တကယ်တော့ ကျုပ်ဟာ အယုံလွယ်တဲ့သူမို့ အယုံလွန်ပြီး ငတုံးစာရင်းထဲတောင် ပါလောက်ပါရဲ့။ ကြည့်လေ။ ကျုပ်လူပျို ပေါက်အရွယ်၊ ဗမာပြည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတာနဲ့ ကြုံတုန်းကလည်း တောင်သူလယ်သမားနဲ့ ဆင်းရဲသားကျောမွဲ လူတန်း စားတွေ ကောင်းစားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဆိုတာကြီးကို ထူထောင်မယ်ဆိုတော့ ကျုပ်ဖြင့် အလွယ်ယုံလိုက်မိ တာပါပဲ။
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီး အောင်မြင်လိုက်ပုံများ ဗမာတပြည်လုံး ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်ဘဝ ရောက်တဲ့ အထိခင်ဗျ။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါ၊ တို့တာဝန် အရေးသုံးပါးနဲ့ အသံကောင်းဟစ်ပြီး ရွှေကိုယ်တော် စစ်ဗိုလ်တွေ တက်လာပြန်တော့လည်း ဟုတ်နိုးနိုး ထင်ခဲ့တဲ့သူစာရင်းမှာ ထိပ်ဆုံးက ကျုပ်ပါပြန်လေရော။ ဒါပေမယ့် ဒါပေမယ့်ဗျာ၊ ကျုပ်တို့ ဗမာပြည်သူတွေ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ ဖွတ်သထက်ညစ်တဲ့ အထိ ကံဆိုးရှာကြပြီး စစ်ဗိုလ်ချုပ်တွေ ကံဇာတာ တက်လိုက်ပုံများ မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကိုတောင် ဝယ်မလိုလိုဖြစ်တဲ့အထိ ဇဋိလ၊ ဇောတိကတို့ ကတောင် အဖေခေါ်ရမလောက် ကြီးပွားကုန်ကြ ပါရောလား။ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းသာ ပြောင်းလိုက်ရင် ဗမာ ပြည်ဟာ စိနနိုင်ငံတော်ရဲ့ ပြည်နယ်တခုစာရင်း ချက်ချင်းဝင်သွားအောင်ကို စွမ်းဆောင်နိုင်ခဲ့ ကြပါပေတယ်။
ဗမာပြည်ရဲ့ နောက်မှလာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဇာတ်လမ်းတွေမှာ ဇာတ်လိုက်ကျော်များဟာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားနှင့့် ငါ၏တပ်မတော် အတွက် အသက်ကိုစွန့်လွှတ်ရန် အဆင်သင့်ရှိပါ၏” ဆိုတဲ့၊ အဘအမည်ရ ဗိုလ်မင်းတွေဖြစ်နေခဲ့တာမို့ ကျုပ်ရဲ့ ထစ်ကနဲရှိ ယုံလိုက်ချင်တဲ့ စိတ်က မကုန်ဆုံးခဲ့ပါဘူး။
ဟုတ်ပါ့ဗျာ။ ဒီလိုနဲ့ ၂၀၀၈ လို ဟန်မကျပန်မကျ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တက်လာခဲ့တဲ့ လက်ရှိ ကြံ့ခိုင်ရေးဗဟိုပြု စစ်ဗိုလ်တပိုင်း အစိုးရ မင်းများဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်လာပါပြီလို့ နောက်ကျမဲ ခေါင်းစဉ်တပ်ထားတဲ့ မဲလိမ်တွေစာရင်းပြပြီး မရှက်မကြောက်၊ လိပ်ကျော ကြောင်ကော်၊ ပြောင်ချော်ချော် မျက်နှာတွေနဲ့ ရသေ့ရှစ်သောင်း ဇာတ်ခင်းခဲ့ ပြန်ရောခင်ဗျ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း ကိုယ့်ကိုယ်ကိုယ် ခန္တီပါရမီကြီးသယောင်ယောင် ထင်တလုံးအပြင် အာရပ်နွေဦးလို သတ်ဟယ် ဖြတ်ဟယ်၊ သေဟယ်ကျေဟယ် ဆိုတာတွေ နားလေစမျှ မကြားလိုတာကြောင့် ဒီတခါတော့ အတည်ကြံတာ ထင်ပါရဲ့ ဆိုတဲ့အတွေးနဲ့ ယုံချင်သလိုလို ဖြစ်မိပြန်ပါရောခင်ဗျ။ ဒါပေမယ့် သုံးလေးခါ သေဖူးခဲ့ပြီမို့ “ဗိုလ်မင်းအဘတွေ တိုင်းပြည်ကြီးကို ဘယ်လိုများ ပြန်လည် ထူထောင်ကြမှာပါလိမ့်” ဆိုတဲ့ သတိသမ္ပဇဉ်လေး ကပ်ပြီး စောင့်ကြည့်မိတဲ့ အချက်ကတော့ ထူးခြားချက်လို့ ဆိုရမယ်။
ဇာတ်လမ်းကတော့ မသန်းပါပဲခင်ဗျ။ နိုင်ငံတော်သစ်ဆီ ချီတက်ရာမှာလည်း အသွင်ပြောင်း စစ်ဗိုလ်များဟာ ဓားပြဗိုလ်တပိုင်း စိတ်ထင်တိုင်း ကြဲပြီး မိုက်ကြေးခွဲသလို စစ်တပ်ကြီးရဲ့ အသုံးစားရိတ်ကို တိုင်းပြည်ဘဏ္ဍာ တဝက်ကျော် သုံးသတဲ့ဗျာ။ စစ်တပ် အင်အားကို အဓိက ဖြုန်းတီး နေတဲ့ နေရာကတော့ ပြည်တွင်းလက်နက်ကိုင် တွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာပါပဲ။ အားမနာ စတမ်း ပြောရရင် ကျုပ်တို့ နိုင်ငံစစ်တပ်ဟာ အိမ်နီးနားချင်း ဘယ်နိုင်ငံကို အနိုင်တိုက်နိုင်တဲ့ အင်အားရှိလို့တုန်း။ တိတိကျကျ ပြောရရင် ဘင်္ဂလားဒေ့ရှ်ကိုတောင် နိုင်ဖို့ မသေချာလှပါဘူး။ ဘယ်မှာလာ သေချာပါ့မတုန်း၊ ဗမာစစ်တပ်ကို ဗမာလူထုက အယုံအကြည်မှ မရှိပေကပဲ။
ဒီနေရာမှာ ကျုပ်သတိရမိတာကတော့ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ နိုင်ငံတော်နဲ့ အစိုးရလုပ်ငန်းဆိုင်ရာ အဆိုအမိန့် တခုပါပဲ။ ကွန်ဖြူးရှပ်က အစိုးရအတွက် အရေးပါတဲ့ကိစ္စသုံးရပ်ဟာ နိုင်ငံစားနပ်ရိက္ခာဖူလုံမှု၊စစ်လက်နက်ပြည့်စုံမှုနဲ့ အစိုးရအပေါ်ပြည်သူ့ယုံကြည်မှုပဲ လို့ဆိုပါတယ်။အားလုံးကိုမဖြည့်ဆီးနိုင်လို့ တစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုရင် ပထမဆုံးစွန့်လွှတ်ရမဲ့ အရာဟာ စစ်လက်နက်ပစ္စည်းတဲ့ ခင်ဗျ။ ဒုတိယစွန့်လွှတ်သင့်တဲ့အရာကတော့ စားနပ်ရိက္ခာ ဖြစ်ပါသတဲ့။ ဘာကြောင့်တုန်း ဆိုတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အစိုးရ တရပ်အတွက် မရှိမဖြစ်လို့ပါတဲ့ဗျာ။ ကျုပ်လိုငတုံးတောင် ဒီအချက်ကိုသိနေရင် ဒင်းတို့မသိဘဲ နေပါ့မလားဗျာ။
ဒီတော့ ကျုပ်တို့အစိုးရမင်းများ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ၊ ဆင်ခြေရာနဲ့ပြောင်းခင်း တပ်အပ်ဆိုသလို မည်သူမဆို အဝေးကပင် မြင်နေကြရပါပြီ။ စစ်တပ်ကြီးစိုးတဲ့ ခေတ်တုန်းဆီက စစ်တိုင်းမှူးများဟာ၊ နယ်စားပယ်စား ပဒေသရာဇ်တွေလို ထင်ရာစိုင်းခဲ့ သလိုပဲ၊ အခု လက်ရှိပစ္စက္ခ အချိန်မှာလည်း ပြည်နယ်တိုင်း ဝန်ကြီးချုပ်တချို့ဟာ ရုံးတရုံး ဓားတစင်း ထင်တိုင်း ကြဲနေတုန်းပါပဲဗျာ။ မြင်သာအောင် တည့်တည့်ထောက်ပြရရင် ရန်ကုန်မြို့ကို ဒလဘက်ဆီ တိုးချဲ့မယ့် စီမံကိန်းကိုသာ ကြည့်ကြပါလေတော့။ ဘယ်လောက်များ လျှို့ဝှက် သိုသိပ်ခဲ့သလဲဆိုရင် ဒီမိုကရေစီ စနစ် ကျင့်သုံးနေတဲ့ အချိန်ကြီးမှာ အဲဒီမဟာစီမံကိန်းကြီး အကြောင်း လွှတ်တော်ကတောင် မသိလိုက်ပါဘူးတဲ့ ခင်ဗျာ။ ဟစ်တဲ့လေသံကတော့ တိုင်းပြည် ဖွံ့ဖြိုးရေး၊ မြို့တော်ကြီး စည်ပင်စိုပြေလာရေး ဆိုတဲ့ ထူးမခြားနား လေသံပါပဲ။ တကယ့်လက်တွေ့ မှာတော့ အများသိတော်မူပြီး ဖြစ်ကြတဲ့အတိုင်း တရုတ်လက်သိပ်ထိုး၊ မဲပြာပုဆိုး အစီအမံ ဖြစ်နေပါရောလားဗျာ။
အေးလေ၊ အစိုးရမင်းများ ရာထူးအသီးသီး ခွဲဝေယူကြကတည်းက “တိုင်းပြည်ဖွံ့ဖြိုးစေရမဟဲ့” ဆိုတဲ့ စိတ်ကောင်း စေတနာမှ မရှိကြတာ ကလား။ ရမ်းသမ်းပြီး စွပ်စွဲတာ မဟုတ်ရပေါင်ဗျာ။ အစိုးရအဖွဲ့ တက်လာပြီ ဆိုကတည်းက ဝန်မင်းများရဲ့ ဓနဥစ္စာ ကြွယ်ဝမှုကို စာရင်းလေး တို့ထားပြီး ရာထူးသက်တမ်း ကုန်တဲ့အခါ ပြန်စိစစ်ကြည့်ဖို့ တင်တဲ့အဆိုဟာ လွှတ်တော်မှာ ခွက်ခွက်လန်အောင် ရှုံးခဲ့ပါပြီကော။ ဒီအချက်ကိုကြည့်ရင် စစ်ဗိုလ်တဖြစ်လဲ ဝန်မင်း၊ စစ်ဗိုလ်တွေရဲ့ သြဇာနည်းနာကို တနည်းနည်းနဲ့ မလွန်ဆန်နိုင်တဲ့အရပ်သား ဝန်မင်းတွေဟာ ရာထူးကို အသုံးချပြီး စီးပွားရှာချင် ရှာနိုင်တယ်ဆိုတဲ့ အကျင့်ပျက် လိုင်စင် ချပေးထားသလို ဖြစ်မနေဘူးလားဗျာ။ ဝန်မင်းများကတော့ ရှက်ရကောင်းမှန်းတောင် သိကြဟန်မတူပါဘူး။
အဗ္ဗဒူကလမ်ဆိုသူ ပုဂ္ဂိုလ်ကြီးဟာ ၂၀၀၇ ခုနှစ်မှာ အိန္ဒိယသမ္မတကြီး အဖြစ်ကနေ အနားယူသွားတဲ့ အချိန်မှာ သမ္မတရာထူး လက်ခံစဉ်က ပါလာခဲ့တဲ့ စာအုပ်သေတ္တာ နှစ်လုံးကို ဆွဲပြီး သမ္မတ အိမ်တော်ကနေ ပြန်လည် ထွက်ခွာခဲ့တာကို ဗမာအစိုးရမင်းများ အတုယူ ရကောင်းမှန်းမှ သိပါလေစ။ နိုင်ငံတကာ ကုန်သွယ်မှုတွေ လုပ်နေတဲ့ ကျုပ်မိတ်ဆွေ တယောက်ရဲ့ မှတ်ချက်ကတော့ မှတ်သားစရာ ကောင်းလှပါတယ်။ ဗီယက်နမ်လည်း ဗမာပြည်လို ပြုပြင်ပြောင်းလဲရေး လုပ်နေတာပါပဲတဲ့။ ဒါပေမယ့် ဗီယက်နမ်နဲ့ ဗမာကွာတဲ့ အချက်ကတော့ ဗီယက်နမ်ဟာ လုပ်ပိုင်ခွင့်ကို အာဏာရှင် ဆန်ဆန် ချုပ်ကိုင်မထားဘဲ တတ်သိပညာရှင် တွေရဲ့ သဘောအတိုင်း ဆုံးဖြတ်လုပ်ကိုင်ခွင့် ရှိခြင်းပဲတဲ့ဗျာ။ ပိုပြီးမှတ်သားစရာ ကောင်းတာကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စမှာ ဗမာက ဘယ်ပန်းချီ ရေးမမီအောင်ကို ဗီယက်နမ်ထက် သာလွန်ပြောင်မြောက် ပါသတဲ့။
တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ အသက်တမျှ အရေးပါလှတဲ့ ဘဏ်စနစ်ကို ပြန်ကြည့်ကြဦးစို့ရဲ့ဗျာ။ ဗမာပြည်မှာ ထိန်းမရ သိမ်းမရ ဖြစ်နေတဲ့ အိမ်မြေဈေး အဆမတန် ကြီးမြင့်နေခြင်းဟာ ဘဏ်စနစ် ဖရိုဖရဲဖြစ်နေခြင်းမှာ အရင်းခံပါတယ်။ ကျုပ်သိသမျှ အိမ်မြေဈေးကွက်မှာ ခြယ်လှယ်နေတဲ့ ဗမာသူဌေးတွေ ကတော့ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် နည်းလမ်းနဲ့ ရလာတဲ့ငွေမဲတွေကို အိမ်မြေ ဈေးကွက်မှာ ခဝါချတယ်၊ မြေကွက်ဝယ်လိုက်၊ ဘဏ်မှာအပေါင်ထား ငွေထုတ်လိုက်၊ မြေကွက်သစ် ထပ်ဝယ်လိုက်နဲ့ အလုပ်ဖြစ် နေကြတာပါပဲ။ အချိန်တိုအတွင်းမှာ အဆမတန် ဈေးမြင့်လာတာကြောင့် ဂျာအေး သူ့အမေရိုက်တဲ့ ဇာတ်လမ်း ဖြစ်လာပါရော။ သိန်းတသောင်း တန်တဲ့ မြေကွက်ကိုဝယ်ပြီး ဘဏ်မှာ ခုနစ်ထောင်နဲ့ ပေါင်တယ်။ တနှစ်ကြာတော့ မြေကွက်ဈေးက နှစ်သောင်းဖြစ် လာတယ်။ ဘဏ်မှာ ချေးငွေပြန်တင်တော့ တသောင်းလေးထောင် ရတယ်။ ဆက်ဝယ် ဆက်မြတ်၊ အမြတ်သံသရာ လည်ပြီး ဆင်းရဲသားတွေ နေစရာတဲစုတ် မရှိလောက်အောင် ငုတ်တုတ် မေ့ကုန်တော့တာပါပဲ။
ဗမာဘဏ် သူဌေးတွေ တည်ထောင်ထားတဲ့ ဗမာဘဏ်တွေမှာ ဘဏ်လုပ်ငန်း ကျွမ်းကျင်တဲ့ ပညာရှင် ဘယ်နှယောက်များ ရှိပါလိမ့်။ ဘဏ် အများစုဟာ အငြိမ်းစား ဘဏ်အရာရှိဟောင်းများနဲ့ ကျားကန်ထားကြပုံ ရပါတယ်။ ခေတ်ဆိုးခေတ်ကြပ် ကြီးထဲမှာ ကြိုးနီစနစ်နဲ့ ခေါက်ရိုး ကျိုးခဲ့တဲ့ အစိုးရ ဝန်ထမ်းဟောင်း ဘဏ်အရာရှိတွေဟာ အခုလို ခေတ်ပြောင်းချိန်မှာ တကယ်တမ်း အသုံးတည့်ပါ့မလား။ တကယ်တော့ နိုင်ငံတစ်ကာ အဆင့်မီ ပညာရှင်တွေ ခန့်ထားတယ်ဆိုရင်တောင် မပြည့်စုံသေးပါဘူး။ လွတ်လပ်စွာ ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဆိုလိုချင်တာက ဘဏ်လုပ်ငန်း ပညာရပ်မှာ ထိပ်ထိပ်ကြဲ ထူးချွန်ပြောင်မြောက်လှပါချည့်ရဲ့ ဆိုတဲ့ နိုင်ငံတကာအဆင့်မီ ဘဏ်ပညာရှင်တွေတောင် နေ့စဉ် ဘဝမှာ နာရီပိုင်းနဲ့အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရလို့ပါပဲ။
လာအပ်တဲ့ ငွေလေးလက်ခံလိုက်၊ ပြန်ထုတ်ပေးလိုက်၊ ငွေထုတ်ချေးလိုက်၊ အတိုးလေးယူလိုက် ဆိုတဲ့ အလုပ်မျိုးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်လောက်က၊ ချစ်တီးတွေတောင် လုပ်တတ်ပါရဲ့ဗျာ။ ဘဏ်ဝန်ထမ်းဟောင်း အရာရှိတွေကို အထင်အမြင် သေးခြင်း မဟုတ်ရပါဘူး။ သူတို့ဟာ ခြေစွမ်းရှိသလောက် ကစားနိုင်တဲ့အခြေ အနေရှိရဲ့လား။ ထားစရာမရှိတဲ့ သူဌေးတွေ ထင်ရာစိုင်းနေတာ၊ ငွေမဲကို ငွေဖြူလုပ်တာ လောက်ကိုသာ၊ ဗိုလ်ချုပ်ဟောင်းများရဲ့ တရားမဝင် ဓနဥစ္စာတွေကို လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် လူမိုက်အားပေး လုပ်နေ ကြရလေရော့သလား။ ဘဏ်စနစ်ရဲ့ အရေးကြီးပုံကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူတွေ တကယ်တမ်း သိနားလည်ကြ ရဲ့လား။ နိုင်ငံတကာ ချေးငွေ အတိုးနှုန်းကိုတောင် နားလည်ကြ ရဲ့လား။ သိချင်စမ်းပါဘိ။
တနိုင်ငံလုံး လျှပ်စစ်မီးလင်းဖို့ ကျုပ်တို့ခေတ် အဆက်ဆက် လည်တဆန့်ဆန့် မျှော်ခဲ့ကြပေမယ့် စစ်အစိုးရ အဆက်ဆက် ဘယ်ဆည်ကြီး ဆောက်နေပြီ၊ ဘယ်လောက် မီဂါဝပ်၊ ဘယ်တိုင်း ဘယ်ပြည်နယ်ကို ဖြန့်မယ်ဆိုတဲ့ မစားရ ဝခမန်း သတင်းတွေနဲ့တင် နိဌိတံသွားခဲ့တာ အခုအစိုးရသစ် လက်ထက်မှာလည်း ထို့နည်း လည်းကောင်းပါပဲ။ တနိုင်ငံလုံး မီးလင်းဖို့ မဆိုထားနဲ့၊ မြို့ကြီးတွေမှာတောင် အခုချိန်အထိ ပုံမှန်မီးမလင်းသေး ပါဘူးဗျာ။ နေပြည်တော်ကတော့ ခြွင်းချက်ဆိုပါတော့။ မီးပြတ်တာ၊ အင်တာနက်ပြတ်တာ နှေးတာကို မိုးကြိုးပစ်လို့၊ ဆည်ရေနည်းလို့၊ ဆည်ရေကြီးလို့၊ ရေအောက် ကေဘယ်ကြိုး ခိုက်မိလို့၊ ဓာတ်တိုင် ခွေးသေးပန်းသွားလို့၊ ဓာတ်ငွေ့ပိုက် ကြွက်ကိုက် သွားလို့ စသဖြင့် ပါးစပ်ထဲ တွေ့တဲ့ဆင်ခြေတွေ ပေးနေကြ တုန်းပါပဲဗျာ။
စင်ကာပူမှာနေတဲ့ ကျုပ်မိတ်ဆွေ တယောက် သူ့လုပ်ဖော်ကိုင်ဘက် စင်ကာပူ အင်ဂျင်နီယာ တယောက်နဲ့ ဆုံမိကြတုန်း စင်ကာပူမှာ မီးမပြတ်တာကို နှုတ်ကဖွင့်ဟပြီး ချီးကျူးမိသတဲ့။ ဒီတော့ စင်ကာပူအင်ဂျင်နီယာက လျှပ်စစ်မီးဟာ ပြတ်တတ်ပါတယ်၊ ပြတ်တာကို သုံးစွဲသူတွေ မသိလိုက် တာပါတဲ့ဗျာ။ လျှပ်စစ်ဆိုတာ ဓာတ်ကြိုးထဲမှာ အမြဲရှိနေရမယ့် အရာမို့ ခဏခဏ ပျက်နေတဲ့ ကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ဘယ်သကောင့်သား သုံးစွဲသူက ဝယ်သုံးမှာတုန်းတဲ့။ ဒါကြောင့် လျှပ်စစ် ဝန်ဆောင်မှု ပေးပြီဆိုတာနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားရင်၊ ဒုတိယ နည်းလမ်းနဲ့ ဘယ်လိုဆက်ပေးမယ်၊ တတိယနည်းလမ်းကို ဘယ်လိုသုံးမယ် ဆိုတာတွေ အဆင့်သင့် ကြိုတင်ပြင်ဆင် ထားရတာမျိုးလို့ ဆိုပါတယ်။ ပထမနည်းလမ်း ပြတ်တောက်သွားတာနဲ့ တခြား နည်းလမ်းတွေက မိုက်ခရိုစက္ကန့်ပိုင်း အတွင်း၊ ချက်ချင်း ဆိုသလို ချိတ်ဆက်မိအောင် စီစဉ်ထားပြီး ဖြစ်ပါသတဲ့။ လျှပ်စစ်ဓာတ်အား လိုင်းကို မဖြစ်မနေ အကြီးစား ပြင်ဆင်ရမယ် ဆိုရင်တော့ သုံးစွဲသူတွေကို ကြိုတင် အသိပေး တောင်းပန်ရမယ် ဆိုပါတယ်။ ဒါလည်း အလွန်တိုတောင်းတဲ့ နာရီပိုင်းမျှသာပါပဲတဲ့။
ဒီတော့ ကျုပ်ရဲ့ ဗမာမိတ်ဆွေက “တို့တိုင်းတို့ပြည်မှာ လျှပ်စစ်မီး မလုံလောက်တော့ အလှည့်ကျပေးတယ်။ မြို့သစ်တွေ တိုးချဲ့လာ၊ လူဦးရေနဲ့ လျှပ်စစ်သုံးစွဲမှု အဆမတန် ကွာဟလာတော့ လျှပ်စစ်ဓာတ်အား မလုံမလောက် ဖြစ်လာရပါတယ်” လို့လည်း ဆင်ခြေတက် လိုက်ရော၊ စင်ကာပူ လျှပ်စစ်အင်ဂျင်နီယာ မှတ်ချက်ပြုလိုက်တဲ့ စကားက ဒါဟာလျှပ်စစ်မီး ပြဿနာမဟုတ်ဘဲ စီမံအုပ်ချုပ်မှု ကွင်းဆက် ပြတ်ခြင်း၊ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု အမှားပါတဲ့ဗျာ။ အခုလတ်တလော ကာလမှာတင် ဓာတ်လိုက်ပြီး မရှုမလှ သေကြရတဲ့ ကိစ္စရပ် အပေါ် လျှပ်စစ်ဌာန တာဝန်ရှိသူရဲ့ မိန့်ကြားချက်ကတော့ ဓာတ်လိုက် မခံရအောင်၊ ဓာတ်ကြိုးကို ကြည့်ရှောင်ကြပါတဲ့ခင်ဗျ။
ကဲ … လက်ကိုင်တယ်လီဖုန်း ကိစ္စကိုကြည့်ဦး မလား။ ခေတ်ဟောင်းဆီကဆို ဆင်းကတ် တကဒ်ရဲ့ တန်ဖိုးဟာ ထိုင်းလို အိမ်နီးနားချင်း နိုင်ငံမှာ တပတ်ရစ် ကားတစီးဖိုး ဖြစ်နေခဲ့လေရဲ့ဗျာ။ ခေတ်သစ်ကို ပြောင်းပြီဆိုတော့ ပြည်တွင်း ကုမ္ပဏီ တခုကနေ ဆင်းကတ်တကတ်ကို ကျပ်ငါးထောင်နဲ့ ရောင်းနိုင်အောင် စီမံပေးပါ့မယ် ဆိုတော့ ဆက်သွယ်ရေး တာဝန်ရှိသူများရဲ့ ရွှေဉာဏ်တော် ထက်မြက်စွာ၊ တုန့်ပြန်ပုံကတော့ မဖြစ်နိုင်ဘူးပါတဲ့ခင်ဗျ။ မကြာပါဘူး။ နှစ်နှစ်ဝန်းကျင် လောက်နေတော့ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီတွေကို လိုင်စင်ချပေးလိုက်တော့ ဆင်းကတ်တန်ဖိုးက ကျပ်တထောင့်ငါးရာ ဖြစ်လာတော့မယ့်ဆဲဆဲ အချိန်မှာတောင် လိုင်စင်ကို အချိန်မီချမပေးဘဲ ညစ်လို့ရသလောက် ညစ်လိုက်သေးဗျာ။ နောက်ဆုံးတော့ သူတို့လည်း တကတ် ထောင့်ငါးရာပဲ ဆိုပြီး အရူးကွက်နင်း ပြန်ရော။ အစိုးရမင်းများ ရိုင်းစိုင်း ယုတ်မာချက်ကတော့ လက်ကိုင် တယ်လီဖုန်း ခေါင်းစဉ်နဲ့ လူထုကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်ခဲ့တာဟာ ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ၊ တုနှိုင်းမမီအောင်ပါပဲဗျာ။ ညံ့ချက်တွေကို ရှေ့ဆက် ရရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ပါမို့ ရပ်မယ်ကြံကာရှိသေး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ဗမာပြည်ဟာ ပူးပေါင်း ဆောင်ရွက်မှု မရှိဆုံးနိုင်ငံ ဖြစ်တဲ့အကြောင်း အသံထွက်လာပြန်ပါပြီ။
တိုတိုပြောရရင်တော့ အစိုးရအဖွဲ့ အဓိက တာဝန်ရှိသူတွေ အနေနဲ့ မတော်လောဘ တိုက်ပြီး တိုင်းပြည်အပေါ် ထားတဲ့စေတနာ မမှန်ဘဲ တိုင်းပြည်ကို ဘယ်လိုလုပ် ပြန်လည်ထူထောင် ကြပါ့မတုန်း။ ဗမာပြည်ကို ဦးဆောင်သွားခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့လို ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ဘဏ္ဍာကို တစိုးတစိမှ မထိခဲ့ကြ၊ ရာထူး အာဏာကို ကိုယ်ကျိုးအတွက် မသုံးခဲ့ကြဘူးလို့ ချစ်သူမုန်းသူ အားလုံးက အသိအမှတ်ပြု လက်ခံကြပါတယ်။ အခုတော့ဗျာ၊ မိုးကျရွှေကိုယ် စစ်ဗိုလ်ဟောင်းတွေဟာ မဆီမဆိုင် မတန်မရာ နေရာတွေရ၊ ပြည်သူ့ ဝန်ထမ်းဆိုတဲ့ ရာထူးနဲ့ မတန်မရာ သိန်းထောင်ချီ တန်တဲ့ကားတွေ၊ သိန်း သောင်းချီတဲ့ နေအိမ်ခြံဝင်းကြီးတွေနဲ့ နေနိုင်ကြပြီး ထားစရာ မရှိအောင် ကြွယ်ဝနေကြတာ ဘယ်ဘိုးဘွား အမွေတွေများပါလိမ့်။ တိုင်းပြည်ကို ရောင်းစားပြီး ကြီးပွားနေကြတာလို့ ပြောပြန်ရင်လည်း အနာပေါ်တုတ်ကျသလို ဖြစ်ကြဦးမှာ မြင်ယောင်သေးဗျာ။
ငါကြီးပွားဖို့၊ ငါရာထူးမြဲဖို့၊ ဂွင်သာအမိ ဂွင်သာအဖ၊ ငါမသေ ငါ့အာဏာ မစွန့်စေရဆိုတဲ့ လူစားတွေ ကြီးစိုးနေတာကြောင့် ကျောမွဲ လူတန်းစားတွေခမျာ ယာထဲချောင်းထဲ၊ နေပူစပ်ခါးမှာ တနေကုန် ခါးချိအောင်လုပ်၊ မိတကွဲဖတကွဲ၊ မိသားစုကိုစွန့်ခွာပြီး ပြည်ပထွက် ကျွန်ခံရင်း သေလောက်အောင် လုပ်ရင်တောင် ဗမာပြည်မှာ အိမ်တလုံး ပိုင်စရာလမ်း မမြင်တော့တဲ့ အခြေအနေမှာ အစိုးရမင်းများကို ကျုပ် ဘယ်လိုလုပ် ယုံနိုင်ပါတော့မတုန်း။
သမ္မတကြီးဟာ စိတ်ရင်းကောင်းတယ်ဆိုတာ ကျုပ်အငြင်းမပွားလိုပေမယ့် စောရလက်သစ် အများစု နေရာရနေတဲ့ လက်ရှိအစိုးရ အဖွဲ့အနေနဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ဆိုတာ တောင်ထိပ်ကြာပေါက် အနောက်အရပ်က နေထွက်တာတောင် ရေးရေး ဘယ်သို့ မမြင်ပါပဲဗျာ။ လူဆိုတာ အမှားမကင်းတာမို့ မှားခဲ့ပြီးတာ အပြစ်မဆိုချင်တော့ပေမယ့် အမှားတွေ တသီတတန်းကြီးကို ဗြောင်ကျကျ မျက်နှာပြောင် တိုက်ပြီး မင်သေသေ အလိမ်ဇာတ် ဆက်ခင်းနေတဲ့ လက်ရှိ အစိုးရမင်းများအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးဖို့ ကျုပ်ကိုများ မျက်နှာချင်းဆိုင် လာစည်းရုံးခဲ့ရင်၊ ကျုပ်ကတော့ ကိုယ့်ရင်ဘတ်ကိုယ် လက်သီးနဲ့ ကိုယ်နာနာထုပြီး “သြော် …၊ အဘတို့က ဗမာပြည်ရဲ့ ခေတ်သစ်ကို ထူထောင်ကြ ဦးမတဲ့လား” လို့၊ ဒင်းတို့မျက်နှာကို စေ့စေ့ကြည့်ရင်း ဒက်ကနဲမေးလိုက်စမ်း ချင်ပါရဲ့ …။