ဆဲလ်ဖုန်းတွေ၊ စမတ်ဖုန်းတွေမှာ ဗိုင်းရပ်စ်တွေ ဒုက္ခ ပေးနိုင်သလား၊ မိုဘိုင်းလ် ပစ္စည်းတွေမှာ ဗိုင်းရပ်စ်တွေ ကာကွယ် တားဆီးပေးတဲ့ (Antivirus) ဆော့ဖ်ဝဲတွေ Install လုပ်ထား သင့်သလား ဆိုတာမေးလေ့ရှိတဲ့ မေးခွန်းတွေ ဖြစ်ပါ တယ်။ ကွန်ပျူတာတွေမှာတော့ ဗိုင်းရပ်စ်တွေ ဒုက္ခပေးတာ ခံခဲ့ရပေါင်း များနေပါပြီ။ ဆဲလ်ဖုန်းတွေ၊ စမတ်ဖုန်းတွေမှာ တော့ ဗိုင်းရပ်စ် ဒုက္ခပေးတာသိပ် မကြုံရပါဘူး။
အခုလို ရေးလိုက်လို့ ဗိုင်းရပ်စ်တွေဟာ မိုဘိုင်းလ် ပစ္စည်းတွေကို တိုက်ခိုက်လို့ မရဘူးလို့ မဆိုလိုပါ။ ကွန်ပျူတာတွေ ရော၊ မိုဘိုင်းလ်ပစ္စည်း တွေပါ ဒီဂျစ်တယ် ပစ္စည်းတွေ ဖြစ်လို့ ဒီဂျစ်တယ် အဖျက်ပရိုဂရမ်ရေးသား နှောက်ယှက်မယ် ဆိုရင် နှောက်ယှက်လို့ ရပါတယ်။ ဒုက္ခပေးမယ့်မိုဘိုင်းလ် ဗိုင်းရပ်စ် တွေလည်းရှိနေပြီး ဖြစ်ပါတယ်။ ဆဲလ်ဖုန်းတွေ အသုံးများလာတာနဲ့ အမျှ မိုဘိုင်း ဗိုင်းရပ်စ်တွေလည်း ပေါ်လာမှာပါ။ ကိုယ်မကြုံရသေးလို့ မဖြစ်နိုင်လောက်ပါဘူးလို့ တွေးထားလို့ မရပါဘူး။ ဒေတာတွေ အရေးကြီးရင် ကြီးသလို ကြိုတင် လုပ်ဆောင် ထားနိုင်ဖို့အတွက် အခု ရေးထား ပါတယ်။
ကွန်ပျူတာတွေရဲ့ လုပ်ငန်းလည်ပတ်တဲ့ အဓိက ပရိုဂရမ် ဆော့ဖ်ဝဲဟာ ကွန်ပျူတာရဲ့ ဟာ့ဒ်ဒရိုက် (Hard drive) ထဲမှာ သိမ်းထားပါတယ်။ မိုဘိုင်း ပစ္စည်းတွေ အများစု ကတော့ ROM (Read Only Memory) ချစ်ပ်ထဲမှာ သိမ်းထား ပါတယ်။ အကြမ်းဖျဉ်း ပြောရရင်တော့ ဟာ့ဒ်ဒရိုက်ဖ်ထဲက ဒေတာတွေ၊ ပရိုဂရမ်တွေ၊ OS တွေ ထက် စာရင် Rom ထဲက ဒေတာတွေ၊ ပရိုဂရမ်တွေ၊ OS တွေကို တိုက်ခိုက် ရတာ ပိုခက်ခဲလေ့ရှိပါတယ်။ မိုဘိုင်း ပစ္စည်းတွေ အတွက် ဗိုင်းရပ်စ်တွေ သိပ်မရှိသေး တာလည်း ဖြစ်နိုင်ပါတယ်။
နောက်တချက်က Operating System ရဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာတော့ Windows Operating System, Apple Macintosh OSX, Linux စတဲ့ OS မတူတာတွေရှိနေပြီး OS မတူရင် ပရိုဂရမ်တွေ Install လုပ်လို့ မရသလို ပလက်ဖောင်းတခု၊ OS တခုအတွက် ရည်ရွယ်ရေးသားထားတဲ့ ဗိုင်းရပ်စ်တွေ ဟာလည်း တခြား ပလက်ဖောင်း၊ တခြား OS တခုကို ထိခိုက်လေ့ မရှိပါဘူး။
အဲဒီလိုပဲ မိုဘိုင်းပစ္စည်း တွေမှာလည်း iOS, Android, Windows Mobile နဲ့ သိပ် မသုံး တော့တဲ့ ဆမ်ဘီယမ် (Symbian) OS တွေ သီးခြားစီ ရှိနေတဲ့ အတွက် အကြမ်းဖျင်း ပြောရရင် Android အတွက် ရေးထားတဲ့ ဗိုင်းရပ်စ်ဟာ iOS မှာ မထိခိုက်ဖို့ များပါတယ်။
မိုဘိုင်းလ် ဗိုင်းရပ်စ်အမျိုးအစား
အလွယ်တကူ ဗိုင်းရပ်စ်လို့ ပြောနေတာ ဖြစ်ပေမယ့် တခြား မလိုလားအပ်တဲ့ ခြိမ်းခြောက်မှုတွေ၊ အချက်အလက် ခိုးယူမှုတွေ အတွက် ရေးထားတဲ့ ပရိုဂရမ်တွေ ရှိနေနိုင်ပါတယ်။ အမျိုးအစားတူ အုပ်စုတွေ ခွဲကြည့်ရင် အုပ်စု ၃ ခု ရှိနေပါတယ်။
Worm
အဓိကကျတဲ့ အုပ်စုဖြစ်ပြီး အဆုံးအစ မရှိ သူ့ဖာသာသူ ပြန့်ပွား စေပါတယ်။ Worm ထဲမှာ ထိခိုက် ပျက်စီးမှုတွေ ဖြစ်အောင် ဖျက်ဆီးနိုင်တဲ့ ခိုင်းစေ ညွှန်ကြားချက်တွေနဲ့ ဒီဟာလုပ်ခိုင်းရင် ဟိုဟာလုပ်ပေးမယ့်၊ တလွဲဖြစ်အောင် လုပ်မယ့် ခိုင်းစေ ညွှန်ကြားချက်တွေ ပါလေ့ရှိပါတယ်။ ကူးစက်လေ့ ရှိတဲ့အခြေအနေက SMS (Short Message Service) နဲ့ MMS (Multimedia Message Service) တွေကနေ ကူးစက်ပြန့်ပွားဖို့ (Execution) အသုံးပြုတဲ့သူရဲ့ ဘာ ပယောဂမှ မပါဘဲ သူ့ဖာသာသူ လုပ်ဆောင်နိုင်ပါတယ်။
Trojans
Worm တွေနဲ့ မတူတာက ထရိုဂျန် (Trojans) တွေဟာ အသုံးပြုသူရဲ့ လုပ်ဆောင်မှု တခုခုမပါဘဲ ဘယ်လိုမှ သက်ဝင်မှု မရှိပါဘူး။ အဲဒီ အမျိုးအစား ဗိုင်းရပ်စ် တွေဟာ စိတ်ဝင်စားစရာ အသုံးချ ပရိုဂရမ် တခုခု၊ App တခုခု၊ Executable ဖိုင်တခု အနေနဲ့ ရှိနေတတ်သလို၊ အဲဒီပရိုဂရမ်တွေနဲ့ တွဲပြီးလည်း ရှိနေတတ်ပါတယ်။ အသုံးပြုသူတဲ့ သူကနေ အဲဒီပရိုဂရမ် တခုခုကို ကလစ်လုပ်တာ၊ Install လုပ်တာမျိုး လုပ်ခဲ့ရင် Malware တွေ ကနေ သင့်ဖုန်းရဲ့ အသုံးချ ပရိုဂရမ်တွေ၊ ဒါမှမဟုတ် ဖုန်းဆက်သွယ်မှုကို ဖျက်ဆီး ပစ်လိုက်နိုင်ပါတယ်။
Spyware
စပိုင်ဝဲတွေ ကတော့ မိုဘိုင်းလ် ပစ္စည်းတွေရဲ့ ဒေတာတွေ၊ အသုံးပြုမှုတွေ၊ အသုံးပြုသူရဲ့ကိုယ်ရေး အ ချက်အလက် တွေ၊ အရေးပါတဲ့ အချက်အလက်တွေကို အဝေးမှာ ရှိနေတဲ့ သူတို့ရဲ့ဆာဗာဆီကို ပို့ပေးပြီး အချက် အလက်တွေ ခိုးယူတာ ဖြစ်ပါတယ်။ သင့်စံနစ်ကို စောင့်ကြပ် ကြည့်မယ် (System Monitor) ထရိုဂျန် (Trojans)၊ ကြော်ငြာ (Adware) နဲ့ သင့်ဆဲလ်ဖုန်း သုံးစွဲမှုကို ခြေရာကောက် လုပ်ဆောင်မယ့် ကွက်ကီး (Tracking Cookies) တွေဟာ စပိုင်ဝဲ အုပ်စုဝင်တွေ ဖြစ်ပါတယ်။
ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေ သမိုင်းအကြောင်း
ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေရဲ့ အစောပိုင်းကာလမှာ ဘရာဇီးလူမျိုး ဆော့ဖ်ဝဲ အင်ဂျင်နီယာ မားကော့စ်ဗာ လက်စ်ကို (Marocos Valesco) က ဆဲလ်ဖုန်းဗိုင်းရပ်စ်ကို ရေးသားပြီး ဆဲလ်ဖုန်း သုံးစွဲသူတွေကို အသိပညာပေး အနေနဲ့ ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ် ဖြစ်နိုင်တာတွေကို သရုပ်ပြခဲ့ပါတယ်။
ပထမဦးဆုံး ဆဲလ်ဖုန်း ဗိုင်းရပ်စ်က ၂၀၀၀ ပြည့်နှစ်မှာ ရှရှားနဲ့ ဖင်လန်နိုင်ငံက Antivirus Lab တွေကနေ တွေ့ရှိခဲ့တဲ့ Telefonica ဗိုင်းရပ်စ် ဖြစ်ပြီး စပိန်မှာ စတင်ခဲ့တဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်။ Telefonica SMS Message တွေကို GSM မိုဘိုင်းဖုန်းတွေကို ပို့ပေးပါတယ်။ အဲဒီ မက်ဆေ့ချ် က “Information for you, Telefonica is following you” ဆိုတဲ့ မက်ဆေ့ချ် ဖြစ်ပါတယ်။ Movistar မိုဘိုင်း ဝန်ဆောင်မှုရဲ့ အင်တာနက် SMS Gate ကနေတဆင့် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၄ မှာ အိုဂျမ် (Ojam) ကုမ္ပဏီကနေ မိုဘိုင်းဖုန်း ဂိမ်းအဟောင်းတခု ဖြစ်တဲ့ ခြင် (Mosquito) ဆိုတဲ့ ဂိမ်းမှာ တွေ့ခဲ့ရတဲ့ ထရိုဂျန်ဗိုင်းရပ်စ် ဖြစ်ပါတယ်။
၂၀၀၄ မှာ အိုဂျမ် (Ojam) ကုမ္ပဏီကနေ မိုလ်ဘိုင်းဖုန်း ဂိမ်းအဟောင်း လူသိအများဆုံး ဆဲလ်ဖုန်း ဗိုင်းရပ်စ်က ၂၀၀၄ ခုနှစ်က စခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု အရေအတွက် သိပ်မများခဲ့ပါဘူး။ နာမည်က ကာဘီယာ အေ (Cabir A) ဖြစ်ပါတယ်။ Bluetooth ဖွင့်ထားတဲ့ Bluetooth လုပ်ဆောင်ပေးနိုင်တဲ့ ဖုန်းတွေမှာ အဲဒီ ကာဘီယာအေ ဗိုင်းရပ်စ် ထိခဲ့ပြီး မဲလ်ဝဲလ် (Malware) ရေးသားတဲ့ အုပ်စုကနေ သူတို့ လုပ်ရင် ရတယ် ဆိုတဲ့ သဘောလောက်ပဲ လုပ်ပြ ထားတာ ဖြစ်ပါတယ်။
Skull ကတော့ ထရိုဂျန် Code အစိတ်အပိုင်းတွေ ဖြစ်ပြီး ဆမ်ဘီယမ် OS သုံးဖုန်းတွေ ဒီဗိုင်းရပ်စ်ကို ဒေါင်းလုတ် လုပ်လို့ သင့်ဖုန်း ဗိုင်းရပ်စ်ကူးစက်ခံရပြီ ဆိုရင် ဖုန်းပေါ်က အိုင်ကွန် (Icon) တွေကို Skull အိုင်ကွန်တွေနဲ့ အစားထိုး သွားပါလိမ့်မယ်။ သင့်ဖုန်းရဲ့ အသုံးချပရိုဂရမ် တချို့ကိုလည်း သုံးမရအောင် လုပ်ပါလိမ့်မယ်။ သင့်ဖုန်းထဲက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ အားလုံးကို မလိုလားအပ်တဲ့ Link တွေပါတဲ့ Text Message တွေ အမြောက်အများ ပေးပို့မှာ ဖြစ်တဲ့အတွက် အဲဒီလိပ်စာ စာရင်းထဲကဖုန်းတွေကိုလည်း အဲဒီဗိုင်းရပ်စ်တွေ ကူးကုန်ပါလိမ့်မယ်။
Commwarrior မဲလ်ဝဲက ၂၀၀၅ ခုနှစ်မှာ MMS Message တွေသုံးပြီး ဖုန်းတလုံးကနေ တလုံး Bluetooth ကနေ တဆင့် ကူးစေပါတယ်။ Bluetooth သုံးပြီး ဖုန်းတလုံးနဲ့ တလုံး ချိတ်ဆက်တဲ့ အချိန်တွေမှာ ဗိုင်းရပ်စ် ရေးသားထားတဲ့ ဖိုင်တွေကို အလှည့်ကျ နာမည်ပြောင်း ပေးပြီး ဆက်သွယ်လို့ ရတဲ့ Bluetooth ပစ္စည်းတွေကို ဗိုင်းရပ်စ် ကူးစက်စေ ပါတယ်။ Application တွေနဲ့ တွဲထည့်ပေးလေ့ ရှိတဲ့ ထရိုဂျန်အုပ်စုဝင် Driod Kung Fu , Apple ဖုန်းတွေကို Jailbrake လုပ်ရာမှာ ပါဝင်လေ့ရှိတဲ့ iOS ဗိုင်းရပ်စ် IKee စတဲ့၊ စတဲ့ ဗိုင်းရပ်စ်တွေ မဲလ်ဝဲတွေ အများကြီး ရှိနေပါတယ်။ ကျန်တဲ့ ဗိုင်းရပ်တွေလည်း အများကြီး ရှိနေသေးလို့ အသေးစိတ် မရေးတော့ပါ။ အခု နောက်ဆုံး တွေ့ရတဲ့ Andriod ဖုန်း ဗိုင်းရပ်စ်တွေရဲ့ စာရင်း၊ ရက်စွဲနဲ့ ကူးစက်ပုံတွေကို စာရင်းထဲမှာ ဖတ်ရှုကြည့် နိုင်ပါတယ်။
လက်ရှိ အချိန်အထိ ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေဟာ ပြန့်ပွားတဲ့ ဧရိယာ အရေအတွက်နဲ့ ထိရောက်မှု အဖျက် စွမ်းအား နည်းနေပါသေးတယ်။ ဒါပေမယ့် နောင်လာမယ့် ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာတွေမှာ လိုပဲ အဖျက်စွမ်းအား မြင့်လာနိုင်ပြီး ပြန့်ပွားတဲ့ နှုန်းနဲ့ ဧရိယာလည်း ကျယ်ပြန့် လာနိုင်ပါတယ်။
ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေ ဘယ်လို ကူးစက်သလဲ
ဖုန်းခေါ်ဆိုမှုနဲ့ လက်ခံ စကားပြောရုံလောက်နဲ့တော့ ဗိုင်းရပ်စ်တွေ ကူးဖို့ မလွယ်ပါဘူး။ စမတ်ဖုန်းတွေ သုံးပြီး Bluetooth ဆက်သွယ်မှုတွေ၊ ဝိုင်ဖိုင်ဆက်သွယ်မှု တွေနဲ့ ဖုန်းတလုံးနဲ့ တလုံး ဒေတာတွေ၊ ပရိုဂရမ်တွေ အပို့အယူ လုပ်ခဲ့ရင် ဆဲလ်ဖုန်း ဗိုင်းရပ်စ်တွေ ကူးနိုင်ပါတယ်။ ဗိုင်းရပ်စ်တွေ ကူးစက် ပြန့်ပွားနိုင်တဲ့ အဓိက နည်းလမ်း ၃ မျိုး ရှိပါတယ်။
အင်တာနက်ဒေါင်းလုတ် (Download)
အရင်က ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေ ပြန့်ပွားခဲ့တာ အင်တာနက်နဲ့ ချိတ်ပြီး အင်တာနက်ထဲက ဖိုင်တွေ၊ ပရိုဂရမ်တွေကို ဒေါင်းလုတ် လုပ်တဲ့ အချက်က အဓိက ဖြစ်ခဲ့ပါတယ်။ အခုလည်း ဖုန်းတွေဟာ အင်တာနက်နဲ့ ချိတ်ဆက်နိုင်နေပြီး၊ အင်တာနက်နဲ့ ဆက်သွယ်၊ ဒေတာတွေ၊ ဖိုင်တွေ၊ ပရိုဂရမ်တွေ ဒေါင်းလုတ် လုပ်ခဲ့ရင်၊ အဲဒီ ဒေါင်းလုတ်တွေ ကနေ ဗိုင်းရပ်စ်တွေ ပြန့်ပွား၊ ကူးစက်နိုင်ပါတယ်။ ဖုန်းလာရင် မြည်တဲ့ အသံတွေ၊ ဂိမ်းတွေစတဲ့ ပရိုဂရမ်တွေ၊ ဖုန်းသံ မြည်တဲ့ အသံတွေ၊ ဂိမ်းတွေစတဲ့ Add-on တွေနဲ့ ချို့ယွင်းချက် ပြင်ဆင်ပေးမယ့် Patch ဖိုင်တွေ ကနေ တဆင့်ကူး နိုင်ပါတယ်။
ကြိုးမဲ့ ဆက်သွယ်မှု
ဖုန်းတွေမှာ ကြိုးမဲ့ ဆက်သွယ်မှု အတွက် Bluetooth နဲ့ (WiFi) ဝိုင်ဖိုင် နှစ်မျိုး သုံးလေ့ ရှိပါတယ်။ ဖုန်းနဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေ၊ ကြိုးမဲ့ နားကြပ်၊ စပီကာ၊ ကားစတီရီယို စတာတွေနဲ့ ချိတ်ဆက်ဖို့ Bluetooth ကို သုံးလေ့ ရှိပါတယ်။ ပီစီနဲ့ အများ ပြည်သူ သုံးနိုင်တဲ့ ဧရိယာတွေမှာ ဝိုင်ဖိုင်ကြိုးမဲ့ ဆက်သွယ်မှုကို သုံးပြီး အင်တာနက် ချိတ်ဆက်တာမျိုး လုပ်ခဲ့ရင် လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ ထိခိုက်ခံရဖို့ များပါတယ်။

Multimedia Messaging Service (MMS)
ဗိုင်းရပ်စ်တွေဟာ MMS Text Message တွေနဲ့ တွဲပါလာ နိုင်ပါတယ်။ ကွန်ပျူတာတွေမှာ အီးမေးလ်နဲ့ တွဲပါလာတဲ့ Attachment တွေကို အသုံးပြုတဲ့သူက ဖွင့်လိုက်၊ ကလစ်လုပ် လိုက်ရင် အဲဒီ ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာကို ကူးစက် စေတာမျိုး ဖုန်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အများသောအားဖြင့် MMS တွေကနေ တဆင့် ရောက်လာတဲ့ ဗိုင်းရပ်စ် တွေဟာ ဖုန်းနဲ့ ဖုန်းဆက် သွယ်မယ့်သူ စာရင်း (Content List) နဲ့ အဲဒီဖုန်းထဲမှာ သိမ်းထားတဲ့ ဖုန်း နံပါတ်တွေကို ရယူတာ ဖြစ်ပါတယ်။ အဲဒီ ဗိုင်းရပ်စ် အမျိုးအစားတွေကို အများဆုံး တွေ့ရလေ့ ရှိတာက ဂိမ်း လုံခြုံရေး ဆိုင်ရာ ပြင်ဆင်ချက် (Security Patch) ဒါမှ မဟုတ် တခြား ပရိုဂရမ် တခုခုအနေနဲ့ ရှိနေတတ်ပါတယ်။
၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ ဖြစ်ခဲ့တဲ့ “Comm-warrior” ဗိုင်းရပ်စ်ဟာ ကုမ္ပဏီ တခုလုံးက ဖုန်းတွေကို ကူးစက်စေခဲ့တဲ့ ပထမဦးဆုံး ဗိုင်းရပ်စ် ဖြစ်ပါတယ်။ Bluetooth နဲ့ MMS ကနေ တဆင့် ပြန့်သွားပြီး အခုအထိ အဲဒီဗိုင်းရပ်စ်ဟာ ဖုန်းတလုံးကနေ ဖုန်းနံပါတ်တွေကို ရယူတယ်၊ အဲဒီဖုန်းရဲ့ လိပ်စာ စာရင်းထဲက ဖုန်းနံပါတ် တွေအားလုံးကို ဆက်သွယ်ပြီး ထပ်ဖြန့် ပါတယ်။ အဲဒီအတွက် ကုမ္ပဏီတခုလုံး အလျင်အမြန် ပြန့်သွားစေတာ ဖြစ်ပါတယ်။
ပီစီနဲ့ ချိတ်ဆက်တဲ့အချိန်
သင့်ရဲ့ ဆဲလ်ဖုန်းနဲ့ သင့်ရဲ့ ကွန်ပျူတာကို USB Port ကနေ တဆင့် ချိတ်ဆက်တဲ့ အချိန်မှာ သင့်ရဲ့ ကွန်ပျူတာမှာ ဆဲလ်ဖုန်း စမတ်ဖုန်းတွေကို ထိခိုက်စေနိုင်တဲ့ ပရိုဂရမ်တခုခု၊ ဗိုင်းရပ်စ် တခုခုရှိနေခဲ့ရင်၊ သင့်ရဲ့ ဆဲလ်ဖုန်း ကလည်း ဘာကာကွယ်မှုကိုမှ လုပ်မထားဘူး ဆိုရင် သင့်ရဲ့ ဆဲလ်ဖုန်းထဲကို အဲဒီ အဖျက်ပရိုဂရမ်တွေ ဝင်ရောက် ဖျက်ဆီးနိုင်ပါ လိမ့်မယ်။
App တွေ ဒေါင်းလုတ် လုပ်တဲ့အခါ
သင် App အသစ်တခုကို သုံးဖို့ အတွက် အရင် ဒေါင်းလုတ် လုပ်ရပါမယ်။ အဲဒီလို ဒေါင်းလုတ် လုပ်တဲ့အခါမှာ App ဆော့ဖ်ဝဲ ရေးထားတဲ့ သူကနေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို သဘောတူပါသလား ဆိုပြီး မေးလေ့ ရှိပါတယ်။ သင့် App တွေကို Download လုပ်တဲ့ အခါမျိုးမှာ Install လုပ်တဲ့ အခါမျိုးမှာ အဲဒီ သဘော တူညီချက်ကို သေသေ ချာချာ မဖတ်ဘဲ၊ သဘောတူပါတယ် (Yes) ဆိုတဲ့ Button လေးကို နှိပ်လိုက်တယ် မဟုတ်လား။ အဲဒီ Yes Button ကို နှိပ်လိုက် တာဟာ သင့်ဆဲလ်ဖုန်း ထဲက ဒေတာတွေ ဖြစ်တဲ့ သင်ရှိနေတဲ့ နေရာ၊ ဖုန်းဆက်သွယ်တဲ့ စာရင်း၊ ဗီဒီယိုဖိုင်၊ သင်မှတ်သိမ်း ထားတဲ့ ပြက္ခဒိန်၊ ချိန်းဆိုမှု၊ လုပ်စရာရှိ တာတွေ၊ ကိုယ်ရေး အချက်အလက်တွေကို အဲဒီ App က ရယူသွား နိုင်စေပါတယ်။
သင့် အနေနဲ့ သင့်တော်တဲ့ လုံခြုံရေး ဆော့ဖ်ဝဲ တခုခု သုံးကာကွယ် မထားဘဲနဲ့ အဲဒီလို ပြဿနာ တွေကို မကာကွယ် နိုင်ပါဘူး။ တွေ့ရာ App တွေ၊ ဂိမ်းတွေကိုလည်း သင့်ဆဲလ်ဖုန်းထဲ Install မလုပ်သင့်ပါဘူး။ လိုအပ်တဲ့ App ကို ဒေါင်းလုတ် လုပ်ဖို့ လိုခဲ့ရင် မူရင်းဆိုက် (Site) တွေ၊ ဥပမာ – ဆမ်ဆောင်း ဖုန်းဆိုရင် ဆမ်ဆောင်းရဲ့ Site ကနေ၊ ဆိုနီဆိုရင် ဆိုနီရဲ့ ဆိုက်ကနေ ဒေါင်းလုတ် လုပ်ရ ယူတာက တခြား Third Party ဆိုက်တွေထက် ပိုစိတ်ချ ရပါတယ်။
Security Update
လုံခြုံရေး အတွက် Update လုပ်ပါ။ သင့်ဆဲ့လ်ဖုန်း ထဲမှာ ဗိုင်းရပ်စ်တွေ ရှိနေတာ စစ်ပေးမယ် ဆိုတိုင်း စိတ်ချလက် Update လုပ်တာမျိုး မလုပ်ရပါဘူး။ Commwarrior ပရိုဂရမ်ဟာ ဗိုင်းရပ်စ် ဖိုင်နာမည်ကို မတူညီတဲ့ ဖိုင်နာမည်တွေ အလှည့်ကျ (Ramdom) ပေါ်နေအောင် လုပ်နိုင်တာ သတိပြုပါ။ စာလုံးပေါင်း မမှန်တဲ့ ဖိုင်နာမည်တွေ၊ အဓိပ္ပာယ် သက်ရောက်မှု မရှိတဲ့ ဖိုင်နာမည်တွေ ဟုတ် မဟုတ် သတိထား စစ်ဆေးပါ။ ဗိုင်းရပ်စ်တွေ၊ Warm တွေနဲ့ ပတ်သက်ပြီး လည်း အမြဲလေ့လာနေဖို့ လိုပါတယ်။
သုံးစွဲသူရဲ့ ပေါ့ဆမှုကြောင့်
ဆဲလ်ဖုန်း၊ စမတ်ဖုန်း ဗိုင်းရပ်စ်တွေကြောင့် သင့်ရဲ့ ဒေတာတွေ၊ သင့်ရဲ့ ဆဲလ်ဖုန်း သုံးမရအောင် ပျက်သွား နိုင်ပါ တယ်။ ဘာဗိုင်းရပ်စ်မှ မထဘူး ဆိုရင်လည်း မတော်တဆ ပြုတ်ကျတာ၊ ရေဝင်တာ ဒါမှမဟုတ် စက် အစိတ်အပိုင်း တခုခု ချို့ယွင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ တနေရာရာမှာ မေ့ကျန်ခဲ့တာ၊ ပျောက်ဆုံးသွားတာ ဖြစ်နိုင်ပါတယ်။
အရေးကြီး ဒေတာတွေပါခဲ့ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။ အရေးကြီး ဒေတာတွေ မပါခဲ့ရင် တောင်မှ ဖုန်းနံပါတ် တွေ၊ လိပ်စာတွေတော့ အနည်းဆုံး ပါသွားပါ လိမ့်မယ်။ ပျောက်ဆုံး၊ ပျက်ဆီး တာတွေကို ကာကွယ်ဖို့က စိတ်ချရတဲ့ ကာဗာတွေ သုံးတာ၊ ဖုန်းထဲက ဒေတာ တွေကို ကွန်ပျူတာရဲ့ သိုလှောင် သိမ်းဆည်းတဲ့ ပစ္စည်းတခုခုထဲကို ကော်ပီကူး သိမ်းတာမျိုး၊ ရွှေ့ပြောင်း သယ်ဆောင်နိုင်တဲ့ ပစ္စည်း တခုခုထဲကို ပြောင်းသိမ်း ထားပါ။ ပျက်ဆီးနိုင်မှု ဖြစ်နိုင်ခြေ အရှိဆုံးနဲ့ ရာခိုင်နှုန်းပြည့် ပျက်စီးမယ့် ပြဿနာ ဖြစ်ပါတယ်။
ကြိုတင်ကာကွယ်ပါ
ကွန်ပျူတာတွေမှာ အင်န်တီဗိုင်းရပ်စ်တွေ သုံး ကာကွယ်ခဲ့ကြ သလို မိုဘိုင်းလ် ပစ္စည်းတွေမှာလည်း မိုဘိုင်းလ် အင်န်တီဗိုင်းရပ်စ်ကို သုံးမှ ဖြစ်ပါမယ်။ သင် မျက်စေ့ ထောက်ထောက်ပြီး စောင့်ကြည့်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒီ မိုဘိုင်းလ် လုံခြုံရေးနဲ့ ဆိုင်တဲ့ ဆော့ဖ်ဝဲတွေကို ကွန်ပျူတာ လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲ ထုတ်လုပ် ရေးထား နာမည်ရ ထားပြီး ဖြစ်တဲ့ နော်တန် (Norton) ၊ ကက်စပါစကီး (Kaspersky) ဘစ်ဒီဖင့်န်ဒါ (BitDefender)၊ ESET ၊ AVG စတဲ့ ကုမ္ပဏီ တွေကနေ ရေးထားတာ တွေရှိ နေပါတယ်။ တခုခုသုံး ကာကွယ်ဖို့ လိုပါတယ်။ မိုလ်ဘိုင်းလ် အင်န်တီ ဗိုင်းရပ်စ်တွေ အကြောင်း သီးခြားရေးပါ့မယ်။
ဟန်းဖုန်း တလုံးသုံးရဖို့ အရေး ဒီလောက်တောင် စိတ်မချရ ဘူးလားဆိုတာ ပြောစရာ ဖြစ်နေပါတယ်။ သင့်ရဲ့ ဟန်းဖုန်းထဲက ဒေတာတွေ အရေးကြီးခဲ့ရင် ဖြစ်နိုင်တဲ့ အချက်တွေ၊ အခြေအနေ တွေကို ထောင့်ပေါင်းစုံ ကနေ စဉ်းစားကြည့်နိုင်ဖို့ အသေးစိတ် ရေးထားရတာ ဖြစ်ပါတယ်။
အခုအချိန်အထိ ဟန်းဖုန်းတွေမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်တွေ၊ စပိုင်ဝဲ တွေဟာ ကွန်ပျူတာတွေမှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေလောက် မဆိုးဝါးတာ သေချာပါတယ်။ ဒါပေမယ့် တကယ် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိအောင် ရေးထားတာ ဖြစ်ပါတယ်။ ။