“အင်း အိုင်ဝိုက်လည်၊ မြို့ကြီးတည်ပြန်
၁၁၄၄ ခုနှစ်က အမရပူရ ရွှေနိုင်ငံ
ရေချိုတွင်းနဲ့ ပျံ့နန်းလှန် …
ရွှေဘိုမင်းဆက် မှန်နန်းစံ မြတ်ဘိုးတော်သူ စီမံ … အင်းကြီးတောင်သမန်”
(နန်းတော်ရှေ့ဆရာတင် တောင်သမန်သီချင်းမှ)
တောင်သမန် တဲ့ သူက အမရပူရမြို့မှာ ရှိသည်၊ ရှေးက အမရပူရ မြို့တော်သည် အရှေ့အောင် ပင်လယ်၊ အရှေ့တောင် ရွှေစာရံ၊ တောင်-ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက် စစ်ကိုင်းတိုင်း နယ်မြေ၊ မြောက်-တောင် ကျုံးကြီးနှင့် အရှေ့မြောက် ဘုတ်သက်ကယ်ကျင်း အထိ ကျယ်ဝန်းသည်။ ၁၁၄၄ ခုနှစ်၊ တပို့တွဲ လဆန်း ၇ ရက် အင်္ဂါနေ့တွင် မြို့တော်၊ ရုံးတော်၊ ရွှေနန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋိကတ် တိုက်တော်၊ ကန်တော်ဟူသော ၇ ဌာနကို တပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော် တည် ခဲ့သည်။
တောင်သမန်အင်းက အမရပူရ မင်းနေပြည်တော် တောင်ဘက်မှာ ရှိသည်။ မြို့တော် အဖြစ် ကောင်းစားခဲ့စဉ်က အမရပူရကို အင်္ဂလိပ်လူမျိုး ဟင်နရီဂူဂျာက “မြန်မာပြည် နှစ်နှစ်အကျဉ်းခံရစဉ်” ဟူ၍ ရေးသား ဖော်ပြထားပါသည်။
“အမရပူရ မြို့တော်သည် လမ်းမတော်များမှာသာ အုတ်ကြွပ်မိုးသော အိမ်များ ရှိကြသည်။ ကျန် အိမ်များကား သစ်သား သက်ငယ်အိမ်တို့ဖြင့်သာ ဆောက်လုပ်သော အိမ်များ ဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင့်စဖွယ် ဖြစ်လိမ့်မည်။ မြန်မာတို့ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်၍ ဆောက်ကြ သည်။
လမ်းထက် မျက်နှာစာတွင် မြေမှ သုံးပေမြင့်သော အောက်ဆင့်ကြမ်းပြင်၏ နောက်ဘက်တွင် လှေကားကို တက်မှ အိမ်တွင်းခန်းသို့ ရောက်နိုင်သည်။
အိမ်ခန်းသည် မြေပြင်နှင့် အလွန်ကွာ သဖြင့် အိမ်အောက်တွင် ကျယ်လည်း ကျယ်၊ မြင့်လည်း မြင့်၊ ပစ္စည်းသိုလှောင်ရန်နှင့် တခြားကိစ္စ အတွက် အသုံးချသည်။
ယင်းကဲ့သို့ ဆောက်လုပ်လေ့ ရှိသော အိမ်ပုံစံမျိုးသည် မြန်မာနိုင်ငံကဲ့သို့ မြေငလျင် မကြာခဏ လှုပ်တတ် သော နိုင်ငံမျိုးနှင့် အထူး သင့်လျော်သည်” တဲ့။
ဟင်နရီဂူဂျာ တင်ပြသော အမရပူရမှ အိမ်ပုံစံသည် မြန်မာ့ရိုးရာ အိမ်ဆောက်ဓလေ့ အတိုင်း ဆောက် လုပ်ထားသည့် အိမ်ပုံစံ ပကတိဖြစ်သည်။
အမရပူရမှာ ယင်းကဲ့သို့သော အိမ်ပုံစံများ ယခုအချိန်ထိ ကျန်ကောင်း ကျန်ရာ ရှိနေသေး သည်မှာလည်း အမရပူရ၏ ဂုဏ်ဖြစ်သည်။
ထိုစဉ်က အမရပူရ၏ လမ်းများ အနေအထား ကိုလည်း ကြည့်ပါဦး၊ “အမရပူရ လမ်းမတော်များသည် ကျယ်၍ သာယာသည်၊ လမ်းဘေးဝယ် မန်းကျည်းပင်များ ပေါက်လျက် ရှိသဖြင့် အရိပ်ကောင်းများ ရရှိသည်” တဲ့။
ကဲ ဒီမြင်ကွင်းကလည်း ယခု အမရပူရမြင်ကွင်း နှင့် ဘာများ ခြားနားဦးမှာလဲ၊ အကယ်၍ ရှေးမြန်မာ မြို့ပြဖွဲ့ စည်းပုံနှင့် ရှေးမြန်မာ အိမ်ပုံစံများကို တမြတ်တနိုး ထိန်းသိမ်း ထားသင့်သည်ဟု ယူဆပါက အမရပူရ သည် အကောင်းဆုံး အနေအထားမှာ ရှိသည်။
အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်ကကော လွန်ခဲ့သော နှစ်များ မတိုင်ခင် အထိ လွမ်းဆွတ်ဖွယ် ရှေးဟောင်း မြို့ပြ ပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။
သက္ကရာဇ် ၁၂၁၃ (AD 1816) က ပုဂံမင်း၏ မြို့စာရေး ဦးပိန်က အင်းဝနန်းတော်ဟောင်းက သစ်သား ဟောင်းများဖြင့် မူလက ၁၉၈၄ တိုင် (ယခု နောက်တိုးဖြင့် ၁၀၈၆ တိုင်)၊ အရှည် ၃၉၆၇ ပေ ရှိသည့် သစ်သား တံတားကြီးကို တည်ဆောက်ခဲ့ရာ ယခုအချိန်အထိ ထိုမူလတံတား ပုံစံနှင့် မယွင်းမတိမ်း စေရအောင် မဟာဂန္ဓာရုံ ဆရာတော်များနှင့် တောင်လေးလုံး ဆရာတော်တို့က အဆက်ဆက် ကြပ်မတ်ခဲ့ကြသည်။
ထို့ကြောင့်လည်း အမရပူရနှင့် တောင်သမန်ကို နိုင်ငံခြား ခရီးသွားများက ခရီးစဉ်တခု အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။
ပေ ၄ ထောင်နီးပါး အရှည် သံကူကွန်ကရစ် တံတားကြီးဆိုပါက ဘယ်ကမှ လှည့်ကြည့်မှာပင် မဟုတ်။
သစ်သားတိုင် ဟောင်း၊ ယက်မဟောင်း၊ ထုပ်ဟောင်း၊ ဒိုင်းဟောင်း၊ ပန်းဆွဲဟောင်းများနှင့်မို့ တချို့နေရာမှာ ဟင်္သပဒါးအနီ တပိုင်းတစ၊ တချို့နေရာမှာ ရွှေပိန်းချ အစွန်းအစ၊ တချို့ နေရာမှာ ပန်းပုလက်ရာ အစအနများ ပါဝင်နေသဖြင့် ဦးပိန် တံတားကြီးကို စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ နီးပါး မကြုံစဖူး ရေကြီးလေသော အခါ တံတားအလယ်ရှိ အခန်းတချို့ ရေမျော ပျက်စီးခဲ့ဖူး သည်။
ထိုနေရာများကို ထိုစဉ်က ကွန်ကရစ် အုတ်တံတားဖြင့် အစားထိုးခဲ့ လေဖူးသောကြောင့် ပြစ်တင်ပြောဆို ရေးသားဝေဖန် ခဲ့ကြသည်။ ယခုနောက်ပိုင်းမှာတော့ ရေကြီးနစ်မြုပ် မှုမျိုးနှင့် ကြုံကာ ပျက်စီးသည်များ ရှိသော်လည်း အသွင်မပြောင်းလဲသေး။ လူသာဓု နတ်သာဓု ခေါ် စရာပေ။
ဦးပိန်တံတား၏ သည်မှာဘက်တွင် အင်းစပ် ကမ်းခြေတလျှောက် သက်တော်ရှည် မယ်ဇယ်ပင် တန်းကြီးက အကိုင်းချင်းယှက် အရိပ်ချင်းဆက်ကာ စီတန်း နေရာယူထား၏။ ပြီးတော့ တောင်မင်းကြီး ဘုရားရှိသည် နွေဦးပေါက် ကလေးများ ရောက်ပြီဆိုလျှင် မယ်ဇယ်ပင်တန်း အောက်သဲမြေတွင် လှည်းလမ်းကြောင်း ပေါ်လာပြီး ယာတဲသွား၊ ကိုင်းတဲသွား လှည်းတွေ တအီအီနှင့် ဖုန်တလုံးလုံးနှင့် တံတားကြီး အောက်က ဟိုကိုင်းတော ယာတောဆီ သွားကြပြီ။
အင်းအလယ်မှာ ချောင်းရေက စပ်စပ်ပဲ ရှိ၏။ ပဲခင်း နှမ်းခင်း၊ ကိုင်းခင်းတွေက တမျှော်တခေါ်၊ ကိုင်း လယ်ယာတဲဆီ က မီးခိုးငွေ့ငွေ့ အူသည်။
ထိုမြင် ကွင်းကား ဆောင်းဦးပေါက်မှ နွေလယ်အထိ၊ ဝါဆို ဝါခေါင် ရေဖောင်ဖောင် အချိန်မှာ တော့ ယာတွေ ကိုင်းတွေ အားလုံး ရေပင်လယ်က ပြည်ဖုံးကားချပေး လိုက်သည်။
တောင်သမန်ကား ထိုစဉ်က ချစ်စဖွယ် သုံးရာသီအလှကို မရိုးရအောင် ရင်သပ်ရှုမော ဖွင့် လှစ်ပြခဲ့၏။
တံတားအရှေ့ဘက်မှာ ထန်းလက်တဲ ကလေး ရှိသည်၊ ဇရပ်အို ဇရပ်မင်းတွေ ရှိသည်၊ မေဃဝတီ တောင် သမန် ကျောင်းတိုက်ကြီးမှ အကြွင်းအကျန် တံတိုင်းအိုကြီးတွေ ရှိသည်၊ ကျောင်းတိုက် အုတ် ခုံကြီးတွေ ရှိသည်၊ ပြီးတော့ နန္ဒမူလိုဏ်ဂူ အလား တောင်သမန် ကျောက်တော်ကြီး ဂန္ဓာကုဋီ တိုက်ကြီးက မိုးသို့စွင့်သည်။
သည်ဝန်းကျင်တခွင်ကို စိမ်းညို့ မှိုင်းထန်းတောက အထပ်ထပ်ဝန်းရံပတ်ထားပြီး၊ ထန်းပင်၊ ထန်းလက်၊ ထန်းရွက် အသွယ်သွယ်ကြားမှ လမ်းစဉ် လမ်းဆက် လမ်းလက်တက်များ အလျှိုလျှို။
ထိုလမ်းများ နံဘေးမှာ ထန်းလက် အကြော်တဲလေးများ ရှိသည်၊ အမိုးနိမ့် ဇရပ်အိုလေးများ ရှိသည်၊ ထန်း လက် မိုး၊ ရေအိုးစင်လေးများ ရှိသည်၊ ထန်းလက် ကုလားထိုင်များ ပြုလုပ်သည့် လုပ်ငန်းခွင်ကလေးများ ရှိသည်၊ ဒါကလည်း ဟိုးအရင်တုန်းက ဖြစ်သည်။
အခု မယ်ဇယ်ပင်တန်းမှာ တံတားထိပ်က အစ တောင်လေးလုံး ကျောင်းတိုက် အထိ နံရံကပ်ဆိုင်ခန်းတွေ ဖြစ်ကုန်၏။
အင်းရေစပ် သဘာဝအလှ နေရာတွင်တော့ ဈေးတိုက်ခန်းများက အစားထိုးသွားသည့်သဘော ဖြစ်သည်။
ဟိုး အရှေ့တောင်သမန် ကျောက်တော်ကြီး ထန်းတောကတော့ “ရတနပူရ တက္ကသီလာကြီး” ဖြစ်သွား၏၊
တောင်သမန်နှင့် ဦးပိန်တံတား ဝန်းကျင်ကား အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။
တချို့ အဆင်းလှ၊ တချို့ အဆင်းမလှ။ ။