုရှယ်မီဒီယာ သုံးပြီး မိတ်ဆွေ တယောက်နဲ့ စကားပြောဖို့ ရထားစီးရင်း၊ ကားစီးရင်း ကွန်ပျူတာ notebook ကို ဖွင့်သုံးဖို့ အဆင်မပြေပါဘူး၊ အဲဒီမှာ မိုလ်ဘိုင်း ပစ္စည်းတွေက အစားထိုး နေရာယူူသွား ပါတယ်။
စမတ်ဖုန်းတွေက ကင်မရာ၊ ကွန်ပျူတာနဲ့၊ တယ်လီဖုန်း၊ ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့ သီချင်း၊ ဗွီဒီယိုတွေ စတဲ့ လုပ် ဆောင်ချက်တွေ အားလုံးကို စုပေါင်း ထားတာ ဖြစ်လို့ laptop ပါခဲ့ရင်တောင်မှ သုံးစရာ မလိုတော့ဘဲ စမတ်ဖုန်းနဲ့တင် အလုပ်ဖြစ်သွားတဲ့ အတွက် စမတ်ဖုန်းတွေ ရေပန်းစားလာတာ မဆန်းပါဘူး။
ကျနော်တို့ ဆီမှာတောင်မှ ဖုန်းသုံးတဲ့သူနဲ့ ကွန်ပျူတာ သုံးတဲ့သူ ဆိုရင် ကွန်ပျူတာ သုံးတဲ့သူ အရေအတွက်က နည်းနေတာ တွေ့ရပါ မယ်။
တကယ်တမ်း အလုပ်လုပ်တဲ့ သူတွေအတွက် ကတော့ ကွန်ပျူတာရော၊ စမတ်ဖုန်းရော လိုအပ်ပါတယ်။
နည်းပညာနှိုင်းယှဉ်ကြည့်ခြင်း
ပီစီတွေ၊ laptop တွေမှာလည်း ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ ကြည့်လို့ရသလို၊ စမတ်ဖုန်းတွေ ကလည်း အဲဒီလို လုပ်လို့ ရတာပဲ၊ စမတ်ဖုန်းတွေ ကျတော့ ဘာလို့ ဘက်ထရီသက်တမ်း ကြာကြာခံတာလဲ၊ ဘာဖြစ်လို့ အရွယ်အစား သေးသေးလေးနဲ့ အလုပ်ဖြစ်နေတာလဲ ဆိုတာမေးစရာ ဖြစ်လာပါတယ်။
ကွန်ပျူတာနည်းပညာတွေရဲ့ အခြေခံ အကျဆုံး အချက်တွေကို သိထားပြီးရင် အဖြေရှိပါတယ်။
ပီစီတွေရဲ့ စီပီယူတွေဟာ X86 လို့ ခေါ်တဲ့ ခိုင်းစေညွှန်ကြားချက် instruction set တွေကို သုံးထားပါတယ်။
တနည်းအားဖြင့် အဲဒီ ခိုင်းစေညွှန်ကြားချက် တွေဟာ CISC လို့ခေါ်တဲ့ (Complex Instruction Set Computing ) ဖြစ်ပြီး မိုလ်ဘိုင်းပစ္စည်းတွေနဲ့ ပရိုဆက်ဆာရော ခိုင်းစေညွှန်ကြားချက်တွေပါ မတူကြပါဘူး။
မိုလ်ဘိုင်း ပစ္စည်း တွေမှာ သုံးတဲ့ ပရိုဆက်ဆာ ARM က RISC (Reduced Instruction Set Computing) ခိုင်းစေညွှန် ကြားချက်တွေကို သုံးထားပါတယ်။
လွယ်လွယ်ပြောရရင်တော့ CISC က ပေါင်း နှုတ်၊မြှောက်၊စားလုပ်ဆောင်ချက် ၄ ခုလုံးကို သုံးထားပြီး၊ CISC ရဲ့ command တွေက အရွယ်အစား မတူကြပါဘူး။
ပရိုဆက်ဆာကနေ လက်ခံ ဆောင်ရွက်ပေးမယ့် micro instruction code တွေ ပြောင်းပေးဖို့လိုတဲ့ အတွက် decoder တွေလို ပါတယ်။
RISC ကတော့ အမြှောက်ဆိုတာ ထပ်ခါတလဲလဲ ပေါင်းတာ၊ အစားဆိုတာ ထပ်ခါတလဲလဲ နုတ်တာဖြစ်လို့ အမြှောက် အစားနဲ့ သက်ဆိုင်တဲ့ ခိုင်းစေညွှန်ကြားချက်တွေ မလိုပါဘူး။
micro instruction code တွေပြောင်းပေး ဖို့ decoder တွေမလို ပါဘူး။ သူရဲ့နောက်ဆက်တွဲ အနေနဲ့ အပူ ထုတ်လွှတ်မှု နည်းပါတယ်။
ပရိုဆက်ဆာ တည်ဆောက်မှု နည်းပညာတွေရဲ့အခြေခံဥပဒေသ တခုက ပရိုဆက်ဆာတွေရဲ့ စွမ်းဆောင်ရည် အမြန်နူန်းကို တိုးရင်၊ ပါဝါစားနူန်း မြင့်လာပြီး၊ ပါဝါစားနူန်း မြင့်လာရင် အပူထုတ်လွှတ်မှုမြင့်လာပါတယ်။
အဲဒီ အချက်တွေဟာ တခုနဲ့တခု ပြောင်းပြန် အချိုးကျ နေပါတယ်။ ပီစီ ၊ laptop ၊ netbook တွေက Intel ပရိုဆက်ဆာ တွေ သုံးထားပြီး၊ မိုလ်ဘိုင်းဖုန်း၊ စမတ်ဖုန်း၊ တက်ဘလက် စတာတွေက ARM အခြေခံတဲ့ ပရိုဆက်ဆာတွေကို သုံးထား ပါတယ်။
နောက်ထပ်အားသာချက် တခုက မိုလ်ဘိုင်းလ်ပစ္စည်းတွေ သုံးထားတဲ့ ပရိုဆက်ဆာတွေဟာ ARM တည်ဆောက်မှု နည်းပညာကို အခြေခံ ထုတ်လုပ်ထားပြီး လိုင်စင်ခံ ထုတ်လုပ်ခွင့် ရှိပါတယ်။
တခြား ပီစီအုပ်စုဝင်သုံး ပရိုဆက်ဆာတွေ က Intel နဲ့ AMD (Advanced Micro Device) ကထုတ်လုပ်ထားတဲ့ ပရို ဆက်ဆာတွေဖြစ်နေပြီး လိုင်စင်ခံ ထုတ်လုပ်ခွင့် မရှိပါဘူး။
ပရိုဆက်ဆာတွေရဲ့ တည်ဆောက်မှု နည်းပညာမတူကြ လို့ သူတို့မှာ သုံးတဲ့ Operating System တွေ၊ အသုံးချ ပရိုဂရမ် (Application System) တွေ မတူကြပါဘူး။
ခိုင်းစေညွှန်ကြား ချက်တွေ ကျစ်ကျစ်လစ်လစ်ရှိတဲ့ အတွက် OS တခုရဲ့ပမာဏ၊ ပရိုဂရမ်တွေရဲ့ပမာဏတွေ ကွာခြား စေသလို၊ ပိုနည်းစေ ပါတယ်။
အဲဒီ အတွက် ပီစီတွေမှာ 500GB ၊ 100GB Hard Drive တွေ သုံးနေရတဲ့ အချိန်မှာ မိုလ်ဘိုင်းပစ္စည်းတွေက 8GB, 16GB micro SD card တွေ လောက်နဲ့တင် အလုပ်ဖြစ်စေ ပါတယ်။
စွမ်းဆောင်ရည်မြင့် laptop တလုံးဟာ ဒေါ်လာ ၁၀၀၀-၁၂ ၀၀ လောက် ပေးရတဲ့ အချိန်မှာ အဆင့်မြင့် စမတ်ဖုန်းက ဒေါ် လာ ၄၀၀-၅၀၀ လောက်ပဲ ရှိတာကြောင့်၊ အကြောင်းရင်း အချက် သေးသေးလေး တခုကွာခြားတာဟာ နောက် ဆက်တွဲ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီး ဖြစ်စေပါတယ်။
အပူစွန့် ထုတ်ပေးမယ့် heat sink တွေ၊ ပန်ကာတွေ မလိုတော့ပဲ ဘက်ထရီ သက်တမ်း ပိုကြာကြာခံလာစေပါတယ်။
ပီစီတွေရဲ့နိဂုံးလား
ပီစီလို့ ပြောရင်desktop နဲ့ laptop ကို ခွဲပြောရပါမယ်။ လက်ရှိအချိန်မှာ desktop ပီစီတွေရဲ့ ရောင်းအား ကျဆင်းတာ အမှန်ပါ။ desktop ထက်စာရင် laptop တွေက ပိုအရောင်း သွက်နေပါတယ်။
မိုဘိုင်းလ်ပစ္စည်းတွေက ပိုအရောင်း သွက်နေပြီး၊ ပီစီတွေလိုပဲ မိုဘိုင်းလ်ပစ္စည်းတွေက လုပ်ဆောင် ပေးနေနိုင်တာပဲ၊ ပီစီတွေ laptop တွေကို မိုလ်ဘိုင်း ပစ္စည်းတွေက အစားထိုးသွားမှာလားလို့ မေးခဲ့ရင်တော့ မဖြစ်နိုင် သေးပါဘူး။
မိုဘိုင်းလ်ပစ္စည်းတွေက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်တယ် ပြောပြော လုပ်ငန်းသုံးတွေ အတွက် စာစီ၊ စာရိုက်တာ၊ ဒီဇိုင်းလုပ်တာ၊ အင်ဂျင်နီယာ ဒီဇိုင်းရေးဆွဲတာ၊ ဗွီဒီယို အော်ဒီယိုတွေ တည်းဖြတ် ပြင်ဆင်တာ၊ ကာတွန်းသက်ဝင် လှုပ်ရှားမှု animation လုပ်တာမျိုးတွေ အတွက် ပီစီတွေ၊ laptop တွေ လိုနေပါဦးမယ်။
တချို့လုပ်ငန်းတွေ အတွက် ဆိုရင် ပီစီတောင်မှ သာမာန် အဆင့်သုံး ပီစီမျိုးနဲ့ လုံးဝအလုပ်လုပ်လို့ မရတော့တဲ့ အခြေနေ ရှိပြီး တကယ့်ကို စွမ်းဆောင်ရည် မြင့်တဲ့ ဝပ်စတေရှင် (workstation) မျိုး လိုအပ်နေပါတယ်။
ပီစီတွေ၊ Laptop တွေကို ပင်စင်ပေး၊ အဲဒီနေရာမှာ မိုဘိုင်းလ်ပစ္စည်းတွေက လုံးဝအစားထိုးနေရာ ယူသွားနိုင်မှာ မဟုတ်တာ သေချာပါတယ်။
အဲဒီ အတွက် ပီစီတွေကို မိုဘိုင်းလ် ပစ္စည်းတွေက အလဲထိုး နေရာယူ သွားမှာထက်၊ ပီစီတွေရော၊ မိုဘိုင်းလ် ပစ္စည်း တွေပါ အချိန် အတိုင်းအတာတခု အထိ ဆက်လက် ယှဉ်တွဲ အသုံးတော်ခံနေမှာ ဖြစ်ပါကြောင်း ရေးသားလိုက် ရပါတယ်။ ။