ကြိုးတိုက်ထဲမှာ ကြိုးသမားဘဝ၊ ကျွန်းသမားဘဝနဲ့ ၈ နှစ်လောက်ဖြတ် သန်းခဲ့စဉ် ကာလတလျှောက် တွေ့ရ၊ ကြုံရ၊ မြင်ရ၊ သိရတဲ့ လူ့ဘဝ စာမျက်နှာတွေက ထုနဲ့ဒေးပါပဲ။
ဒီကာလတွေထဲက အထူးခြားဆုံး တွေနဲ့ အမှတ်ရဆုံး ဖြစ်ရပ်တွေထဲက တခုကတော့ နာမည်ကျော် အင်းစိန်ထောင် ဖောက်ကျော်ပြေးတဲ့ အကြောင်းပါ။
ထောင်ပိုင် ဗိုလ်ကြီးသာဦး လက်ထက်မှာ ဖြစ်ခဲ့တာပါ။ အဲဒီနေ့က မိုးတဖွဲဖွဲ တညလုံးရွာနေခဲ့တာ သတိရ မိပါတယ်။
နံနက်မိုးလင်းပြီး ပုံမှန် ထောင်ဖွင့်ချိန် ရောက်လာခဲ့ ပေမယ့် ထောင်ဝန်ထမ်းတွေက လူစစ်တာ တခါမက၊ ဆက်တိုက် စစ်ဆေးနေခဲ့တယ်။ တိုက်ခန်းတံခါးတွေလည်း ဖွင့်မပေးခဲ့ပါဘူး။
နောက်တော့မှ အင်းစိန်ထောင် နာမည်ကြီး စစ်ခွေးတိုက်ထဲကနေ အကျဉ်းသား ၂ ဦးက တိုက်ခန်းသံတိုင်ကို ချိုး၊ ခြေချင်းကို ဖြုတ်၊ ကပ်လျက်ရှိတဲ့ ပစ္စည်းပစ္စယ အစုံထားတဲ့ အလုပ်ကြီးဝင်းထဲကနေ သစ်သားရှည် ၂ ချောင်းကို နံရံကို ကပ်ထောင်၊ အုတ်ရိုးပေါ်က အုပ်ခဲတွေကို စနစ်တကျ ဖယ်ရှားပြီး ထောင်နံရံကို ကျော်ပြီး ထွက်ပြေးသွားခဲ့တာလို့ သိရတယ်။
စစ်ခွေးတိုက်ထဲမှာ ထောင်တွင်း ပြစ်ဒဏ်ခံနေရတဲ့သူ ၃ ဦးရဲ့ အခန်းထဲက တရုတ်လေးလို့ ခေါ်တဲ့ တယောက်ကို ထားခဲ့ပြီး ကျန် ၂ ယောက်က ထွက်ပြေးသွားခဲ့တာ လို့ ဆိုတယ်။
ကျန်ရစ်သူ တရုတ်လေးကတော့ ထောင်အာဏာပိုင် တွေက အမျိုးမျိုး စစ်မေးခံရရင်း သတင်းပို့တာ ပျက်ကွက်လို့ ဆိုပြီး ထုံးစံအတိုင်း ကြိုးတိုက်ထဲ ရောက်လာပါရော။
မြင့်မားတဲ့ နံရံတွေနဲ့ အစီအမံတွေကြောင့် အင်းစိန်ထောင်ဟာ ထောင်ဖောက်ပြေးဖို့ မရဘူးလို့ ထောင်ပိုင် အဆက်ဆက်က ကြွေးကြော် ဂုဏ်ယူခဲ့ကြတာပါ။
အင်းစိန်ထောင် သမိုင်းမှာ ပင်မထောင် ကြီးထဲက ဘယ် အကျဉ်းသားမှ ထွက်ပြေး လွတ်မြောက်ခဲ့တာ မရှိခဲ့ဘူးလို့ ထောင်ပိုင်တွေ ဂုဏ်ယူတာလို့ ပြောကြပါတယ်။
ထောင်ပိုင်အဆင့် ၂ ဗိုလ်ကြီး သာဦး မျက်နှာဆိုရင် တချိန်က အလွန်အေးစက် မာကျောသလောက် အဲဒီတုန်းက သွေးမရှိတဲ့ မျက်နှာ ဖြစ်နေခဲ့တယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားရဲ့ ကိုယ်ရေး ရာဇဝင်အရ သူတို့ရဲ့ နေအိမ်တွေနဲ့ မိသားစု ဆွေမျိုးအိမ် တွေနား ထောင်ဝန်ထမ်းတွေ နေ့၊ ည ဆက်တိုက် ဆိုသလို ကင်းပုန်းဝပ်ပြီး စောင့်ခဲ့ကြရတယ်။
ဒါလည်း အလှည့်ကျ ဆိုတော့ ကြိုးတိုက်ထဲ အလှည့်ကျ တာဝန်ကျလာတဲ့ ထောင်ဝန်ထမ်းတွေက ပြန်ပြီး ဖောက်သည်ချလို့ သိရတာ။
ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားတွေ ပြန်မိရေး အတွက် ထောင်အာဏာပိုင်တွေ အလုပ်ရှုပ်ပုံတွေထဲမှာ ထူးခြားတာ တခုက အုတ်ရိုး ပတ်ပတ်လည်ကို သွေးစိမ်းအရည်တွေ လောင်းတာလည်းပါတယ်။
တချို့ ထောင်ဝန်ထမ်းအိုကြီးတွေ ပြောစကားအရ ထောင်ပိုင်က ထောင်အုတ်ရိုးစောင့် ဘာဘာညာညာ တွေကို ဗလိနတ်စာ ကျွေးပြီး လုံခြုံအောင် စောင့်ခိုင်းတာတဲ့။
ယုံတမ်းစကားဆိုပေမယ့် ထောင်အာဏာပိုင်တွေကတော့ ယုံယုံကြည်ကြည်ကို လုပ်ခဲ့ကြတာ အံ့ဩစရာပါပဲ။ တခြား ဗေဒင်၊ ယတြာတွေလည်း မျိုးစုံအောင်လုပ်တယ်။
ဒါပေမယ့် ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၂ ဦးကိုတော့ အဲဒီကာလအတွင်း ပြန်ဖမ်းမမိခဲ့ ပါဘူး။ ရဲစခန်း တွေမှာတော့ ထောင်က အမှုဖွင့်ထားခဲ့တယ် လို့ ဆိုတယ်။
သိပ် မကြာလိုက်ပါဘူး၊ ထောင်ဖောက်ပြေးတဲ့ သူ ၂ ဦးကို အသီးသီးဖမ်းမိလို့ အင်းစိန်ထောင်ထဲ ပြန်ရောက်လာခဲ့ကြ ပါတယ်။
ထောင်အာဏာပိုင်တွေက သားငယ်နဲ့ ကြွယ်ကြီးခေါ် တင်မြင့်ကြွယ်ဆိုတဲ့ ခိုးမှုနဲ့ ထောင်ကျခဲ့ပြီး ထောင်ဖောက်ပြေးခဲ့ ကြသူတွေကို တယုတယ ဆက်ဆံကြပါတယ်။
သူတို့ကို ဘယ်လို ထောင်ဖောက် ပြေးခဲ့တယ်ဆိုတာ သေချာစစ်ဆေးခဲ့ကြတယ်လို့ သိရတယ်။ နောက်ပိုင်း ရုပ်ရှင် သရုပ်ဆောင် အောင်ခိုင်နဲ့ အဖွဲ့ဆိုလား ဘာလားတော့ မမှတ်မိ၊ အင်းစိန်ထောင်ထဲလာပြီး ထောင် ဖောက်ပြေးတဲ့ ဖြစ်စဉ်ကို မှတ်တမ်းရုပ်ရှင်တောင် လာရိုက်ခဲ့ကြတယ်။
ဒါနဲ့ပဲ အင်းစိန်ထောင်မှာ သားငယ်နဲ့ ကြွယ်ကြီးဟာ နေ့ချင်းညချင်း နာမည်ကြီး ထောင်မင်းသားတွေ ဖြစ်သွားပါ တော့တယ်။
သူတို့ ၂ ဦးလုံးကို အစက ၅ တိုက်ထဲမှာ ထောက်ခြေချင်း ခတ်ထားတဲ့ အပြင် ခြေထောက်မှာ သံလုံး တွေတပ်၊ ထိတ်တုံးခတ်ထားတယ်။ အင်းစိန်ထောင် ဖောက်ပြေးမှုနဲ့ သူတို့ ၂ ဦး ရုံးထွက်တဲ့ အခါလည်း အထူး လုံခြုံရေးတွေ အပြည့်နဲ့ ပေါ့။
သူတို့ ၂ ဦး ပြန်မိလာကြတယ် ဆိုတော့ အင်းစိန်ထောင်လောကမှာ ပြောစမှတ်စကားတွေ တမျိုးပြီးတမျိုး အန်ထွက် လာကြတယ်။
ဒီလောက် ခက်ခဲတဲ့ အင်းစိန်ထောင်ကိုတောင် လွတ်အောင် ဖောက်ထွက်ကျော်လွှားပြီးမှ အလွယ်တကူ ပြန် အဖမ်းခံရတဲ့ အတွက် တခြား အကျဉ်းသားတွေက သူတို့ ၂ ဦးကို ဒေါမနဿ ဖြစ်သံတွေပါပဲ။
ချည်တိုင် ပြန်ကပ်လို့ အဖမ်းခံရတာလို့ ဆိုသူကဆို၊ မစိတ်မွှန်လို့ အဖမ်းခံရတာလို့ ပြောသူကပြော။
နောက်တော့ အမောင် ၂ ဦးသား ကြိုးတိုက်ထဲ ရောက်လာတော့မှ သေချာ မေးမြန်းကြည့်တော့ ဖြစ်စဉ်က စိတ်ဝင်စား စရာ။ ကြိုးတိုက်ထဲ သူတို့ ရောက်လာတော့ တခြား ပြစ်ဒဏ်ကျ အကျဉ်းသားတွေကို ခတ်ထား တဲ့ ထောက်ခြေချင်း မျိုးနဲ့ သူတို့ကို ခတ်ထားတာ မဟုတ်ဘူး။
ထောက်ခြေချင်း သံလုံးက အချင်း ၂ လက်မ လောက်ရှိပြီး ၂ ပေလောက် ရှည်တယ်။ သံကြိုးတွေကလည်း လုံးပတ်က တုတ်တယ်။ ကွင်းဆက်တွေကို ဂဟေဆက်ထားတယ်။ ကိုယ်သာဆို လမ်းတောင်လျှောက်ဖို့ မလွယ်ဘူး။
ဒါပေမယ့် သူတို့ ၂ ဦးသားက တချွင်ချွင်နဲ့ အခန်းထဲ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ်။ ကင်းမြီး ကောက်ထောင်တယ်။ ရေချိုးဆင်းရင် ခြေထောက်နဲ့ လမ်းလျှောက် မဆင်းဘူး၊ ကင်းမြီးကောက် ထောင်ပြီး လက်နဲ့ လမ်းလျှောက်ဆင်းတယ်။
အံ့အားသင့်ဖို့ ကောင်းတာက အဲဒီခြေချင်းတွေ၊ ထောက်တွေနဲ့ ၉၀ ဒီဂရီ မတ်နေတဲ့ တိုက်ခန်းနံရံကို အရှိန်နဲ့ ပြေးပြေး တက်တယ်။
အဲဒီတုန်းက ကျနော်လည်း မှတ်ချက်ချလိုက်တယ်။ ဪ… ဒါကြောင့် သူတို့ အင်းစိန်ထောင် အုတ်ရိုး ကျော်လို့ ရခဲ့တာကိုး လို့။
အသားလတ်လတ် ဂင်တိုတို ပုကွကွ ကြွယ်ကြီးခေါ် တင်မြင့်ကြွယ်နဲ့ အသားမည်းမည်း အသားကျစ်ကျစ် ခပ်ပိန်ပိန် သားငယ်တို့ အင်းစိန်ထောင်က ထွက်ပြေးတဲ့ အချိန်က နံနက် ၂ နာရီကျော်က ပါတဲ့။
ထောင်အုတ်ရိုးကို ကျော်ပြီး ထောင်ဝန်ထမ်း လိုင်းခန်းတွေထဲက လိုင်းခန်းတခုထဲတောင် အေးအေး ဆေးဆေး ဖြတ်သွားပြီးနောက် သူတို့ ၂ ဦးသား လမ်းခွဲပြီး တနေရာစီ သွားဖြစ်ခဲ့ကြတာလို့ ပြောပြကြတယ်။
ကြွယ်ကြီး ကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်တူးလုပ်ငန်းခွင်မှာ အေးအေးဆေးဆေး ဇာတ်မြှုပ် နေရင်း ခပ်လန်းလန်း မိန်းကလေးတဦးနဲ့ ငြိစွန်းခဲ့ပြီး စီးပွားရေးကလည်း အဆင်ပြေနေခဲ့ပါသတဲ့။
ငွေရေးကြေးရေး ကလည်း အတော် အဆင်ပြေတာက တကြောင်း၊ သူနဲ့ငြိစွန်းနေတဲ့ မိန်းကလေးက ရန်ကုန်သွားဖို့ ပူဆာတာကြောင့် တကြောင်း ရန်ကုန်ကို ပြန်လာရင်း နဝဒေးရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့် ဖြစ်ခဲ့တာလို့ သိရတယ်။
နဝဒေး ရုပ်ရှင်ရုံမှာ ချစ်သူနဲ့ ရုပ်ရှင်ကြည့်ရင်း သူ့ကိုသိတဲ့ သူတယောက်က ရဲကို သတင်းပေးလို့ ရဲက အင်အား အပြည့်နဲ့ အလွယ်တကူ လာဖမ်းတာ ခံခဲ့ရတာလို့ ကြွယ်ကြီးက ပြန်ပြောပြတယ်။
ကြွယ်ကြီးက စာလည်းရေးတတ်၊ ဖတ်တတ်တော့ ဇာတ်ရည်လည်အောင် ရှင်းပြခဲ့လို့ သိရတာ။
ဒါပေမယ့် သားငယ်က စာမတတ်ဘူး။ အမေ အိုကြီးတဦးပဲ သူ့မှာ ဆွေးမျိုးရင်းချာ ရှိတယ် တဲ့။ ဒါကြောင့် ထောင်ဝင်စာလည်း မရှိဘူး။ ၅ တိုက်မှာ နေခဲ့စဉ်က နိုင်ငံရေး အကျဉ်းသားတွေက သူ့ကို သနားလို့ စာလည်း သင်ပေး၊ စားစရာလည်း ကျွေးခဲ့ကြတယ်။
ဒါပေမယ့် နောက်ပိုင်း သူက နိုင်ငံရေးသမားတွေ စာအုပ်ခိုးဖတ်တာက အစ ထောင်အာဏာပိုင်တွေကို သတင်းပေးလို့ သူ့ကို ဖယ်ကြဉ်ထားခဲ့တယ်။
စာမတတ်ပေမယ့် အတော်ကျစ်လစ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို သားငယ်က ပိုင်ဆိုင်ထားတယ်။ သူကလည်း အင်းစိန် ထောင်က လွတ်သွားပြီးနောက်ပိုင်း ရန်ကုန်ပြန်လာရင်း အလွယ်တကူ အဖမ်းခံခဲ့ရတာလို့ ပြန်ပြောပြတယ်။
နောက်ပိုင်းတော့ သူတို့ ၂ ဦးကို အင်းစိန် ထောင်အာဏာပိုင်တွေက ဝေးလံခေါင်သီတဲ့ အကျဉ်းထောင် တွေကို ထောင်ပြောင်း ပို့လိုက်တယ်။
ကြိုးတိုက်ထဲ ရှိစဉ် ကာလတလျှောက် အတူနေ ကြိုးသမားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေမှာ ထောင် ပြောင်းသူ တွေက ပြောင်း၊ လွတ်မြောက်သူက လွတ်မြောက်၊ သေသူက သေ၊ အသစ်ရောက်လာသူ တွေကလည်းရှိနဲ့ ကျနော်ကတော့ ကြိုးတိုက် ဘိုးဘိုးကြီး ဖြစ်နေခဲ့ရတယ်။
ကြိုးတိုက်ထဲက ကျနော့်ဘဝဟာ နံနက်တိုင်း နေ့စဉ်သတင်းတွေ လာလာ ပို့ပေးတဲ့သူကို မျှော်ရင်း မျှော်လင့် ခြင်းတွေနဲ့ ခွန်အား ဖြည့် ဖြစ်တယ်။
အကုန်အကျခံပြီး လျှို့ဝှက်လုပ်ထားတဲ့ လက်လုပ် ဂစ်တာလေးနဲ့ တခါတရံ သီချင်းလေး ညည်းတတ်တယ်။
စာလည်း ရေးဖြစ်သလို စာတွေလည်း ဖတ်ဖြစ်တယ်။ ကဗျာလည်း စပ်ဖြစ်တယ်။
ထောင်ပြင်ပ လောက နိုင်ငံရေး အခြေအနေ အပေါ်မူတည်ပြီး နိုင်ငံတကာ ဖိအားတွေကို ရှောင်လွှဲဖို့ မသေချာတဲ့ လွတ်ငြိမ်းချမ်းသာ အမိန့်ကို မျှော်လင့် ဖြစ်တယ်။
အဲဒီတုန်းက အခုပဲ အမေရိကန်ကြီးက လာကယ်တော့မလို၊ အခုပဲ ကုလသမဂ္ဂကြီးက ထောင်တံခါးတွေ ဖွင့်မလို သတင်းမျိုး တွေလည်း ရှိတယ်။
ဒီလိုသတင်းတွေကို အဓိက ဖန်တီးလုပ်ကြံ လွှင့်တတ်တာက ထောင်ထဲက စစ်ထောက်လှမ်းရေးတွေ ပါပဲ။
သူတို့ တွေက သူတို့ ကိုယ်တိုင်ပဲ အမိန့်စာရေးထားသလို အပိုင်အနိုင် သိပုံမျိုးနဲ့ ကျနော်တို့ အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာ လာရင် မသိမသာ ပြောပြကြ တယ်။
အဲဒီ သတင်းတွေကို မိသားစုတွေက တိုက်ခန်းတွေ၊ အဆောင်တွေထဲက ကျနော်တို့ကို မျှော်လင့်ချက်နဲ့ ဝမ်းသာအားရ ပြန်ပြောပြ ကြတယ်။
မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွေ မဖြစ်ခင်က တည်းက ဖြစ်လာမယ့် အရိပ်အယောင်တွေကို ကြက်တူရွေး (ခိုးသွင်းထားတဲ့ ရေဒီယို) သတင်းက တဆင့် သိနေခဲ့တယ်။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေမှာ ထောင်တွင်း အခြေအနေကိုလည်း မျက်ခြည်မပြတ် လေ့လာ နေရသလို ထောင်ပြင်ပ နိုင်ငံရေး အခြေအနေကိုလည်း သတိချပ် နေရတယ်။
ဘာကြောင့်လဲ ဆိုတော့ ထောင်တွင်းနေထိုင်မှု ဘဝဟာ ထောင်ပြင်ပ နိုင်ငံရေး အခြေအနေနဲ့ တိုက်ရိုက် ဆက်စပ် နေလို့ပဲ ဖြစ်တယ်။
၉၆ ကျောင်းသားလှုပ်ရှားမှု ဖြစ်လာမယ့် လက္ခဏာတွေ ကြိုခန့်မှန်းမိတော့ ထောင်ဝင်စာပါလာတဲ့ ရိက္ခာ ခြောက်တွေ ဖြစ်တဲ့ ခေါက်ဆွဲခြောက်တွေ၊ ငါးခြောက်ကြော် စတာတွေနဲ့ ဆေးဝါးတွေကို စုဆောင်းထားခဲ့ ကြတယ်။
အကယ်၍ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကာလ အင်းစိန်ထောင်က ထောင်ဝင်စာ ပိတ်ခဲ့သလို ပိတ်ပင်လိုက်ရင် ထောင်တွင်း အသက်ရှင် ရပ်တည်ရေး အတွက် အခက်တွေ့မှာ စိုးရိမ်ပြီး ကြိုတင်ပြင် ဆင်ထားခဲ့တာ ပါပဲ။
ကြိုတင် တွက်ဆထားတဲ့ အတိုင်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ဖြစ်ခဲ့တယ်။ ကြိုးတိုက်ထဲက လူဟောင်း တွေကို အဆောင်တွေကို ပြောင်းသူပြောင်း၊ ထောင် ပြောင်းသူပြောင်းနဲ့ ကြိုးတိုက်မှာ အခန်းတွေ လွတ်ထား ပါတယ်။
အတွေ့အကြုံ အရ လူဖမ်းပွဲကြီး လုပ်ထားပြီ ဆိုတာ သိလိုက်တယ်။ အဲဒီ လှုပ်ရှားမှုကြောင့် မျှော်လင့်ချက် တွေ ရှိခဲ့သလို မျှော်လင့်ချက်တွေ မဲ့ခဲ့တယ်။ သိပ်မကြာပါဘူး၊ ဆန္ဒပြမှုမှာ ပါဝင်တဲ့ ကျောင်းသားတွေ၊ တချိန်က နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသူတွေ အသီးအသီး အင်းစိန်ထောင်ထဲ အသုတ်လိုက် အသုတ်လိုက် ရောက်လာကြပါ တော့တယ်။ ကြိုးတိုက်ထဲလည်း လူသစ်များနဲ့ တမျိုးစည်ကား လာပြန်ပါတယ်။
ဒီတော့လည်း စုဆောင်းထားသမျှ ရိက္ခာတွေက အသစ်ရောက်လာကြတဲ့ ညီအစ်ကို ရဲဘော်တွေ အတွက် ဖြစ်သွားခဲ့ တယ်။ ဒါပေမယ့် လူက သိပ်များတော့ ချွေတာပြီး ခွဲဝေ စားသောက်ကြ ရတယ်။
နောက်ရောက်လာတဲ့ လူသစ်တွေထဲမှာ အေးသန်း၊ ကိုသားကြီး၊ မိုးကြိုး စတဲ့ သူတွေလည်း အသီးသီး ထောင်ဒဏ် တွေ ချမှတ်ခံရပြီး ထောင်ပြောင်းခံရသူတွေလည်း ပြောင်းရွှေ့ ခံကြရပါတော့တယ်။
ဒီလိုနဲ့ နဝတ စစ်အစိုးရ လက်ထက် အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ နေထိုင်ရင်း ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် နေ့ တန်ဆောင်မုန်း လပြည့်နေ့မှာတော့ ညအချိန်မတော် အိပ်မောကျနေခိုက် အခန်းတံခါး လာ ဖွင့်ပြီး ကျနော့် နာမည် ခေါ်ကာ ထောင်ပြောင်းမှာမို့ ပစ္စည်းသိမ်းဖို့ ပြောလာသံ ကြားလိုက်တယ်။
အိပ်ချင်မူးတူးနဲ့ သိမ်းထားတဲ့ ပိုက်ဆံနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ မကျန်အောင် သိမ်းဆည်းပြီး အထုပ်ပြင် ထားလိုက် တယ်။ ပြီးတော့ အခန်းတံခါး ဖွင့်၊ ကျနော့်ကို ထောင်ဝန်ထမ်းတွေက ကြိုးတိုက်ထဲက ခေါ်ထုတ် လာခဲ့ပြီ။
ကျန်ရစ်သူတွေက ကျနော့်ကို နှုတ်ဆက်၊ ကျနော်က ကျန်ရစ်သူတွေကို နှုတ်ဆက်၊ တချို့က ငိုသူငို၊ တချို့က အားပေးစကား ပြောသူပြောနဲ့ ကြိုးတိုက်ထဲက ကျနော် ထွက်လာခဲ့ ရတယ်။ ကြိုးတိုက်နဲ့ မလှမ်းမကမ်း တိုက်ရုံးခန်း နားမှာ ကျနော့်ကို သံခြေချင်း ခတ်လိုက်တယ်။
ထောင်ဝန်ထမ်းတွေက ကျနော့် ပစ္စည်းအိတ်ကို စစ်ဆေးရင်း ကံကောင်းစွာနဲ့ ယူလာတဲ့ စားစရာတချို့၊ ပိုက်ဆံနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို သိမ်းဆည်းတာ သိပ်မလုပ်ခဲ့ပါဘူး။
လူနာမည် ခေါ်ပြီး တိုက်ဝန်းထဲက ထွက်ခွာခါနီး ၈ နှစ်လောက် နေခဲ့တဲ့ ကျနော့်ရဲ့ ဒုတိယအိမ် ကြိုးတိုက်ကို မှောင်ပျပျ မီးရောင်အောက်မှာ နှုတ်ဆက် အကြည့် စေ့စေ့ကြည့်လိုက်တယ်။ စိတ်ထဲကလည်း နောင်တချိန် ဒီကြိုးတိုက်ကြီးကို ပြတိုက် လုပ်ပစ်မယ် လို့ ကြုံးဝါးလိုက်တယ်။
အဲဒီနောက် နိုင်ငံရေး အကျဉ်းသား ရာနဲ့ချီပြီး ထောင်ပြောင်းတဲ့ နေ့၊ အဆောင်ဝန်း တခုတည်းမှာ စုပြီး ကျနော်တို့ကို ထားတယ်။ အဲဒီမှာ မမြင်ဖူးသူ၊ မြင်ဖူးသူ၊ သိသူ၊ မသိသူ နိုင်ငံရေး အကျဉ်းသား အချင်းချင်း မိတ်ဆက်စကားဆိုကြ၊ နွေးထွေးကြ၊ အားပေးကြနဲ့။
မနက် မိုးလင်းခါနီး လောက်မှာ နာမည်စာရင်း ခေါ်တဲ့ အတိုင်း စုရပ်က ထွက်လာခဲ့ပြီး အင်းစိန်ထောင် ဗူးတံခါးတွေကို ဖြတ်၊ အပြာရောင် ရဲအချုပ်ကားတွေပေါ် တက်ခဲ့ကြရတယ်။ ကျနော်ပါတဲ့ ကားပေါ်မှာ နိုင်ငံရေး အကျဉ်းသား ၂၅ ဦး ပါတယ်။
လက်နက်ကိုင် လုံခြံရေး အပြည့်ပါတဲ့ ကားတန်းတွေနဲ့ ထောင်ပြောင်း ရဲအချုပ်ကားတန်းတွေဟာ အင်းစိန်ထောင်ကို နှုတ်ဆက်ရင်း ထောင်ဝန်းထဲက တလှိမ့်ချင်း ထွက်ခွာလာခဲ့တယ်။
ကြိုးတိုက်ကို စွန့်ခွာခဲ့ရတဲ့ ၁၉၉၇ ခုနှစ်၊ နိုဝင် ဘာလ ၁၅ ရက်နေ့၊ အဲဒီနေ့က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အမည်တပ် စစ်အစိုးရကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ နာမည်ပြောင်းတဲ့နေ့မှန်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သရက်အကျဉ်းထောင် ရောက်မှ သိခဲ့ရတယ်။
ထိုနေ့ကစပြီး ကျနော့်ဘဝ ကြိုးတိုက်က လွတ်မြောက်ခဲ့ရပြီး သာမန်အကျဉ်းသားဘဝ ရောက်ပါတော့တယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။