ဒုတိယ ကမ္ဘာစစ်အတွင်း နာမည်ကြီးလှတဲ့ သံဖြူဇရပ်မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူအထိ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းနဲ့အပြိုင် ကားလမ်းဖောက်နေတဲ့နေရာ။ နောင်မှာ အာရှလမ်းမကြီးရယ်လို့ ဖြစ်လာမယ့် လမ်းပေါ်မှာ တည်ရှိနေတဲ့ ရွာကလေး။
ညိုမှိုင်းမှိုင်း တောင်တန်းတွေကြားမှာ ခြေသလုံးအထိရှိနေတဲ့ ဗွက်တွေကို ဆိုင်ကယ်နဲ့ ဖြတ်သွားရာ လမ်းဘေးဝဲယာ တလျှောက်မှာ သက်တမ်း ၁၀ နှစ် ကျော်ရှိပြီဖြစ်တဲ့ ရော်ဘာပင်တွေကိုလည်း တွေ့ရတယ်။
ဒီနေရာက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ နယ်နိမိတ်မျဉ်းကြောင်းနဲ့ ၁ မိုင်ကျော်သာ ဝေးတော့တဲ့ ရဲတံခွန်ရွာ ရှိနေတဲ့ နေရာပဲဖြစ်ပါတယ်။
ရဲတံခွန်ရွာက မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ထဲမှာ ရှိပေမယ့် ပြည်နယ်နှစ်ခု ထိစပ်တဲ့နေရာ ဖြစ်လေတော့ မွန်လူမျိုးနဲ့ ကရင်လူမျိုးတို့ ယှဉ်တွဲနေထိုင်နေကြတဲ့ နေရာလည်း ဖြစ်တယ်။
ဒီရွာထဲမှာ ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြပေမယ့် ရွာပတ်ပတ်လည်က ရော်ဘာခြံတွေက မွန်လူမျိုးတွေ အများဆုံး ပိုင်ဆိုင် စိုက်ပျိုးထားတယ်လို့ သိရတယ်။
ဒီရွာလေး ဝန်းကျင်မှာတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ထက်မနည်း ရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။
ရဲတံခွန်ရွာ၊ ရော်ဘာခြံ ပိုင်ရှင်များအသင်း ဦးဆောင်သူတဦးရဲ့ ပြောဆိုမှုအရ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဒီရွာလေးမှာ မွန်လူမျိုးတို့ စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေကို ရှေးဘိုးဘွား လက်ထက်ထဲကတည်းက ကရင်လူမျိုးတို့က ဒီတော၊ ဒီတောင်တွေကို ပိုင်ဆိုင်တယ်ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ အကူအညီနဲ့ လာခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
“ဗိုလ်မှူးစိုးစိုး၊ ဗိုလ်လက်ဝဲတို့ အဖွဲ့က ကျနော်တို့ ခြံရှင်တွေကို ဇူလိုင် ၂၂ ရက် နောက်ဆုံးထားပြီး ခြံကိစ္စကို လာဖြေရှင်းဖို့ ကြေညာတယ်။ ဒီလိုဖြစ်နေတာက မနှစ်ထဲကပါ။ ဒီနှစ်မှာတော့ မလာရင် ခြံကိုမီးရှို့မယ်ဆိုပြီး ရွာထဲမှာလည်း အသံလွှင့်တယ်။ သူတို့ အဓိကလုပ်ချင်တာက ခြံတဧကကို ကျပ် ၂ သိန်းနဲ့ တွက်ပြီး ဆက်ကြေးတောင်းဖို့ပဲ”လို့ သူကဆိုတယ်။
ရော်ဘာခြံ အလုပ်သမား အားလုံးနီးပါးက မွန်လူမျိုးတွေ ဖြစ်ကြပြီး သူတို့တွေက မွန်ပြည်သစ်ပါတီ၊ မွန်လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေကို အကူအညီ တောင်းကြတာကြောင့် အခုဆိုရင် ရဲတံခွန်ရွာမှာ မွန်ပြည်သစ် တပ်ဖွဲ့တွေက ကင်းလှည့်ပေးတာ၊ ခြံထဲလာရောက်ပြီး စောင့်ရှောက်ပေးတာမျိုး လုပ်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
ဗိုလ်မှူးစိုးစိုးက ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA PC အဖွဲ့ဝင်ဆိုကာ လှုပ်ရှားနေသူဖြစ်ပြီး၊ ဗိုလ်လက်ဝဲဆိုသူက ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင်ဆိုပြီး ရဲတံခွန်ရွာမှာ အခြေစိုက်ဖို့ လုပ်နေကြတဲ့ သူတွေလို့ သူကပြောပါတယ်။
ဒီလို လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြားမှာ တဖက်နဲ့တဖက် ကိုယ့်လူမျိုးကို ကာကွယ်ဖို့ဆိုပြီး ထိပ်တိုက်ရင်ဆိုင်လာမယ့် အရိပ်အယောင်လည်း ရဲတံခွန်ရွာမှာ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
သံဖြူဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ရွာမှာ အခြေစိုက်နေတဲ့ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၁ တပ်ရင်းမှ တပ်မှူး ဗိုလ်ကြီး မျိုးသွေးရဲ့ ပြောဆိုမှုအရ ဗိုလ်မှူးစိုးစိုးက KNU/KNLA PC နဲ့ သက်ဆိုင်မှု မရှိကြောင်း၊ ဗိုလ်လက်ဝဲ ဆိုသူသည်လည်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က ပြန်ပေးဆွဲမှု၊ လက်နက်ကိုင် သောင်းကျန်းမှုနဲ့ ထောင်ဒဏ် အပြစ်ပေးခံရရာမှ ထောင်ဖောက်ပြေးပြီး နောက်ပိုင်း ရဲတံခွန်ရွာဘက်မှာ လက်နက်ပြန်ကိုင်ပြီး အခြေချနေသူ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“ကျနော်တို့နဲ့ KNU/KNLA PC က တာဝန်ခံတွေလည်း တွေ့ပြီးပြီ။ ဗိုလ်မှူး စိုးစိုးဆိုတာ သူတို့ဆီက ဖမ်းဝရမ်း ထုတ်ထားတဲ့သူတဲ့။ ကျနော်တို့က ဗိုလ်မှူး စိုးစိုးနဲ့ ဗိုလ်လက်ဝဲတို့ကိုတွေ့ဖို့ ကမ်းလှမ်းတော့လည်း သူတို့က အတွေ့မခံဘူး။ အခု ဇူလိုင် ၂၂ ရက် နောက်ဆုံးထားပြီး ခြံသမားတွေကို ဖြေရှင်းဖို့ သူတို့ကြေညာခဲ့တာကို အစိုးရ စစ်တပ်က သူတို့နဲ့ ဘယ်လိုညှိနှိုင်းလိုက်တယ် မသိဘူး။ အဲဒီ ကြေညာဆိုင်းဘုတ်တွေကို စစ်တပ်က လာပြန်ဖြုတ်သွားတာ တွေ့ရတယ်” လို့ သူကဆက်ပြောပါတယ်။
ဗိုလ်ကြီး မျိုးသွေးက ဆက်လက်ပြီး “ ခြံပိုင်ဆိုင်မှုကိစ္စ ဖြေရှင်းချင်တယ်ဆိုရင် အစိုးရရဲ့ ဥပဒေအတိုင်းပဲ လုပ်ကြပါ။ ဆပ်ကြေးတောင်းတာဆိုရင်လည်း ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်လောက်အောင်တော့ မလုပ်သင့်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ထိပ်တိုက်ဖြစ်လာလို့ သေနတ် ၁ ချက်လောက်များ ဖောက်ပြီးသွားပြီဆိုရင် သေနတ်သံက စဲတော့မှာ မဟုတ်ဘူးလို့” ဆိုပါတယ်။
ဗိုလ်မှူး စိုးစိုးကို ဖမ်းဝရမ်း ထုတ်ထားတာဟာ မှန်ကန်မှုရှိကြောင်း၊ မိမိတို့ KNU/KNLA PC အဖွဲ့ကိုလည်း ကိုယ်စားပြုသူ မဟုတ်ကြောင်း ဘားအံမြို့၌ အခြေစိုက်ထားသော KNU/KNLA PC အဖွဲ့၏ တာဝန်ခံ ဦးစောအောင်ချစ်က အတည်ပြု ပြောဆိုပါတယ်။
“ဗိုလ်မှူး စိုးစိုးကို ကျနော်တို့အဖွဲ့က ထုတ်လိုက်တာ ၁ နှစ် ကျော်ပြီ။ သူက လိုက်လိမ်စားနေတဲ့သူ။ ကျနော်တို့ နာမည်သုံးပြီး လိုက်လုပ်နေတဲ့အတွက် ကျနော်တို့လည်း ဖမ်းဖို့ကြိုးစားနေတယ်။ အခုချိန်ထိ သူဘယ်မှာ ရှိနေသလဲ ဆိုတာကို ကျနော်တို့ မသိသေးလို့။ သံဖြူဇရပ်ဘက်မှာ သတင်းကြားတော့ ကျနော်တို့ သွားသေးတယ်။ သူ့ကိုမတွေ့ခဲ့ရလို့ ဆက်စုံစမ်းနေတယ်” လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ညှိုးထိုးပြီး ဒီနေရာ သူတို့ပိုင်တာ၊ ဟိုနေရာ သူတို့ပိုင်တာလို့ ပြောနေကြဦးမှာဖြစ်တယ်၊ သူတို့လက်ထဲမှာ သေနတ်ကိုင်ထားတုန်း အချိန်ဖြစ်လို့ဆိုပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြောပါတယ်။
အခုအချိန်မှာ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ဖြစ်တဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပက်သက်တဲ့ ကိစ္စရပ်တိုင်းကို အထူးသတိထား ကိုင်တွယ်နေရတဲ့ အချိန်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ မသင့်လျော်တဲ့ လုပ်ရပ်များကို သိနေသော်လည်း ကိုင်တွယ်ရန် အလွန်ခက်ခဲတဲ့ အနေအထားမျိုး ရှိနေတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတချို့က မှတ်ချက်ပြု ပြောဆိုပါတယ်။
အစိုးရသစ်တက်လာပြီး နောက်ပိုင်း အရှုပ်ဆုံး ပြသနာများက မြေယာပြဿနာများ ဖြစ်ကြောင်း၊ အဖွဲ့အစည်းများနဲ့ မသက်ဆိုင်တဲ့ မြေယာကိစ္စများကိုတောင် အစိုးရအနေနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်မှု မရှိသေးဘူးလို့ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ယဉ်ကျေးမှုနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဆိုပါတယ်။
“နောက်ပိုင်း အချိန်မှာ အစိုးရအနေနဲ့ ဒီကိစ္စတွေကို တနည်းနည်းနဲ့တော့ ဖြေရှင်းကြရမှာ အသေချာပဲ။ အခုချိန်က ငြိမ်းချမ်းရေး ဆွေးနွေးချိန်ဆိုတော့ အစိုးရက ကိုင်တွယ်ရ ခက်နေတယ်။ အဓိက ဥပဒေကို ပင်တိုင်ထားပြီး ဖြေရှင်းရမှာပဲ” လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး “တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ပြည်သူလူထုရဲ့ လူမှုစီးပွား ကိစ္စတွေကို စေတနာထားပြီး လုပ်မယ်ဆိုရင်တော့ ဒီကိစ္စ ဖြေရှင်းရတာ သိပ်တော့မခက်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နယ်စပ်ကုန်သွယ်တာ၊ အခွန်ကောက်တာနဲ့ ရပ်တည်ခဲ့ပေမယ့် ငြိမ်းချမ်းရေး ပီပြင်စွာ အကောင်အထည် ပေါ်လာရင် အခွန်ကောက်တာတော့ လုပ်လို့ရမှာ မဟုတ်တော့ဘူး” လို့ ပြောပါတယ်။
ရဲတံခွန်ရွာ၊ ဇီးနှစ်ပင်ရွာ တဝိုက်ရှိ ရော်ဘာခြံများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရာရှိများအတွက် ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ် ဝန်းကျင်က ရော်ဘာခြံ လုပ်ကွက်အဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်စစ်မောင်က သံဖြူဇရပ်မှာ ဗျူဟာမှူးအဖြစ် တာဝန်ယူချိန်က ခွင့်ပြုပေးခဲ့ပြီး နောက်ပိုင်းအဆင့်ဆင့် လက်လွှဲပြောင်း ရောင်းချကြတဲ့ ရော်ဘာခြံများ ဖြစ်တယ်လို့ ဒေါက်တာမင်းနွယ်စိုးက ဆက်ပြောပါတယ်။
“အစောပိုင်းက ဗိုလ်ချုပ် စစ်မောင် ကိုယ်တိုင် ရော်ဘာခြံ လုပ်ကွက်ချထားပေးတဲ့ နေရာပါ။ နောက်ပိုင်းတော့ စိတ်ပိုင်း ရောင်းချကြရင်း လူတွေ အများကြီးပိုင် ဖြစ်လာတာ။ အခုအဲဒီမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ ပုံစံက ခြံရှင်တွေဆီက အခွန်အကောက် ရချင်လို့လား မသိဘူး။ ဒီလိုဖြစ်နေတာ တော်တော်များပါတယ်။ အဖွဲ့အစည်းတွေက လက်ညိုးထိုးပြီးတော့ ဟိုလူ့ကိုရောင်း၊ ဒီလူ့ကိုရောင်းနဲ့။ မွန်ပြည်နယ်၊ ကျိုက်မရောဘက်မှာလည်း အများကြီးပဲ။ ဒီမှာက အဖွဲ့တွေလည်း စုံနေတာပဲ” လို့ သူကဆိုပါတယ်။
မွန်ပြည်နယ် အစိုးရက မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို တရားဝင် လုပ်ပိုင်ခွင့်ပြုခဲ့သည့် ရော်ဘာခြံ လုပ်ကွက်များရှိသော်လည်း ရဲတံခွန်ရွာ ဝန်းကျင်တွင် ထိုအဖွဲ့အစည်းများကို တရားဝင် လုပ်ခွင့်ပြုခဲ့တဲ့ ရော်ဘာခြံများမရှိကြောင်း သူကဆက်ပြောပါတယ်။
ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗိုလ်ကြီး မျိုးသွေးက “ကျနော်တို့က ဘယ်လူမျိုး တယောက်ကိုမှ ဒုက္ခပေးချင်လို့ မဟုတ်ဘူး။ အင်အားပြတဲ့ သဘောပဲ။ ခြံထဲမှာ ရှိနေကြတာလည်း ခြံပိုင်ရှင်တွေ နည်းတယ်။ ရွှေ့ပြောင်း လာလုပ်ကြတဲ့ သူတွေပဲ။ သူတို့တွေ ကြောက်နေကြတယ်။ ကိုယ့်သဘောဆန္ဒနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာကို သဘောမကျဘူး” လို့ ၎င်းက ဆိုပါတယ်။
ဒေသခံ အာဏာပိုင်များဘက်က ဗိုလ်လက်ဝဲတို့ရဲ့ လုပ်ရပ်များကို သွယ်ဝိုက်သောအားဖြင့် အားပေးနေတဲ့ ပုံစံများကိုလည်း မြင်တွေ့နေရတယ်၊ တရားခံထောင်ပြေး တယောက်ကို ဖမ်းမယ်ဆိုပါက ဖမ်းနိုင်သော်လည်း ဒီအချိန်ထိ လွှတ်ပေးထားသလို ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ ရဲတံခွန်ရွာမှာ ယခုလို လူမျိုးစု ကိုယ်စားပြု လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ထိပ်တိုက်ဖြစ်လာမှုက အစိုးရလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ထိခိုက်မှုရှိလာမယ့် အရေးကို စိုးရိမ်မိတယ်လို့ သူကပြောပါတယ်။
“ဒါက ငြိမ်းချမ်းရေးတင် မကဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုတွေကိုပါ ထိခိုက်တာ။ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကျနော်တို့နဲ့က အစဉ်အလာရှိတဲ့ မဟာမိတ်တွေ။ ဗိုလ်လက်ဝဲတို့ကြတော့ စစ်အစိုးရ လက်ထက်မှာ လက်နက်ချ၊ အသွင်ပြောင်း ပြီးနေတော့ ကျနော်တို့ အမြင်မှာ သူတို့က အစိုးရလူတွေပဲ။ လက်ရှိ ဖြစ်ပျက်နေတာ သေးသေးလေးလို့ ထင်ရပေမယ့် သေနတ်မပေါက် နိုင်ဘူးလို့ မပြောနိုင်ဘူး” လို့သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ ရဲတံခွန်ရွာမှာ ရော်ဘာခြံဧက သောင်းကျော်ရှိနေပြီး ခြံပိုင်ရှင် ၈၀ဝ ဝန်းကျင် ရှိပါတယ်။ ခြံပိုင်ရှင် အများစုက မွန်လူမျိုးတွေ ဖြစ်ကြသော်လည်း ငွေကြေးပြည့်စုံကြတဲ့သူတွေ မဟုတ်တာကို တွေ့မြင်ရပါတယ်။
သံဖြူဇရပ်မြို့ခံ ရော်ဘာခြံပိုင်ရှင် ကိုထွန်းက “အခု မိုးတွင်းချိန်မို့လို့ ရော်ဘာအစေး မခြစ်ကြသေးတာ။ မိုးကုန်တာနဲ့ လုပ်ငန်းခွင် ပြန်ဝင်ရမှာ။ အခုလို ခြိမ်းခြောက်ပြီး ငွေတောင်းတာကို မပေးကြတဲ့သူတွေဆိုရင် အန္တရာယ်ပြုခံရမှာ ကြောက်နေကြတယ်။ တချို့ကြောက်တဲ့ သူတွေက ပေးတာမျိုးရှိပါတယ်။ နယ်မြေ မအေးချမ်းရင် ဘယ်လိုလုပ် စီးပွားသွားရှာကြမလဲ။ အဲဒီအတွက် ကျနော်တို့ ခြံသမားတွေအားလုံး စိတ်ပူနေကြတယ်” လို့ ဆိုပါတယ်။
ဗိုလ်လက်ဝဲတို့ အဖွဲ့က ပြီးခဲ့တဲ့ လပိုင်းကပဲ သံဖြူဇရပ်မြို့နယ်၊ ပငရွာက အုပ်ချုပ်ရေးမှူးရုံးကို ရော်ဘာခြံရှင်တွေကိုတွေ့ဖို့ အကြောင်းကြားစာ ပေးပို့ဆိုပြီး သေနတ်ကိုင်ပြီး ဝင်ရောက် ရမ်းကားခဲ့သေး တယ်လို့ ရဲတံခွန်ရွာအနီးက ခြံရှင် ဦးသိန်းက ပြောပါတယ်။
“ကျနော်တို့မှာက သေနတ်ရှိတဲ့ လူတိုင်းကို ကြောက်နေကြရတာ။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးကို အသိပေး ထားပြီးသားပါ။ သူတို့လည်း ဘာမှလုပ်မပေးနိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်ပြထားတယ်။ မိုးကုန်တဲ့အချိန်အထိ နယ်မြေအခြေအနေ မကောင်းဘူးဆိုရင် ကျနော်တို့ ဘာဆက်လုပ်ရမှန်းတောင် မသိဘူး” လို့ သူကဆိုပါတယ်။
ရဲတံခွန်ရွာကို ဧရာဝတီက ရောက်ခဲ့ရာမှာ ဗိုလ်မှူး စိုးစိုးနဲ့ ဗိုလ်လက်ဝဲတို့ကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားပေမယ့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပါဘူး။