မိုးနှောင်းရာသီ ရာသီဥတု မဖောက်ပြန်လျှင် သီတင်းကျွတ်လဆန်းမှ လပြည့်ကျော်အထိ ကျင်းပလေ့ရှိသည့် မန္တလေးမြို့က ဘုရားပွဲတချို့ စည်ကားလေ့ ရှိသည်။ ထို့အတူ တန်ဆောင်မုန်းလအတွင်း ကျင်းပလေ့ရှိသည့် ကထိန်ပွဲများ သည်လည်း ရာသီဥတု ကြည်လင် သာယာလျှင်ဖြင့် ဆိုင်း၊ တီးဝိုင်း၊ အငြိမ့်၊ ဇာတ်များဖြင့် စည်ကားစွာ ကျင်းပနိုင်ခဲ့ကြသည်။
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ကာလကို ကထိန်ရာသီ အဖြစ်သတ်မှတ်ကာ မန္တလေးတွင် ရှေးအစဉ်အဆက် ကတည်းက ကထိန်ပွဲများ ကျင်းပခဲ့ကြသည်။ ထို့အတူ သီတင်းကျွတ် လပြည့်ကျော် ကတည်းက ၃ လလုံးလုံး အောင့်အည်းထားခဲ့သော မင်္ဂလာဆောင် အသီးသီးကလည်း ဟော တဆောင်၊ ဟော တဆောင်နဲ့၊ နံနက်ပွဲ၊ နေ့ပွဲ၊ ညပွဲများ ဆက်သွားတော့၏။
နှစ်စဉ် နှစ် ၁၀ဝ ကျော် သက်တမ်းရှိ ဝါးတန်း ကထိန်၊ ဒေါင်းရိုး ကထိန်များ နည်းတူ နှစ် ၇၀ ကျော် ၈၀ နီးပါး သက်တမ်းရှိ ပွဲစား ကုန်သည်နှင့် စက်ပိုင်များ မဟာ ကထိန်တော်ကြီးလည်း စည်ကားစွာ ခင်းကျင်း လှူဒါန်းကြသည်။ ထို့အပြင် ပိုက်ကျုံးကထိန်၊ ပွဲကုန်း လမ်းမတန်း ကထိန်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ် ကထိန်၊ မဟာဇေယျာဘုံ ကထိန်၊ ဆင်တံတား ကထိန်၊ ကြက်တန်း ကထိန် စသည့် ရပ်ကွက်များ အလိုက် ကထိန်များ၊ မြင်းယာဉ် ကထိန်၊ ဆိုက်ကားသင်း ကထိန် စသည့် လုပ်ငန်းတူအစုအဖွဲ့ ကထိန်များလည်း ခင်းကျင်းကြသည်။
နန်းရှေ့ဈေး၊ ညွန့်ပေါင်းဈေး၊ မင်္ဂလာဈေး၊ မန်းမြို့ဈေး၊ မန်းသီရိဈေး၊ ပြည်ကျော်ဈေး၊ ကိုင်းတန်းဈေး၊ ထီးတိုင်ဈေး စသော ဈေးအသီးသီးများ အပြင် ယခင်က ကထိန်ရာသီများတွင် လှူဒါန်းမှုနှင့် ဧည့်ခံ ဖျော်ဖြေမှုများ၌ နာမည်ကြီး လှသော ဈေးချိုတော်ကြီး ကလည်း အဆင့်မြင့်ရုံကြီး၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ် ရုံများ၊ မြောက်ဘက် တိုက်တန်းကြီး၊ တောင်ဘက် တိုက်တန်းနှင့် တခြားဈေးတန်း၊ ဈေးရုံတို့၏ ကထိန်ပွဲများ ကိုလည်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့ အထိ နေ့စဉ်မပြတ် ခင်းကျင်းလှူဒါန်းကြသည်။
ယခင်က ဈေးချိုတော်ရုံကြီး ၁၂ ရုံတွင် ဆိုင်တိုင်းစေ့ မြန်မာမှု အစားသောက်များ ကျွေးမွေးပြီး နာမည်ကျော် အငြိမ့်များ ဖြင့် ကထိန်ပွဲလာ ဧည့်ပရိသတ်များကို ဧည့်ခံကာ စစ်ကိုင်းတောင်ရိုးရှိ ချောင်အသီးသီးသို့ သွားရောက်၍ တပျော်တပါး လှူဒါန်း ကြသည့် အစဉ်အလာ ဖြစ်သည်။ ထို့ကြောင့် ယခင်က တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့ ညချမ်းနှင့် လပြည့် နေ့များတွင် စစ်ကိုင်းတောင်ရိုး၌ ကထိန်ပွဲ လာသူများဖြင့် ကြက်ပျံမကျ စည်ကားခဲ့သည်ဟု ဈေးချိုသူကြီး တဦးက လွမ်းလွမ်းဆွတ်ဆွတ် ပြောပြသည်။
ယခု ဈေးချိုတော် အဆင့်မြင့်ရုံကြီး အပါအဝင် တိုက်တန်းကြီးများ တခြားဈေးတန်းများ၊ ဈေးရုံများ၏ ကထိန်များကို မြန်မာပြည် အနှံ့ တိုင်းနှင့်ပြည်နယ် အသီသီးဖြစ်သော မွန်ပြည်နယ် ဘီလင်း၊ စစ်ကိုင်းတိုင်း အင်းတော်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး၊ မန္တလေးတိုင်း စဉ့်ကိုင်၊ စစ်ကိုင်းတိုင်း မုံရွာ၊ မွန်ပြည်နယ် ပေါင်မြို့၊ မကွေးတိုင်း မင်းဘူး၊ မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့များ နှင့် စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မန္တလေး မြို့ပေါ်ကျောင်း တိုက်များသို့ လှူဒါန်းကြမည် ဖြစ်သည်။ ယခင်ရှေးက ကြက်ပျံမကျ စည်ကားခဲ့သော စစ်ကိုင်းတောင်ရိုးကား မျက်နှာ ငယ်ဖွယ် ဖြစ်နေသည်ကား ကြာပေါ့။
“ကထိန်ခင်းရင်း ဒေသန္တရ ဗဟုသုတ အတွက် ခရီးထွက်ဖြစ်အောင် အခုလို အဝေးမြို့တွေကို စီစဉ် ရတာပါ။ ဈေးသူ ဈေးသား အချင်းချင်းလည်း ရင်းနှီးသွားတာပေါ့” ဟု ဈေးချို နှင်းဆီရုံ၊ မြေညီထပ်မှ ကထိန်လူကြီး တဦးက ပြောသည်။
“ကျနော့် မိဘများ လက်ထက်တုန်းက ဘိုးစဉ် ဘောင်ဆက် ဒီဈေး၊ ဒီရုံ၊ ဒီဆိုင်မှာပဲ မိဘအမွေအနှစ် ရောင်းဝယ်ကြလို့ ဆွေစဉ် မျိုးဆက် တရုံလုံး၊ တဈေးလုံး၊ ရင်းနှီး ကျွမ်းဝင်ကြပြီးသားလေ။ အခုတော့ လူသစ်တွေ အမျိုးမျိုး ပြောင်းလဲ လာတော့ တနှစ်တခါ မိတ်ဖွဲ့နေကြရတာပေါ့” ဟု ရယ်မောရင်း ဆက်လက်ပြောဆိုသည်။
ယခုနှစ် မန္တလေး ကထိန်ရာသီတွင် မန္တလေးမှ ၂ ဖွဲ့ ၃ ဖွဲ့သာ ကျန်တော့သော အငြိမ့်အဖွဲ့များ၏ ဖျော်ဖြေမှု အပြင် မန္တလေး၌ အရေအတွက် များပြားလာသည့် မြန်မာမှု တီးဝိုင်းနှင့် တွဲဖက်သော အငြိမ့်ခန်း ဖျော်ဖြေမှုများ ပိုမိုများပြား လာသည်ကို တွေ့ရသည်။
“အငြိမ့်တွေက အငြိမ့်ကြေး တညကို သိန်း ၁၀ ချီ နီးပါး ကျလာပြီ။ တီးဝိုင်းနဲ့ အငြိမ့်ခန်းက ချွေချွေ တာတာ ဆိုရင် ၃ သိန်း၊ ၄ သိန်းလောက်နဲ့ ဖြစ်ပါတယ်” ဟု ဒီဘိုးလမ်းမှ ကထိန်လူကြီးတဦးက သူ့ အတွေ့ အကြုံကို ပြောပြသည်။ အင်း သူတို့ အပြောနှင့် သူတို့လည်း ဟုတ်နေသည်။
လူနေမှုပုံစံ တဆစ်ချိုး ပြောင်းလဲလာသော မန္တလေးတွင် ရှိရင်းစွဲ သမားရိုးကျ မန္တလေးသားများ အပြင် ပြောင်းရွှေ့ အခြေချ လာသူ အလုံးအရင်းနှင့် များပြားလာ သောကြောင့် ကထိန်ရာသီကဲ့သို့သော ပွဲလမ်းရက်များတွင် အစဉ်အလာ အတိုင်း ဘာသာရေးနှင့်လျော်ညီသော ကထိန်ခင်းခြင်း၊ အငြိမ့်ပွဲလမ်း ကျင်းပခြင်း များနှင့်အတူ အသစ်ရောက် မန္တလေးသားများနှင့် လူငယ်များကလည်း တန်ဆောင်တိုင် ခါတော်မီ ဈေးရောင်းပွဲများ၊ ခေတ်ပေါ် တီးဝိုင်းများ၏ Stage Show ပွဲများလည်း ယခုနှစ် ကထိန်ရာသီတွင် မန္တလေး၌ ထူးထူးခြားခြား ပိုမိုလာသည်။
မန္တလေး အနောက်ခြမ်းမှာ ရိုးရာကထိန်ပွဲ၊ မန္တလေးအရှေ့ခြမ်း မှာ ခေတ်ပေါ် Night Life။ ။