ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးတဲ့ မြန်မာ့တပ်မတော်က အာဏာသိမ်းကြောင်း ရေဒီယို၊ ရုပ်မြင်သံကြားတွေက စက်တင် ဘာလ ၁၈ ရက် ညနေ ၄ နာရီက ကြေညာခဲ့တာ အခုဆို ၂၆ နှစ်တိုင်ခဲ့ပါပြီ။
စစ်အာဏာသိမ်းမှုနဲ့အတူ ပစ်ခတ်မှု၊ ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ ဒီမိုကရေစီ တောင်းဆိုမှု လူထုလှုပ်ရှားမှုတွေ ကို အဆုံးသတ်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး၊ စစ်အုပ်ချုပ်ရေးနဲ့ တိုင်းပြည် ကို အုပ်ချုပ်ကာ နိုင်ငံရေးပါတီတွေကို တည်ထောင်ခွင့်ပေးလိုက်ပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။
ထိုစဉ်က နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်မှာ အင်အားအကြီးဆုံးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကျောင်း သားတွေ စုစည်း ထားတဲ့ လူ့ဘောင်သစ်က ဒုတိယ၊ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ-(မဆလ) တဖြစ်လဲ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး – တစည ပါတီဖြစ်တယ်။
အာဏာသိမ်း နဝတ စစ်အစိုးရက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးကို ကြီးမှူးကျင်းပပေး ခဲ့ပေမယ့်၊ တရားဝင် အနိုင်ရပါတီ NLD ပါတီကို အာဏာလွှဲပြောင်းပေးဖို့ တာဝန် ပျက်ကွက်ခဲ့သလို၊ တရားဝင် ကမ္ဘာ သိ ပြောဆိုခဲ့တဲ့ စစ်တပ်က တန်းလျားပြန်မယ်ဆိုတဲ့ စကားလည်း လေထဲမှာ ပျောက်ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်း သိမ်းခဲ့သလို၊ စစ်အစိုးရဟာ သူ့စိတ်ကြိုက် အမျိုးသား ညီလာခံကို ခေါ်ယူက အခြေခံဥပဒေ ရေးဆွဲဖို့ ကြိုးစား ခဲ့ပါ တယ်။
၂၀၀၈ ခုနှစ်မှာတော့ နာဂစ်မုန်တိုင်းတိုက်ခတ်နေတဲ့ကြားက တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုစေခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှသည် ၂၀၁၁ ခုနှစ်ထိ ၂၃ နှစ်တိုင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလ စီမံခန့်ခွဲမှု အားနည်းချက် များ၊ အဂတိ လိုက်စားမှုများ၊ မြေယာသိမ်းဆည်းမှုများ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကို သွားမယ်လို့ ကြွေးကြော်ခဲ့ပေမယ့်၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ နီးစပ်သူတွေသာ လက်ဝါးကြီး အုပ်ချယ်လှယ်ခဲ့တဲ့ အတွက် ၎င်းတို့သာ ကြီးပွားချမ်းသာသွားပြီး နိုင်ငံရဲ့ စီးပွားရေး က တော့ အဆိုးဆုံး အခြေအနေထိ ကျဆင်းသွားခဲ့ပါတယ်။
မြန်မာအစိုးရစစ်တပ်ကိုယ်တိုင် ဦးပိုင် ကုမ္ပဏီလီမိတက်ကို စီးပွားရေး ကဏ္ဍ အသီးသီးကို လွှမ်းမိုးထားတာကြောင့် စစ်တပ် စီးပွားရေးလို့ပင် အမည်တပ်ခေါ်ဝေါ်ခဲ့ရတဲ့ အဖြစ်ရောက်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်တပ်ကနေ အနား ယူခဲ့ပြီး၊ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီက အပြတ် အသတ်အနိုင်ရကာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာ တယ်။
စစ်ဗိုလ်ချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသားတော်တော်များများ ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးလို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ အထီး ကျန်ဖြစ်မှုတွေကို အဆုံးသတ်ပေးခဲ့ပေမယ့်လည်း၊ လွှတ်တော် ၂ ရပ်တို့မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းက နေရာယူ ထားပြီး အချိန်မရွေး စစ်တပ်က အာဏာသိမ်းပိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံက အာမခံထားဆဲဖြစ်ပါတယ်။
ဒါကြောင့်လည်း နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်များသာ တိုင်းပြည်အား အုပ်ချုပ် လာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုထိ လည်း စစ်တပ်ကပင် အာဏာဗဟိုချက်မဖြစ်နေဆဲလို့ ဆိုရမှာပါ။
အစိုးရသစ် လက်ထက်မှာ တံခါးဖွင့် ဝါဒ ကျင့်သုံးတဲ့အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာပေမယ့်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့နဲ့ နီးစပ်သူ တွေကသာ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားဆဲပါ။
အလားတူ သတင်းမီဒီယာကဏ္ဍမှာ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ်ထုတ်ဝေခွင့် ၊လွတ်လပ်ခွင့်ပေးထားတယ် ဆိုပေ မယ့် လည်း၊ ဖမ်းဆီးထောင်ချ အရေးယူမှုတွေက တော့ ရှိနေဆဲဖြစ်ပြီး၊ နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြား ကဏ္ဍတွေမှာတော့ လက်ရှိအစိုးရပဲ ချုပ်ကိုင်ထားတာကို မြင်တွေ့နေရပါတယ်။