လူ့အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့တဲ့ ဆေးပညာလောက က တီထွင်မှုတွေ၊ တကမ္ဘာလုံး သုံးစွဲ သောက်သုံးနေကြတဲ့ အချိုရည်တွေ၊ ယာဉ်တွေ အတွက် မရှိမဖြစ်တဲ့ ကားတာယာ တီထွင်ခဲ့မှုတွေ စတဲ့ တီထွင်မှုတွေဟာ မတော်တဆ တွေ့ခဲ့တဲ့ တီထွင်မှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။
အံ့သြစရာ ကောင်းလောက်အောင်ကို အရေးပါခဲ့တဲ့ ပစ္စည်းတွေ ဖြစ်နေတာလည်း တွေ့ရတဲ့အတွက် ဒီတပတ် အတွက် ပေါ့ပေါ့ပါးပါးဖတ် ရအောင် အဲဒီ တီထွင်မှုတွေ အကြောင်း ရေးထားပါတယ်။
စတိန်းလက်စ်စတီး (Stainless Steel)
သင့်ရဲ့ အိမ်မှာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေဟာ စတိန်းလက်စ်စတီးနဲ့ လုပ်ထားတာ တွေ့ရပါလိမ့်မယ်။
အဲဒီ စတိန်းလက်စ် စတီးတွေကို မူလအစ ၂၀ ရာစုတုန်းက ဇွန်း၊ ခက်ရင်းတွေ အတွက် ရည်ရွယ် တီထွင် ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀ ရာစုထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကနေ အင်္ဂလိပ်လူမျိုး သတ္တုဗေဒပညာရှင် ဟာရီဘယ်ရာရီ (Harry Brealy) ကို သံချေး၊ အညစ်အကြေး မတက်တဲ့ သေနတ်ပြောင်း တီထွင်ဖို့ ငှားရမ်းခဲ့ပါတယ်။
သိပ်မကြာခင်မှာ သတ္တုတွေကို စားတတ်တဲ့ အရာ အမျိုးမျိုး၊ သံပုရာရည်လို အက်ဆစ်တွေနဲ့ပါ ဓာတ်မပြု၊ မစားတဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ စတိန်းလက်စ် စတီးကို တီထွင်နိုင်ခဲ့ပါတယ်။
သူဟာ အစားအသောက်တွေ တည်ခင်း ဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေ ထုတ်လုပ်ဖို့ စိတ်ကူး ရခဲ့ပြီး စတိန်းလက်စ်စတီး ဇွန်း၊ ခက်ရင်း၊ ဓားတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဒီအချိန်မှာတော့ အစား အသောက်ထည့်တဲ့ ပစ္စည်းတွေ၊ မီးဖိုချောင် ပရိဘောဂတွေနဲ့၊ စားသောက် ကုန်လုပ်ငန်းစက်ရုံတွေမှာ စတိန်းလက်စ် စတီးကို အမြောက်အများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
လုံခြုံစိတ်ချရတဲ့မှန် (Safety Glass)
ပြင်သစ် ဓာတုဗေဒပညာရှင် အက်ဒဝပ်ဘီနီဒစ်တုစ် (Edouard Benedictus) ဟာ သူ့စားပွဲပေါ်က ဓာတ်ခွဲ ခန်းသုံး ဖန်ပုလင်းကို မတော်တဆ တိုက်မိသွားပါတယ်။
အဲဒီပုလင်းဟာ အောက်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားရမယ့် အစား အက်သွားတာကို တွေ့ရပါတယ်။
အဲဒီအခြေအနေဟာ ထူးဆန်းနေတာကြောင့် အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာ အဲဒီပုလင်းဟာ သိပ်မကြာခင်ကပဲ ပလပ်စတစ်ဆဲလ်လူလို့စ် နိုက်ထရိတ် (Plastic Cellulose Nitrate) ထည့်ထားတဲ့ အတွက် ဖန်ပုလင်းရဲ့ အတွင်းဘက်ကို အဲဒီ ဓာတုပစ္စည်းသုတ်ထား သလိုဖြစ်နေလို့ အစိတ်စိတ် အမွှာမွှာကွဲ မသွားတာကို သတိပြုမိပြီး လုံခြုံစိတ်ချ ရတဲ့ မှန်တွေကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ လုံခြုံစိတ်ချရတဲ့ မှန်ကို ၁၉၀၉ မှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းတဲ့ ကားတွေ ထုတ်လုပ်ရာမှာ ကားမှန် အနေနဲ့ သုံးဖို့ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပေမယ့်၊ ကားထုတ်လုပ်သူတွေက ကုန်ကျစရိတ် လျော့ချနိုင်အောင် အဲဒီမှန်တွေ မသုံးခဲ့ပါဘူး။
ပထမကမ္ဘာစစ် မှာတော့ စစ်ပွဲတွေမှာ သုံးဖို့ဓာတ်ငွေ့ကာ မျက်နှာဖုံး အတွက်အဲဒီမှန် တွေသုံးခဲ့ပါတယ်။ မော်တော်ကားတွေ မှာတော့ ၁၉၃၀ လောက် ကစပြီး တပ်ဆင်သုံးခဲ့ပြီး နောက်ပိုင်း ကားတိုင်းမှာ သုံးဖြစ်ပါတယ်။
စူပါဂလူးကော် (Super Glue)
သေနတ်အတွေ အတွက် ချိန်သီးမှန်ကို ပလပ်စတစ်နဲ့လုပ်ဖို့ ကြိုးပမ်းရင်း စူပါဂလူးကော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဒတ် (Kodak) သုတေသန ဓာတ်ခွဲခန်းက သုတေသီ ဟာရီကူးဗား (Harry Coover) က ဆိုင်ယန် နိုအခရိုက်လိတ်(Cyano-acrylate) ကနေ အရာဝတ္ထု တော်တော်များများ ကပ်နိုင်စေတဲ့ စူပါ ဂလူးကော်ကို တွေ့ရှိခဲ့ ပါတယ်။
အဲဒီ ကော်ရည်တွေဟာ အရမ်း စေးကပ်နေတဲ့ အတွက် သူ ရည်ရွယ်တီထွင်တဲ့ ပလပ်စတစ်မှန် အတွက် အသုံး မဝင်ဘူး၊ အဆင် မပြေဘူး ဆိုပြီး မသုံးဘဲ ပယ်ခဲ့ပါတယ်။ နှစ်တော်တော် ကြာခဲ့ပြီးမှ အဲဒါကို ပြန်သတိထားမိပြီး ဒီနေ့ ဈေးကွက် တင်ရောင်းချနေတဲ့ စူပါဂလူးကော်တွေ အဖြစ် ရောင်းချခဲ့တာဖြစ်ပါတယ်။
ရောင်စုံရွှံ့စေးတု (Play Doh)
ကလေးတွေ အရုပ်တွေ လုပ် ကစားဖို့ ရောင်စုံရွှံ့စေးလို ရောင်စုံ အတုံးလေးတွေ ရောင်းချတာ သတိထားမိမှာပါ။
အလွယ် တကူခြောက်မသွားဘဲ ရွှံ့စေးလို၊ ဂျုံလုံးတွေလို ပျော့တွဲ နေပြီး ကလေးတွေ အရုပ်မျိုးစုံလုပ်ကစားဖို့ ရောင်းချ ထားပါတယ်။ အဲဒီ ရွှံ့စေးလို အတုံးလေးတွေကို မူလအစ ၂၀ ရာစုတုန်းက နံရံကပ်စက္ကူတွေ သန့်ရှင်း ရေးလုပ်ဖို့ ကလီယိုမက်ဗစ်ကာ (Cleo McVicker) က ရည်ရွယ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်က အေးတဲ့ ဒေသတွေမှာ အခန်းကို အပူပေးဖို့ မီးသွေးတွေ သုံးခဲ့တဲ့ အတွက် အခန်းတွေရဲ့ နံရံက စက္ကူတွေ သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အဲဒီ သန့်ရှင်းရေးလုပ်ဖို့ ထွင်ထားတဲ့ ရွှံ့စေးတုတွေကို သူ့သားက အရုပ်လုပ် ဆော့တာကို တွေ့ပြီး အရုပ်လုပ် ဆော့ဖို့ ရွှံ့စေးတု (Modeling Clay) တွေ ဈေးကွက်တင် ရောင်းခဲ့တာ အခုထိ ရောင်းချနေဆဲ ဖြစ်ပါတယ်။
ပစ်တိုင်းထောင် စပရိန် (Slinky)
ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရေတပ် အင်ဂျင်နီယာ ရစ်ချတ်ဂျိမ်းစ် (Richard James) ကနေ စစ်သင်္ဘောတွေမှာ သုံးတဲ့ အထိအခိုက် မခံတဲ့ ပစ္စည်းကိရိယာတွေ အတွက် စပရိန်တွေကို တီထွင်ခဲ့ပါတယ်။
အဲဒီ စပရိန်တခုကို စမ်းသပ်ရင်း မတော်တဆ လက်ထဲက လွတ်ကျသွားပါတယ်။ အဲဒီစပရိန်ဟာ သူ့ဖာသာသူ ပြန်မတ်သွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီစပရိန်တွေကို ကလေးတွေ ဆော့ဖို့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဓာတုဆိုးဆေး (Synthetic dye)
၁၈၅၆ မှာ ၁၈နှစ်သား ဓာတုဗေဒပညာရှင် ဝီလီယံပါကင် (William Perkin) ဟာ ငှက်ဖျားရောဂါ ကုသဖို့ ဆေး ထုတ်လုပ် နိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းခဲ့ပါတယ်။
သူ့ရဲ့ စမ်းသပ်ကြိုးပမ်း မှုတခုဟာ လုံးဝလွဲနေပြီး၊ ဘာမှ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ခွဲခန်းသုံး ဖန်ပန်းကန် အဝိုင်းပြားလေးထဲမှာ လှပတဲ့ မရမ်းစေ့ရောင်နု တောက်နေတာ တွေ့ရပြီး ဓာတုဆိုးဆေးကို တီထွင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငှက်ဖျားရောဂါ ကုသတဲ့ဆေး တီထွင်ဖို့ ကြံတာ ဓာတုဆိုးဆေး ပေါ်ပေါက်လာခဲ့တာ ဆိုတော့ အလွဲကောင်း လို့ပဲ ပြောရမှာပါ။
မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven)
ချက်ပြုတ် ကျွေးမွေးမယ့်သူ မရှိ၊ ချက်ပြုတ်လည်း မစားချင်တဲ့ တကိုယ်တည်း လူပျိုကြီးတွေ ကျေးဇူး တင် ရမယ့် တီထွင်မှု ဖြစ်ပါတယ်။
အသင့်ချက်ပြုတ်ထားတဲ့ အထုတ်တွေ ဝယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စားစရာတွေ ကို အလွယ် တကူ နွှေးစားနိုင်တဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုကို တီထွင်ထားလို့ ဖြစ်ပါတယ်။
အဲဒီမီးဖိုကလည်း မတော်တဆ တွေ့ရှိခဲ့တဲ့ တီထွင်မှုဖြစ်ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ် အတွင်းမှာ ရေတပ် ရေဒါအထူး ကျွမ်းကျင်သူ ပါစီစပင်န်ဆာ (Percy Spancer) ဟာ မိုက်ခရိုဝေ့ဖ်တွေ ထုတ်လွှတ်တဲ့ ပစ္စည်း ရှေ့မှာ ဟိုဟိုဒီဒီ သွားလာ လုပ်ကိုင်ရင်း သူ့ရဲ့ အိပ်ကပ်ထဲက ချောကလက်တွေ အရည် ပျော်သွားတာ သတိပြုမိခဲ့ပါတယ်။
ဒါပေမယ့် တခြားတဘက်က ချောကလက်တွေကတော့ အရည်မပျော်တာ တွေ့ရပါတယ်။
အဲဒီအခြေအနေကို သူပြန်သုံးသပ်ကြည့်ခဲ့တဲ့အခါမှာ မိုက်ခရိုဝေ့ တွေဟာ စားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထား မိပြီး တခြား အစားအသောက်တွေကို စပ်းသပ်ခဲ့ပါတယ်။
သူ နောက်ထပ် စမ်းသပ်တာက ပြောင်းစေ့တွေ ဖြစ်ပြီး ပြောင်းဖူး ပေါက်ပေါက် (Popcorn) ဖောက်ကြည့် တာပါ။ တခြားအစား အသောက်တွေ စမ်းသပ်ရာမှာလည်း အောင်မြင်ခဲ့ ပါတယ်။ အဲဒီ အခါမှာ သူဟာ မိုက်ခရိုဝေ့သုံးပြီး အစားအသောက်ချက်ပြုတ်၊ အပူပေးနိုင်တဲ့စက်ကို တီထွင်ခဲ့ပါတယ်။
၁၉၄၇မှာ ရေသီယွန် (Raytheon) ကနေ ပထမဦးဆုံး မိုက်ခရိုဝေ့ဖ်မီးဖိုကို တည်ဆောက်ခဲ့ပါ တယ်။ အဲဒီမီးဖိုဟာ ပေါင် ၇၅၀ လေးပြီး၊ ၅ပေခွဲမြင့်ကာ ကုန်ကျစားရိတ် ဒေါ်လာ ၅၀၀၀ လောက် ရှိပါတယ်။ အိမ်သုံး အနေနဲ့ကတော့ ၁၉၅၀ လောက်ရောက်ရှိ လာပေမယ့် အရွယ်အစားနဲ့ ဈေးနှုန်းကြောင့်ရေပန်းမစား ခဲ့ပါဘူး။
၁၉၆၇ မှာတော့ စားပွဲတင် အရွယ်အစား ထုတ်လုပ်နိုင် ခဲ့ပြီးဈေးနှုန်းက လည်း ၄၉၅ဒေါ်လာဖြစ်လာပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ အများမြင်တွေ့နေကြရတဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုတွေ ဖြစ်လာ၊ ထုတ်လုပ် ရောင်းချလာ ပါတယ်။
၁၉၄၅ ခုနှစ်မှာ စတင်ခဲ့တဲ့ တီထွင် ထုတ်လုပ်မှုဟာ နှစ်ပေါင်း ၆၅ နှစ်ကျော်လောက် ကြာ ပြီးခဲ့တဲ့ အချိန်မှာ တော့ အမေရိကန် နိုင်ငံအိမ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် မိုက်ခရိုဝေ့ဖ် မီးဖိုတွေ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
မိုက်ခရိုဝေ့ဖ်တွေဟာ အစားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထားမိပြီး မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven) တွေဖြစ် လာတာပါ။
ကပ်ခွာ မှတ်စုစာရွက် (Post-it Notes)
အိမ်က မိသားစုတယောက်ကို၊ အခန်းဖော်သူငယ်ချင်း တယောက်ယောက်ကို၊ သင်ကိုယ်တိုင် မမေ့အောင်၊ စာအုပ် တအုပ်မှာ စာမျက်နှာ မှတ်ထားနိုင်အောင် ကော်သုတ်ပြီးသား စက္ကူလေးတွေ သုံးကြပါတယ်။
မလိုအပ်ရင် အလွယ် တကူ ခွာလိုက်နိုင်ပြီး ကော်တွေ စက္ကူတွေလည်း ကပ်ပြီး ကျန်မနေလို့ အဆင်ပြေပါ တယ်။
အဲဒီတီထွင်မှုကို ၁၉၆၈ မှာ စပင်ဆာ ဆီးလ်ဗား (Spencer Silver) ကနေ သရီးအမ် (3 M) အတွက် သိပ် မကပ်တဲ့ ကော်တွေကို တီထွင်ရင်း၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အာသာဖရိုင်း (Arthor Fry) ကနေ ဈေးကွက် တင်ရောင်းချဖို့ သတိထားမိခဲ့ပြီး ဈေးကွက်တင် ရောင်းချခဲ့လို့ စာရွက် မှတ်ဖို့ မှတ်စုတွေ၊ မမေ့အောင် ရေးမှတ်ဖို့ သုံးတဲ့ ကပ်ခွာ စက္ကူလေးတွေ (Post-it Notes) တွေ ဒီနေ့သုံးနေကြရတာ ဖြစ်ပါတယ်။
ပလပ်စတစ် (Plastic)
၁၉၀၀ ပြည့်နှစ် အစောပိုင်းလောက်မှာ လျှပ်ကာ၊ အပူကာ ပစ္စည်းတခု ရှဲလ်လက် (Shellac) ကို အရှေ့ တောင် အာရှက ပိုးတောင်မာ (beetle) ကနေ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီ ကုန်ကြမ်းပစ္စည်းကို တင်သွင်း ထုတ်လုပ်ဖို့ မလွယ်ကူ ဖြစ်နေပါတယ်။ အဲဒီ အတွက် ဓာတုဗေဒပညာရှင် လီယိုဟင်းန်ဒရစ် ဘိတ်ကီလန်င်း (Leo Hendrik Backeland) ကနေ အဲဒီ ပစ္စည်း ဝယ်သုံးမယ့် ပိုက်ဆံတချို့ကို အစားထိုး သုံးနိုင်မယ့် ပစ္စည်းတခု တီထွင်ဖို့ သုံးခဲ့ပါတယ်။
သူ့ရဲ့တီထွင်မှုကနေ မိုလောင်းပြီး သုံးနိုင်တဲ့ အပြင် အပူချိန် တော်တော် များများပေးတဲ့ အထိ ပုံပြောင်း မသွားတဲ့ ပစ္စည်းတခုဖြစ်တဲ့ ပလပ်စတစ်ကို တီထွင်နိုင်ခဲ့ ပါတယ်။
တက်ဖလွန် (Teflon)
တက်ဖလွန် (Teflon) သုတ်ထားတဲ့ ဒယ်အိုးတွေ၊ ခွက်တွေက အိုးမကပ်အောင် ကာကွယ်ပေးပါတယ်။
ကြက်ဥမွှေကြော် လို အိုးကပ်တတ်တဲ့ အစားအသောက်တွေ ကြော်ချက်ရာမှာ ဆီအများကြီး ထည့်စရာမလို တော့ပါဘူး။ ဆီလျှော့စားနေတဲ့ ဒီနေ့ခေတ်မှာ တော်တော် အဆင်ပြေပါတယ်။ အဲဒီ တက်ဖလွန် ကို တွေ့ရှိခဲ့တာ ကလည်း စိတ်ဝင်စား စရာပါ။
ဓာတုဗေဒပညာရှင် ရွိုင်းပလန်းကက်(Roy Plunkett) ဟာ ၂၀ရာစု အစပိုင်း လောက်က ဒူးပွန့် (DuPont) ကုမ္ပဏီမှာ အလုပ် လုပ်နေခဲ့ပါတယ်။
အဲဒီမှာ ရေခဲ စေတဲ့အရာ ဓာတုပစ္စည်း တခုကို စမ်းသပ်ရင်း ဓာတ်ပြုမှုကင်းပြီး အိုးမကပ်တဲ့ ဓာတု ပစ္စည်းအသစ် တခုကို တွေ့ရှိခဲ့ ပါတယ်။ ဒူးပွန့်က အဲဒီ ဓာတုပစ္စည်းကို မြန်မြန်ဆန်ဆန်ပဲ မှတ်ပုံတင်မူပိုင်ခွင့် ရယူခဲ့ ပါတယ်။
အဲဒီ ဓာတုပစ္စည်းက အခု လူအများသိနေ၊ သုံးနေကြတဲ့ တက်ဖလွန် (Teflon) ဖြစ်ပါတယ်။