ဆောင်းပါး

Android ဖုန်းနဲ့ တက်ဘလက်တွေ အတွက် ရွေးချယ်စရာ လုံခြုံရေး ဆောဖ့်ဝဲတွေ အကြောင်း

This article has been converted from Zawgyi One to Unicode


လုံခြုံရေး ဆော့ဖ်ဝဲ ပုံများ


ပြီးခဲ့တဲ့ သီတင်းပတ်က ဆဲလ်ဖုန်း စမတ်ဖုန်း သုံးစွဲသူတွေ အတွက် တိုက်ခိုက်ခံရမယ့် အန္တရာယ်တွေကို ရေးခဲ့ပြီး ဖြစ်ပါတယ်။

ကွန်ပျူတာတွေ သုံးခဲ့တုန်းကလို ဗိုင်းရပ်စ်တွေ ကြောက်ပြီး စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ မသုံးဘဲ နေလို့ မဖြစ်ပြန်ပါဘူး။

အဲဒီအတွက် သင့်မိုဘိုင်းလ်ဖုန်းတွေ သုံးတဲ့ အခါမှာ ကြိုတင် ကာကွယ်ထားဖို့နဲ့ သင့်ရဲ့ စမတ်ဖုန်းမှာ လုံခြုံရေး ဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုခု install လုပ်ထားဖို့ လိုပါတယ်။

သင့်ရဲ့ဖုန်းကို ကာကွယ်ဖို့ အတွက် သင့်တော်တဲ့ လုံခြုံရေး ဆိုင်ရာ ကာကွယ်မှုပေးမယ့် ဆော့ဖ်ဝဲတခုခု သုံးမယ် ဆိုရင်လည်း ဆောဖ့်ဝဲတွေ အများကြီးထဲက သင့်တော်တဲ့ ဆောဖ့်ဝဲ ရွေးရတာ ခက်ပါတယ်။

သင့်တော်တဲ့ လုံခြုံရေး ဆိုင်ရာ ဆောဖ့်ဝဲ တခုခုရွေးဖို့ အတွက် အခုဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

သင့်ဖုန်းရဲ့OS (Operating System)

သင့်ဖုန်းရဲ့ OS ပေါ်မူတည်ပြီး သူနဲ့ လိုက်ဖက် သဟဇာတဖြစ်မယ့် လုံခြုံရေး ဆိုင်ရာ ဆောဖ့်ဝဲကို ရွေးရမှာ ဖြစ်ပြီး၊ မိုဘိုင်းလ် OS တွေထဲမှာ Andriod က ပြဿနာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ Google Play Store ဟာ App တခုခုကို အဲဒီစတိုးမှာ တင်ဖို့ အတွက် ကြိုတင် အတည်ပြုချက် ယူစရာ မလိုဘဲ ဘယ်သူမဆို တင်ခွင့် ရှိပါတယ်။

အဲဒီအတွက် iPhone နဲ့ Windows Phone ထက်စာရင် Andriod Phone တွေက ပိုပြီး အန္တရာယ်ကြုံရဖို့ ပိုများ နေပါတယ်။

လက်ရှိအချိန်မှာလည်း Andriod OS က အသုံးများ နေတဲ့ အတွက် Andriod OS သုံးဖုန်းတွေ အတွက် အခု ဆောင်းပါးကလည်း Andriod OS သုံး လုံခြုံရေး ဆိုင်ရာ ဆော့ဖ်ဝဲတွေကို အဓိကထား ရေးထားပါတယ်။

မမြင်နိုင်တဲ့အရာတွေ

သင်ဟာ တွေ့ရာ App တွေ၊ ဂိမ်းတွေကို install လုပ်လေ့ မရှိဘဲ လုံခြုံရေး ဆိုင်ရာ စိတ်ချရတဲ့ App တွေကိုပဲ ရွေးချယ် သုံးတယ်။

ဒါမှ မဟုတ် လုံခြုံရေး ဆိုင်ရာ စိတ်ချရတဲ့ web site တွေကိုပဲ ဝင်ရောက်ကြည့်တယ် ဆိုပေမယ့် သင် လုံးဝ မသိလိုက်ဘဲ သင့်ရဲ့ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ခိုးယူသွားနိုင်တဲ့ မဲလ်ဝဲ (Malware) တွေ အများကြီး ရှိနေပါတယ်။

လုံခြုံရေးဆိုင်ရာ ဆောဖ့်ဝဲတွေကိုပဲ အဓိက စစ်ဆေးစမ်းသပ် သုတေသနပြုတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ AV-TEST (www.av-test.org) က သူတို့ရဲ့ ဒေတာကေ့စ်ထဲမှာ Andriod OS သုံး ဖုန်းတွေကို ဒုက္ခပေးတဲ့ မဲလ်ဝဲ ၁ ဒသမ ၈ သန်းလောက်ကို ဒေတာ ဘေ့စ် (database) ထဲမှာ သိမ်းထားပြီး သူတို့ရဲ့ Anti-theft လေ့လာတွေ့ရှိချက် အရ မဲလ်ဝဲတွေ အများစုပာာ သင့်ရဲ့ အရေးကြီး ကိုယ်ရေး အချက်အလက်တွေကို ခိုးယူနိုင်စွမ်း ရှိတယ် ဆိုတာကို သတိပေးထားပါတယ်။

Anti-theft

Anti-theft လုပ်ဆောင်ချက် ဖြစ်ပြီး သင့်ဖုန်း အခိုးမခံရအောင်တော့ လုပ်ဆောင် မပေးနိုင်ပါဘူး။ ဒါပေမယ့် သင့်ဖုန်း အခိုးခံရရင်၊ ဒါမှမဟုတ် ပျောက်သွားခဲ့ရင် အဲဒီဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေကို အလွယ်တကူ ယူမရအောင် သော့ခတ် (Lock) လိုက်တာ၊ ဒါမှမဟုတ် ဖျက်ပစ်လိုက်တာမျိုး အဝေးက လှမ်းလုပ်ဆောင်နိုင်ပါတယ်။

တချို့ လုံခြုံရေးဆိုင်ရာ ဆောဖ့်ဝဲ တချို့မှာ ဆိုရင် သူခိုးကို ဓာတ်ပုံရိုက်လိုက်တဲ့ လုပ်ဆောင်ချက်၊ အသံတွေ ဖမ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါ ပါတာ တွေ့ရပါတယ်။

သင် ကျပျောက်သွားတဲ့ဖုန်း၊ ဒါမှမဟုတ် မေ့ကျန်ခဲ့တဲ့ ဖုန်းမှာ ဖုန်းပြန်ပေးချင်ရင် ဆက်သွယ်နိုင်အောင် ခိုးခံရတဲ့ ဖုန်းရဲ့ screen မှာ သင့်ထံဆက်သွယ်လို့ရနိုင်တဲ့ လိပ်စာ၊ သင့်ရဲ့ တခြားဖုန်းနံပါတ် တခုခု ပေါ်နေအောင် လုပ်ပေးထားပါတယ်။

Bloking

လုံခြုံရေး ဆိုင်ရာ ဆောဖ့်ဝဲတွေမှာ သင့်ကို နှောက်ယှက်လို့ မရအောင် တားပေးထားတဲ့  (blocking) လုပ်ဆောင်ချက် တွေ ပါလေ့ ရှိပါတယ်။

ဒါပေမယ့် ကြိုအသံသွင်းထားပြီး လျှို့ဝှက်နည်းလမ်း တချို့သုံး လုပ်ဆောင်တဲ့ ခေါ်ဆိုမှုတွေနဲ့ ခေါ်ဆိုတဲ့ နံပါတ်မသိတဲ့ ဖုန်း တွေကိုတော့ တားမပေးနိုင် ပါဘူး။

တချို့ဆောဖ့်ဝဲ တွေမှာ ညနေရုံး ဆင်းချိန်တွေနဲ့ ရုံးပိတ်ရက်တွေမှာ ရုံးက ခေါ်ဆိုမှုတွေကို voice mail တွေ အဖြစ် လွဲပေးနိုင်တဲ့ လုပ်ဆောက်ချက်တွေ ပါပါတယ်။

App Manager/Parental Control

တချို့ ဆောဖ့်ဝဲတွေမှာတော့ ဝက်ဘရောက်ဆာကို သုံးတာ၊ Google Play Store ကို သုံးတာမျိုး အတွက် password နဲ့ ကာကွယ်ပေးထား နိုင်ပါတယ်။

အဲဒီ လုပ်ဆောင်ချက်ဟာ သင့်ကလေးတွေကို ဖုန်းပေးသုံးပေမယ့် app စတိုးထဲက ဝယ်ချင်တာတွေကို ဝယ်မရအောင်၊ အင်တာနက် အချိန်ပြည့် သုံးလို့မရအောင် တားထားပေးစေနိုင်ပါတယ်။

Backup

သင့်ဖုန်းထဲက ဒေတာတွေနဲ့၊ သင်ဖုန်းခေါ်ဆို ဆက်သွယ်မယ့် သူတွေရဲ့ စာရင်းကို backup လုပ်ပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပြီး လုံခြုံရေး ဆိုင်ရာ ဆောဖ့်ဝဲတွေ အများစုမှာ ပါပါတယ်။ အဲဒီ လုပ်ဆောင်ချက် ကတော့ သိပ်အသုံး မဝင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ Andriod OS သုံးဖုန်းတွေဟာ Google account မှာ sing in လုပ်တာနဲ့ အလိုအလျောက် လုပ်ဆောင်ပေး ပါတယ်။

သင့်ရဲ့ဓာတ်ပုံတွေကို အလိုအလျောက် သိမ်းပေးတဲ့ လုပ်ဆောင်ချက်နဲ့ တခြားဖိုင်တွေ၊ ဒေတာတွေ သိမ်းဖို့လည်း Google+ app လေးက လုပ်ဆောင်ပေးထားပြီး သိမ်းနိုင်တဲ့ ဒေတာပမာဏ gigabyte နဲ့ချီပြီး သိမ်းနိုင်ပါတယ်။

အခမဲ့လား၊ နှစ်စဉ်ကြေးပေးရတဲ့ ပရိုဂရမ်လား

သင် ရွေးချယ်ရမယ့် လုံခြုံရေးဆိုင်ရာ ဆောဖ့်ဝဲတွေထဲမှာ ဗိုင်းရပ်စ်တွေ၊ မဲလ်ဝဲတွေကို တားဆီးပေးနိုင်တဲ့ အချက် အပြင် တခြားအသုံးဝင်မယ့် လုပ်ဆောင်ချက်တွေ ကြောင်း ရေးပြီး ပါပြီ။

သင့်ဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေ လုံခြုံရေးအတွက် ရွေးချယ်ရမှာက အင်တီဗိုင်းရပ်စ် ပရိုဂရမ်တခု ဖြစ်ပါ တယ်။

အဲဒီပရိုဂရမ်တွေဟာ အခမဲ့တွေ ရှိသလို၊ နှစ်စဉ်ကြေး ပေးရတဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။ တချို့အခမဲ့ ပရိုဂရမ်တွေက လုပ်ဆောင်ချက်တွေ အပြည့်အဝ ပါလေ့ မရှိပါဘူး။ အခြေခံကျတဲ့ လုပ်ဆောင်ချက် တချို့ပဲ ပါပါတယ်။ သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ပရိုဂရမ်မျိုးကို လိုချင်ခဲ့ရင် အခပေးရတဲ့ ပရိုဂရမ်တခုခုကို ဝယ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။

ကာကွယ်ပေးနိုင်မှု

မိုဘိုင်းလ် အင်တီဗိုင်းရပ်စ် ဆောဖ့်ဝဲတွေဟာ ဗိုင်းရပ်စ်တွေ၊ မဲလ်ဝဲတွေ၊ spam တွေ၊ phishing နည်းပညာတွေကို ကာကွယ် ပေးနိုင်ရမှာ ဖြစ်ပြီး firewall လုပ်ဆောင်မှုကလည်း လုပ်ပေးနိုင်ရပါမယ်။

သင့်ရဲ့ ဖုန်း အခိုးခံရတာ၊ ဒါမှ မဟုတ် ပျောက်ဆုံးသွားတာတွေ အတွက် သင့်ရဲ့ဖုန်းကို အဝေးကနေ လှမ်းပြီး လော့ချတာ (Lock)၊ ဖျက်ပစ်တာမျိုး လုပ်နိုင်ရပါမယ်။

သင် အင်တာနက်သုံးနေတဲ့ အချိန်၊ သင့်ရဲ့ဒေတာတွေကို App တွေကို download လုပ်နေတဲ့ အချိန်တွေမှာ ဗိုင်းရပ်စ်တွေ မဲလ်ဝဲ တွေ ပါလာသလား၊ မပါဘူးလားဆိုတာ တချိန်တည်း စစ်ဆေးပေးနိုင်ရပါမယ်။ သင် download လုပ်နေတဲ့ ဒေတာတွေကို အချိန်နဲ့ တပြေးတညီ စစ်ဆေးကာကွယ်မှု ပေးနိုင်ရပါမယ်။

အသုံးဝင်မှု

ကန့်သတ်ချက်တွေ အများအပြား ရှိနေပြီး မိုဘိုင်းလ်ဖုန်းတွေရဲ့ သေးငယ်တဲ့ အရွယ်အစားကြောင့် မိုဘိုင်းလ် လုံခြုံရေး ဆောဖ့်ဝဲတွေဟာ အလွယ်တကူ လမ်းညွှန် လုပ်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။

User interface နဲ့ လုပ်ဆောက်မှု အဆင့်ဆင့် လမ်းညွှန်ပေးရာမှာလည်း အဆင်ပြေ လွယ်ကူပါမယ်။ application တွေကို သင့်ဖုန်းထဲကို တိုက်ရိုက် upload လုပ်နိုင်ရမှာ ဖြစ်သလို ပီစီတွေနဲ့လည်း sync လုပ်နိုင်ရပါမယ်။

အခုဆက်လက် တင်ပြမှာက PC Advisor (UK) က စမ်းသပ်ထားတဲ့  Andriod စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေ အတွက် ရွေးချယ်စရာ လုံခြုံရေး ဆိုင်ရာ ဆောဖ့်ဝဲ အခမဲ့ပရိုဂရမ် ၆ ခုအကြောင်း ဖြစ်ပါတယ်။

Avast Mobile Security & Antivirus

အခြေခံကျတဲ့ ဗားရှင်းက အခမဲ့ ဖြစ်ပြီး၊ ပရီမီယံက လစဉ်ပေးမယ် ဆိုရင် ၃ ဒေါ်လာလောက်နဲ့ တနှစ်စာကို ၁၈ ဒေါ်လာ လောက်နဲ့ ရောင်းချထားပါတယ်။

Avast mobile security နဲ့ Anti-virus ဟာ Andriod ဖုန်းတွေနဲ့ တက်ဘလက်တွေ အတွက် အသုံးဝင်တဲ့ လုံခြုံရေး ဆိုင်ရာ တားဆီးမှုတွေ လုပ်ဆောင်ပေးချက်တွေ အပြင် backup လုပ်ဆောင် ပေးမယ့် tools တွေထည့်ပေး ထားပါတယ်။

ဒါပေမယ့် ပရီမီယံဗားရှင်း ပြောင်းသုံးဖို့ အတွက် ဆွယ်တရား ဟောတဲ့ message တွေတော့ မကြာခဏ ပေါ်လာတာ တွေ့ရပါ လိမ့်မယ်။

သူ့ရဲ့ အဝေးက လှမ်းပြီး ဖုန်းဒေတာတွေ ကို ဖျက်ပေးမယ့် လုပ်ဆောင်ချက်က သင်ပျောက်သွားတဲ့ဖုန်းကို ပါဝါပိတ်လိုက်မှာ ဖြစ်ပြီး၊ စက်ရုံက ထုတ်တဲ့ အခြေအနေ (Factory setting) ဆက်တင်အတိုင်း ပြန်ထားပေးပါ လိမ့်မယ်။ သင့်ရဲ့ ဓာတ်ပုံတွေ၊ App တွေနဲ့ တခြား ဒေတာတွေ အားလုံးကို ခိုးယူတဲ့သူ၊ ကောက်ရတဲ့သူတွေ ကြည့်လို့ မရအောင် ဖျက်ပေးလိုက်မှာ ဖြစ်ပါတယ်။

အဲဒီလုပ် ဆောင်ချက်တွေ လုပ်ဆောင်ဖို့ (ဝိုင်ဖိုင်) ဒါမှမဟုတ် သရီးဂျီတွေ မလိုပဲ SMS သုံး လုပ်ဆောင်ပေး ပါလိမ့်မယ်။

Kaspersky internet Security for Andriod

ကက်စ်ပါစကီး ကလည်း အခမဲ့ဗားရှင်းနဲ့၊ အခပေးဗားရှင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ အခပေး ဗားရှင်းက ၉ ဒသမ ၉၉ ပေါင်လောက် ပေးရပါမယ်။ ဗိုင်းရပ်စ်တွေကို အချိန်နဲ့ တပြေးညီ ကာကွယ်ပေးတဲ့ လုပ်ဆောင်မှု၊ Spam တွေ၊ Firewall Anti-theft လုပ်ဆောင်ချက်၊ Parental control လုပ်ဆောင်ချက်၊ ဒေတာတွေကို မသက်ဆိုင်သူတွေ ဖတ်မရအောင် ဝှက်စာ လုပ်တဲ့ Encryption  လုပ်ဆောင်ချက်တွေ ပါပါတယ်။

ကက်စ်ပါစကီးဟာ ဗိုင်းရပ်စ်တွေ စစ်ဆေးရတဲ့ ရာခိုင်နှုန်းတွေကို ဖော်ပြပေးရာမှာနဲ့ update လုပ်ရာမှာ၊ သတိပေးချက် တွေ မြင်တွေ့ရတာတွေဟာ သုံးစွဲရလွယ်ကူတာ တွေ့ရပါတယ်။ AV-TEST ရဲ့ malware တွေကို မိုတိုရိုလာရဲ့ မိုတိုဂျီ Moto G ဟင်းန်ဆက် သုံးပြီး စမ်းသပ်ရာမှာ ၁၀၀ ရာခိုင်နှုန်း စစ်ဆေးကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

Norton Mobile Security 1914

နော်တန် ကလည်း အခမဲ့နဲ့ တနှစ်ကို၂၉ ဒသမ ၉၉ ပေါင်ပေးရမယ့် ပရီမီယံ လုပ်ဆောက်ချက်တွေ ပါတဲ့ အခပေး ဗားရှင်း နှစ်မျိုး ထုတ်ထားပါတယ်။

ပီစီတွေရဲ့ အင်တီဗိုင်းရပ်စ် ကာကွယ်မှုမှာ နာမည်ကြီးခဲ့တဲ့ Norton ကနေ မိုဘိုင်းလ် ပစ္စည်းတွေ အတွက် ကာကွယ်မှု လုပ်ပေး မယ့် ပရိုဂရမ် ဖြစ်ပါတယ်။

အင်တီဗိုင်းရပ်စ်နဲ့ မဲလ်ဝဲတွေကို ကာကွယ်ပေးနိုင်ပြီး၊ သင်လက်ခံစကား မပြောချင်တဲ့ ခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ချ်တွေ တားဆီး ပေးနိုင်တဲ့ လုပ်ဆောင်ချက် အပြင် သင့်မိုဘိုင်းလ်ပစ္စည်း တခုခုပျောက်ဆုံးတာ၊ အခိုးခံရတာမျိုး ဖြစ်ခဲ့ရင် အဝေးကနေလှမ်းပြီး လော့ချလို့ ရတဲ့ လုပ်ဆောင်ချက် ပါပါတယ်။

အဲဒီလုပ်ဆောင်ချက်ဟာ သင်ဖုန်းရဲ့ ဒေတာတွေ အားလုံးကို ဖျက်ပစ်ပေးမှာ ဖြစ်ပါတယ်။

IKarus Mobile Security

အီကာရပ်စ် က အခမဲ့ဗားရှင်း မရှိဘဲ ရက် ၃၀ စမ်းသုံးခွင့်ပဲ ရပါမယ်။ တနှစ်ကို ၉ ပေါင်ပေးရပါမယ်။ အဲဒီ အီကာရပ်စ် မိုဘိုင်းလ် လုံခြုံရေး ဆောဖ့်ဝဲဟာ နာမည်ကြီး ဆောဖ့်ဝဲထဲက မဟုတ်ပါဘူး။

လူသိနည်းတဲ့ ဆောဖ့်ဝဲ တခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တလလောက်က တွေ့ထားတဲ့ မဲလ်ဝဲတွေကိုပါ စစ်ဆေးပေးနိုင်ပြီး AV-TEST ရဲ့မဲလ်ဝဲတွေ အားလုံး ကို စစ်ဆေးပေးနိုင်ပါတယ်။

Google Play Store ကနေ App တွေကို စိတ်ချလက်ချ download လုပ်ဖို့ အဆင်ပြေပါ တယ်။ ကျန်တဲ့ လုပ်ဆောင်ချက်တွေ ကတော့ အခြားဆော့ဖ်ဝဲတွေနဲ့ သိပ်မကွာပါဘူး။

TrendMicro Mobile Security

အခမဲ့ဗားရှင်း၊ တနှစ်ကို ၁၄ ဒသမ ၉၅ ပေါင်ပေးရမယ့် ပရီမီယံဗားရှင်း နှစ်မျိုးထုတ်ထားပါတယ်။ AV-TEST ရဲ့ သိပ်မကြာ သေးခင်က မဲလ်ဝဲတွေအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့် စစ်ဆေးတွေ့ရှိတာ တွေ့ရပါတယ်။

အခု စစ်ဆေး စမ်းသပ်ခဲ့တဲ့ ဆောဖ့်ဝဲတွေထဲမှာ Gmail Spam ဖိုလ်ဒါထဲက phishing အီးမေးလ်ထဲမှာ ရှိနေတဲ့ visiting site link ကို စစ်ဆေး ပေးနိုင်တဲ့ တခုတည်းသော ဆောဖ့်ဝဲ ဖြစ်ပါတယ်။

Anti-thifet လုပ်ဆောင်ချက်ကတော့ သူ့ရဲ့ပြိုင်ဘက်တွေထက် အားနည်းနေပြီး SMS ကနေ ဘာမှ control မလုပ်နိုင် ပါဘူး။ သူ့ရဲ့ Parental Control က ကလေးတွေ အပြာဆိုက်တွေထဲ ဝင်ကြည့်တာ၊ Facebook  အချိန်ပြည့် သုံးနေ တာမျိုးကို တားဆီးပေးနိုင် ပါတယ်။

ဒါပေမယ့် အဲဒီ အတားအဆီးတွေကို အလွယ်တကူ ကျော်သွားနိုင်စေတဲ့ အတွက် အဲဒီ လုပ်ဆောင်ချက်တွေဟာ သိပ်အလုပ်မဖြစ်ပါဘူး။

Qihoo 360 Mobile Safe

Qihoo 360 mobile safe က အခမဲ့ဗားရှင်း ဖြစ်ပါတယ်။ အခပေး၊ နှစ်စဉ်ကြေးပေးတဲ့ ဗားရှင်း မထုတ်ထားပါဘူး။ တရုတ်နိုင်ငံက ကုမ္ပဏီတခု ဖြစ်တဲ့ Qihoo ကနေ ရေးထားပြီး AV-Test ရဲ့ တွေ့ရှိပြီးသား မဲလ်ဝဲနဲ့ ဒုက္ခပေးမယ့် App တွေကို ၉၉ ဒသမ ၉ ရာခိုင်နှုန်း စစ်ဆေးပေးနိုင်ပါတယ်။

antivirus စစ်ဆေးပေးရာမှာ အားနည်းနေပြီး၊ Spam ဖိုလ်ဒါထဲက phishing link တွေအားလုံးကို စစ်ဆေးပေးနိုင်ပါတယ်။

တခြား အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေက အသုံး မပြုတော့ပေမယ့် မင်မိုရီတွေကို သုံးနေဆဲဖြစ်တဲ့ app တွေကို ရှင်း ထုတ် ပစ်တာ၊ ပါဝါစားနှုန်း နည်းအောင် လုပ်ဆောင်ပေးတာ စတဲ့ လုပ်ဆောင်ချက်တွေက အဆင်ပြေပါတယ်။

သူ့ရဲ့ ရှင်းလင်းတဲ့ မြင်ကွင်းကလည်း သုံးရတာ အဆင်ပြေပါတယ်။ မလိုလားတဲ့ ခေါ်ဆိုမှုတွေကို တားပေးတဲ့ (call blocking) လုပ်ဆောင်ချက်ကလည်း အမည်းရောင်စာရင်း (blacklist) အဖြူရောင်စာရင်း (white list) ဆိုပြီး ခွဲခြားထား နိုင်ပြီး အချိန်နဲ့ အစီအစဉ်တွေ ကိုပါ ချိန်ထားနိုင်ပါတယ်။

အဲဒါက ရုံးကနေ ရုံးချိန်ပြင်ပနဲ့ ရုံးပိတ်ရက်တွေမှာ ဖုန်းခေါ်တာကို တားနိုင်ဖို့ အတွက် အဆင်ပြေစေပါတယ်။

Anti-theft tools က အဝေးကနေ လှမ်းပိတ်တာမျိုးနဲ့ အချက်ပေးသံ (Alarm) တွေ မြည်အောင် ကိုယ်ရေး အချက်အလက်တွေ ဖျက်နိုင်အောင် လုပ်ထားပေး ပေမယ့် စက်ရုံထုတ် အခြေအနေ (Factory setting) ကိုတော့ ပြောင်းပေးတဲ့ လုပ်ဆောင်ချက် (reset) လုပ်လို့ မရပါဘူး။

တခြား ရွေးစရာအနေနဲ့ ဒီဖုန်းဟာ ပျောက်သွားတဲ့ဖုန်း၊ ဒါမှ မဟုတ် အခိုးခံရတဲ့ဖုန်း ဖြစ်ပါတယ်လို့ message ကို အသံထုတ် ဖတ်ပေးနေမှာ ဖြစ်ပြီး၊ အဲဒီအသံကို ပိတ်မရအောင် လုပ်ထားပေး ပါတယ်။ ခိုးသွားတဲ့၊ ကောက်ရတဲ့သူတွေ အဲဒီဖုန်းကိုသုံးဖို့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။

အခုရေးထားတဲ့ မိုဘိုင်းလ် လုံခြုံရေးဆိုင်ရာ ဆောဖ့်ဝဲ ၅ ခုက အခမဲ့ဗားရှင်းရော၊ နှစ်စဉ်ကြေးပေးရမယ့် ဗားရှင်းရော နှစ်မျိုးစီ ရှိနေပြီး တခုကတော့ ရက် ၃၀ ပဲ စမ်းသုံးခွင့်ရပြီး၊ နှစ်စဉ်ကြေးပေးဖို့ လိုပါမယ်။ အခမဲ့ သုံးစွဲခွင့်ပြုထားတဲ့ တခြား ဆောဖ့်ဝဲတွေလည်း အများကြီး ရှိပါသေးတယ်။

Windows Mobile, iOS နဲ့ တခြား OS တွေ အတွက် သုံးနိုင်တဲ့ ဆောဖ့်ဝဲတွေက အသုံးနည်းလို့ ချန်ထားခဲ့ပြီး Andriod OS သုံး ဖုန်းတွေ အတွက်ပဲ သီးသန့်ရေးထားတာ ဖြစ်ပါတယ်။     ။

Loading