ပြောင်းလဲ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အတူ ရှာဖွေတွေ့ရှိမှု အသစ်တွေထဲမှာ ရောဂါဘယတွေ ကလည်း ထိပ်ဆုံးက ပါလာပါတယ်။ အဲဒီထဲကမှ ကင်ဆာဆိုတာကြီး ပေါ်ပေါက်လာတော့ လူသားတွေ အတွက် ချောက်ချား စရာပါပဲ။ နည်းလမ်းပေါင်းစုံ သုံးပြီး ကုသဖို့၊ ကာကွယ်ဖို့ ကြိုးစားပေမယ့် ရာနှုန်းပြည့် အောင်မြင်မှု မရနိုင်သေးဘဲ ဝေဒနာ လျော့ပါးဖို့၊ သက်တမ်း ဆွဲဆန့်ဖို့ကိုပဲ အလေးထားနေကြရဆဲ ပါ။ အသိစောလို့ အဆင်ပြေတဲ့ ကုထုံးအချို့ ရှိသည့်တိုင်အောင် ကင်ဆာဖြစ်ပြီ ဆိုတာနဲ့ သေပွဲ လက်မှတ်ရသလို စိုးထိတ်နေကြရဆဲ ပါ။
ကင်ဆာ
ကင်ဆာ ဆိုတာက နာတာရှည် အလုံးအကျိတ် (Malignant Tumor) လို့ ယေဘုယျ သိကြပါတယ်။ တကယ်တော့ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေ ပွားများလာ ပြီး ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့ရာက ဖြစ်လာတဲ့ ရောဂါစု တခုပါပဲ။ အလုံးအကျိတ် တိုင်းကတော့ ကင်ဆာ မဖြစ်တတ်ပါဘူး။
သတိထားရမယ့် လက္ခဏာတွေ အနေနဲ့ အကြမ်းဖျဉ်း ပြောလေ့ရှိတာက အဖု၊ အကျိတ်တွေ အရင်က မရှိဘဲ ပေါ်လာတာ၊ ပုံမှန် မဟုတ်ဘဲ သွေးထွက်တာ၊ နာတာ ရှည်ချောင်းဆိုးတာ၊ အကြောင်းမဲ့ ကိုယ်အလေးချိန် လျော့ကျလာတာ၊ ဝမ်းသွားတဲ့ အလေ့အထတွေ ပြောင်းလာတာ (ဝမ်းချုပ်လာတာ၊ ဒါမှမဟုတ် မကြာခဏ ဝမ်းလျှောတာ) စတာတွေ ဖြစ်လာရင်တော့ ကင်ဆာကို သံသယဖြစ် ကြပါတယ်။ ကင်ဆာ ကလည်း တကိုယ်လုံးမှာ ဆိုရင် အမျိုးပေါင်း ၁၀ဝ ကျော်လောက် ဖြစ်နေတတ်တာပါ။
လက္ခဏာများ
ကင်ဆာ စတင် ဖြစ်ပေါ်ချိန်မှာတော့ လက္ခဏာ ပြလေ့ မရှိပါဘူး။ အများအားဖြင့် အလုံးအကျိတ် ပေါ်လာတာ၊ အနာဖြစ်လာတာကနေ စတတ်ပါ တယ်။ ဒါပေမယ့် ဖြစ်တဲ့နေရာနဲ့ ကင်ဆာရဲ့ ခြားနားတဲ့ သဘာဝတွေလိုက်ပြီး တခုနဲ့တခု ထပ်တူ တော့ မဟုတ်ပါဘူး။ တချို့ဆိုရင် တခြားရောဂါကို ကုသရင်းမှ တွေ့ရှိရတတ်တာပါ။ ကင်ဆာ စတင် ဖြစ်တဲ့နေရာမှာ လက္ခဏာတွေပြတာမျိုး ရှိသလို ရောဂါရင့်ပြီး အခြားနေရာတွေကို ပြန့်ပွားပြီး ပြတတ်တဲ့ လက္ခဏာတွေလည်း ရှိပါတယ်။
မူလဖြစ်တဲ့ နေရာမှာတော့ အများအားဖြင့် အလုံးအကျိတ်ကြောင့်နဲ့ အနာဖြစ်လာတာကြောင့် လက္ခဏာတွေ ပေါ်လာပါတယ်။ ဥပမာ-အဆုတ် ကင်ဆာဖြစ်ရင် လြွေပန်လေးတွေပိတ်ပြီး ချောင်းဆိုး တာ၊ ရောဂါပိုးဝင်ပြီး အဆုတ်ရောင် နမိုးနီးယားလို ဖြစ်တာတွေကို တွေ့ရမှာပါ။ အစာရေမျိုပြွန် (Oesophagus) ကင်ဆာဆိုရင် အစာရေမျို ကျဉ်းပြီး အစာစားရင် နာကျင်တာ၊ နင်တာမျိုးတွေ ဖြစ်တာပါ။
အူမကြီးနဲ့ စအိုပိုင်း ကင်ဆာတွေမှာ ဆိုရင် ဝမ်းသွားနေကျ ပုံစံ ပြောင်းလာတာမျိုးပါ။ ရင်သားတို့၊ ဝှေးစေ့တို့လို နေရာတွေမှာ ဆိုရင်တော့ အလုံးအကျိတ် စမ်းမိတတ်ပါတယ်။ အကျိတ်တွေက အနာဖြစ်ပြီး သွေးယိုတဲ့ အခါ ချောင်းဆိုး သွေးပါဖြစ်တာ၊ သွေးအားနည်းတာ၊ ဝမ်းသွားရင် သွေးပါတာ၊ ဆီးအိမ်ကင်ဆာမှာဆိုရင် ဆီးထဲသွေးပါတာ မျိုးတွေ ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေ ဖြစ်တတ်တဲ့ သားအိမ်နဲ့ပတ်သက်တဲ့ ကင်ဆာတွေ ကျပြန်တော့လည်း မိန်းမကိုယ်က သွေးဆင်းတာ တွေ တွေ့ရပါတယ်။ သိပ်ရင့်လာတဲ့ အခါ မနာကျင်တဲ့ အလုံးအကျိတ်က နာကျင်လာတတ် ပြန်ပါတယ်။ တချို့ ကင်ဆာတွေ ကျတော့လည်း ဝမ်းဗိုက်မှာ၊ ရင်ဘတ်မှာ အရည်တွေ စုလာတတ် ပြန်ပါသေးတယ်။
ဒီလို လက္ခဏာတွေ ပြတိုင်းလည်းပဲ ကင်ဆာ ဖြစ်နေပြီရယ်လို့ စိတ္တဇ မဖြစ်သင့်ပါဘူး။ သေချာအောင် စမ်းသပ်မှုတွေ ပြုလုပ်ပြီး မှသာ ကင်ဆာလို့ သတ်မှတ်ရမှာပါ။ အခြား နေရာတွေကို ပျံ့နှံ့လို့ဖြစ်တဲ့ လက္ခဏာ တွေလည်း တကိုယ်လုံးမှာ တွေ့တတ်ပါတယ်။ သွေးကင်ဆာလိုမျိုးနဲ့ အသည်း၊ ကျောက်ကပ် ကင်ဆာတွေ မှာတော့ အကြောင်းရင်း ရှာမရတဲ့ အဖျားတက်နေတာကို တွေ့ရလေ့ရှိပါတယ်။
ပျံ့နှံ့တဲ့နေရာ အလိုက် လက္ခဏာတွေကို ကြည့်ရင် ဦးနှောက်နဲ့ပတ်သက်ရင် ခေါင်းကိုက်နေတတ်တာ၊ တက်ချက်တာ၊ မူးဝေတာတွေ အမြဲဖြစ်နေ တတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ဆိုရင် ချောင်းဆိုးတာ၊ ချောင်းဆိုးသွေးပါ ဖြစ်တာ၊ အသက်ရှူ ကျပ်တာတွေ ဖြစ်လာတတ်ပါတယ်။
သားနံရည် ကျိတ်တွေ ရောင်ရမ်း ကြီးမားလာတာကလည်း ကင်ဆာတွေရဲ့ အတွေ့များတဲ့ လက္ခဏာပါပဲ။ အသည်း ကြီးတာ၊ သရက်ရွက်ကြီးတာ၊ အသားဝါတဲ့ လက္ခဏာတွေ ကိုလည်း ရောဂါပျံ့နှံ့ရင် တွေ့ရပါတယ်။ အရိုးတွေ နာကျင်တာ၊ အလိုလိုနေရင်း ကျိုးတာတွေလည်း တွေ့ရတတ်ပါတယ်။ လက်ချောင်းမှာ လက်သည်းတွေ တင်းပုတ်ကြီးလို ဖြစ်လာတာ၊ ရေဖျဉ်းဖြစ်တာ၊ ဦးနှောက်အာရုံကြော ဆိုင်ရာ ပြဿနာတွေ ကြုံလာတာ ကလည်း ကင်ဆာကို ထည့်တွက် စဉ်းစားရမယ့် ပျံ့နှံ့ခြင်း လက္ခဏာတွေပါပဲ။
အကြောင်းရင်း
ဘယ်ကင်ဆာက ဘာကြောင့် အဖြစ်များတယ် ဆိုတာကို လေ့လာတွေ့ရှိချက် တွေနဲ့ ပြောဆိုလာနိုင် ကြပေမယ့် ဒါကြောင့် ဒါဖြစ်တယ်လို့ တထစ်ချပြောဖို့ မဖြစ်နိုင်သေး တာတွေလည်း တွေ့နေရဆဲပါ။
ဆေးလိပ်သောက်တာက ကင်ဆာကြောင့် သေဆုံးမှုမှာ ၂၂ ရာခိုင်နှုန်းလောက် တွေ့ရပြီး အဝလွန်တာ၊ မျှတတဲ့ အစားအသောက်တွေ မစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာနဲ့ အရက်သောက်သုံးတဲ့ အလေ့အထတွေ ရှိသူတွေ ရဲ့ ၁၀ ရာခိုင်နှုန်း လောက်က ကင်ဆာကြောင့် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
တခြား အကြောင်းတွေထဲမှာတော့ ကူးစက် ရောဂါတွေ (အသည်းရောင်ပိုး၊ သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ ပိုး စသဖြင့်) နဲ့ ဓာတ်ရောင်ခြည် တွေ့ထိခြင်းတွေ ပါဝင်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အတွက်ကတော့ ကင်ဆာ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်က အသည်းရောင်ပိုး ဘီ၊ စီ နဲ့ သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်း တွေထဲမှာ မျိုးရိုးဗီဇကလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ကင်ဆာရောဂါသည် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင် နှုန်းလောက်ကတော့ မျိုးရိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆားအငန် စားတာများလို့ အစာအိမ်ကင်ဆာ ဖြစ်တာ၊ ကွမ်းသီးစားလို့ ခံတွင်းကင်ဆာ ဖြစ်တာ၊ အသည်းရောင် ဘီ၊ စီ တွေကြောင့် အသည်းကင်ဆာ ဖြစ်တာ ဆိုသလို တိကျတဲ့အကြောင်းတွေလည်း ရှိတတ်ပါတယ်။ သွေးဆုံး အမျိုးသမီးတွေရဲ့ ဟော်မုန်း ကုထုံးတွေ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု များပြားတာတွေ ကလည်း အကြောင်းတွေ ပါပဲ။
ကင်ဆာရောဂါ ရှာဖွေခြင်း
တိုးတက်လာတဲ့ ပစ္စည်းကိရိယာ၊ နည်းလမ်း တွေနဲ့ အညီ ကင်ဆာကို နည်းမျိုးစုံနဲ့ စမ်းသပ်ရှာဖွေ အတည်ပြု နိုင်နေပါပြီ။ အမှတ်တမဲ့ တွေ့ရှိတာဖြစ်စေ၊ ရောဂါလက္ခဏာတွေကို သံသယဖြစ်လို့ ဖြစ်စေ ထပ်မံ စမ်းသပ်ရှာဖွေ ရပါတော့တယ်။ ရိုးရိုးဓာတ်မှန် ကအစ သွေးစစ်တာ၊ အသားစယူတာ၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်တာ၊ သံလိုက်လှိုင်း ဓာတ်မှန်ရိုက်တာ စတဲ့ နည်းလမ်းပေါင်း များစွာနဲ့ပါပဲ။ ဖြစ်နေတဲ့ လက္ခဏာ၊ တွေ့ရှိရတဲ့ စမ်းသပ်ချက် ပေါင်းစုံနဲ့ အဖြေရှာ ညှိပြီးမှ ရောဂါကို အတည်ပြုရတာပါပဲ။
ကင်ဆာဖြစ်ပွားမှုအခြေအနေ
၂၀၁၂ ခုနှစ် လေ့လာချက်အရ ၁ နှစ်အတွင်း ကင်ဆာဝေဒနာရှင် ၁၄ ဒသမ ၁ သန်း လူနာသစ် တွေ့ရပြီး ၈ ဒသမ ၂ သန်း ကတော့ သေဆုံးကြတယ် လို့ ဆိုပါတယ်။ အတွေ့များတဲ့ ကင်ဆာတွေကတော့ အဆုတ် ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အူမကြီးနဲ့ စအို ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာတွေ ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာတွေ ကလည်း အဖြစ်များတဲ့ အထဲမှာ ပါဝင်ပါတယ်။ အရေပြားကင်ဆာ၊ ဦးနှောက် ကင်ဆာ၊ သွေးကင်ဆာတွေလည်း တွေ့ရှိရတတ်တဲ့ အထဲမှာ ပါဝင်ပါတယ်။
ကာကွယ်လို့ ရနိုင်သလား
အနေအထိုင် အစားအသောက်ပိုင်းမှာ သတိမူ ဆင်ခြင် နေထိုင်တတ်တာတွေက ကင်ဆာဖြစ်ပွားမှု အလားအလာကို အနည်းနဲ့ အများတော့ ကာကွယ် ပေးနိုင်မှာပါ။ ဆေးလိပ် မသောက်တာ၊ အဝ မလွန်အောင် ထိန်းတာ၊ အာဟာရ မျှတတဲ့ အစား အသောက်ကို ရွေးချယ် စားသောက်တာတွေက ကောင်းတဲ့ အလေ့ အထတွေပါ။
ကိုယ်လက်လှုပ်ရှား မလုပ်တာ၊ အရက်သောက်လွန်တာ၊ လိင်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ဖြစ်တာ၊ လေထုညစ်ညမ်းတာ တွေကလည်း ကင်ဆာဖြစ်စေတာမို့ သတိထားရှောင် ကြဉ်ပြီး ကာကွယ်နိုင်ပါတယ်။ ဓာတ်ရောင်ခြည်တွေနဲ့ တိုက်ရိုက် မထိတွေ့အောင်၊ ခရမ်းလွန်ရောင်ခြည်တွေ အချိန်ရှည်ကြာ မထိတွေ့ အောင် နေထိုင်ဖို့လည်း လိုအပ်တာပါပဲ။
ကြောက်စရာကောင်းသလို တကယ်လည်း ထိတ်လန့်စရာ ကင်ဆာနဲ့ပတ်သက်ပြီး သတိထား သင့်သလို အကြောက်လည်း မလွန်ရအောင် အခြေခံ အချက်ကလေးတွေကို ဗဟုသုတအဖြစ် အသိပေး လိုက်ပါတယ်။ အဖြစ်များပြီး ခြောက်လှန့်နေတဲ့ ကင်ဆာတွေအတွက် နောက်ထပ် အသေးစိတ် ဆက်လက်တင်ပြသွားဖို့ ရည်ရွယ် ထားတာကိုလည်း အသိပေးအပ်ပါတယ်။