ဆောင်းပါး

ဆြာဒင်နှင့် ဦးနှောက်တွင် မုန်တိုင်းဆင်ကြသူများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ရဲဘော်တို့ … အဲလေ တပည့်တို့ … ဒီခေတ်ကြီးဟာ ပညာခေတ်ကြီးဖြစ်တယ်၊ နည်းပညာခေတ်ကြီးဖြစ်တယ်။

စက္ကန့် မိနစ်နဲ့ အမျှအသစ် အဆန်းမျိုးစုံ ပေါ်ထွက်နေတဲ့ကာလကြီးမှာ တို့နိုင်ငံဟာ စစ်ဝါဒစနစ်ဆိုးကြီးကြောင့် မိအေးလေးငါးခါ နာခဲ့ရတဲ့ နိုင်ငံဘဝမှာပဲရှိနေဆဲ ဖြစ်တယ်။

ဒီတော့ကာ သူတပါး နိုင်ငံတွေခြေတလှမ်း လှမ်းရင် ဆြာတို့က လေးငါးဆယ်လှမ်းတန်သည် အလှမ်းနှစ်ဆယ် တန်သည်လှမ်းနိုင်မှ တော်ကာကျမယ်။

ဒါကြောင့် တပည့်တို့လူငယ်တွေဟာ အတွေးအခေါ်အယူအဆသစ်တွေနဲ့ ခေတ်နဲ့အမီရင်ဘောင် တန်းနိုင်ဖို့ အတွက် မောင်တို့ရဲ့ ဦးနှောက်တွေကို မုန်တိုင်းဆင်ကြရမကွဲ့ ကြပ်ကြပ်ကြီးမှတ်ကြပါလေ။ ကြားကြရဲ့လားတပည့်တို့”

“ဟုတ်ဆြာ သေချာပေါက် ဧရာမ မုန်တိုင်းကြီးဖြစ်ရပါစေ့မယ် ယုံလိုက်ပါဆြာ”

“စိတ်ချပါဆြာ တပည့်ဦးနှောက်ထဲက အပြင်းထန်ဆုံးမုန်တိုင်းကို ဆြာဒင်မကြာခင်မြင်ရတော့မှာပါ”

“နာဂစ်က အဘခေါ်ရအောင် မုန်တိုင်းဆင်ပြပါ့မယ်ဆြာ စိတ်အေးချမ်းသာနေပါလေ”

“တပည့်တို့ ကမ္ဘာမြေပထဝီဝင်နဲ့ သမိုင်းရာဇဝင် အစောင်စောင်ကိုလေ့လာကြရမယ် facebook ပေါ်တက်ပြီး အချိန်မဖြုန်းကြပါလေနဲ့။

ဘာမြူဒါမှာလေယာဉ်တွေ ပျောက်တယ်၊ မလေးရှာဘိုးရင်း ဂျက်လေယာဉ်ကြီး ဘယ်ရောက်သွားမှန်း မသိဘူး ဆိုတာတွေကို မျက်တောင်လေး ပေကလပ်ကလပ်နဲ့ယောင်ပေ တစခန်း မရပ်လိုက်ကြပါနဲ့၊ နက်နဲလှတဲ့ ပုစ္ဆာတွေဟာ ဉာဏ်ကြီးရှင်တပည့်တို့ကို အသင့်စောင့်ကြို နေကြ လေရဲ့။

စနစ်တကျ တွေးခေါ် တတ်လာတဲ့အခါ၊ ဖောက်ထွက်တွေးတောနိုင်တဲ့အခါ တပည့်တို့ ကိုယ်တိုင်ဒီနက်နဲလှ တဲ့ပုစ္ဆာတွေကို ဖြေရှင်း နိုင်သူ တွေဖြစ်လာနိုင်တယ်။
ဒီတော့ကာ တပည့်တို့ရဲ့ဦးနှောက်တွေကို ပြင်းထန်တဲ့ မုန်တိုင်းတွေဆင်ကြရမယ်၊ ရှင်းရဲ့လား တပည့်တို့”

“ဟုတ်- ရှင်းပါတယ်ဆြာ၊ အုန်းသီးတွေထဲကို ရေဘယ်သူထည့်သလဲဆိုတဲ့ ပုစ္ဆာကိုအဖြေထုတ်နိုင်တဲ့အထိ တပည့် ကြိုးစားသွားမှာပါ”

“မပူပါနဲ့ဆြာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီကိုလုပ်ကြံခဲ့တဲ့တရားခံအစစ်ကို ဖော်ထုတ်နိုင်အောင် တပည့် လေ့လာနေပါပြီဆြာ”

“ကမ္ဘာကြီး နှစ်ဆယ့်သုံးနှစ်ပိုင်း တပိုင်း ဒီဂရီတိမ်းစောင်းနေရခြင်းရဲ့ အကြောင်းရင်းဇစ်မြစ်ကို တပည့် ကိုယ်တိုင် မကြာခင် ဖော်ထုတ်နိုင်မှာပါ ဆြာ”

ဆြာဒင်ကိုယ်တိုင်သာ၊ သင်းတို့အရွယ်မှာ ဤလိုခေတ်ကြီးဖြင့် ကြုံကြိုက်ခဲ့ပါမူ၊ လောကကြီးကို ခါးစောင်း တင်နိုင်မည့်သူ ဖြစ်လေသော်ငြား၊ အသက်အားဖြင့် ဇရာဘက်သို့ချဉ်းခဲ့ပြီးဖြစ်၍ မစွမ်းနိုင်တော့ရကား၊ မျိုးဆက်သစ် တပည့်ကိုသာ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်အစရှိသည့် ဆြာ့ဝတ္တရားငါးပါးနှင့် အညီ ပညာတည်းဟူသော ခေတ်ကြီးကို ဦးနှောက်တွင် ဆင်အပ်သော မုန်တိုင်းဖြင့် ဖြတ်ကျော်ချီတက်ကြရန်၊ အထက်တွင်ဆိုခဲ့ဘိသကဲ့သို့ အခွင့်ရလျှင်ရသလို အမြဲတစေလမ်းညွန် သွန်သင်ခဲ့ရချေသည်။

အနှီသို့လျှင် ဖူးခက်တည်းဟူသော တနယ်ရပ်ကျေး၊ အဝေးနယ်တွင်နေထိုင်ကြသော ရွှေ့ပြောင်းအလုပ် သမား စာရင်းဝင် ချစ်စွာသော တပည့်တို့အား၊ ပါးစပ်မှအမြှုပ်တစီစီပွက်လျှက်၊ လိပ်ခေါင်းထွက် မတတ်၊ စေတနာရှေ့ထားကာ၊ သင်ကြား ပို့ချရခြင်း၏ ရည်ရွယ်ချက်ကား၊ ဇာတိနိုင်ငံတွင် ခြေခင်းလက်ခင်း သာသည့် တနေ့၊ ပြည်တော်ပြန်ကြသည့်အခါ တိုင်းကျိုးပြည်မှု ပြုနိုင်ကြစေရန်တည်း။

ဤသို့ဖြင့် ဆြာကောင်းထံတွင် သုံးနှစ်သုံးမိုးမက ပညာရင်နို့သောက်စို့ခဲ့ကြလေသော တပည့်ကျော်တို့၏ မြင့်မားလာသော ဉာဏ်ရည် စွမ်းပကား အတိမ်အနက်ကို အောက်ပါဖြစ်ရပ်တို့ဖြင့် ချိန်ထိုးသိရှိနိုင်လေသည်။

တခုသောညနေတွင် ဆြာဒင်ကိုယ်တိုင်မောင်းနှင်သည့် ကားပေါ်သု့ိတပည့်ကျော် ကပ္ပလီကိုတင်ဆောင်ခေါ် ယူကာ အိမ်နှင့် တမိုင်ကျော်ခန့်ကွာဝေးသည့် ဘတ်စ်ကားဂိတ်တွင် ရနောင်းမြို့မှ တင်ဆောင်ပေးလိုက်သည့် ဂျာနယ်မျိုးစုံ ထည့်ထားသော ပါဆယ်အိတ်ကြီးတအိတ်ကို ယူဆောင်ရန် ထွက်ခွာလာခဲ့ကြချေသည်။

ကပ္ပလီငယ်သည် ဘတ်စ်ကားဂိတ်သို့ရောက်သည်နှင့်ပင် ကီလိုငါးဆယ်ခန့် လေးလံသည့် ၎င်းပါဆယ် ထုတ်ကို ပုခုံးထက်တွင် ထမ်းလျက် ကားဆီသို့ပြန်လာ၏။

ကားတွင်းသို့ ဝင်ထိုင်နေသည့်တိုင် ပုခုံးပေါ်မှ ဂျာနယ်ထုတ်ကို အထမ်းမပျက် ထမ်းထားဆဲဖြစ်ပင်တည်း။

ထူးခြားလှသော လုပ်နည်းလုပ်ဟန်ကြောင့် ဆြာဒင့့်ခမျာ တပည့်ကျော်၏ စဉ်းစား တွေးခေါ်ပုံကို ဉာဏ်မမီသည့်အလျောက် မေးမြန်းသမှု ပြုရလေ၏။

“အလို အမောင်ကပ္ပလီငယ် ကားပေါ်ရောက်နေကမင့်ဟာ ပုခုံးထက်က ဝန်ထုတ်ဝန်ပိုးကို သင့်ဘေးခုံပေါ်ဝယ် မချသင့်ပြီလော”

“တပည့်၏ ဦးနှောက်တွင်ဆင်သောမုန်တိုင်းကြောင့် ပုခုံးထက်မှမချစတမ်း ထမ်းထားခြင်းပါဆြာ”

“အသို့လျှင်ထူးခြားသော ရည်ရွယ်ချက်ရှိလေသနည်း ရှင်းပါဦးအံ့”

“ဒီလိုပါဆြာဒင် ဘယ်သူမဆိုကားပေါ်ရောက်ရင် ဒီအထုတ်ကြီးကို ဘေးခုံပေါ်မှာချပြီး အငြိမ့်သားထိုင်လိုက် ပါကြမှာပါ၊ တပည့်က သူတပါးနဲ့မတူ တမူထူးခြားချင်တဲ့အတွက် ဆက်ထမ်းထားတာပါဆြာ၊ နောက်တချက်က တပည့်ဦးနှောက်မှာ ဆင်ထားတဲ့ အားပြင်းမုန် တိုင်းကို ဆြာဒင်မျက်ဝါးထင်ထင်မြင်စေချင် လို့ပါ”

တပည့်ကျော်၏ ဦးနှောက်တွင်းမှ မုန်တိုင်းပြင်းအားမှာ ဆြာဒင့်ရင်ဘတ်ကိုသွင်သွင် ကျိုးစေလောက်အောင် ပြင်းထန်နေခဲ့ ချေသည်တမုံ့။

အခြားတပည့်တဦးဖြစ်သူ လေမင်းသား၏ အံ့ဖွယ်လိလိ ကိုယ်ရည်ကိုယ်သွေးကိုလည်း မကြာမတင်ကပင် ကြုံရပြန်ပါ၏။

ဆြာဒင့်အိမ်တွင် နေဖို့ညစာ ရိက္ခာပြတ်လေသည်မို့ တပည့်ကျော် လေမင်းသားအား အပါးသို့ခေါ်ယူရင်း၊ သူသွားရမည့် အရပ်ဒေသကို ဆြာ့ နှုတ်မှဦးစွာ ရေရွတ်မိလေသည်။

“လေမင်းသားရေ တလပ်စွပ် (ဖူးခက်မြို့မဈေး)ဘက်ကို ခဏ သွားချေစမ်းကွာ”

စင်စစ်ထိုစကားသည် စကားချီးမျှသာဖြစ်လေ၏၊ ဝယ်ရခြမ်းရမည့် ရိက္ခာစာရင်းကို ဆြာဒင်စဉ်းစားနေဆဲမှာ ပင် လေမင်းသားတစ်ယောက် “ဟုတ်” ဟူသော နာခံသံနှင့်အတူ လေအဟုန်ကဲ့သို့ မျက်စိရှေ့မှ ပျောက် ကွယ် သွားလေရာ ဆြာမှာဘဇာကိုနားလည်ရမှန်း မသိယောင်နန ကျန်ရစ်ခဲ့ချေသည်။

နာရီဝက်ခန့်အကြာတွင်မူ ချွေးသံတရွှဲရွှဲမောကြီးပန်းကြီးလေသံဖြင့် လေမင်းသားပြန်ရောက်လာကာ သံတော်ဦးတင်သည်ကား “တလပ်စွပ်ကို တပည့်ရောက်ခဲ့ပြီဆြာ မကြာပါဘူးနော်” ဟူသတည်း။

တပည့်ကျော်၏ ဦးနှောက်တွင်းမှ မုန်တိုင်းမှာ ထူးထွေသည့်အံ့ရာသော်ပါတကား ဆြာဒင်မှာရင်ဘတ်ကိုဖိရင်း အမလေးသာ တမိတော့သည်။

နောက်ဆုံးလက်ကျန် တပည့် ဖေကြည်ငယ်ကိုကား ကာယအင်အားအလို့ငှာ စမ်းသပ်ရန်မသင့်တော်လေဟု ဆြာဒင် နှလုံးပိုက်မိသည့် အလျောက် ဒင်း၏ဦးနှောက်တွင်းမှ မုန်တိုင်းစွမ်းအား ပမာဏကိုသိနိုင်ရန်အလို့ငှာ၊ ဤရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပွဲဆူနေသည့် ရှေးဟောင်းခေါင်းလောင်းနှင့့် နဂါးသတင်းကို စဉ်ဆက် မပြတ် လေ့လာဖတ်ရှုစေကာ ၎င်း၏အနှစ်ချုပ် ထင်မြင်သုံးသပ်ချက် တစုံတရာ ကောက်ချက်ဆွဲစေရန် ညွန်ကြားပြီးသည့် နှစ်ရက်မြောက်နေ့တွင် ငဖေကြည်တစ်ယောက် အဝတ်အစားအပြည့်အစုံ ပါရှိသည့် ခရီး ဆောင်အိတ်တလုံးဖြင့် ဆြာဒင့်ထံ အခစားဝင်လာခဲ့လေသည်။

“ဟဲ့ ငဖေကြည် ခရီးယာယီ ထွက်ရန်ရှိထင်ပါ့ အကြောင်းဘယ်သို့နည်း”

“မှန်ပါတယ်ဆြာ ဆြာ့တပည့် အမြန်ခရီးထွက်ရပါမယ်”

“ရေးကြီးသုတ်ပျာ ကဗျာကယာရှိလှချေတကား ရှင်းအောင်လင်းချေပါဦး ငဖေကြည်”

“ခေါင်းလောင်းနဲ့ နဂါးသတင်းကို စေ့စေ့စပ်စပ် အကုန်အစင် တပည့်ဖတ်ပြီးပြီ ဆြာ၊ သူတို့ခေါင်းလောင်းကြီးကို ဆယ်နိုင်မှာသေချာတယ်၊ ဒါ ကြောင့်ခေါင်းလောင်းကြီးကို အချိန်မီဖူးမျှော်နိုင်အောင် ဖုတ်ပူမီးတိုက်ခရီးနှင် ရပါလိမ့်မယ်၊ အဆင်သင့်ရင်နဂါးကြီးနဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါ မယ်ဆြာ”

ပြောင်မြောက်လှသော တပည့်ကျော်၏ သုံးသပ်ဆုံးဖြတ်ချက်ကြောင့် ဆြာဒင်မှာ ဉာဏ်ကြီးလှသော တပည့် ကျော်အား တွေတွေကြီးသာ စိုက်ကြည့်နေမိရင်း၊ ရင်တွင်းမှဒေါသမီးသည် တားမနိုင်ဆီးမရပေါက် ကွဲခဲ့လေတော့သည်။

“ဒီလောက် အာပေါက်အောင် နှစ်ရှည်လများသင်ကြားခဲ့ပါလျက်၊ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော် တုံးလိုက်ကြလေခြင်း၊ ကဲကွာ အိုင်းစတိုင်းသေလို့ ဝင်စားတဲ့မောင်တွေ၊ စတီဗင်ဟော့ကင်းက ဆရာခေါ်ရမယ့် ဒီသာပါမောက္ခတွေ၊ ဆြာ့မျက်နှာ ဘယ်သွားထားရမတုန်း၊ ကာလမသုတ်ကို တောင်မကြားဖူး မဖတ်ဘူး လေရော့သလား၊ ဒါလားဟဲ့ နင်တို့ဆင်တဲ့ ဦးနှောက်မုန်တိုင်း”

တပည့်အကျော်တို့၏ ပြောင်မြောက်လှသော ဉာဏ်ရည်ဉာဏ်သွေး အသီးသီးနှင့် ဦးနှောက်မုန်တိုင်းအရှည် အဆကို ကြားမြင်ခဲ့ရသော ဆြာဒင်ကား၊ နှစ်ရှည်လများ ပို့ချသင်ကြားခဲ့ပါလျက် ဤမျှထုံထိုင်း ညံ့ဖျင်းကြ လေခြင်းဟူသော ဂရုဏာဒေါသောစိတ်ဖြင့်၊ ယင်းတို့သုံးဦး သားကို တပြိုင်တည်းခေါ်ယူကာ  ထောင်ကျ အကျဉ်းသားပုံစံထိုင်စေပြီး  နားရင်းသုံးချက်စီ ဖြောင်ဖြောင်ကြီးမြည်အောင် ခပ်စပ်စပ် တီးမိလေတော့သည်။

“ဟာ ဟာ ကြမ်းလှချည့်လားဆြာ”
“ဆြာ တပည့်ချင်း ဒီလောက်တော့ မရက်စက်သင့်ပါဘူးဆြာ”

“အေး ဒါနဲ့တင်မပြီးသေးဘူးကွယ်တို့၊ နာနာကျင်ကျင်အပြစ်မြင်တိုင်း ဝမ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူ၏တဲ့၊ နင့်တို့ကို ကြမ်းပေါ်မှာလိမ့်နေအောင် ဖနောင့်နဲ့ သုံးချက်စီ ပေါက်ဦးမှာ၊ ဒါမှ နင်တို့ဦးနှောက်ထဲမှာ မုန်တိုင်း ထန်သွားမှာလဟ”

“သဟာဆိုရင်ဖြင့် တပည့်တို့ကို အယူခံခွင့်လေးတော့ ပေးသင့့်ပါတယ်ဆြာ”

“အောင်မလေး ဆင့်ဖင်တွေက ဘာများ အယူခံချင်သေးသတုန်းဟ”

“ဒီလိုပါဆြာ၊ ဆြာ့တပည့်တွေဟာ ပညာတပိုင်းတစနဲ့ စားဝတ်နေရေး ချို့ငဲ့လွန်းလို့ ရွှေ့ပြောင်းလုပ်သား ဘဝ ရောက်နေကြရတာပါ ဆြာ၊ တပည့်တို့ဆင်ခဲ့တဲ့ ဦးနှောက်ထဲကမုန်တိုင်းဟာ မှားကောင်းမှားပါလိမ့်မယ်၊ သို့ပေမယ့် ဘယ်သူအကျိုးစီးပွားမှ ပျက်စီးရာ ပျက်စီးကြောင်းမပါ ပါဘူးဆြာ၊ အာဏာအလွဲသုံးစားလုပ်ပြီး ရန်ကုန် တမြို့လုံးကို စိတ်ထင်တိုင်း ထုခွဲရောင်းချဖို့ ဦးနှောက်ထဲမှာ လောဘမုန်တိုင်းဆင်နေတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးကို၊ ဒီနည်းနဲ့ မဆုံးမသင့်ပေဘူးလား ဆြာ”

“ဟုတ်ပါတယ်ဆြာရယ်၊ သည်လိုသာ အပြစ်ပေးကြကြေးဆိုရင် နာမည်ကျော် လွှတ်တော်အမတ်မင်း၊ နေပူပူမှာ ရေခဲလောင်းပြီး သေကြောင်း ကြံတာကလည်း နောက်လာမယ့် ရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံရအောင်၊ ဆင်လိုက်တဲ့ အတ္တဦးနှောက် မုန်တိုင်း မဟုတ်ဘူးလားဆြာ”

“ဒီလိုသာ ပြစ်ဒဏ်ထိုက်ရင်ဖြင့်၊ ဘာမှသုံးစားလို့မရဘဲ၊ အခြေခံလူတန်းစားတွေရဲ့ ဘဝမှန်ကို နကန်းတလုံးတောင် မသိတဲ့၊ ပြည်တော်ပြန် ခါတော်မီ အကြံပေးတွေကို နေရာကောင်းပေးပြီး၊ ဒီမိုကရေစီအရွေ့ မပြနိုင်တဲ့ သမ္မတကြီးကိုကော ဘယ်လို ပညာပေးဖို့ အစီအစဉ် ရှိပါသလဲ ဆြာဒင်”

သွေးစိမ်းရှင်ရှင်ထွက်အောင်မှန်လေစွ၊ ဆြာကောင်းတပည့်တို့၏ ဦးနှောက်တွင် ထူးချွန်ထက်မြက် လှသော မုန်တိုင်းသည် အမှန်ပင် ဆင်ခဲ့လေသည်တကား။

တပည့်ကျော်တို့၏ ချက်ကျပိုင်နိုင်လှသောအယူခံစကားအဆုံးတွင် ဆြာဒင်သည် ရုတ်တရက်နှုတ်ဆွံလျက်၊ ပေါက် လတ္တံ့သောဖနောင့်ကို အသာရုတ်ကာ တစုံတရာကိုတွေးတောရင်း တွေဝေငေးမောနေမိလေ၏။

ဇာတိ ရွှေပြည်ဂုဏ်ရောင်ဝင့်နိုင်ရေးအတွက်၊ တပည့်ကျော်တို့ကဲ့သို့ ဦးနှောက် တွင်အမှန်တရား မုန်တိုင်း ဆင်နိုင်သူများကို မွေးထုတ်ရန် လိုအပ်သကဲ့သို့၊ လောဘ၊ အတ္တ၊ မာန်မာနတို့ဖြင့်တလွဲမုန်တိုင်း ဆင် နေကြသူများကိုလည်း ရွေးထုတ်ချေမှုန်းကြရပေဦးမည်။

အဘယ်သူ အဘယ် လက်နက်သည် ထိုသူများကို စိစိညက်ညက်ကြေအောင် ချေမှုန်းနိုင်စွမ်းရှိလေသနည်း၊
အမှန်ပင် ဆြာဒင်သိလိုလှပါ၏။

Did you find apk for android? You can find new Free Android Games and apps.
Loading