ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တရုတ်ပြည်နယ်စပ် “ဝ” ဒေသ ပန်းဆန်းနယ် ကနေ ၁၉၉၄ ခုနှစ်မှာ ပြန်လည် ရောက်ရှိလာတဲ့ စာရေးဆရာမ နီမော်ရဲ့ လွတ်မြောက်ဒေသ ကိုယ်တွေ့မှတ်တမ်း၊ စာအုပ်အမည် အပြည့်အစုံက “မငြိမ်းမချမ်း မစိမ်းမလန်း၊ သိန်းသန်းကုဋေ ပြည်သူတွေ” ဆိုတဲ့ စာအုပ်ကို ခေါင်းလောင်းသံ စာပေက ၂၀၁၄ ခု ဇွန်လက ဖြန့်ချိလိုက်ပါတယ်။
ကျနော်တို့ နိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ သက်တမ်း အရှည်ကြာဆုံး ရပ်တည်နိုင်ခဲ့တဲ့ အဖွဲ့အစည်းကြီးပါ။ ၁၉၄၈ ခုကနေ ၁၉၈၉ ခုထိ နှစ်ပေါင်း ၄၁ နှစ် ရပ်တည်နိုင်ခဲ့တယ်။ ဆရာ ဒဂုန်တာရာ ပြောသလိုပဲ နှစ်ပေါင်း ၄၀ ကျော် ရပ်တည်နိုင်ခဲ့တဲ့ အဖွဲ့အစည်းကို ကျနော်တို့ အသိအမှတ်ပြု ဖို့တော့ လိုအပ်ပါ လိမ့်မယ်။
ဗမာပြည် ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာတို့ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြတယ်။ နောက် ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်း၊ သိန်းဖေမြင့်၊ အလုပ်သမား ခေါင်းဆောင် သခင်သန်းထွန်း၊ သခင်စိုး စတဲ့ တက်ကြွတဲ့ လူငယ်တွေ ပါဝင်လာတော့ အင်အားကြီး ထွားလာတယ်။
၁၉၄၅ ခု ဖက်ဆက် ဂျပန်တော်လှန်ရေးမှာ ပြည်သူတွေနဲ့ အတူ ခေါင်းဆောင် ပါဝင်ခဲ့လို့ ဩဇာ အရှိန်အဝါလည်း ကြီးမားလာ တယ်။ ဒါပေမယ့် ၁၉၄၆ ခုနှစ်မှာတော့ မြန်မာပြည် သမိုင်းမှာ အင်အား အကောင်းဆုံး အတောင့်တင်းဆုံး ဖြစ်ခဲ့တဲ့ ဖဆပလ တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးကနေ ဗမာပြည်ကွန်မြူနစ် ပါတီထုတ်ပယ်ခြင်း ခံလိုက်ရတယ်။
နောက် လွတ်လပ်ရေး ရပြီး ၁၉၄၈ ခု မတ်လ ၂၈ ရက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ လက်နက်ကိုင် တော်လှန်ရေး ကို စတင်ပါတော့တယ်။ ၁၉၈၉ ခု ဧပြီလ မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ “ဝ” လက်နက်ကိုင် တပ်သားတွေရဲ့ အာဏာသိမ်းပိုက်မှုကြောင့် ပြိုကွဲလို့ သွားပါပြီ။ ဒါပေမယ့် ခုအချိန်ထိ လက်နက်ကိုင် တော်လှန်ရေးကို ငြိမ်းချမ်းရေး ရရှိအောင် မစွမ်းဆောင်နိုင် ကြသေးပါဘူး။ ဘာပြုလို့ ပါလဲ။
ကျနော့်ရဲ့ ယူဆချက်ကို ပြောရရင် ၂၀ဝ၈ ခု အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လိုအပ်သည်ထက် ပိုမိုပြီး အခွင့်အရေး ယူထားလို့ပါ။ ၂၀ဝ၈ ခု အခြေခံဥပဒေရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင် နိုင်ရင်ဖြင့် ငြိမ်းချမ်းရေးကို ကျနော်တို့ မျှော်လင့်နိုင်ဖွယ်ရာ ရှိပါတယ်။ နို့မဟုတ်ရင်တော့ ငြိမ်းချမ်းရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေး နေဦး မှာပါပဲ။
ပထမဦးဆုံး ဗမာပြည် ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမမှာ အခြေခံစခန်း ဖွင့်လှစ်ပါတယ်။ ၁၉၆၈ ခုနှစ်မှာ ဥက္ကဋ္ဌ သခင်သန်းထွန်း ချောင်းမြောင်းလုပ် ကြံခံလိုက်ရ၊ အစိုးရက ထိုးစစ်ဆင်တော့ တန်ပြန်စစ် ဆင်ရေးက ခံစစ် အရှင် မဟုတ်ဘဲ ခံစစ်အသေဖြစ် လေတော့ နောက်တက်ရောက်လာတဲ့ ဥက္ကဋ္ဌ သခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးပြီး အခြေခံ စခန်း ပြိုကွဲသွားတယ်။ ဥက္ကဋ္ဌ သခင်ဗသိန်းတင် လက်ထက်မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အခြေခံ စခန်းကို မြန်မာပြည်ရဲ့ အရှေ့မြောက် ယွန်းယွန်း တရုတ်ပြည်နယ်စပ် “ဝ” ဒေသမှာ ပြန်လည် ထူထောင် လိုက်တယ်။
အဲဒီမှာ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေမှာ အလုပ်သမား အရေးအခင်း၊ အလုပ်သမားအရေး အခင်း နှစ်ပတ်လည်၊ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ ဆက်တိုက် ဖြစ်လာတယ်။ ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင် အစိုးရ ကလည်း လက်နက်နဲ့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်တယ်။ အဲဒီ မှာ အာဏာရှင်အစိုးရကို ဓား ဓားချင်း၊ လှံ လှံချင်း တုံ့ပြန်နိုင်ဖို့ နိုးကြားတက်ကြွတဲ့ ကျောင်းသားတွေဟာ လွတ်မြောက်ဒေသကို ထွက်ခွာခဲ့ကြတယ်။
၁၉၇၇ ခု စက်တင်ဘာလမှာ တက္ကသိုလ် ကျောင်းသူ နီမော် (ယခု စာအုပ်ရေးသားသူ)၊ ငြိမ်းနီနဲ့ တက္ကသိုလ် ကျောင်းသား ညိုမြင့်၊ ဗထွန်း (နီမော်၊ ငြိမ်းနီနဲ့ ညိုမြင့်တို့က ရန်ကုန် တိမွေးကုတက္ကသိုလ် ကပါ။ ဗထွန်းက ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ကျောင်းသားပါ။) တို့ဟာ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ ဗန်းမော်၊ ဗန်းမော်ကနေ ပန်ဆန်းဒေသကို ခဲရာခဲဆစ် စွန့်စွန့်စားစား သွားရောက်ခဲ့ကြတယ်။ အသက် အရွယ် ဘာရှိဦးမှာလဲ၊ နီမော်က ၁၉၅၆ ခု ဧပြီလဖွားဆိုတော့ ၂၁ နှစ် ကျော်ကျော် ရှိဦးမှာ။ ပျိုမျစ်နုနယ်တဲ့ အရွယ်တွေကို တိုင်းပြည်ချစ်စိတ်၊ အာဏာရှင်ကို ဆန့်ကျင်လိုစိတ်တွေနဲ့ စတေးကြတာလေ။
အဲဒီ အချိန်တုန်းက နီမော်တို့လို ပျိုမျစ်နုနယ်တဲ့ အရွယ်တွေမှ မဟုတ်ပါဘူး။ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ သမီး ဆရာဝန် ဒေါက်တာ လှကျော်ဇောတို့လည်း အာဏာရှင် အစိုးရကို ရွံရှာမုန်းတီး လွန်းလို့ လွတ်မြောက်ဒေသကို ထွက်ခွာသွားကြ တယ်။ အဲဒီအချိန်က ၁၉၇၆ ခု ဇူလိုင်လ။
တခါ ၈ လေးလုံး အရေးတော်ပုံကြီး အပြီး ဗိုလ်ချုပ်စောမောင် ဦးဆောင်တဲ့ စစ်အာဏာရှင်တွေက စစ်အာဏာရှင် အမွေ ဆက်ခံလိုက် ကြတော့ နိုင်ငံခြား ထွက်သွားကြတဲ့သူတွေ၊ လက်နက်ကိုင် သွားကြတဲ့သူတွေ နည်းသလားလို့၊ ရေတွက်ခြင်းငှာ မစွမ်းသာ။
စစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျနော်တို့ နိုင်ငံရဲ့ လူသားအရင်း အမြစ် ဆုံးရှုံးမှုတွေဟာ တန်ဖိုးကြီးမားလှပါတယ်။ နဝတ၊ နအဖ စစ်အာဏာရှင်တွေ အုပ်စိုးသွားတဲ့ အနှစ် ၂၀ ကျော်မှာ နိုင်ငံရဲ့ သယံဇာတတွေ၊ သစ်တောတွေလည်း ပြောင်တလင်း ခါသွားတယ်။ လူတွေရဲ့ အကျင့်စာရိတ္တတွေလည်း အောက်ဆုံးအဆင့်ထိ ရောက်ရှိသွားတယ်။
ဗမာပြည် ကွန်မြူနစ် ပါတီဟာ ၁၉၇၇ ခုနှစ် ဝန်းကျင်က ရွှေခေတ် ဖြစ်ခဲ့ပါတယ်။ “ဝ”၊ အခါ၊ လီရှော စတဲ့ တိုင်းရင်းသား တွေကို သိမ်းသွင်းနိုင်ခဲ့တယ်။ ပညာတတ် ကေဒါတွေလည်း ကြွယ်ဝပေါများ လာခဲ့တယ်။ တရုတ်ပြည် ကလည်း ညီနောင်ပါတီ တရပ်အနေနဲ့ လက်နက်၊ ရိက္ခာတွေကို လုံလောက်အောင် အကူအညီ ပေးခဲ့တယ်။ အသံလွှင့် ရုံကြီးကို စက်ပစ္စည်း ကူညီရုံမက ဆောက်လုပ်တပ်ဆင်ဖို့ လုပ်အားတွေလည်း ကူညီခဲ့တယ်။
အဲဒီမှာ စစ်အစိုးရက အသံလှိုင်းတွေ မပျံ့နှံ့အောင်၊ မကြည်လင်အောင် လုပ်ဆောင်လာတော့ ရန်သူက အသံဖျက် တာဟာ တို့အသံလွှင့်ချက် အောင်မြင်လို့ပဲလို့ ဗဟို ခေါင်းဆောင်တွေက ကဏန်းလက်မထောင် ဝံ့ကြွားတော့ မခက်ပါ လား။
၁၉၈၅ ခုနှစ် ရောက်တော့ တရုတ်ပြည်က အကူအညီ ဖြတ်တောက်လိုက်တော့ ဗမာပြည် ကွန်မြူနစ်ပါတီ လိပ် ပက်လက်လန် ဖြစ်တော့တာပါ ပဲ။ ကိုယ်ထူးကိုယ်ချွန် လမ်းစဉ် ချမှတ်ရတော့တယ်။ ဝက်မွေး၊ ကြက်မွေး လုပ်ကိုင်ကြ ရ၊ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြရပေါ့။
ဒီလိုနဲ့ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာတော့ မမျှော်လင့်တဲ့၊ အိပ်မက်တောင် မမက်ဖူးခဲ့ကြ တဲ့ အာဏာသိမ်းပိုက်မှုကို ခံလိုက်ရတယ်။ နီမော်တို့ လည်း အဝတ်တထည် ကိုယ်တခုနဲ့ သားငယ်ကို ကျောပိုးပြီး ထွက်ပြေးခဲ့ရတာပေါ့။
အဲဒီ အာဏာသိမ်းမှု မတိုင်ခင်မှာ ထိုင်းအခြေစိုက် ဆွီဒင်နိုင်ငံသား အရှေ့ဖျား စီးပွားရေးဂျာနယ်က ဆောင်းပါးရှင် ဘာတေးလင့်တနာတို့ မိသားစု ရောက်ရှိလာပါသေးတယ်။ သူက “ဗမာပြည် ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်” (The Rise and Fall of The Communist Party of Burma) စာအုပ်ကို ရေးသား ခဲ့တယ်။ အဲဒီစာအုပ်ကို ကျော်ဝင်း ဘာသာပြန် ထုတ်ဝေပြီး ဖြစ်ပါတယ်။
နီမော်ရဲ့ “မငြိမ်းချမ်း၊ မစိမ်းလန်း သိန်းသန်း ကုဋေ ပြည်သူတွေ” ဆိုတဲ့စာအုပ်ဟာ The First Weekly News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး တွေကို ပြန်လည် စုစည်းထားတာ ဖြစ်ပါတယ်။ စာရေးသူဟာ ဗမာပြည် ကွန်မြူနစ် ပါတီဥက္ကဋ္ဌ သခင် ဗသိန်းတင်ကို ကွတ်ခိုင်ဒေသ မုန်းကိုး အခြေခံစခန်းမှာ စတွေ့ဆုံခဲ့ရပြီး ပန်ဝါ သစ်ခွစခန်းမှာ နောက်ဆုံး တွေ့ဆုံနှုတ်ဆက်ခဲ့ရသူ၊ “ဝ” နယ် ပန်ဆန်းက ဗမာပြည် ကွန်မြူနစ်ပါတီ အသံလွှင့်ဌာနမှာ သတင်းနဲ့ ဆောင်းပါးတွေကို ဖတ်ကြား အသံလွှင့်ခဲ့သူ၊ တော်လှန်ရေး တေးသီချင်းတွေကို သီဆို အသံလွှင့်ခဲ့သူ ဖြစ်ကြောင်း သူ့မှတ်တမ်းများ အရ သိရပါတယ်။
“ဝ”တွေရဲ့ အာဏာသိမ်းမှုကို နီမော်က “ဝ”လူမျိုးစုတွေက ဗမာပြည် ကွန်မြူနစ်ပါတီကို အာဏာ သိမ်းရတာဟာ ရေရှည် စစ်ပွဲအတွင်း စစ်အစိုးရနဲ့ အနိုင်အရှုံး မဆုံးဖြတ်ရုံသာမက ရှည်ကြာတဲ့ လက်နက်ကိုင် တိုက်ပွဲကြီးကြောင့် “ဝ”လူမျိုးတွေ အသက် များစွာ ဆုံးရှုံး၊ အိမ်ထောင်တွေ ရှင်ကွဲ၊ သေကွဲကွဲ၊ ဒုကိ္ခတတွေ များပြားရုံ သာမက စစ်ဘေး စစ်ဒဏ်ကြောင့် အိုးအိမ်၊ တောင်ယာတွေ ပျက်စီးတဲ့ အတွက် “ဝ”နယ်တခုလုံး အငတ်ပြဿနာကြီးကို မဖြေရှင်း နိုင်တော့ပါ” လို့ သုံးသပ်ပြထားတာကို တွေ့ရတယ်။
အဲဒီမှာ နီမော်တို့ လွတ်မြောက်ဒေသ ရောက်စဉ်က အသံလွှင့်ဖို့ အတွက် “ဝ”၊ အခါ လူမျိုးစုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို လေ့လာခဲ့ ကြရတယ်။ နယ်စပ်ဒေသ ဖြစ်လေတော့ တရုတ်ပြည်ဘက်က ကျေးလက်တွေ ကိုလည်း လှမ်းမြင်နေရတာပေါ့။ အဲဒီဘက်က ကျေးလက်တွေမှာ လျှပ်စစ်မီးတွေ ရနေကြပြီ။ ကိုယ့်ဘက်မှာတော့ ဖယောင်းတိုင်တောင် အလျဉ်မီအောင် မထွန်းနိုင်ကြသေးဘူး။
ပညာသင်ကြားဖို့ ကျောင်းလည်း မရှိ။ ဆေးဝါးကလည်း ရိုးရာ ဗိန္ဓောဆေးလောက်သာ အားကိုးအားထားပြုနေကြ ရတာ။ နယ်စပ်ဒေသက လူမျိုးစုတွေ တိုးတက်ဖို့ အများကြီး လုပ်ဆောင်ကြရဦးမှာပါ။ ဦးဆုံး ငြိမ်းချမ်းဖို့၊ လွတ်မြောက် ဖို့ ကြိုးစားရဦးမယ်။ ငြိမ်းချမ်းရေး မရှိသရွေ့ နယ်စပ်ဒေသ လူမျိုးစုတွေဟာ ဆင်းရဲ ပင်ပန်းစွာ ရုန်းကန် နေရဦးမယ်၊ အသိပညာ ဟိုးအဝေးကြီးထိ ကျန်နေရစ်ဦးမယ်။ မငြိမ်းမချမ်းရင် မစိမ်းမလန်းနိုင်ပါဘူး။ အဲဒီလို မငြိမ်းမချမ်း မစိမ်း မလန်းတဲ့ ပြည်သူတွေ သိန်းသန်းကုဋေ ရှိနေဦးမယ် ဆိုတာ နီမော်ရဲ့ ဒီစာအုပ်က ညွှန်ပြနေပါတယ်။
ဒီ စာအုပ်ခေါင်းစဉ် အတိုင်း သိန်းသန်းကုဋေသော ပြည်သူတွေဟာ မငြိမ်းမချမ်း၊ မစိမ်းမလန်း ဖြစ်နေဆဲပါ။ ဒီလူတွေ အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိသည် အထိ ကြိုးစားသွားကြဖို့ လိုအပ်ပါတယ်။ အခု အစိုးရကလည်း ငြိမ်းချမ်းရေး ဖော်ဆောင် နေပါတယ်လို့ ဆိုပါတယ်။ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ချင် ကြပါတယ်လို့ ဆိုပါတယ်။
ကျနော်တို့ ပြည်သူ တရပ်လုံးကလည်း ငြိမ်းချမ်း အရေး အတွက် ဆန္ဒတွေ ဖော်ထုတ်တောင်းဆို နေကြပါပြီ။ ဒါပေမယ့် ငြိမ်းချမ်းရေးဟာ ခုချိန်ထိ အကောင်အထည် မဖော်ဆောင်နိုင် သေးတာကို တွေ့ကြရတယ်။
နီမော်ရဲ့ စာအုပ်ထဲမှာ သူ့ရဲ့ လွတ်မြောက်နယ်မြေ ဖြတ်သန်းမှု မှတ်တမ်းနဲ့ မငြိမ်းချမ်းနိုင်တဲ့ ပြည်သူတွေရဲ့ ဘဝတွေ အကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံတချို့နဲ့ အတူ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ။