မန္တလေးနန်းတွင်းက မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် ပဲခူးနဲ့ ရွှေဘိုက နန်းတော်တွေကို ယဉ်ကျေးမှုဇုန် သတ်မှတ်ပြီး အပန်းဖြေ ဥယျာဉ်တွေ အဖြစ် ပြောင်းလဲမယ် တဲ့။
တကယ်တော့ ပဲခူးမြို့က ကမ္ဘောဇသာဒီ နန်းတော်နဲ့ ရွှေဘိုမြို့က ရေဘုံရတနာ နန်းတော်တွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က အသစ်တဖန် သုတေသနပြုကာ ပြန်လည် တည်ဆောက်ခဲ့သလို၊ ပုဂံမှာလည်း နန်းတော်အသစ်နဲ့ပါ။
ဒီဘက်ခေတ် ရောက်မှ အသစ်အသစ် ပြန်လည် တည်ဆောက်တဲ့ တခြားသော နန်းတော်များနဲ့ မန္တလေးက မြနန်း စံကျော် ရွှေနန်းတော်ရဲ့ သဘော သဘာဝတွေဟာ အများကြီး ခြားနားပါတယ်။
မန္တလေး နန်းတော်က မန္တလေး မြို့ပြ ဖွဲ့စည်းမှုနဲ့ အတူ တပါတည်း တပြေးညီ တည်ရှိခဲ့တာပါ။ နောက်မှ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီးကြောင့်နဲ့ သဘာဝ ဘေးဒဏ်တွေကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပေမယ့် အခြေခံ ပန္နက်များ၊ အခင်းအကျင်းများ ဖွဲ့စည်းတည်ရှိပုံများက နဂိုမူလအတိုင်း တည်ရှိခဲ့တာပါ။
၁၂၄၇ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်ပြီး မန္တလေး ရွှေမြို့တော် အပါအဝင် အထက် မြန်မာပြည် တပြည်လုံး အပြီးတိုင် သိမ်းပိုက်လိုက်တဲ့ အချိန်မှာ မန္တလေးမြို့ရဲ့ လူနေရပ်ကွက်များနဲ့ ရွှေနန်းတော်ကြီး အပါအဝင် နန်းမြို့တော်ကိုလည်း မူလအတိုင်း မပျက်မယွင်း လွှဲပြောင်း ရယူသွားခဲ့ကြ ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ ဦးကင်း ဦးသျှောင်ပမာ ဖြစ်ခဲ့တဲ့ ရွှေနန်းတော်ကြီးကို အင်္ဂလိပ်က သိမ်းပိုက် လိုက်ပြီး ဒီဦးကင်း ဦးသျှောင်ကို ချိုးနှိမ်ကာ နိုင်ထက် စီးနင်းပြုလုပ်၊ ဖိနှိပ်အုပ်ချုပ် ပြလိုက်မှ ကိုယ့်အရှင် သခင်အပေါ် ပြန်လည်တမ်းတ အုံကြွပုန်ကန်ခြင်းမှ အောင်နိုင်ရာမယ် လို့ အင်္ဂလိပ်က ယုံကြည်ပါတယ်။
ဒါကြောင့် ကိုယ့်အရှင်သခင် အုပ်စိုးစဉ်ကာလ ဒူးထောက်ခစားကာ မော်ဖူးစေဆိုမှ မျက်နှာမော့နိုင်တဲ့ အထွတ် အထိပ် ရွှေနန်းတော်ကြီးမှာ အင်္ဂလိပ် အရာရှိ၊ စစ်ဗိုလ် စစ်သားတွေ စစ်ခြေနင်းတွေကို ခြေရာချင်းထပ်မျှ နင်းပြလိုက် ကြတယ်။
သီဟာသန ပလ္လင်တော်ကြီးရှိတဲ့ မြေနန်း ပြာသာဒ်တော်ကြီးမှာ ပါတီပွဲတွေ ကျင်းပပြီး အရက်ခွက်ချင်း တေ့ကာ အောင်ပွဲ ခံကြတယ်။ ရင်ချင်းအပ်ပြီး ကပွဲတွေ ခင်းကျင်းကြတယ်။ မြန်မာတို့ရဲ့ နောက်ဆုံး အချုပ်အခြာ အာဏာ ဆိုင်ရာ ဖြစ်တဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးနဲ့ ကျုံးမြို့ရိုး ပြာသာဒ် ၄၈ ရပ် ကာရံထားတဲ့ နန်းမြို့တော်ကြီးထဲမှာ ဘုရင်ခံ အိမ်တော်တွေ၊ အုပ်ချုပ်ရေး ဆိုင်ရာ ရုံးတွေ၊ အင်္ဂလိပ် စစ်တပ် တပ်ရင်း တပ်ဖွဲ့တွေကို နေရာချ ထိန်းသိမ်း ကွပ်ကဲ လိုက်ကြတော့တယ်။
မန္တလေး နန်းမြို့တော် အတွင်း ပါတော်မူပြီး ကတည်းက အင်္ဂလပ်စစ်တပ်က နေရာယူ အခြေစိုက်ခဲ့တာ။ လွတ်လပ် ရေး ရပြီးတဲ့ နောက်ရော ပြည်တွင်း သောင်းကျန်းမှု အဖုံဖုံကို လက်ညှိုးထိုးပြပြီး လုံခြုံရေး အကြောင်းပြကာ တိုင်း စစ်ဌာနချုပ်များ ဆက်လက် ရုံးစိုက်ခဲ့ကြတယ်။ ဒါကြောင့် မြန်မာ တမျိုးသားလုံးရဲ့ ဦးကင်း ဦးသျှောင်ဖြစ်ခဲ့တဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီး တည်ရှိခဲ့တဲ့ မန္တလေး ရွှေမြို့တော်ကြီးဟာ စစ်တပ်များ အသီးသီး အခြေစိုက်မှုကြောင့် အများပြည်သူ လွယ်လင့်တကူ ဝင်ထွက်သွားလာနိုင်မှု အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။
နောက်ပိုင်း တိုင်းပြည် တည်ငြိမ် အေးချမ်းပြီးတဲ့ နောက် မန္တလေး နန်းမြို့တော် အတွင်း စစ်တပ်ရဲ့ အခြေချ နေထိုင် တပ်စွဲခြင်းဟာ အခွင့်ထူးခံ လုပ်ရိုး လုပ်စဉ် တရပ်ပမာ အခြေခိုင်မာနေတာ ဒီကနေ့ အထိပါပဲ။ မန္တလေး မြို့သူ မြို့သား တွေရော၊ မြန်မာပြည် အနယ်နယ် အရပ်ရပ်က မိဘပြည်သူတွေရော မန္တလေး နန်းမြို့တော် အတွင်းက မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု နေရာဌာနတွေကို လေ့လာချင်၊ မြင်ဖူးချင်၊ ရောက်ဖူးချင် ကြပေမယ့် စစ်တပ် ထိန်းချုပ်ထားတဲ့ ဝင်ပေါက်များက စိစစ်တင်းကျပ်မှု တွေကြောင့် မချောမွေ့နိုင်ခဲ့ပါဘူး။
အလားတူ မှတ်ပုံတင်ကတ်ပြား၊ ယာဉ်မောင်းလိုင်စင် အပါအဝင် တခြား သက်သေခံ အထောက်အထား စာရွက်များနဲ့ ဝင်ခွင့်ရသူတွေ အနေနဲ့လည်း နန်းမြို့တော်ကြီး အတွင်း ရာခိုင်နှုန်း ၉၀ ကျော် နေရာယူ အခြေချထားတဲ့ စစ်တပ် တပ်ရင်း တပ်ဖွဲ့ တိုင်းစစ်ဌာနချုပ်များ ကြောင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး ဝန်းကျင်မှ အပ သွားရောက် လေ့လာခွင့် မရရှိကြပါဘူး။
ဒါကြောင့် မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လူထု အပန်းဖြေနေရာ အဖြစ် ဆောင်ရွက်မယ် ဆိုရင် ဒီအချက်ဟာ အဓိက အဟန့်အတားကြီးပဲ ဖြစ်ပါတယ်။ အလျား တာ ၆၀ဝ (၁ မိုင်ခွဲနီးပါး) ပတ်လည်အတွင်းမှာ ရှိတဲ့ မန္တလေး မြို့တော်ကြီးရဲ့ ကြီးမားလှတဲ့ သမိုင်းတန်ဖိုးတွေဟာ ၁၉၉၀ ဝန်းကျင်မှာ အသစ်ပြန် တည်ဆောက်တဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီး အနီးအနားက သစ်ပင် ပန်းမန်၊ ရေပန်းအလှ၊ ကလေးကစားကွင်း၊ ဘီယာစတေရှင် စတဲ့ ခေတ်ပေါ် ပစ္စည်းတွေနဲ့ အပန်းဖြေ ဥယျာဉ်လေး တည်ဆောက်ပေးရုံနဲ့ အရာမရောက် ရုံမက၊ သမိုင်းတန်ဖိုးကိုပင် ပျောက်ပျက် သွားစေနိုင်တဲ့ အန္တရာယ် ရှိသော အပြုအမူပဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လူထုအပန်းဖြေ ဥယျာဉ်ကြီး ဖြစ်ဖို့ ဆိုတာ မန္တလေး နန်းမြို့တော် အဝန်းအဝိုင်းကြီး တခုလုံး အများ ပြည်သူလူထု လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မှု အခြေအနေကို ကနဦး ဖန်တီးပေးရပါမယ်။
ပြီးမှ မန္တလေးမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာ့ရိုးရာနဲ့ ပတ်သက်တဲ့ ပြကွင်းပြကွက်တွေ၊ အခမ်းအနားတွေ၊ ပွဲလမ်းတွေ၊ ဖျော်ဖြေမှုတွေ၊ ခင်းကျင်းသရုပ်ပြမှု အစီအစဉ်တွေ၊ နေရာထိုင်ခင်းတွေ၊ အဆောင်အယောင်တွေ၊ အဆောက်အအုံ တွေ၊ လူမှုဘဝ လူမှုဝန်းကျင်တွေ၊ အစားအသောက်တွေ၊ ကစားခုန်စားတွေ၊ ရတနာပုံခေတ် ပဒေသရာဇ်ရဲ့ အဆောင် အယောင်တွေ၊ ညီလာခံတွေ၊ လွှတ်ရုံးကိစ္စတွေ၊ အုပ်ချုပ်မှုပုံစံတွေ၊ မင်းခမ်းမင်းနားတွေ၊ လက်အောက်ခံ နယ်စား ပယ်စား၊ မြို့စားများနဲ့ ဆက်ခံမှုတွေ အပြင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေ၊ အသုံးအဆောင် အဝတ် အစား၊ အစားအသောက်တွေ စသည်ဖြင့် တနေရာတည်းမှာ တပြိုင်နက် လေ့လာနိုင်တဲ့ ဧရာမ ပြတိုက် ကြီးအသွင် ဆောင်ရွက်ကြရမှာပါ။
ယုတ်စွအဆုံး ဥယျာဉ်အခင်းအကျင်းနဲ့ ပတ်သက်ပြီး ပညာရှင်များနဲ့ တိုင်ပင်ကြရမှာပါ။ ရှေးက နန်းတော်ကြီး ဝန်းကျင်မှာ မြတ်လေး၊ စပယ်၊ ကြက်ရုံး စတဲ့ ပန်းပင်များ စိုက်ကြတယ်တဲ့ ။ အဲဒီလို အခြေခံ အသေးစိတ်က အစ စနစ်တကျ ဆောင်ရွက်ကြရမှာ ပါ။
သားတော် သမီးတော်တွေကို မင်းညီမင်းသား၊ အပျိုတော်တွေ ရေကစားကြတဲ့ ဘုတ်တလုပ်ကန်မှာ မလေးရှား ပိတောက်နဲ့ ကစ်စမီကွစ်ပင်တွေ စိုက်ပြီး ရေလွှာလျှောစီးနဲ့ တိုက်ကားတွေ၊ ကွန်ပျူတာဂိမ်းတွေ ထားကုန်ကြမှ ဖြင့်။
လောလောဆယ်မှာတော့ မြနန်းစံကျော်က အတွဲတွေ ချိန်းကြတဲ့ တကယ့်နေရာကောင်း၊ နန်းဆောင် ခန်းလေးတွေထဲမှာ စွန့်ပစ် အကာအကွယ် ပစ္စည်းတွေက မြင်လို့ရှုလို့ မကောင်း။ ။