သူခိုးလို့၊ စကားစလိုက်တော့ ကိုရင့်မျက်နှာကြည့်ရတာ၊သိပ်စိတ်မဝင်စားတဲ့ပုံပဲ၊ မပျင်းစေ ရဘူး၊ ဆိုတာကျုပ်တာဝန်ယူပါတယ်ကိုရင်။
ကဲ၊ ကြာပါတယ်လေ။သူခိုးအကြောင်းဟာသပုံပြင်လေးတပုဒ်နဲ့စလိုက်ကြစို့ရဲ့။
တစ်ခါတုန်းက ရွာတရွာမှအပျိုကြီးတစ်ယောက်ရှိသတဲ့ဗျ၊ သူ့ခမျာ မိန်းမသားပီပီ၊ အချိန်တန် အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့့်ချင် ရှာပေမဲ့၊ရုပ်ဆင်းအဂါၤမလှရှာတော့၊အိမ်ထောင် ဖက် မတွေ့နိုင်ပဲတစ်ကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။
မိဘဆွေမျိုးညာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်းလေးဆယ်ကျော်ဖြစ်လာတော့ တစ်အိမ်လုံးမှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေရင်း၊ အိမ်ထောင်ကျနိုင်မဲ့အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ကိုရင်။
ဒီလိုနဲ့တစ်နေ့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော်သူခိုးတစ်ယောက်ဝင်ခိုးတော့၊ ကံဆိုးတဲ့ သူခိုး ခင်မျာ၊ အပျိုကြီးရဲ့လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။
သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့၊ပြန်လွှတ်ပေးဖို့တောင်းပန်ရတာပေါ့၊ ဒီမှာတင်အပျိုကြီးဟာ “နင်လူပျိုလား” လို့ သူခိုးကို မေးသတဲ့ဗျ။
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူးဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”တဲ့။
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိုးတဲ့သူခိုးထင်ပါရဲ့။
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အမကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို့ တောင်းဆိုလိုက်တော့ အပျိုကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်း ကြားမှာ ခပ်တင်းတင်းညှပ်ထားရင်း ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ကနဲခြစ် လိုက် ရောပေါ့ ကိုရင်ရယ်။
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်းစားထပ်ခြစ်ရှာပါတယ်။
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင် သွားတယ်ထင်ပါရဲ့၊ “အမကြီးရယ်။သူကြီးအိမ်သာပို့ပါတော့”..ဆိုပဲ။
သူခိုးအကြောင်းတွေပြောမယ်ဆိုရင်ရီစရာချည်းတော့မဟုတ်ပေဘူးကိုရင်၊ တရားသံဝေဂရထိုက်တဲ့ သူခိုး သုတ္တန်တောင်ရှိသေးသဗျာ၊ ဘာတဲ့။
ရာမာခရှစ်ရှနာဆိုလား၊ အိန္ဒိယသူတော်စင် တစ်ပါးဟောခဲ့ဖူးတာပေါ့။
တခါတုန်းက သူခိုးတစ်ယောက်ဟာ နန်းတော်ထဲကအဖိုးတန် ပစ္စည်းတွေအလစ်သုတ်မဟဲ့ဆိုပြီး၊ နန်းတော် ထဲကို သက်စွန့်ဆံဖျားခိုးဝင်သွားလိုက်တာ မထင်မှတ်ပဲဘုရင့်အိပ်ဆောင်တော်ကိုရောက်သွားသတဲ့။
ဒီသူခိုးကြည့်ရတာနာရီ ဝယ်မပတ်နိုင်လို့များလားမဆိုနိုင်ဘူး၊ သူရောက်သွားတဲ့အချိန်မှာ ဘုရင်ကြီးက မအိပ်သေးပဲ၊မိဖုရား ကြီးနဲ့နှစ်ကိုယ်ကြား၊ကိစ္စတစ်ခုကိုတိုင်ပင်နေတော့ သူခိုးလည်း၊တိတ်တိတ် လေး ခိုးနားထောင်နေလိုက်ရောပေါ့။
လက်စသတ်တော့ဘုရင်ကြီးဟာ နောက်တစ်နေ့မနက်မိုးသောက်ရင်၊ သူ့ရဲ့ရှုမငြီးတဲ့သမီးတော်အတွက် ဂဂါၤမြစ်ကမ်းမှာရှိတဲ့သူတော်စင် တွေထဲက တပါးပါးကို လက်ဆက် ပေးပြီးထီးနန်းစည်းစိမ်ကိုပါ လွှဲပေး ဖို့စီစဉ်နေသကိုး။
ဒီမှာတင် သူခိုးလည်းအကွက်ကောင်း တော့ဆိုက်ပြီဟဆိုပြီး ၊ နန်းတော်ထဲ ကဘာပစ္စည်း မှခိုးမနေတော့ပဲ၊ဂဂါၤမြစ်ကမ်းမှာနဖူးပြာသုတ်ပြီးသူတော်စင်ယောင်ဆောင်လိုက်ရော ပေါ့ကိုရင်ရယ်။
နံနက်မိုးသောက်တော့ ဘုရင်ကြီးဟာသူ့အစီအစဉ်အတိုင်းဂဂါၤမြစ်ကမ်းကိုရောက်လာ၊သူတော်စင်တွေကို တပါးချင်း၊ သူ့သမီးကိုယူဖို့ တောင်းပန်၊ သူတော်စင်အစစ်တွေကငြင်း၊ နောက်ဆုံးအယောင်ဆောင် သူတော် စင်သူခိုးအလှည့်ကျတော့ အကြံသမားငတိက တုံဏိဘာ ဝေဆိတ်ဆိတ်နေလိုက်တော့၊ဘုရင်ကြီးလည်း ဝမ်း သာလုံးဆို့ပြီး၊ နောက်တစ်နေ့မှာကြီးကျယ်တဲ့အခန်းအနားနဲ့ မင်းကရာဇ်စည်းစိမ်ကို ခံစားဖို့ လာရောက် ပင့် ဆောင်မဲ့အကြောင်းလျှောက်တင်ပြီး နန်းတော်ပြန်သွားကြတော့၊ သူခိုးခမျာတစ်ညလုံး စဉ်စားခန်းဝင် အတွေးနယ်ချဲ့ လိုက်မိတာတစ်မှေးမှအိပ်မပျော်ဘူးတဲ့။
အော်၊တစ်ညတာ သူတော်ကောင်းယောင်ဆောင်တာတောင် ထီးနန်းစည်းစိမ်ကိုရတဲ့ အဖြစ် ပါကလား၊ တသက်လုံးများ သူတော်ကောင်းဖြစ်ခဲ့ရင် သံသရာမှာဘယ်လောက်များအကျိုးထူးလိုက်ပါမလဲ၊ စသည်ဖြင့် ပေါ့ ကိုရင်။
နောက်တစ်နေ့လည်း ရောက်ရော၊ဘုရင်ကြီးဟာသူ့သမီးတော်ရဲ့ သူ့ကြင်ယာတော်လောင်းလျာသူခိုးကို နန်းတော်ကြီးဆီပင့်ခေါ်ဖို့၊ ဆင်တွေမြင်းတွေခြံရံပြီး ဝေါယာဉ်နဲ့ရောက်လာတော့တာပေါ့။
ဒီတော့သူခိုးဟာ၊“ မင်းကြီးငါသည်မနေ့ကအထိ အတုဖြစ်ခဲ့ချေသည်” ယခုမူအစစ်ဖြစ်ခဲ့ပြီမို့၊ ထီးနန်း စည်းစိမ်ကိုမမက်တော့ပြီဆိုပြီး သံဝေဂတရားဟော၊ပြန်လွှတ်လိုက်ရောဆိုပါတော့ကိုရင်။
သံဝေဂရစရာသူခိုးဇာတ်လမ်းပြီးတော့သူခိုးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်လေးလည်းပြောပြချင်သေးတယ်
မောင်။
အဲဒီသူခိုးကတော့ ကျုပ် ကိုယ်တိုင်ပါပဲ၊ သိပ်လည်းအံ့သြမသွားပါလေနဲ့ကိုရင်၊ ကျုပ် ကိုယ်တိုင်လည်း သူခိုးဖြစ်ဘူးခဲ့တာအမှန်ပဲ။
ပြောရမှာ ရှက်စရာဆိုပေမဲ့ ဒီကိစ္စကိုဖွင့်ပြောလိုက်ရင်၊စိတ်သက်သာရာတစ်ခုခုရမယ်ထင်ပါရဲ့။
ဒီလိုကိုရင်ရဲ့၊ ကျုပ်ဆယ်နှစ်သားလောက်တုန်း ကပေါ့၊ လေးတန်းကျောင်းသားဘဝ၊စာကိုဂျောင်းဂျောင်း ပြေးဖတ်တတ်နေပြီမို့၊ ကျောင်းစာပြင်ပက ဝတ္ထု၊ကာတွန်း၊ မဂ္ဂဇင်း တွေတောင် ဖတ်တတ်နေပြီဆိုပါတော့။
ကလေးဘဝရတဲ့ဖုန့်ဘိုးနဲ့ စာအုပ်ဝယ်ဖတ်ဖို့ ဘယ်မှာလာလုံလောက်ပါ့မတုန်း၊ စာအုပ်အငှားဆိုင် ကငှား ဖတ်ရတာပေါ့။
စာအုပ်တွေကိုဝါးစားသလိုဖတ်တော့ ငှားခနဲ့လည်းမလုံလောက်ပြန်ဘူးဆိုပါတော့၊ ဒီကြားထဲ ကာတွန်း ဗကလေးရဲ့ ရွှင်ပြုံး စာစောင်ထဲက ကာတွန်းတွေစုထုတ်တဲ့ စာအုပ်တစ်အုပ်ကို ကျုပ်လွှတ်သဘောကျ နေတဲ့အချိန်ပေါ့။
အဲဒီစာအုပ်က နှစ်ကျပ်ခွဲ တန်တယ်ကိုရင်၊ စာအုပ်လိုချင် စိတ်ငယ်ထိပ်ရောက်နေတဲ့ ကျုပ်လည်းနှစ်ကျပ်ခွဲ တန် စာအုပ်တစ်အုပ်ခိုးတာလောက်တော့ မထူးပါဘူးလေဆိုပြီး၊ ငှားနေကျ စာအုပ်ဆိုင်မှာစာအုပ်ရွေးနေရင်း အဲဒီစာအုပ်ကို ကျုပ်ခိုးခဲ့ပါလေရော။
ဆိုင်ရှင်ကတော့ကျုပ်ဟာသူခိုးမဟုတ်လောက်ပါဘူးဆိုပြီး စိတ်ချ နေဟန်တူပါရဲ့၊ ကျုပ်ခိုးလာတာသူမသိ လိုက်ရှာဘူး။
ဒါပေမဲ့ဗျာ တစ်ကိုယ်လုံးနတ်ပူးသလိုလိုတုန်နေတဲ့ကျုပ်ဟာ အဲဒီစာအုပ်ကို ခါးကြား မှာညှပ်ပြီးအိမ်ကိုပြန်ခဲ့ တဲ့နေ့က စပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ “ငါဟာသူခိုး၊ငါဟာသူခိုး”ဆိုတဲ့ ဥပဒါန်ကြီးက စွဲနေပါလေ ရောဗျာ။
အိမ်ကပိုက်ဆံတို့ အချိန်မတော်သူများ ခြံထဲက အုန်းသီးတက်ခိုးတာတို့လည်း ကျုပ်လုပ်ခဲ့ဖူးပါတယ်။
ခံစား ချက်ချင်းက မတူရေးချ မတူဘူး ကိုရင်၊ အပျော် သဘော ဘာလောဘမှမပါပဲ၊ ခိုးခဲ့တဲ့ကိစ္စက ဘာမှ ထူးထူးခြားခြား မသိသာပေမဲ့၊ ရည်ရွယ်ချက်ရှိရှိ၊ မက်မောစိတ် နဲ့ခိုးခဲ့တဲ့ကိစ္စကျတော့ စိတ်ထဲမှာ သံမှို့နဲ့စွဲ သ လိုစွဲနေလေရဲ့။
ဘုရားရှိခိုးတဲ့အခါ အဒိန္နဒါနာ ဝေရာမဏိနေရာမှာ၊ နှစ်ကျပ်ခွဲတန်ကာတွန်း စာအုပ်ကခေါင်းထဲ ရောက် ရောက်လာတတ်သကိုး။
စာအုပ်တစ်အုပ်ရတာနဲ့၊ နှစ်ပေါင်းရှည်ကြာခံစားပေးဆပ်ရတာမတန်လွန်းလို့၊ ကျုပ်ဖြင့်လက်ရှိ အချိန်မှာ တယောက်ယောက်နဲ့၊ အပြန်အ လှန်ငွေခန်းပစ္စည်းခန်းဆက်ဆံရတဲ့အခါ ကျုပ်လက်ထဲအပိုပါလာရင်၊ချက်ခြင်းပြန်ပေးပစ်လိုက်တာပါပဲ။
တစ်ခါသေဖူး၊ပြင်ဖို့နားလည် သွားခဲ့တယ်ဆိုပါစို့မောင်။
သူခိုးဇာတ်လမ်းတွေကတော့ပြောလို့မကုန်နိုင်ပါဘူး၊ ဘုရားလောင်းတောင်တစ်ခုသော ဘဝမှာခိုးမှူးကြီးဖြစ် ခဲ့ဖူးဆိုလား။
တထောင့်တညပုံပြင်ထဲမှာလည်း သူခိုးကိုဇာတ်လိုက်ထားတဲ့ပုံပြင်တွေလည်းအများသားကလား၊ ကိုရင်မှာ လည်းအိမ်ထောင်ရှိမယ်ထင်ပါတယ်။
တချို့ ကျမ်းဂန်တွေမှာ မိမိဇနီးမယားဟာ ခိုးသူနဲ့တူသောမယားဖြစ်နေတတ်သတဲ့၊ ဒါလည်းသတိထားအုံး ကိုရင်။
အမယ်သူခိုးဆိုတာ ပုဂ္ဂိုလိက ပိုင်ဆိုင်မှုကို တကိုယ်တော်ဆန့်ကျင်တိုက်ဖျက်နေတဲ့သူဘာညာဆိုပြီး၊ သူခိုးဖြစ်အောင် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ တလွဲဆံပင် ကောင်းနေသူတွေလည်းရှိသေးဗျာ။
အမယ် သူခိုးတွေမှာလည်း သူခိုးစည်းကမ်းရှိသေးသတဲ့၊ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်မခိုးရတာတို့၊ပစ္စည်းခိုးတဲ့အခါ လူကိုရန်မမူရ တာတို့ဘာတို့ပေါ့ကိုရင်။
သူခိုးကြီးတော့ ဓားပြတဲ့ကိုရင်ရဲ့၊ ဓားပြကတော့ ပစ္စည်းလည်းယူသေး၊တခါတလေလူကိုလည်းရန်မူ တတ် သေးဆိုတော့ ဓားပြကသူခိုးထက်ပိုဆိုးတယ်ဆိုရမယ်။
ကျုပ်ကြားဖူးတာက တချို့လူတွေဟာ မွေးကတည်းကစောရနက္ခတ်နဲ့ယှဉ်ပြီး၊ မွေးလာကြတယ်ဆိုပဲ။
ကျုပ်သူငယ်ချင်းတစ်ယောက်ကတော့ဘာရယ်မဟုတ်၊ သူငယ်ချင်းတွေရဲ့ ဖိနပ်တွေကိုအလစ်မှာ ယူယူ ပြီးဖွက်ထားတတ်လေရဲ့၊ ကျုပ်ဖြင့် ဒီလူဟာစောရနက္ခတ်နဲ့မွေးလာ တာများလားတွေးမိတဲ့အထိပဲ။
ရန်သူမျိုးငါးပါးစာရင်းမှာတောင် သူခိုးကပါနေသေးဗျာ၊ ကြည့်လေ၊ရေ၊မီး၊မင်း၊ခိုးသူ၊ မချစ်မနှစ်မနှစ်သက် သောသူတဲ့၊ ကျုပ်ကပဲအတွေးခေါင် လေရော့ သလား မဆိုနိုင်ဘူး။
ရန်သူမျိုးငါးပါးစာရင်းမှာ မင်းနဲ့ခိုးသူကိုကပ်လျက်တွဲထည့်တာ အံ့သြစရာတော့ အကောင်းသားကလား။
ကိုရင်စဉ်းစားကြည့်လေ၊ ကလေးကချေသူခိုးကလည်း အကြံအဖန်ကောင်းရင် “မင်း”ဖြစ်သွားနိုင်တယ်၊ ရာဇာ ဆိုတဲ့ “မင်း” ကလည်း၊ မင်းကျင့်တရားနဲ့မညီရင် အချိန်မရွေးသူခိုးဖြစ်သွားနိုင်တာကို ဆိုလိုချင်တယ် ထင်ပါ ရဲ့။
အံမယ်လေး၊ ကျုပ်တို့ ဗမာပြည်မှာတော့ သူခိုးကနေ အစိုးရမင်းတွေဖြစ်ကုန်တာ မဆန်းလှဘူးကိုရင်ရေ။
နားဝေးချက်ကိုရင်ရယ်၊ မဲခိုးပြီး အမတ်တွေ၊ ဝန်ကြီးတွေဖြစ်သွားတဲ့သူတွေဟာ အဲဒီစာရင်းဝင်တွေပဲပေါ့။
သူခိုးကနေ ဝန်မင်းတွေအမတ်တွေဖြစ်လာမှတော့ ၊ဒီလူတွေ သူခိုးစာရင်း ဆက်ဝင်ကုန်ကြတာ သေချာ တွေးကြည့်ရင် သဘာဝတော့အကျသားမောင်။
ဒီတော့ ရှေးပညာရှိများဟာ ရန်သူမျိုးငါးပါး စာရင်းမှာ မင်းနဲ့သူခိုးကို တဆက်တည်း ထည့်ထားတာဟာ ဒီခေတ်ဗမာပြည်အစိုးရမင်းတွေရဲ့ရှေ့ဖြစ်ကိုကြိုဟော ထားတာများ ဖြစ်နေလေရော့ သလားလို့။
ခက်ပါဘိကိုရင်ရယ်၊ သက်သေသက္ကာယခိုင်ခိုင်မာမာမရှိပဲ၊ကျုပ်ဘယ်ပြောရဲပါ့မတုန်းမောင်။
ဗမာပြည်ရဲ့ မင်းစိုးရာဇာစာရင်းဝင် သမ္မတ၊ ဝန်ကြီး၊ဝန်လေး၊ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လေး၊ ညွန်ချုပ်ကြီး၊ညွန်ချုပ်ကလေးတွေရဲ့ လက်ရှိပိုင်ဆိုင်မှုဓနဥစ္စာတွေကို ကာလပေါက် ဈေးနဲ့တွက်ကြည့်လေ။
ဒါတွေဟာ ဝန်ထမ်းလုပ်သက် တလျှောက် ရခဲ့တဲ့လစာငွေကြေးနဲ့ဖြစ်နိုင်ပါ့မလား၊ ဒါကြောင့်ဒီမောင်တွေဟာ သူခိုးအဆင့်တော့မကလောက်ဘူး၊ ခက်နေတာက ဘယ်သူခိုးမှခိုးတယ်လို့၊ ဝန်မခံတတ်ကြဘူးမောင်ရဲ့။
အင်း “တိုင်းပြည်ခေါင်းဆောင်”အကုန်လုံးတော့သူခိုးမဟုတ်ပါဘူးကိုရင်ရယ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း ကိုကြည့်၊ သူ့ခမျာ လူမသမာ တွေလက်ချက်နဲ့၊ ကျဆုံးသွားရှာတော့ သူ့ နာမည်အမည်ပေါက် အိမ်တစ်လုံး၊မြေတကွက်တောင်မကျန်ခဲ့ရှာပါဘူး။
ရန်ကုန်၊ နတ်မောက်(တာဝါလိန်း)လမ်းကဗိုလ်ချုပ်ပြတိုက်လုပ်ထားတဲ့အိမ်ကြီးဟာ သူပိုင်မဟုတ်ရှာ ဘူး ကိုရင်။
စစ်အတွင်းက လူမျိုးခြားသူဌေး တစ်ယောက်၊ စစ်ဘေးကြောင့်ပစ်ထားခဲ့တဲ့ အိမ်ပေါ်တက်နေတာကိုရင်။
ဒီအိမ်ကြီးကို ဗိုလ်ချုပ်ဟာ သူ့နာမည်၊ သူ့ဇနီးနာမည်နဲ့ အမည်ပေါက်အောင် မြေစာရင်းဦးစီးဌာန မှာနာမည် ပြောင်း လျှောက်သွားခဲ့တယ်လို့လည်းမကြားမိဘူး။
ဟော၊သူခိုးအကြောင်းပြောနေရင်းကနေ ချော်တောငေါ့သွားပြန်ပြီ၊ စကားလက်စသတ်ကြပါစို့ရဲ့။
သူခိုးဆိုမှတော့ ဘယ်သူခိုးမှမကောင်းပါ ဘူးမောင်ရယ်၊ ဒါပေသည့် ကျုပ်စောစောကပြောခဲ့ တဲ့သူခိုးဇာတ် လမ်းတွေထဲကလို သူကြီး အိမ်အပို့ခံဝံ့တဲ့သူခိုး၊ တရားသံဝေဂရတဲ့သူခိုး၊ နောင်တရ နေတဲ့သူခိုးတွေ ဆိုရင် တော့ သူခိုးသိက္ခာနည်းနည်းရှိသေးတယ်ဆိုရမယ်။
ဒီလိုမဟုတ်ပဲ လူစိတ်ကင်းတဲ့သူခိုး၊ ကိုယ်ချင်း စာစိတ်မရှိတဲ့သူခိုး၊တိုင်းပြည်ဘဏ္ဍာကို ကိုယ်ပိုင်ဥစ္စာ၊ကိုယ့် ဘိုး ဘွားအမွေမှတ်နေတဲ့၊ အမျိုးကောင်းသားသူခိုးတွေကတော့ သိက္ခာ တစ်ပြားသားမှမရှိတဲ့သူခိုးစာ ရင်း သွင်းသင့်တယ် မောင်ရဲ့။
စိတ်တော့မရှိနဲ့နော်၊ ကိုရင်ကဗမာပြည်မှာနေတယ်ဆိုတော့၊ စားဝတ်နေရေးအတွက် ဘာအလုပ်များ လုပ်သ တုန်း၊ ကိုယ့်ကိုယ်ကို သေချာ ပြန်ဆန်းစစ်ရင် ကိုရင်တောင်သူခိုးစာရင်းဝင်ချင်ဝင်နေမှာ။
ကျိန်းသေတဲ့ အချက်ကတော့ ကိုရင့် အမျိုးထဲမှာသူခိုးတစ်ယောက်တော့ ရှိနေနိုင်တယ်ကိုရင်၊ အင်းလေ အပြစ်လို့လည်းမဆိုသာပြန်ပါဘူး၊ စစ်ဝါဒစနစ်ဆိုးကြီးက ဗမာတပြည်လုံးကိုသူခိုးစာရင်းဝင်အောင် လုပ်ပစ် ခဲ့ပေသကိုး။
ရင်လေးဖို့ကောင်းတာက၊ သူခိုးမင်းဆက်ဟာ တော်တော်နဲ့ပြတ်မှာမဟုတ်သေးဘူးထင်ပါရဲ့။
အဆိုးဆုံးကတော့ အဲဒီခေါင်းပေါင်းစ တလူလူနဲ့ သူခိုးကြီးငယ်စာရင်းဝင်တွေဟာ ဒီမိုကရေစီခေတ်သစ်ကြီး ဆီကိုချီတက်နေပါပြီ လို့ အသံကုန်အော်နေကြတာ၊ ဘယ်ဆွေမျိုး ပေါက်ဖော်အားကိုးနဲ့များပါလိမ့်။
အဟုတ်မှတ်ပြီး ယုံတဲ့သူတွေကလည်းယုံကြတာပဲမောင်၊ ကျုပ်ဖြင့်ဘယ်လိုမှ နားမလည်နိုင်ပါဘူး ကိုရင်ရယ်၊ ပြောရတာအာတောင်ခြောက်လာပြီ၊ နားကြအုံးစို့ရဲ့ကိုရင်။ ။