အကျဉ်းသား မိသားစုတွေအနက် ကြိုးတိုက်ထဲက ကြိုးသမား အကျဉ်းသား မိသားစုတွေရဲ့ အခက်အခဲက ပိုဆိုးကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကလည်း ငွေများတရားနိုင် ဆိုပေမယ့် သေဒဏ်ကျလာတဲ့ ကြိုးသမား အများစုဟာ ငွေမလိုက်နိုင်ကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ တဖက်ကလည်း ကျူးလွန်တဲ့ပြစ်မှုဟာ သေဒဏ် ကျနိုင်တဲ့ ပြစ်မှုမျိုးဖြစ်နေရင်လည်း တချို့ ငွေလိုက်နိုင်ပေမယ့် သေဒဏ်ကျသူမျိုးလည်းရှိပြီး ရှားတော့ရှားပါတယ်။
ဒါ့အပြင် ကြိုးသမားတွေရဲ့ မိသားစု စီးပွားရေး ကလည်း အမှုဖြစ်စဉ်က ရှိသမျှ အိမ်၊ ခြံ၊ မြေ၊ ယာတွေထုခွဲရောင်းချပြီး ကုန်သလောက်ရှိမှ အမှုပြတ်တယ်လို့ ကြိုးသမားတွေကပြောကြပါတယ်။ ဒီတော့ ကြိုးသမားတွေရဲ့ မိသားစုတွေဟာ အတော်ချို့တဲ့ ကြတာ များပါတယ်။
ဒီအထဲမှာ လွတ်ရက်ရှိတဲ့ တခြား ရာဇဝတ် ထောင်ကျ အကျဉ်းသားတွေရဲ့ မိသားစုထက် ခံစားချက်ကပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးသမားမှာ လွတ်ရက်ဆိုတာ မရှိတာကြောင့်ပါ။ ကြိုးသမားမိသားစုဝင်တွေဟာ တချိန်ကဆို ကြိုးတိုက်ထဲက ကြိုးသမားရဲ့ အခန်းရှေ့အထိ လာရောက် ထောင်ဝင်စာတွေ့ခွင့် ရခဲ့ကြတာပါ။
ဒါကြောင့် အဲဒိကာလက ကြိုးသမား မိသားစုဝင်တွေဟာ အကျဉ်းသားတွေကိုထားတဲ့ အကျဉ်းထောင်ဝန်းထဲ တရားဝင် ဝင်ရောက်ခွင့်ရခဲ့ပြီး တိုက်ဝန်းထဲက ကြိုးသမားရဲ့ အခန်းရှေ့ ထောင်ဝင်စာတွေ့ချိန်မှာ ကြိုးသမားရဲ့ ထောင်တွင်းဘဝကို မျက်ဝါးထင်ထင် တွေ့မြင်တော့ သူတို့ရင်ထဲ ပိုခံစားကြရပါတယ်။
ထောင်လောက အပြောင်းအလဲများတတ်လေတော့ အဲဒီလို အခြေအနေတွေကနေ နောက်ပိုင်း တိုက်ဝန်းထဲက ရုံးခန်းမှာ ကြိုးသမားနဲ့ မိသားစုကို တွေ့ခွင့်ပေးတာမျိုးဖြစ်သွားပါတယ်။
ကျနော်တို့ ကြိုးသမားဖြစ်လာတဲ့ အလှည့်ရောက်မှ တခြားအကျဉ်းသားတွေနည်းတူ ထောင်ဝင်စာ အခန်းမှာ တွေ့ခွင့်ရပြီး သီးသန့်ရက်တခုကို သတ်မှတ်ခဲ့တာပါ။ ဒီအကြောင်း ရှေ့ပိုင်းမှာ ရေးပြခဲ့ဖူးပါတယ်။
ကြိုးသမားကလည်း သူ့ကို ထောင်ဝင်စာတွေ့ပြီး ပြန်သွားတဲ့ မိသားစုအကြောင်း၊ သူ့မိသားစုကလည်း သူတွေ့ခဲ့မြင်ခဲ့ရတဲ့ ကြိုးသမားရဲ့အကြောင်းတွေးရင်း ရက်တွေကို ကျော်ဖြတ်ရတာပါ။
ကြိုးသမားတွေအတွက်တော့ ဖြေသိမ့်ရာ၊ အတွေးအမျှင်ပြတ်ဖို့ ဘုရားစာရွတ်လိုက်၊ ပုတီးစိပ်လိုက်၊ စကားပြောလိုက်၊ ကျားထိုးလိုက်၊ အိပ်လိုက်၊ စားလိုက်နဲ့ မှောင်ပျပျ အခန်းငယ်ထဲ အထီးကျန်လေ့ ရှိပါတယ်။
ခေတ်အဆက်ဆက် ကြိုးသမားတွေရဲ့ ဘဝအမောတွေက ပြောမဆုံးနိုင်ဘူး ထင်ပါတယ်။ ဒီလို ဘဝအမောတွေ၊ အထီးကျန်မှုတွေကို ပြေလျော့စေတဲ့ အခြေအနေတခုက ဖန်တီးလာခဲ့ပါတယ်။
ဒါကတော့ လူပေါင်းစုံရှိတဲ့ ကြိုးတိုက်ထဲကို မိန်းမလျာတွေ ရောက်လာခဲ့တာပါပဲ။
သူတို့တွေကတော့ ၁၉၉၅ ခုနှစ်က အင်းစိန် သီးသန့်ထောင်မှာ ထိုင်းနဲ့ မြန်မာအကျဉ်းသားတွေ ခိုက်ရန်ဖြစ်ပွားမှု အပြီး အင်းစိန်ထောင် ပင်မဝန်းထဲက ကြိုးတိုက်ထဲကို ရောက်လာကြတာပါ။
မိန်းမလျာတွေထဲမှာ ခိုးမှုအစ၊ လိမ်လည်မှုနဲ့ ဆေးမှုအလယ် လူသတ်မှုအဆုံး အမှုမျိုးစုံနဲ့ ထောင်ဒဏ်ကျလာသူတွေ ရှိသလို တချို့ကလည်း အချုပ်သား ဘဝနဲ့ တရားရင်ဆိုင်ရဆဲ ရုံးထွက်နေရဆဲ ဖြစ်ကြပါတယ်။
ယောက်ျားရင့်မာပုံစံအစ၊ မနွဲ့တနွဲ့ အလယ်၊ မိန်းကလေးနဲ့ ထင်မှတ်မှားလောက်တဲ့ မိန်းမလျာမျိုးတွေရှိသလို ပညာတတ်ဘွဲ့ရ ကြေးရတတ်မိန်းမလျာတွေလည်း ပါဝင်ပါတယ်။
မိန်းမလျာတွေကလည်း အစွမ်းကုန် သူတို့ ကိုယ်သူတို့ အလှဆင်ပြီး မိန်းမနဲ့ မတူတူအောင် ပြင်ဆင်၊ မိန်းမအသံ၊ မိန်းမအမူအရာနဲ့ ကြိုးတိုက်ထဲက ကြိုးသမားတွေ၊ တခြား အကျဉ်းသားတွေကို ဆွဲဆောင်ကြပါတော့တယ်။
သူတို့ရောက်လာပြီး ရက်ကလေးရလာတာနဲ့ သူတို့မှာ အတွဲကိုယ်စီ ရှိနေကြပါပြီ။ အတွဲတောင်မှ ထူးခြားတာက မိန်းမလျာတယောက်ဟာ ရည်းစား ၃ ယောက်၊ ၄ ယောက် အနည်းဆုံး ထားကြပါတယ်။
မိုးလင်း၊ မိုးချုပ် အိပ်ရာထ၊ အိပ်ယာဝင်တိုင်း နွဲ့နွဲ့နှောင်းနှောင်း အသံစုံနဲ့ “ကိုကို”၊ “ မောင်မောင်” တီတီတာတာ ပြောသံတွေ နေ့စဉ်ကြားနေခဲ့ရပါတယ်။
အဲဒီအချိန်က တိုက်ဝန်းထောင်မှူးကြီး ဦးစောဇင်မြက ကျနော်နဲ့ ကိုဘိုကြည်ကို အတော်အငြိုးထားပြီး မိန်းမလျာတွေနဲ့ မျက်နှာချင်းဆိုင် အခန်းတွေမှာ ထားပါတယ်။
သူ့ရည်ရွက်ချက်က တခြား နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဝေးရာမှာ ကျနော်တို့ကို ရှိစေချင်တယ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ မိန်းမလျာတွေနဲ့ မိုးလင်းက မိုးချုပ် မြင်နေရ၊ တွေ့နေရ၊ တခါတရံ စကားပြောဖြစ်ကြနဲ့ ရင်းနှီးမှုရှိလာခဲ့ပါတယ်။
အဲဒီမိန်းမလျာတွေထဲက မှတ်မှတ်ရရ သံရုံး တခုက အရာရှိတဦးလည်းရှိသလို ဆံပင်၊ မိတ်ကပ် ပညာရှင်လည်းရှိတယ်။ နတ်ချော့သူ နတ်ကတော်လည်းရှိသလို စိန်၊ ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်သူမျိုးလည်း ရှိတယ်။
မိန်းမလျာတွေ သူတို့အချင်းချင်း ခေါ်ဝေါ်တဲ့ အမည်နာမတွေက ပြင်ပကလူတွေကြားရင် အံ့ဩကြမယ်ထင်ပါတယ်။ အစိုးရစစ်တပ်မှာ တပ်ကြပ်တာဝန်ထမ်းဆောင်ရင်း ထောင်ကျခဲ့သူ တဦးဆို လူပုံက တကယ့်ယောက်ျားရင့်မာကြီးပါ။ သူ့ကိုတော့ တခြားမိန်းမလျာတွေက စစ်သားလို့ မခေါ်ဘဲ “စစ်သမီး” တဲ့။
ပိုပြီးထူးခြားတာက ခေါင်းတုံးဆံတောက်နဲ့သူ ပါ။ ဒုလ္လဘရဟန်းဝတ်ရင်း အမျိုးသားတဦးနဲ့ လိင်ဆက်ဆံလို့ သာသနာ ညှိုးနွမ်းမှုနဲ့ ကျလာသူကိုတော့ သူတို့ချင်း အမည်ကင်ပွန်း တပ်လိုက်ပုံက နားထဲ လန့်သွားခဲ့တယ်။ ဘာတဲ့ “ဘုန်းကြီးမ” တဲ့။
တချို့လည်း ထောင်ထဲမှာ အနေအစားချောင်ဖို့ နွဲ့ပြလိုက်ပြီး မိန်းမလျာဇာတ်ရုပ် ကပြကြတာ တွေလည်း ရှိပါရဲ့။ ဒါကလည်း သူတို့ကို အပြစ်မပြောသာပေဘူး။
အမျိုးသားအဆောင်တွေနဲ့ တိုက်ဝန်းထဲမှာ မိန်းမဆိုတာ အရုပ်ရေးကြည့်မှ မြင်နိုင်ရတာမျိုးမှာ ပန်းသီးမရှိခိုက် သစ်တော်သီးကို အစားထိုး ခံစားဆိုသလို မိန်းမလျာတွေကို မိန်းမအစစ်တွေလိုသဘောထားပြီး ပိုးပမ်းကြတာပေါ့လေ။
“စောနောင်” နဲ့ “မာဂရက်” လို့ ခေါ်ကြတဲ့ နှစ်ဦးကတော့ မိန်းကလေးအလား ထင်မှတ်မှားနိုင်ပေမယ့် ကျလာတဲ့အမှုက လူသတ်မှု။
သူတို့နှစ်ဦးထဲက တဦးရဲ့ချစ်သူ ယောက်ျားလေးက မိန်းကလေး တယောက်ကို ရည်းစားထားလို့ ကတ်ကြေးနဲ့ထိုး၊ အုတ်ခဲနဲ့ ထုသတ်ခဲ့လို့ တဦးက လူသတ်မှု၊ တဦးက လူသတ်မှု ကူညီလို့ ဖမ်းဆီးခံ ထားရပြီး အမှုရင်ဆိုင်ဖို့ ပုံမှန်တရားရုံးကို ထွက်နေရ သူတွေပါ။
သူတို့အများစုက ရုံးထွက်ရက်တွေဆို အလွန်ပျော်ကြတာ သတိထားမိပါတယ်။
ဘာကြောင့်လဲဆိုတော့ ရုံးထွက်ရင်အချုပ်ကားပေါ်မှာ သူတို့ ကျေကျေနပ်နပ် စိတ်ဖြေသိမ့်လို့ ရကြလို့ ဆိုသူမျိုးလည်း ရှိသလို သူတို့အတွက် ရုံးထွက်ချိန်မှာ မိသားစု၊ မိတ်ဆွေတွေ လာပေးတဲ့ စားကောင်းသောက်ဖွယ်တွေ စားရလို့ ဆိုသူမျိုးလည်း ရှိပါတယ်။
ကျနော်တို့ကို စိတ်အနှောင့်အယှက် ဖြစ်စေဖို့ မိန်းမလျာ အခန်းရှေ့မှာ ထားခဲ့တဲ့အတွက် ညဖက် ထောင်ဝန်ထမ်း တချို့နဲ့ အချိန်မတော် မြင်မကောင်း၊ တွေ့မကောင်းတွေ ရှိတတ်ပေမယ့် နောက်ပိုင်းတော့ မိန်းမလျာတွေနဲ့ ရင်းနှီးလာတဲ့အခါ သူတို့ဘဝ၊ သူတို့အကြောင်းတွေ သိခွင့်ရခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်တခုက ဘာကြောင့် မိန်းမလျာဖြစ်ရလဲဆိုတာ ရေးထားတဲ့ သတင်းဆောင်းပါးတွေကို မိန်းမလျာတယောက် ရုံးထွက်ကအပြန် သူ့နည်းသူ့ဟန်နဲ့ သယ်ယူလာပါတယ်။
လျှို့ဝှက်စွာနဲ့ ယူလာပေးတဲ့ မိန်းမလျာဆိုင်ရာ သုတေသန လုပ်ထားတဲ့ သတင်းစာရွက်တွေက အင်္ဂလိပ်စာ လေ့လာသူအတွက်လည်း အဆင်ပြေ၊ ဗဟုသုတလည်း ရခဲ့တယ်။
မိန်းမလျာ ပါမောက္ခတွေ ကိုယ်တိုင်က သူတို့ ဘာကြောင့် မိန်းမလျာဖြစ်ရတယ်ဆိုတာကို သုတေသနပြုထားကြတဲ့ လေ့လာတွေ့ရှိချက်တွေပါ။
မှတ်မှတ်ရရ သုတေသနပြုချက်တခုမှာ ဖော်ပြထားတာက ယောက်ျားလေးနဲ့ မိန်းကလေးဟာ မွေးလာကတည်းက ကာမစိတ်ကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက အခန်းတခုဟာ ပမာဏ မတူကြဘူးတဲ့။
ဒါပေမယ့် မွေးလာကတည်းက ယောက်ျားလေး တယောက်ဟာ သူ့ရဲ့ကာမစိတ်ကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက အခန်းရဲ့ပမာဏဟာ မိန်းကလေးတွေလို သုံးပုံတပုံ ပမာဏအရွယ်သာ ဖြစ်လာနေတာ အများစုဖြစ်တယ် လို့ ဆိုတယ်။ ဒါကြောင့် မိန်းမလျာ အများစုဟာ မွေးလာကတည်းက ရှောင်လွှဲလို့မရဘဲ မိန်းမလျာဖြစ်မယ့် အခြေအနေ ပါရှိလာပြီးသား ဖြစ်တယ်လို့ဆိုတယ်။
ခြွင်းချက်အနေနဲ့ ပတ်ဝန်းကျင် စေ့စော်မှုနဲ့ လိင်စိတ်လွန်ကဲမှုကြောင့် မိန်းမလျာ ဖြစ်သွားရသူတွေ အကြောင်းလည်း မှတ်မိသေးတယ်။ ဒါကတော့ ကြိုးတိုက်ဋီကာထဲက မိန်းမလျာ ဝန်းကျင်မှာ ကျင်လည်ခဲ့ရတဲ့အကြောင်း တစေ့တစောင်းပေါ့။
မိန်းမလျာဆိုတာလည်း လူသားထဲက လူသားပါပဲ။ ကံကောင်းချင်တော့ မိန်းမလျာတချို့က သတင်းငတ်နေတဲ့ ကျနော်တို့ရဲ့အခြေအနေကို သိတော့ သတင်းစာ၊ ဂျာနယ် စတာတွေကို ရုံးထွက်က ပြန်လာတိုင်း စွန့်စားပြီးယူလာပေးကြတယ်။
သူတို့ယူလာပေးတဲ့ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်အပိုင်းတွေကို ထောင်ဘူးဝနဲ့ အဆင့်ဆင့် စစ်ဆေးရေး ဂိတ်တခုခုက တွေ့လိုက်ရင်တော့ ထောက်ခြေချင်းနဲ့ ပြစ်ဒဏ်ကို သေချာပေါက် သူတို့ ရင်ဆိုင်ကြရမှာပါ။
မိန်းမလျာတချို့က နိုင်ငံရေး စိတ်ဝင်စားကြပြီး အပြင်က နိုင်ငံရေးသတင်းတွေလည်း သယ်ဆောင်လာပေးတတ်တယ်။ နောက်ပိုင်းတော့ မိန်းမလျာ တယောက်ကဆို ထောင်တွင်းမှာ အလွန်လျှို့ဝှက်စွာ အသုံးပြုနေတဲ့ ရေဒီယိုရဲ့ ခွန်အားဖြစ်တဲ့ ဓာတ်ခဲတွေလည်း သယ်လာပေးတယ်။
မိန်းမလျာတွေအကြောင်း ရေးဖြစ်သွားတာလည်း အခုချိန်မှာ သက်ရှိထင်ရှား ရှိ၊ မရှိ မသေချာတဲ့ မိန်းမလျာတဦးရဲ့ စွန့်စားကူညီပေးခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ရေးဖြစ်သွားတာပါ။ ဒါဟာ လူတိုင်း မလုပ်နိုင်တဲ့ စွန့်စားခန်း တခုဖြစ်တယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါကိုသူတို့ တကယ်ကူညီပေးခဲ့ကြပါတယ်။
ကြိုးတိုက်ထဲကနေ ရုံးထွက်နေသူတွေထဲက မိန်းမလျာတွေလည်း ထောင်ကျသူ ကျ၊ လွတ်သူက လွတ်၊ တချို့ အကြိမ်ကြိမ်အဖမ်းခံရပြီး အကြိမ်ကြိမ် ပြန်လွတ်သွားတာမျိုးတွေ ရှိပါတယ်။ နောက်ပိုင်းတော့ ကြိုးတိုက်ထဲ လူထပ်ထည့်ဖို့ လိုအပ်လာတော့ သူတို့ကို ထောင်အသီးသီးကို ပြောင်းရွှေ့လိုက်ပါရော။
ဒီမှာပဲ ကြိုးတိုက်ထဲက တချို့ ကြိုးသမားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေမှာ မျက်ရည်စက်လက်နဲ့ အလွမ်းတွေသယ်ရင်း မိန်းမလျာနဲ့ ချစ်ဇာတ်လမ်းတွေ တခန်းရပ်သွားတယ်။
တဆက်တည်းမှာပဲ အင်းစိန်ထောင်ထဲ ရောက်လာခဲ့တဲ့ ထူးထူးဆန်းဆန်း လိင် ၂ ခုပါတဲ့ ဘဏ်မန်နေဂျာတဦး အကြောင်းလည်း ပြောပြချင်ပါတယ်။
သူက ငွေအလွဲသုံးစားမှုနဲ့အဖမ်းခံရပြီး အင်းစိန်ထောင် အချုပ်ဆောင်ကို ရောက်လာခဲ့တာပါ။ အမျိုးသားဆောင် ရောက်လာတဲ့ သူ့ရဲ့ သွင်ပြင်လက္ခဏာကလည်း ခန့်ခန့်ညားညားဆိုတော့ ယောက်ကျားအဖြစ်ပဲ မြင်ခဲ့ကြတာပေါ့လေ။
ဒါပေမယ့် တရက်မှာတော့ သူကမိန်းမသဘာဝ ဓမ္မတာလာလို့ တခြား အကျဉ်းသားတွေလည်း သိသွားပြီး နောက်ဆုံး ထောင်အာဏာပိုင်ဆီ သတင်းရောက်သွားတာနဲ့ သူ့ကို ကြိုးတိုက်နဲ့ ကပ်လျက်ရှိတဲ့ ၁ တိုက်ထဲမှာ လာထားတယ်။
လိင် ၂ ခုပါတယ်ဆိုတော့ သူ့အခန်း သံတိုင် တံခါးတွေ အောက်ပိုင်းကိုလည်း သံပြားကပ်လိုက်တယ်။ ဒါကလည်း အမျိုးသား ထောင်ဝန်ထမ်းတွေနဲ့ တချို့ အမြဲဆင်းလို့ခေါ်တဲ့ တိုက်ဝန်းအကူ ရာဇဝတ် အကျဉ်းသားတွေ သရမ်းတတ်တာသိလို့ ကြိုတင် ကာကွယ်တာ ဖြစ်နိုင်ပါတယ်။
ဒွိလိင်ဆိုတာ ဘဝမှာ မမြင်ဖူးလေတော့ တာဝန်ကျ ဝန်ထမ်းနဲ့ညှိပြီး သူထားရာအခန်းကို မရောက်ရောက်အောင် သွားကြည့်ခဲ့တယ်။ လေ့လာခဲ့ဖူးတယ်။ တကယ်လည်း ထူးဆန်းတဲ့ လောကကြီး ပဲ။
ယောက်ျားတယောက် ခန္ဓာကိုယ်နဲ့ ဖို၊ မ လိင်အင်္ဂါ ၂ ခု စလုံးပါပြီး ၂ ခုလုံးက အလှည့်ကျ နိုးကြားတယ်လို့ သူကပြောပြတယ်။ ဒါပေမယ့် သူ့မှာ မိန်းကလေး ချစ်သူရည်စား၊ မိန်းမ မရှိသလို ယောက်ျားလေး ချစ်သူ၊ ရည်စားလည်း မရှိဘူးလို့ သိရတယ်။
သူ့ကိစ္စကို သိသူဟာ တချိန်ကတော့ သူ့မိဘ အရင်းအချာပါပဲတဲ့။
မတော်ခလုတ်တိုက်ပြီး ငွေကြေး ပြဿနာကြောင့် ဘဏ်လက်ထောက် မန်နေဂျာ အဆိုပါလူမှာ အဖမ်းခံရပြီး ထောင်ထဲရောက်မှ သူ့အဖြစ်ကို လူတကာသိသွားရတဲ့ အခြေဆိုက်တာပါလို့ သူကပြောပြတယ်။
ဆက်လက်ဖော်ပြပါမည်။
(လင်းသန့်သည် ၈ လေးလုံး ကာလတွင် ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက် သေဒဏ်ချမှတ် ခံရပြီး အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် ၁၉ နှစ်ကြာနေထိုင်ခဲ့ရသည်။)