Culture

အဝေးအနီး ပုဂံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထနောင်းပင်တွင် ချိတ်ဆွဲထားသည့် အရွယ်အစားစုံ ကြေးစည်များက နှစ်ဆယ်နီးပါး ရှိမည်။ ထို့အတူ အရွယ်အစားစုံ ကြေးမောင်းများ ကလည်း အရေအတွက် မနည်းလှ။ ကျနော်တို့ကား ကြေးစည်များ၊ ကြေးမောင်းများ အလယ်၌ ရပ်ရင်း မိမိကိုယ်မိမိ သိုက်နန်း တနန်းထဲ ရောက်သွားသလို ခံစားနေရသည်။

မလှမ်းမကမ်း မြေပြင်ပေါ်ရှိ စင်မြင့်ပေါ်မှာလည်း ကြေးဆေးတံ၊ ကြေးရေတကောင်း၊ ကြေးအရုပ်၊ ကြေးကွမ်းညှပ်၊ ကြေးနားတောင်း၊ ကြေးပစ္စည်း အစုံ။ ကြေးစည်များ၊ ကြေးမောင်းများကို တလုံးစီ တီးခတ်ကြည့်တော့ နိမ့်မြင့် အသံ စုံသည်။ ဟုတ်သည်။ သိုက်နန်း ရောက်နေသလိုပါပဲ။

ကိုင်းကျနေသော ထနောင်းကိုင်းမှာ စံပယ်ကုံးတွေ တွဲရရွှဲချကာ အလှဆင်ထားသည့် ကြိုးဒန်း။ သည်ဒန်း ပေါ်မှာ ပြန့်ထဘီ အဖြူပေါ် ရွှေချည်ထိုးကာ အစိမ်းခက် ဘော်ကြယ်လေးတွေ ကြဲဖြန့်ထားသည်။ အပေါ်က အဖြူရောင် ထိုင်မသိမ်း အကျႌ၊ နက်မှောင် ရှည်လျားသော ဆံပင်များက ဒန်းပေါ် ထိုင်နေသည့် ထိုအမျိုးသမီး၏ တင်ပါး ကောက်ကြောင်း အတိုင်း ဝိုက်ပြီး ဆင်းသွားတာ၊ မြေပြင်နှင့် ထိလုထိခင်။ ခေါင်းမှာလည်း သရဖီတွေ ဝေလို့။ ကြေးစည်သံ၊ ကြေးမောင်းသံတွေက ဆူညံနေ၏။ သည်သံစဉ်များနှင့် အတူ ဒန်းကလေးကို ခပ်ဖြည်းဖြည်း လွှဲကာ လွှဲကာ “အဖြူရောင်မလေး” သည် တေးချင်းတပုဒ် ဆိုညည်းနေပေမည်။

“ကိုးမည် လောင်မှ၊

မိုက်မှောင်လင်းလင်း၊ ဧရာခင်းသည်၊

လုပ်ခြင်းတည့် တချွေးချွေး

ဧ လည်း ယင်ယင် ဧ”

ဆံနွယ်များက  ဒန်းအလွှဲလိုက်တွင်  ဝေ့ကာ ဝေ့ကာ လူးနေ၏။ သရဖီ ပန်းရနံ့လေး သင်းခနဲ မွှေးသွားသည်။ မြင်ကွင်း များလည်း ဝေဝါးသွား၏။

သရဖီပန်း ရနံ့လေး သင်းခနဲ မွှေးသွားသည်။ “ရီဝေ ၊ ရီဝေ  အတွေးထဲမှ လန့်နိုးလာချိန်၌၊ ကြေးစည်များ၊ ကြေးမောင်းများ အကြား၌ စံပယ်ပန်းကုံး များလည်း မရှိ၊ ဒန်းလည်း မရှိ၊ အဖြူရောင် ဥစ္စာစောင့် မလေးလည်း မရှိ၊ သနပ်ခါးကို ပါးကွက်ထူထူ ကွက်ကာ ကြေးဆေးတံအိုအား ဈေးမေးနေသည့် နိုင်ငံခြားသားများအား အင်္ဂလိပ်လို သွက်လက်စွာ ပြောနေသည့် ပုဂံသူ ဈေးသည်မလေး ရှိသည်။

သူက ဈေးအင်မတန် ချိုကြောင်း၊ လက်ရာ ကောင်းကြောင်း၊ သည်လက်ရာ၊ သည်ဈေးနှင့်  ဘယ်ဘုရားမှာမှ မရနိုင်ကြောင်း တတွတ်တွတ် ပြောပြနေ၏။

ခဏနေတော့ ကြေးဆေးတံလေးကို ဝယ်သွားကာ ထွက်သွားသည်။ ဈေးသည်မလေးက ကျနော်တို့ဘက် လှည့်ကာ ပြုံးပြရင်း “နိုင်ငံခြား သားတွေဆီက အရင်လို ပိုက်ဆံ လွယ်လွယ် မရတော့ဘူး။ ဈေးတွေ တအား ဆစ်တာပဲ” ဟု ပြောပြ၏။

ကျနော်တို့က သူ အလုပ် အပြီးမှာ ကျနော်တို့ သိလိုတာပဲ ဇွတ်မေးကြည့် ကြသည်။ အာနန္ဒာနှင့် ထီးလိုမင်းလို အကြားမှာ ဘယ်ဘုရားကို အပေါ်တက်ခွင့် ရပါ့မလဲ ဆိုသည့် ပြဿနာ။ သူက ကျနော်တို့ကို ဘုရား မုခ်ပေါက်သို့ ခေါ်၏။ ထို့နောက် လှမ်း၍ လက်ညှိုး ညွှန်ပြသည်။

“ဟောဒီက မြင်ရတဲ့ဘုရား။ ဆင်ပြဂူလို့ ခေါ်တယ်။ အဲဒီမှာလည်း တက်လို့ ရတယ်။ ဟို ခပ်လှမ်းလှမ်းမှာ ရွာဟောင်းကြီးဘုရား ဆိုတာ ရှိတယ်။ အဲဒါ လည်း ရတယ်။ ပြီးတော့ ဓမ္မရံကြီးနားမှာ ဂူနီညီအစ်မ ဆိုတာလည်း ရှိတယ်။ အဲဒီမှာလည်း တက်လို့ ရသေးတယ်။ ဂူနီညီအစ်မ သွားချင်ရင် လာခဲ့လေ၊ ကျမ လိုက်ပို့ပေးမယ်။ ဓမ္မရံကြီးက သွားရမှာ အခု ကျမ ဓမ္မရံကြီး သွားပြီးဈေးထွက်ရမှာ၊ အဲဒီမှာ ကျမရှိမယ်” ဟုလည်း ဖော်ရွေစွာ ပြောပြ၏။

ပုဂံက ကြည့်လေရာ “လှ” သည်။ ယုတ်စွအဆုံး သစ်ပင်တိုင်း လိုလိုပင် အမြင်ဆန်းသစ်ကာ လှနေ၏။ နွေဦးပေါက် ရာသီမို့ သစ်ပင်များသည် ဝတ်လစ် စလစ်နှင့် ပင်ကိုယ်အလှကို ဖွင့်ပြနေကြ၏။ ဝီရိယလွန် အပင်တချို့သာ ရွက်သစ် ပုရစ်ဖူးလေး တွေဖြင့် မလုံ့တလုံ အလှဆင်သည်။ ထိုသို့သော သစ်ပင်များထဲတွင် မင်းနန်သူရွာမ အနီး ကားလမ်းမသစ်နှင့် စူဠာမဏိသွား လှည်းလမ်းဆုံရာ အနီးက သစ်ပင်ကြီး တပင်ကိုတော့ ကျနော်တို့ မျက်စိကျနေတာ ကြာပြီ။ သူသည် ရင့်ကျက်၍ ဖွံ့ထွားကျစ်လျစ်သော ကိုယ်ခန္ဓာ ဖွဲ့စည်းမှုမျိုး။ မိုးကို မျှော်နေသော အကိုင်း လက်တံများက ဖြောင့်စင်း။ ပင်စည် ဖွဲ့စည်းပုံက ရှင်းလင်း။

ထိုနေရာ ရောက်သော အခါ ပုဂံနေသည် ခြစ်ခြစ်တောက် ပူနေပေပြီ။ အနီးအနားမှာက ဘောစကိုင်းပင် အရိပ် တရိပ်သာ ရှိသည်။ ကင်မရာ မှန်ဘီလူး ချောင်းကြည့်ပေါက်က ကြည့်တော့ အပင်ကြီးသည် သာမန် မျက်စိအမြင်ထက် ပိုပြီးလှ၏။ သို့သော် ကျနော်တို့သည် တခြား Subject တခုကို သစ်ပင်ကြီး အနားမှာ ထည့်ချင် နေကြသည်။ နွားဆွဲသွားမည့် လယ်သမား၊ သို့မဟုတ် ထင်းစည်းနှင့် မိန်းမပျို။

ကျနော်တို့သည် အစဉ်အလာနှင့် သမားရိုးကျ ကြားက ရုန်းမထွက်နိုင်သေး။ ထိုအခါ အနုပညာနှင့် ပတ်သက်၍ စွယ်စုံ ပညာရှင်ကြီး ဓားတန်း ဦးသန့် ၏ အဆိုအမိန့် တခုကို သွား၍ သတိရတော့သည်။ ဆရာကြီးက  ပြင်သစ်ဓာတ်ပုံ ဆရာ  Henri Cartier Bresson ၏ ပုံနှင့်ပတ်သက်၍ ပြောပြခြင်း ဖြစ်သည်။

ထိုပုံမှာက ပြင်သစ်မြို့ငယ် တမြို့၏ အရက်ဆိုင်ပေါက်တွင် အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကောင်လေး တယောက် သည် သူ့ခါးမှ နေပြီး ခေါင်းလောက် ရောက်နေသော ဝိုင် အရက်ပုလင်းကြီးကို ပိုက်ကာ ထွက်လာ၏။ သူထွက်လာသော အပေါက်ဘေး၌ သူနှင့်ရွယ်တူ ကောင်မလေး တယောက် ဆိုင်ဘေး မှီပြီးရပ်နေသည်။ ကောင်လေးက ကောင်မလေးကို ပြုံးပြုံးကြီးကြည့်ကာ “ငါဘယ်လောက် ဟုတ်တုန်း” ဆိုသည့် မျက်နှာနှင့် မျက်ထောင့်က စောင်းကြည့်ပြီး ခြေလှမ်းကျဲကြီးနှင့် လှမ်းထွက်သွား၏။ ကောင်မလေးကလည်း “ဟုတ်ပါပေတယ်” ဆိုသည့် မျက်နှာထားနှင့် ငေးကြည့် ကျန်ရစ်သည်။

ဓာတ်ပုံက ဒါပဲ ဖြစ်သည်။ ဤသို့သော မြင်ကွင်းမျိုးကို မြင်ပါက သာမန် ဓာတ်ပုံဆရာများ ရိုက်ပြချင်တာက ကောင်လေး အရက် ဆိုင်က အထွက် လမ်းမပေါ်မှာ ဘုန်းကြီးတပါးက မတ်တတ်ရပ်၊ ဒကာမ တယောက်က မြေကြီးပေါ် ဒူးတုပ်ကာ လက်အုပ်ချီလျက်၊ ထို ကလေးကို အံ့အားတသင့် ကြည့်။

ကလေးကလည်း ငါ့ဟာငါ အရက်ဝယ်တယ် ဘာဖြစ်တုန်း ဆိုသည့် ကိုယ့်ကိုယ်ကိုယ် အားပေးသည့် မျက်နှာထားနှင့်။ ဒါမျိုးပဲ မဖြစ်ဖြစ်အောင် ဆင်ရိုက်ကြမည်။ ထိုအခါ ဓာတ်ပုံမှ တဆင့် ခေတ်ကြီးက အတော်ပျက်စီးနေပါ ပကော၊ ရှေးကဆို ဒီအရွယ် အရက်ဆိုတဲ့ အသံတောင် ကြားစေရမှာ မဟုတ်ဘူး။ အခု ကြည့်စမ်း အဖေကိုယ်၌က ကလေးကို အရက်ဝယ်ခိုင်းတဲ့ခေတ်၊ ဆုတ်ကပ်ဟု ဇွတ်တရား ဟောကြမည်။

ဓားတန်း ဦးလေးသန့်က ဆက်၍  အနုပညာ သမားတွေ Sincere  ဖြစ်ဖို့၊ ရိုးသားဖို့ ပြောတတ်သေး၏။ ဓာတ်ပုံ ဆရာဟာ သူ့အရွယ်နဲ့သူ ရှုခင်း အလှလေးတွေ၊ မိန်းကလေးတွေရဲ့ အလှလေးတွေ ခံတွင်း တွေ့ပါရက်နဲ့ တရားပြပုံ တွေ၊ ပညာပေးပုံတွေ ရိုက်နေရင်လည်း မရိုးသားဘူးဟု ပြောတတ်သည်။

“အမှန်က ကိုယ်အခု ခံတွင်းတွေ့နေပြီး အခု ဖော်ထုတ်ချင်တဲ့ သဘောသာ ဖော်ထုတ်ဖို့ လုံးပန်းရမယ်။ နောက်တော့ သူ့ဟာသူ ပြောင်းလဲလာမှာပဲ။ အခုကိုပဲ ဓာတ်ပုံ ပြိုင်ပွဲတွေမှာ ဆိုရင် မိမိတို့ပြဿနာတွေ မျိုးစုံဆင်ခြင်နေတဲ့ လယ်သမား အသက်ကြီး ကြီးပုံတွေ၊ ကိုယ့်ဘဝကိုယ် ဆင်ခြင်နေတဲ့ အဘိုးကြီး ပုံတွေ ပါလာတာ တွေ့ရတယ်။ အဲဒါတွေ တကယ် ရိုက်ပြချင်ရင်တော့ ရိုက်ပေါ့” ဟုလည်း ပြော၏။

ကျနော်တို့ကား ၂၁ ရာစု ခေတ်တွင် လှုပ်ရှား နေကြသော်လည်း အစဉ်အလာဟောင်းကို မစွန့်လွှတ်နိုင်၊ အသစ်ကို လက်ခံဖို့ မဝံ့မရဲ။ မည်သို့သော ပညာရှင်ကြီးများ၏ အဆုံးအမနှင့် ကြုံရစေကာမူ ကျွဲပါးစောင်းတီး။

အခုလည်း ကြည့်လေ။ အပင်ကြီးက သည်အတိုင်း လှနေပါလျက်နဲ့ သည်အတိုင်း မတင်ပြရဲ။ အနားမှာ သမားရိုးကျ အပိုပစ္စည်းတွေ၏ အကူအပံ့ကို ယူချင်နေသေးသည်။ ကံကောင်းသည် ဆိုမလား၊ ကံဆိုးသည် ဆိုမလား ထိုအချိန်၌ တောမှ ဆူးခက်တွေခုတ် ပြန်လာသော လူငယ်တဦးက သစ်ပင်ကြီးဘေး လမ်းကလေး အတိုင်း ဘွားခနဲ တက်လာ၏။ သူ့ကိုပင် အကူအညီ တောင်းရသည်။ ရွာထဲက ရေစည်လှည်းတစီး မောင်းခဲ့ဖို့ အကျႌအနီ ရှိ မရှိ  မသိ။

သို့သော် မိမိဆန္ဒကိုပဲ အတင်းအဓမ္မ ဖြစ်ခိုင်း နေသော အကျင့်က ကျနော်တို့မှာ စွဲကပ်နေပါ ပကော။ ရေစည်လှည်း ငှားရလို့လား သို့မဟုတ် အကျႌအနီ ငှားရလို့လား မသိ၊ ရွာသားလူငယ် ရေစည်လှည်းနှင့် အကျႌအနီနှင့် ပြန်အလာကို အတော် စောင့်ရသည်။ ထိုအခါ ကျနော်တို့ လိုချင်သော ပုံကို အားမနာတမ်း ခိုင်းကာ ရိုက်ရတော့၏။ ရွာသားလူငယ် ပြောပြမှ ထိုအပင်သည် ဖျောက်ဆိတ်ပင်မှန်း သိရတော့သည်။ လိုချင်သောပုံတွေ ရိုက်အပြီး ရွာသားကို ပိုက်ဆံပေး တော့ မယူ။

“ဟာဗျာ ဘာပင်ပန်းတာ မှတ်လို့၊ ကူညီတာပါဗျာ၊ မလုပ်ပါနဲ့” ဟု ဇွတ်ငြင်းသည်။ အဓမ္မပေး ထည့်လိုက်ရ၏။

ပုဂံရောက်သည်မှ စ၍ ကျနော်တို့ သတိထားမိသည်မှာ ပုဂံသူ ပုဂံသားတိုင်းသည် ဖော်ရွေခြင်း၊ အကူအညီပေးဖို့  ဝန်မလေးခြင်းပင်  ဖြစ်သည်။ တကယ်တော့ ထိုစရိုက်က မြန်မာ့စရိုက်ပဲ ဖြစ်သည်။ မြန်မာပျောက်၊ မြန်မာစရိုက် ပျောက်နေသော မြို့ပြ၏ လောင်းရိပ်၌ မိနေသော ကျနော်တို့မှာသာ မိမိ လုပ်ပေးရမည့် အလုပ်အတွက် ဘာ အကျိုးခံစားခွင့် ရမှာလဲ ဟူသော စီးပွားတွက် တွက်မှုကသာ အရိုးစွဲ သွားခြင်း ဖြစ်ပေလိမ့်မည်။ ဝမ်းနည်းစရာတော့ ကောင်းလှချေသည်။

ထို့အတူ ပုဂံမှာ ရှင်သန်ဆဲဖြစ်သော ထို ချစ်စရာကောင်းသည့် ဓလေ့စရိုက်လေးတွေ ငါးရာတန် တရွက်၊ တထောင်တန် တရွက်ကြောင့်၊ ဒေါ်လာကြောင့် ပျက်စီး မကုန်ပါစေနှင့်ဟု လည်း ဆုတောင်းမိသည်။

အရိပ် မရှိသော နေပူလယ်ခေါင်မှာ ကိုယ့်ဇောနှင့် ကိုယ်မို့ ပူမှန်းမသိ။ ကိုယ့် အလုပ်ပြီးတော့ အပူကို သတိရလာသည်။ ရေငတ်လာ၏။ ပါလာသော ရေဘူးတွေလည်း  ကုန်ပြီ။  စရိုက်ပျက်နေသော ပါးစပ်က တော်ရုံရေကို အဝင်မခံရဲ။ ရေသန့်ဘူးကို တောင့်တနေမိသည်။ ကိစ္စမရှိ။ မင်းနန်သူ ရွာက တောအိမ်ဆိုင်လေး တဆိုင်မှာပင် ရေသန့်ဘူးတွေ တံဆိပ်စုံ အစီအရီ။

ရေသန့် ယဉ်ကျေးမှုကတော့ မြန်မာပြည်တွင် အခြေစိုက် ချေပြီ။ စူဠာမဏိသို့  သွားသော လှည်းလမ်းအတိုင်း ကားကို ဖြည်းဖြည်း မောင်းကာ ထွက်ခဲ့ကြသည်။ သောက်၍ ကုန်သော ရေသန့်ဘူးခွံတွေ လှည်းလမ်းဘေး ပစ်ခဲ့သည်။ ပုဂံ၏ အမှိုက်များတွင် တံဆိပ်စုံ စီးကရက် ဘူးခွံ၊ ရေသန့်ဘူးခွံ တွေလည်း တိုးလာမှာပေါ့။

တနေ့က ဂျာနယ်တစောင်မှာ ဖတ်လိုက်ရ တာက ပုဂံကဘုရားတွေပေါ်မှာ အသုံးပြုပြီး “အဖော်” အကာအကွယ် ပစ္စည်းတွေလည်း နေရာအနှံ့ ပြန့်ကျဲလို့တဲ့။

ဟူး…….။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading