ဆောင်းပါး

အာရှတလွှား အလုပ်သမားများ လုပ်ခလစာတိုးရေး တောင်းဆိုကြပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယားနိုင်ငံ၏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိသည့် အထည်ချုပ်လုပ်ငန်း၏ အကြီးဆုံးသော သပိတ်မှောက်မှုများ နောက်တွင်ရှိသော အလုပ်သမား ခေါင်းဆောင်များက ပြီးခဲ့သည့် နှစ်အတွင်း ပိုမိုမြင့်မားသော လုပ်ခလစာ ရရှိရေး အတွက် အားစိုက်ခွန်စိုက် လုပ်ဆောင်နိုင်ခဲ့ကြသည်။

အကျိုးရလဒ်အနေဖြင့် လူပေါင်း ၆၀ဝ,ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းရသော အထည်ချုပ်လုပ်ငန်းမှ အလုပ်သမားများ၏ တလ အနိမ့်ဆုံး လုပ်ခ ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တလလျှင် အမေရိကန် ဒေါ်လာ ၁၀ဝ (မြန်မာ ကျပ်ငွေ တသိန်း နီးပါး) အထိ ဖြစ်လာသည်။ ၁၅ နှစ်တာ ကာလအတွင်း အများဆုံး ခုန်တက်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခု သူတို့က ပိုရဖို့ တောင်းဆိုနေကြပြီ ဖြစ်သည်။

လစာနှင့် လုပ်ငန်းခွင် အခြေအနေ ဆွေးနွေးညှိနှိုင်းမှုများသည် ပုံမှန်အားဖြင့် နိုင်ငံ နယ်နိမိတ်အတွင်း တွင်သာ ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါတွင် အလုပ်သမား အရေး တက်ကြွလှုပ်ရှားသူများက ဆွေးနွေးညှိနှိုင်းရေး အတွက် ပိုမို အားထုတ် လာကြပြီး အိမ်နီးချင်း နိုင်ငံများ ဈေးကွက်များမှ အတွေ့ အကြုံများကို ဝေမျှခြင်း အားဖြင့် အလုပ်ရှင်များနှင့် အစိုးရများ အပေါ် ပိုမိုဖိအားပေး လာကြသည်။

ထိုသို့ အခြေအနေများ ဖြစ်ပေါ်လာခြင်းက အရှေ့တောင်အာရှမှ ကုန်ထုတ်လုပ်ရေး စရိတ် နည်းပါးသည့် ဒေသသို့ ရွှေ့ပြောင်းလာသည့် နိုင်ငံတကာ ကုမ္ပဏီများ အတွက် လုပ်ခ ဈေးဆစ်ရန် ခက်ခဲခြင်း၊ အမြတ်အစွန်း နည်းပါး လာခြင်းနှင့် ထုတ်လုပ်သမျှ ဖိနပ်နှင့် အဝတ်အစားမှသည် မော်တော်ကားနှင့် အီလက်ထရောနစ် ပစ္စည်းများအထိ ဈေးနှုန်းများ တိုးမြှင့် ရောင်းချရခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရတော့မလို ဖြစ်လာသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ အပြည်ပြည် ဆိုင်ရာ အလုပ်သမားများအဖွဲ့ (ILO) မှ ဒါရိုက်တာ Peter van Rooij က “အလုပ်သမား ခေါင်းဆောင်တွေ ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာတာကို ကျနော်မြင်တယ်။ အဲဒါက သတင်း အချက်အလက် ဖလှယ်ခြင်း ကနေ ပူးပေါင်းဆောင်ရွက်ခြင်း အထိ ကွဲပြားတဲ့ပုံစံတွေ ဖွဲ့စည်းမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟုပြောသည်။

ပူးပေါင်းမှုသည် နောက်နှစ် အတွင်းတွင် အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ စီးပွားရေး အရ ပူးပေါင်းရန် စီစဉ်နေသည့် နည်းတူ ပိုမိုခိုင်မာ လာဖွယ်ရှိသည် ဟုလည်း သူက မှတ်ချက်ချသည်။

ပြီးခဲ့သည့် လများ အတွင်းတွင် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမား ထောင်ပေါင်း များစွာက လစာနှင့်လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ရေး ပြည်တွင်း ကုမ္ပဏီများကို ဖိအားပေးရန် အမေရိကန်မှ အားကစားဝတ်စုံ ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ် သည့် Nike ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Nike အတွက် အဝတ်အထည်များ ချုပ်လုပ်ပေးနေသော ကမ္ဘော ဒီးယားကုမ္ပဏီ Sabrina Garment Manufacturing Co မှ ဝန်ထမ်း ၄၀ဝ၀ ခန့်က ခရီးစရိတ်၊ နေအိမ်ငှား ရမ်းခနှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် လုံလောက်သည့် လုပ်ခ လစာရရှိရန် ပြီးခဲ့သည့်နှစ် မေလအတွင်းတွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

လော်ဘီ လိုသည်

အထူးသဖြင့် အာရှဒေသ တလွှားရှိ ကုန်ကျစရိတ် နည်းပါးသည့် အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အလုပ်သမား သမဂ္ဂများက ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အသုံးချကာ ပိုများသည့် လစာနှင့် လုပ်ငန်းခွင် လုံခြုံမှု မြှင့်တင် နိုင်ရေး အတွက် သပိတ်တိုက်ပွဲများ ပိုမိုဆင်နွှဲလာကြသည်။ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Rana Plaza အထည်ချုပ် စက်ရုံ ပြိုကျပြီး အနည်းဆုံး အလုပ်သမား ၁၁၃၀ ခန့် သေဆုံး ခဲ့ရသည့် အဖြစ်အပျက်ကြောင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ပြဿနာ ပိုမိုသိသာထင်ရှားလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အဖွဲ့ (GMAC) မှ အဖွဲ့ဝင်များက ပြီးခဲ့သည့် နှစ်အတွင်း သပိတ်မှောက် ဆန္ဒပြမှု ၁၄၇ ခု အထိ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် စာလျှင် ၃ ဒါဇင်မျှ မြင့်တက် လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား အခြေစိုက် ထုတ်လုပ်ရေး လုပ်ငန်းများက ဆန္ဒပြခဲ့ ကြသည့် အတွက် ထိခိုက်ခဲ့ရသော နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များထဲတွင်  H&M Hennes နှင့် Mauritz AB, Wal-Mart Stores Inc, Gap Inc နှင့် Puma SE တို့ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြစ်ရပ်ဆိုး နောက်ပိုင်းတွင် ဒေသတွင်း အလုပ်သမား သမဂ္ဂများက မီးဘေးနှင့် အဆောက်အအုံ ဘေးကင်းလုံခြုံမှု ဆိုင်ရာ သဘောတူညီချက် ဖန်တီးရာတွင် ကူညီပေးရန် နိုင်ငံတကာ အလုပ်သမား ကိုယ်စားလှယ် များနှင့် ဆက်သွယ်လာကြသည် ဟု  Industri ALL အဖွဲ့၏ အရှေ့တောင်အာရှရုံးမှ ဒါရိုက်တာ Annie Adviento  ကပြောသည်။ အဝတ်အထည်လုပ်ငန်း ၁၅၀ ကျော်နှင့် အလုပ်သမား သမဂ္ဂများ တရားဝင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် အရ စက်ရုံများသည် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ လွတ်လပ်စွာ စစ်ဆေးမှုခံယူရန်နှင့် တွေ့ရှိချက်ကို အများသိအောင် ထုတ်ပြန်ပေးရန် လိုအပ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ မှ အလုပ်သမား သန်း ၅၀ ကို ကိုယ်စားပြုသည့် Industri ALL အဖွဲ့က အာရှဒေသမှ အလုပ်သမားအရေး လှုပ်ရှားသူများကို စုစည်း၍ တလလျှင် ၂ ကြိမ်၊ ၃ ကြိမ်မျှ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့သည်ဟု ဆိုသည်။ ယခင်နှစ် မတိုင်မီကဆိုလျှင် ထိုသို့ပြုလုပ်နိုင်ရန် အခွင့်အရေး နည်းပါးခဲ့သည် ဟုလည်း ပြောသည်။

“အကြောင်းကိစ္စတွေကို ပြည်တွင်းမှာပဲ လျှို့ဝှက် ထားလို့ မရတော့ပါဘူး။ အလုပ်သမား သမဂ္ဂတွေရဲ့ သတင်း အချက် အလက် ဝေမျှ နိုင်စွမ်းကလည်း တိုးတက်လာ ပါတယ်။ ဒီနှစ်ထဲမှာ အတွေ့အကြုံ ဖလှယ်မှုတွေ အများအပြား လုပ်ရင်းနဲ့ သူတို့တွေဟာ အများကြီး ထိရောက် စွမ်းဆောင်နိုင်တယ် ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ ၂၀၁၅ အတွင်းမှာလည်း ဆက်လုပ်မယ်လို့ ရည်မှန်းထားပါတယ်”ဟု Annie Adviento က ပြောသည်။ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့အလုပ်သမား သမဂ္ဂများ အတွက် ထင်ရှားသည့် သာဓကများ ဖြစ်ခဲ့သည်ဟု သူက ထပ်ပြော သည်။

“ကျနော်တို့ အချင်းချင်း ဆက်သွယ်ကြတယ်။ လုပ်ခလစာ တိုးမြှင့်ရေး အတွက် တောင်းဆိုဆောင် ရွက်ပေးဖို့ ဒီနိုင်ငံတကာ သမဂ္ဂကို တာဝန်တွေ ပေးခဲ့ပါတယ်” ဟု ဖနွမ်းပင် အခြေစိုက် Free Trade ၏ ဥက္ကဋ္ဌ Chea Mony က ပြောသည်။

အဖွဲ့ဝင်ပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိသည့် အင်ဒိုနီးရှား အလုပ်သမားသမဂ္ဂ Confederation of Indonesian Trade Unions ၏ အကြီးအကဲ ဖြစ်သော Said Iqbal ကလည်း သူ၏ အတွေ့အကြုံများကို ဝေမျှပေးရန် အတွက် မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သူ့ကို ဖိတ်ခေါ် ခဲ့ကြကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ဆောင်ပုဒ်က ရှင်းပါတယ်။ နည်းတဲ့ လစာကို ငြင်းပယ်ကြ ဆိုတာပါပဲ။ ဒီ သဘောတရားကို အရှေ့တောင်အာရှ နိုင်ငံ အားလုံး ပျံ့နှံ့အောင် ကျနော်တို့ လုပ်နေပါတယ်” ဟု သူက ရိုက်တာ သတင်းဌာနသို့ ပြောသည်။

Industri ALL က စီစဉ်သော အစည်းအဝေးပွဲများသည် လူ ၅၀ ခန့်အထိ ပါဝင်ပြီး နိုင်ငံအများအပြားမှ အလုပ်သမား ခေါင်းဆောင်များကို ဒေသတွင်း မြို့တော်များရှိ ဟိုတယ်တခုခုတွင် စုရုံး၍ အခြေခံ လုပ်ခများ နှိုင်းယှဉ်ခြင်း၊ လူမှုဖူလုံရေး အကြောင်း ပြောဆိုခြင်းနှင့် အခြားသော အလုပ်သမားရေးရာနှင့် သက်ဆိုင်သော ကိစ္စများ ဆွေးနွေး နိုင်ကြသည်ဟု Said Iqbal က ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒလမ်းစဉ် ဖြစ်တဲ့ သဘောတရား၊ စည်းရုံးရေးနဲ့ လှုပ်ရှားမှုကို ပျံ့နှံ့အောင်လုပ်နိုင်ဖို့ ကြိုးစား နေပါတယ်” ဟု အသက် ၄၆ နှစ် ရှိပြီဖြစ်သော Said Iqbal က ပြောသည်။ သူ၏ မိခင်ဖြစ်သူက အိမ်စရိတ် ကာမိ စေရန် အတွက် ဂျကာတာရှိ ချည်ထည်စက်ရုံ တခုမှ လုပ်ဖော်ကိုင်ဖက်များကို ကိတ်မုန့် ရောင်းခဲ့ရသည့် အဖြစ်ကြောင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး နည်းလမ်းတမျိုး ဖြစ်သည့် အလုပ်သမားရေး လှုပ်ရှားမှု အတွင်းသို့ ပါဝင်လာ ခဲ့ရခြင်း ဖြစ်သည်ဟု သူက ပြန်ပြောပြသည်။

“ဒါက ကျနော့်စိတ်ထဲမှာ နှလုံးသားထဲမှာ အမြစ်တွယ်သွားတာ ဖြစ်နိုင်ပါတယ်။ လူတယောက်ဟာ ကုမ္ပဏီတခုတည်း မှာ ဆယ်စုနှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့တယ်။ သူက ဆင်းရဲနေတုန်းပဲ။ အလုပ်သမား သမဂ္ဂကနေ ဒါကို တောင်းဆို တိုက်ပွဲဝင်ရမယ်လို့ ကျနော်ခံစားခဲ့ရတယ်” ဟု Said Iqbal က ဆိုသည်။

သမဂ္ဂ ဩဇာ

ကမ္ဘောဒီးယား အစိုးရ၊ ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအဖွဲ့ (GMAC) တို့နှင့် ညှိနှိုင်းဆွေးနွေးသည့် အချိန်တွင် အလုပ်သမား သမဂ္ဂများက ထိုင်းနိုင်ငံကဲ့သို့သော အခြားအာရှ နိုင်ငံများမှ ဥပမာများကို ချပြခဲ့သည်။ ထိုင်းနိုင်ငံက နိုင်ငံသားတို့၏ တနေ့တာ အနည်းဆုံးလုပ်ခကို ထိုင်းငွေ ဘတ် ၃၀ဝ (အမေရိကန် ၉ ဒသမ ၄၂ ဒေါ်လာ) အထိ ယမန်နှစ်က တိုးမြှင့်ပေးခဲ့သည် ဟု Collective Union Movement of Workers ၏ ဥက္ကဋ္ဌ Pav Sina က ပြောပြသည်။

GMAC က အနည်းဆုံးလစာကို ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၀ အထိ ဖြစ်စေရန် မှန်မှန်တိုးပေးသွားရန် သဘောတူခဲ့ သော်လည်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည့် အလုပ်သမား သမဂ္ဂများက တလလျှင် အမေရိကန်ဒေါ်လာ ၁၇၇ အထိ တိုးမြှင့်ပေးရန် တွန်းအား ပေးနေကြပြီး သပိတ်တိုက်ပွဲများ ပိုမိုဆင်နွှဲခြင်း အားဖြင့် ခြိမ်းခြောက်နေ ကြသည်ဟု Pav Sina က Reuters သတင်းဌာနသို့ ပြောသည်။

အင်ဒိုနီးရှား မြို့တော် ဂျကာတာတွင် အနိမ့်ဆုံး လစာသည် ၂ နှစ်ခန့် အတွင်း ၆၀ ရာခိုင်နှုန်း ခုန်တက်သွားပြီး အမေရိကန် ဒေါ်လာ ၂၀၅ ဒသမ ၃ အထိ ရောက်ရှိသွားခြင်းသည် အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ပြင်းထန်စွာ အားထုတ်တောင်း ဆိုမှုကလည်း တစိတ်တပိုင်း အားပေး ပါဝင်သည်။ တချိန်က ကမ္ဘာဈေးအချိုဆုံး စက်ရုံများ ရှိခဲ့သည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အလုပ်သမားတယောက်၏ အနည်း ဆုံးလုပ်ခ ၂၉၅ ဒသမ ၇၉ ဒေါ်လာ ဖြစ်နေသည်။

လုပ်ခလစာများ မြင့်တက်လာခဲ့လျှင်ပင် သူတို့၏ လုပ်ရပ်ကြောင့် ဈေးကွက်ကို ထိခိုက်ဖွယ် မရှိဟု အလုပ်သမား အရေး လှုပ်ရှားသူများက ယုံကြည်ထား ကြသည်။ အင်ဒိုနီးရှားနိုင်ငံမှ အကြံပေးကုမ္ပဏီ တခုဖြစ်သည့် PT. McKinsey Indonesia ၏ ဒါရိုက်တာအဖွဲ့ အကြီးအကဲ  Arief Budiman က ကမ္ဘာ့အဆင့် ကုမ္ပဏီကြီးများသည် အာရှ၏ ဈေးကွက် အခွင့်အရေးနှင့် စားသုံးမှု အခြေခံ တိုးတက်လာမှုကို သတိပြုမိကြသည် ဟု ပြောသည်။

“အင်ဒိုနီးရှားကနေ ထွက်သွားမယ် လို့ ကုမ္ပဏီတွေက ခြိမ်းခြောက်ခဲ့ကြတယ်။ ဒါပေမယ့် ဗလာသက်သက် ခြိမ်းခြောက်မှု လို့ ကျနော်ထင်တယ်။ လက်တွေ့မှာ လုပ်ငန်းတချို့ ပိတ်သွားတာတော့ရှိ ပါတယ်။ တကယ်တော့ သူတို့က ဒီမှာ လုပ်ငန်းတွေ ပိုပြီး တိုးချဲ့ချင် နေကြတာပါ” ဟု အင်ဒိုနီးရှား မွတ်စလင် ညီအစ်ကို အလုပ်သမားများ အဖွဲ့မှ တာဝန်ရှိသူ Wahidin က ပြောသည်။

အီးမေးလ်မှ တဆင့် ပေးပို့ခဲ့သည့် Nike ၏ ကြေညာချက်တွင် ဆုံးဖြတ်ချက်များ ရှာဖွေရာတွင် ရေရှည်ကို ကြည့်သည့် ချဉ်းကပ်မှု တခု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းမှ တဆင့် ထုတ်လုပ်ရေးကို တိုးတက်လာအောင် အမြဲတမ်း ကြိုးစားနေကြောင်း ဖော်ပြထားသည်။

Nike သည် နိုင်ငံ ၄၄ နိုင်ငံမှ စက်ရုံများနှင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုလုပ် ကိုင်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading