မစ္စတာဒင်မောင်မောင်
အာရှပစ္စဖိတ် ကာယဗလ အလှမောင် (၂၀၁၄)
ဆိုးလ်၊ ဂိုဂူဂေါ
ဆြာဒင့်အိမ် ဧည့်ခန်းဆောင်၏ တခုသော ဘီဒိုခပ်မြင့်မြင့်ပေါ်ရှိ အထက်ပါ စာတမ်းရေးထိုးထားသော သရဖူကိုမြင်လေတိုင်း ကြေးမုံပြင် ရှေ့သို့ရောက်နေသည့် ကေးဝဋ်ပုဏ္ဏားကဲ့သို့ ဆြာဒင့် ရင်မှာခံစားရချေ
သည်။
သရဖူဟူ၍သာ ဆိုရသည် မကိုဋ်ပုံစံကား မဟုတ်ချေ၊ ဖလ်သားအကြည်၊ ဓာတုဗေဒစိန် နှင့် အနီရောင်ကျောက် တချို့စီခြယ်ထားသည့် နှစ်ပဲခြောက်ပြားတန် ကလေးကစားစရာ အရုပ်သာသာ သရဖူ ပေတည်း။
ယင်းသရဖူသည် ဆြာဒင့်ရင်ထဲကဒေါသကို ကျလိကျလိဖြစ်စေသလို ဆြာဒင်၏စိတ်ကို ကောင်းကောင်းကြီ ဒုက္ခပေးကာ မဟာအရှက်တော်ကို ဒေါင်လိုက်ရော အလျားလိုက်ပါ ဟက်တက် ကွဲစေခဲ့သည့် သရဖူ ပေတည်း။
ယခုရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပမီဒီယာ စာမျက်နှာများတွင် ပွက်လော ရိုက်နေသည့်သတင်းတို့ကို ရှု့ပါလော့။
“မိုက်ရိုင်းထွားကျိုင်းသောဒင်မောင်မောင်ထံမှ၊ ၂၀၁၄ ခုနှစ် အာရှပစိဖိတ်ကာယဗလအလှမောင် သရဖူ ကိုပြန်လည်ရုတ်သိမ်း”
“သရဖူသူခိုး မောင်မောင်ဒင် အာရှကာယဗလ အလှမောင် မဟုတ်တော့”
“ဗမာလူလိမ် ငဒင်၊ ကာယဗလ အလှမောင် ကျင့်ဝတ်နှင့်မညီ”
“ဒေါ်လာတစ်သိန်းတန် သရဖူနှင့်အတူ မောင်ဒင်တိမ်းရှောင်” စသည်ဖြင့် အောင်မြင်မှု၏ ဒဏ်ရာဒဏ်ချက် ကားကြီးမားလှချေ၏။
အဆိုပါ နာကျည်း ဒေါသဖြစ်ဖွယ်သရဖူ၏ နောက်ခံဇာတ်ကြောင်းကား ဤသို့ဖြစ်လေသည်။
လွန်ခဲ့သော သုံးလခန့်က၊ ဖူးခက်မြို့မ ရှိတခုသော အားကစား ခန်းမကြီး အတွင်းတွင် ဆြာဒင် တယောက် အပေါ်ပိုင်းဗလာ၊ ခါးတွင် လံကွတ်တီ တထည်နှင့် ပြုမြဲ ကာယဗလလေ့ကျင့်ခန်းများကို စိတ်ပါလက်ပါ လေ့ ကျင့်နေစဉ် အဝတ်အစား သပ်ယပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် အသက်လေးဆယ် ဝန်းကျင်အရွယ် ထိုင်းအမျိုးသမီး မိန်းမရွယ်တစ်ဦးရောက်ရှိလာပြီး ဆြာဒင့် တစ်ကိုယ်လုံးကို နွားပွဲစားပမာ ရွှန်းရွှန်းစား စား ကြည့်ရှုရင်း စပ်စုနေခဲ့လေ၏။
“အိုး … ဘုရားရေ … သိပ်ကိုကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အချိုးအဆစ်ပါကလား၊ ကျမနာမည်လဥကျွမ်းပါ။
“ရှင့်နာမည် ဘယ်လိုခေါ်သလဲဟင်”
“သြော် … ဟုတ်ကဲ့ … ကျုပ်နာမည်ဆြာဒင်ပါ”
“စိတ်မရှိပါနဲ့နော် … ရှင့် အသက်လေး သိခွင့်ရှိမလားဟင်”
“ရှိပါ့ဗျာ … ကျုပ်အသက် ငါးဆယ်ကျော်နေပြီဆိုပါတော့”
“အမလေး … ဘယ်လိုမှ ယုံနိုင်စရာမရှိပါကလား၊ ကျမက ဆြာဒင့်ကို သုံးဆယ်တောင်မပြည့်သေးဘူး ထင်နေတာ။ ကြည့်လေ … ဆြာဒင့် ကိုယ် ခန္ဒာတည်ဆောက်ပုံက ဂရိနတ်ဘုရား တစ်ပါးလိုပါပဲလား”
ကျေးဇူးတင်ပါတယ် မယ်မင်းကြီးမရယ်၊ ကျုပ်က ဝါသနာအရ ငယ်ငယ်ကတည်းက ကျန်းမာရေး လိုက်စား လို့ပါ။
ဒါနဲ့ကျုပ်ခင်ဗျားကို ဘာများ ကူညီရမလဲဗျာ”
“ကျမကမော်ဒယ်အေဂျင်စီ ဖွင့်ထားတာရှင့်၊ ထိုင်းတစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံး ဆိုပါတော့၊ ရှင်စိတ်ဝင်စား မယ်ဆိုရင် အလုပ်ကိစ္စ တစ်ခု တိုင်ပင်ပါရစေလားရှင်”
ဆြာဒင် ခမျာ မိန်းမရွယ်တဦးက တလေးတစားဖော်ရွေစွာ ဖိတ်မန္တကပြုနေခြင်း အပေါ် ငြင်းဆန်လိုစိတ်မရှိ
သည့်နှင့်၊ ၎င်းချိန်းဆိုသော ညစာစားပွဲတခုသို့ တက်ရောက် အပြီးတွင် ၎င်း၏ ဇွတ်အတင်း အဓမ္မ တိုက်တွန်း ဆက်သွယ်ဆောင်ရွက်ပေး မှုကြောင့် ဆြာဒင်သည် ဂိုဂူဂေါ အေဂျင်စီတစ်ခုနှင့် လည်းကောင်း၊ လိုအပ်သော ကတိကဝတ် စာချုပ် စာတမ်း တချို့ကိုမူ အလုပ်သဘော ချုပ်ဆိုခဲ့ရပေ၏။
စာချုပ် ချုပ်ဆိုရသည့် အကြောင်းရင်းကား ဆြာဒင့် အနေဖြင့် ဂိုဂူဂေါရာ ဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းတို့မြေ၊ ဆိုးလ်မြို့တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် အာရှပစိဖိတ် ကာယဗလအလှ မောင်ပြိုင် ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်ပင်တည်း။
ဇာတ်လမ်းကို အတိုချုံ့ရသော် အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အတိုင်းတိုင်း အပြည်ပြည်မှ မြောက်များလှစွာသော ပြိုင်ပွဲဝင် လူငယ်အပေါင်းသည် ရှေးမြန်မာ အမျိုးအနွယ် ဆြာဒင် ၏ခြောက်ပေ နီး ပါးရှိသော အရပ်အမောင်းနှင့် အချိုးအစား ကျနလှသော ကိုယ်ဟန် အနေထားကို ဖင်ဖျားမျှပင် မမီကြ လေရာ ရွှေပွဲလာပရိသတ်၏ ဝမ်းစမိုးရောသောသောညံသည့် လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် တခဲ နက်အားပေး မှုကို ရရှိပြီးသကာလ ချန်ပီယံသရဖူကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ချေတော့သည်။
အကဲဖြတ်ဒိုင်တို့၏တညီတညွတ်တည်း ဆုံးဖြတ်ချက်ကား ဆြာဒင်သည် ဂျူမုံနှင့် ဒါရိုက်တာရင် ထက် အပုံကြီးသာသည်ဟူ၏။
ဆြာဒင့်စိတ်တွင်မူ ထူးထူးခြားခြားခံစားမှု မရှိလှသော်ငြား သတင်းမီဒီယာတို့သည် ဆြာဒင့်သတင်းကို အထူးဇန်းတင်ကာ ဝေဝေဆာဆာဖော်ပြခဲ့ကြပါ၏။
“အာရှမှာဗမာ၊ အနိုင်ယူဗိုလ်စွဲခဲ့ပြီ” ၊ “ဗမာ့သားကောင်း၊ အာရှသူရဲကောင်းဆြာဒင်”၊ “နွားပျိုသန် လှ၊ ဆြာဒင်ပေါင်ကျိုး၊ ဟိုးဟိုးကျော်သည့် ဗမာ့ငွေကြယ်ပွင့်” စသည်ဖြင့် မည်သို့ပင် အမွှမ်းတင်နေကြစေကာမူ ကိုယ့်ဝမ်းနာ ကိုယ်သာသိ၊ အုံ့ပုန်းပူနေသော ဆြာဒင်အဖြစ်ကို အတူနေ တပည့်များကား ရိပ်စားမိခဲ့ကြဟန်တူ လေရာ ဆိုးလ်မှသည် ဖူးခက်ဆီသို့ ပျံသန်းသည့် ဘိုးရင်းဂျက်လေယာဉ်ကြီးပေါ်မှ ချန်ပီယံ သရဖူကို ပိုက်လျက် ဆင်းလာစဉ်ကပင် ဂရုဏာစကား ဆိုကြပါ၏။
“ဆြာဒင့် မျက်နှာကြည့်ရတာ အောင်ပွဲကနေ ချန်ပီယံ သရဖူရလာတာနဲ့ မတူဘဲ ရည်းစား လင်နောက် လိုက်သွားတဲ့ ပုံပေါက်နေတယ်ဆြာ”
“ဟုတ်ပါရဲ့ဆြာ … ဆြာ့ မျက်နှာက ခွေးချေးပုံနားက ဖရဲသီးကို ကားတက်ကြိတ်ထားတဲ့ ပုံပါကလား”
“ဂိုဂူဂေါနဲ့ ဖူးခက် ရာသီဥတုမတူလို့ ငါတို့ ဆြာပန်းနေတယ် ထင်ပါ့၊ လဒကို ဘိန်းကျွေး ထားသလိုဖြစ်နေတယ်”
ရင်ထဲတွင် မကျေမချမ်း စိတ်ကြောင့် တနုံံ့နုံခံစားနေရသော ဆြာဒင်ကား တပည့်ကျော်တို့ကို တုန့်ပြန်စကား တလုံးတပါဒမျှ မဆိုဘဲ လက်ထဲမှ သရဖူကိုသာ တပည့်ကျော်တို့ထံ လှမ်းပေးလိုက်ရင်း ငူငူကြီးသာရှိ နေခဲ့ သည်။
သို့နှင့့်မကြာမီ ရက်ပိုင်းအတွင်းမှာပင် ဇာတ်လမ်း အစတွင် ဖော်ပြထားခဲ့သည့် ဆြာဒင်အားလူလိမ် သူခိုး စာရင်းသွင်းသော သတင်းများ ပလူပျံသလို တက်လာခဲ့ခြင်း ဖြစ်ချေသည်တမုံ့။
သတင်းစာ မျက်နှာများတွင် ပြူးတူးပြဲတဲဖော်ပြခြင်း ခံရသောဒုက္ခကား ကြီးမားလှချေသည်။
ထို့ထက် ဆိုးသည့်နောက်ဆက်တွဲပြဿနာကား သတင်းထောက်တို့၏ နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းများကို ရင်ဆိုင် ဖြေရှင်းရခြင်းပေတည်း။
“ဆြာဒင့်ကို ပြိုင်ပွဲဝင်ဖို့ ချိတ်ဆက်ပေးခဲ့တဲ့ ဒေါ်လဥကျွမ်းရဲ့ စွပ်စွဲချက်ကို ဆြာ ဘယ်လို တုန့်ပြန်ချင်ပါသလဲ”
“ဆြာ့ ဒုက္ခကိုမသိဘဲ သူ့ပွဲစားခ မရလို့ စွတ်တင်နေတယ် ထင်ပါ့ကွာ”
“ဒါနဲ့ ဆြာဒင်ဟာ စကားအပြောအဆို မိုက်ရိုင်းတယ် ဆိုတဲ့ ပြစ်တင်ပြောဆိုမှု အပေါ် ဘာများတုန့်ပြန်လို ပါသလဲ”
“ကျုပ်က အညာသားမို့ စကားပြောရင်တော့ ပြတ်တာ အမှန်ပဲမောင်၊ ကြောင်ချေးလိုပျော့ပျော့လေးနဲ့ နံတဲ့ စာရင်းမှာ ကျုပ်မပါဘူး”
“ဂိုဂူဂေါ သူနာပြု ဆရာမဆီက ဆြာဒင် ပိုက်ဆံတွေချေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား”
“အင်း … စပ်စပိုင်တာလေး တစ်ထည် ကြုံတုန်းဝယ်ဖို့ ခဏချေးခဲ့ဖူးတယ်မောင်၊ ပြန်ဆပ်ခဲ့ပြီလေ၊ ဆယ်ဒေါ်လာ တည်းပါမောင်”
“နောက်တစ်ချက် ဆြာဒင်ဟာ အသက်ငါးဆယ်ကျော်နေပါလျက် အသက်သုံးဆယ်ကျော်လို့ လိမ်ပြီး ပြိုင်ပွဲ ဝင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ရှင်းပြပါဦး ဆြာ”
“အင်း … စာချုပ်မှာရေးထားတဲ့ ဂိုဂူဂေါစာကို ကျုပ်မှမဖတ်တတ်ဘဲ ငါးဆယ်ကျော်က သုံးဆယ်တန်းတွေကြားမှ ချန်ပီယံဖြစ်ခဲ့တော့ နောက်ထပ် အပိုဆောင်းဆု တစ်ခုခု တောင်မပေး သင့်ပေဘူးလား မောင်တို့ရယ်”
“ဟုတ်ကဲ့ … ဆြာနဲ့ ဂိုဂူဂေါ အေဂျင်စီ ကိုယ်စားလှယ် မစ္စချန်ဂင်တို့ ကြားမှာ ကိုယ်ရေး ကိုယ်တာ ပြဿနာ တစုံ တရာများ ရှိနေပါသလား ဆြာ”
“မှန်လိုက်လေ … ကိုရင်ဗေဒင်ဟောစားလို့ရပြီ၊ အဲဒါအဓိကပြဿနာပဲမောင်”
“ပြည့်ပြည့် စုံစုံလေး သိပါရစေ ဆြာဒင်”
“ခက်ပါဘိ မောင်တို့ရယ်၊ တချို့စကားတွေဟာ ဘယ်ဘက်က ကြည့်ကြည့် အကျိုးမရှိသမို့ မပြောသင့်ဘူး ထင်ပါရဲ့”
“ပြောသာပြောပါဆြာရယ်”
“မောင်တို့ အတော်ခက်ပါကလား၊ မစ္စချန်ဂင်တို့ရဲ့ ဂိုဂူဂေါအေဂျင်စီ အကြောင်း ဂူဂဲလ်မှာ ဂူးဂလင်း လုပ်လိုက် ရင် အနီးစပ်ဆုံး အဖြေထွက်ပါ တယ်မောင်၊ ကျုပ်ကိုယ်တိုင် ပြောမထွက် လွန်းလို့ပါ”
“ဒီလိုပါ ဆြာဒင် ဟို…ဟို…”
“ဘာမှဟိုမနေနဲ့ … ကျုပ်လို ဗမာ့သွေးစစ်စစ် မဟာဆန်သူကြီးက ဒီအကြောင်းကို ဒိထက်ပိုပြီး ရှင်းစရာ မရှိဘူး မောင်၊ သည်းခံပါမောင်တို့ရာ”
“ဒါဆိုဆြာ့ သရဖူပြန်တောင်းနေတာကိုကော ဆြာ”
“လိုချင် လာပြန်ယူပေါ့လဟ … ကျုပ်ကတော့ အလုပ်ရှုပ်ခံပြီး ပြန်မပို့နိုင်ဘူး … အေး ဒင်းတို့ အမှား ဒင်းတို့ သိရင်တော့ ကျုပ်ကို ကန်တော့ပွဲကြီးကြီးနဲ့ တောင်းပန်သင့်တယ်”
“ကျေးဇူးပါဆြာ”
“ရပါတယ်ကွာ”
သတင်းထောက်တို့ ပြန်လည် ထွက်ခွာသွားချိန်တွင် ကြုံခဲ့ ဖြစ်ခဲ့ရသမျှကို ပြန်လည် တွေးတော မိသော ဆြာဒင် ၏ခံစားချက်သည် အရှက် တရားမှသည် ဒေါသဆီသို့ ကူးပြောင်းလာ၏။
မကျေမချမ်းစိတ်ကို မြိုသိပ်ရင်း လောကသဘာဝ၊ တက်ကြွားကြွကြွ ရှိလွန်းကလည်း လျောကျ နောက်ဆုံး ရှိချေ၏ ဟူသော တရားသံဝေဂကို နှလုံးသွင်းနေချိန်တွင် အလိုက်ကန်းဆိုး မသိသော တပည့်ကျော်တို့ တစခန်းထလာပြန်ချေသည်။
“ဘယ်သူ့ကိုမှ ဖွင့်မပြောပေမဲ့ တပည့်ရင်းတွေကိုတော့ မထိန်ချန် သင့်ပါဘူး ဆြာဒင်”
“ဟုတ်တယ် ဆြာ … ဆြာ လဒမှိုင်မှိုင်နေတာ တပည့်တို့ မကြည့်ရက်ဘူး”
“ဆြာက ဖွင့်မပြောလေ တပည့်တို့က သိချင်လေပဲဆြာ၊ ဆြာနဲ့ တပည့်တွေကြားမှာပွင့် လင်းမြင်သာမှုရှိ သင့်တာပေါ့ဆြာ”
ဤသို့၊ အနှီသို့၊ တပည့်ကျော်တို့ နည်းမျိုးစုံဖြင့် တွတ်ထိုးကာ နားမခံသာအောင် ပြောကြလေသောကြောင့် ဆြာဒင့်ခမျာ ဆက်လက် မြိုသိပ်ရန်အင်အား မရှိတော့ရကား အရေးကြီးသော လျှို့ဝှက်ချက်ကို မည်သူ့ကို မျှမဖွင့်ဟစကောင်း ဟူသည့် မဟော်သဓာ ဇာတ်တော်လာ ဆုံးမစကားကို လျစ်လျူရှု့လျက် မခြွင်းမချန်ဖွင့် ဟရန် ဟန်ပြင်လိုက်ချိန်တွင် တပည့်ကျော်တို့မှာ မျက်တောင်နှင့် နားရွက်ခတ်ရမည်ပင် မေ့လျော့ကာ နားစိုက် နေကြကုန်၏။
“ဒီလောက်တောင် သိနေကြရင်ဖြင့် ဖွင့်ဟရသေးတာပေါ့ မောင်တို့ရာ”
“ဒါမှ တို့ဆြာ … ပြောမှသာ ပြောပါဆြာ”
“ချန်ပီယံ သရဖူရတဲ့ညက ကျုပ်ကို မစ္စချန်ဂင်က ခွေးသားနဲ့ဆိုဂျု အရက် ဧည့်ခံတယ်မောင်”
“ဒါလေးများဆြာရယ်”
“နေဦးဟ … မစ္စချန်ဂင် ဆက်ပြောတာက ကျုပ်ဟာ အရွယ်ဟိုင်းနေတဲ့ အသက်ခုနစ်ဆယ်ကျော် ဂိုဂူဂေါ သက်ကြားအိုတွေနဲ့ မြိုင်ထရ မတဲ့ လဟ”
“သြော် … သြော်”
“မသြော်နဲ့ တိတ်တိတ်နေ … မပြီးသေးဘူး၊ နောက်ထပ် တောင်းဆိုတာက ကျုပ်ကို သူ့လင်အဖြစ် သတ်မှတ် ချင်သတဲ့၊ သူ့ အသက်ကဖြင့် ခြောက်ဆယ်ကျော်နေကမင့်ဟာ”
“အာ … ဆိုးချက်”
“မဆိုးနဲ့ … ကျုပ် အရင် ဗင်နီဇွဲလားနဲ့ အင်္ဂလန်က လင်နှစ်ကောင် ရှိသေးသဟ၊ ကျုပ်က တတိယလင်ဖြစ်မှာ”
“အမလေးဗျာ”
“အမယ်မလေးနဲ့ အဆိုးဆုံး တစ်ခုကျန်သေးတယ်၊ မရိုသေ့စကား၊ ကျုပ်ရဲ့အဝှာကို သူ့စိတ်ကြိုက် အရွယ် ဖြစ်အောင် ခွဲစိတ်ရမတဲ့”
“ဘာ အဝှာတုန်း … ဆာရဲ့ … နားမရှင်းလိုက်တာ”
“နားဝေးပါ့ကွာ … ပြောရမှာရှက်ပါတယ် ဆိုနေမှ … အဝှာဆိုတာ ငယ်ပါကိုပြောတာဟဲ့ ငတုံးတွေရဲ့”
“သေပြီဆရာ”
“အေးလဟာ … မင်းတို့ စဉ်းစားကြည့်လေ၊ ခွဲစိတ်မှုတစ်စုံတစ်ခုများ ချွတ်ချော်ရင် ကျုပ်တစ်သက်လုံး လူညွန့် တုံးပြီ”
“တော်ပါတော့ ဆြာရယ် … ငါတို့ဆြာ လက်မတင်လေး လွတ်လာတာ ကံကြီးပေလို့”
“တော်ပါပြီကွာ … ပြောနေရင်းတောင် ရှက်လာပြီလဟ”
ဒင်းတို့ စပ်စုလွန်း၍သာ ဆြာဒင်ပြောရသည်၊ စကားအဆုံးတွင် ဆြာဒင်အရှက်သည်ကား မျက်နှာပူလှသည့်နှင့် ရေခဲရေဖြင့် မျက်နှာကို ဆေးကြောရန် ရေခဲသေတ္တာဆီသို့ခြေလှမ်းပြင်စဉ်ခဏ၌ ဂိုဂူဂေါမှ ချီးမြှင့်လိုက်လေသည့် ချန်ပီယံ သရဖူသည် ဘီဒိုပေါ်မှနေ၍ ဆြာဒင့်ကို စပ်ဖြဲဖြဲမျက်နှာဖြင့် လှောင်ပြောင်ဟန် ရှိနေပြန်ချေရာ ဆြာဒင်သည် ယင်းသရဖူအား တစစီ ရိုက်ချိုးချင်စိတ်ကို အံကြိတ်ကာ မျိုသိပ်ရပြန်ချေ သည် တကား။ ။
စာရေးသူသည် “မင်းဒင်ရဲ့ သက်ခိုင်” ဆိုသည့် ကိုယ်တွေ့ အဖြစ်အပျက်များ အခြေခံသော စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပြီး လက်ရှိ တွင်လည်း ပြည်တွင်း မီဒီယာ များတွင် ရေးသားနေသူ ဖြစ်ပါသည်၊ ယခုအခါ ထိုင်းနိုင်ငံတွင် နေထိုင်လျှက်ရှိသည်။