သူ့နာမည်က ဒေါ်စန်း။ ခင်မင်သူများက အန်တီစန်းဟု ခေါ်ကြသည်။ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပန်းဆိုးတန်း ခုံးတံတား အောက်တွင် သူရှိသည်။ သူ့မှာ စနေ အလုပ်ပိတ်ရက် မရှိ၊ တနင်္ဂနွေ အလုပ်ပိတ်ရက် မရှိ။
သူ၏ အလုပ်ပိတ်ရက်သည် သူ နေထိုင် မကောင်းသော နေ့ပင် ဖြစ်သည်။
အသက် ၅၀ ကျော်ခဲ့ပြီ ဖြစ်သော်လည်း သူသည် လူငယ်တယောက်လို လျင်မြန်သွက်လက်ဆဲ။ အနည်းငယ် ဝဖိုင့်သော ခန္ဓာကိုယ်၊ ခေါင်းတုံးဆံတောက် ဆံပင်ပုံစံနှင့် ပါဝါမျက်မှန် တပ်ထားသည့် သူ့ကို တကြိမ်မြင်ဖူးလျှင် အလွယ်တကူ မှတ်မိနိုင်သည်။
သနပ်ခါးရေကျဲကို ညီညီညာညာ လိမ်းထားသည့် အန်တီစန်းသည် စကားပြောလျှင် လက်ဟန်ခြေဟန် အပြည့်ဖြင့် အားရပါးရ ပြောတတ်သည်။ ယခုလည်း သူ စကားပြောနေသည်။ သူ့ဘေးတွင် ထိုင်နေသည့် သတင်းထောက် တယောက်ကို သူ့ဘဝနှင့် အလုပ်အကြောင်းကို ပြောပြနေသည်။
ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်သည် သူ၏ ဇာတိချက်မြှုပ် ဖြစ်သည်။ ယခု ပန်းဆိုးတန်း ခုံးတံတား ပတ်ဝန်းကျင်က သူ့လူနေမှု ဘဝကို မြှင့်တင်ပေးခဲ့သော ဘူမိနက်သန်ပင် ဖြစ်၏။ ဒီဝန်းကျင်တွင် သူအလုပ် လုပ်ခဲ့သည်မှာ ၁၉၈၈ အရေးအခင်း ကာလမတိုင်ခင် ကတည်းက ဖြစ်သည်။ သူ လုပ်ကိုင်ခဲ့သည်မှာ ၂၇ နှစ် ဝန်းကျင် ရှိခဲ့ပြီ။
“အဲဒီတုန်းက ဒီတံတားကြီး မရှိသေးဘူး။ ရွှေဂုန်ရုံ နဲ့ မြို့မရုံတွေရဲ့ အရှေ့က အမိုးကြီးအောက်မှာ အလုပ်လုပ်ခဲ့ရတာ” ဟု သူက ခင်မင်နှစ်လိုဖွယ် အမူအရာနှင့် ပြောပြသည်။
ရန်ကုန်မြို့၏ လူစည်ကားရာ မြို့လယ်တနေရာ ဖြစ်သည့် ပန်းဆိုးတန်း ခုံးကျော် တံတားကြီး၏ အောက်ဘက်တွင် ခြေသည်းလက်သည်း လှီးပေးခြင်း၊ နားသန့်ရှင်းရေး လုပ်ခြင်း၊ ဆံပင်ဖြူနုတ်ခြင်းနှင့် အညောင်းအညာ ပြေစေရန် နှိပ်နယ်ပေးခြင်း စသည့် အလုပ်များကို လုပ်ကိုင်ကာ စားဝတ်နေရေး အတွက် ဝင်ငွေရှာဖွေနေသူများ အနက် အန်တီစန်း တယောက်လည်း အပါအဝင် ဖြစ်သည်။
“ဒီနားတဝိုက်မှာ အယောက် ၃၀ လောက်ရှိတယ်။ ဒလဘက်၊ မြောက်ဥက္ကလာ၊ ယုဇန၊ သာကေတနဲ့ သန်လျင်ဘက်က လာလုပ်ကြတယ်။ နေရာကတော့ အစုံပဲ” ဟု အန်တီစန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ထိုသို့ ဝန်ဆောင်မှုပေးသည့် မြို့မှာ ရန်ကုန်နှင့် မန္တလေးတို့၌သာ ရှိကြောင်း သူက ပြောပြသည်။
စကား ပြောနေသော်လည်း သူ၏မျက်လုံးများ က လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာ လုပ်နေသူများနှင့် ကားများဆီသို့ မကြာခဏ ရောက်ရောက် သွားတတ်သည်။ ပြောလက်စ စကားကို ဖြတ်ကာ “အစ်ကိုကြီး… လှီးပေးရမလား” ၊ “လှီးမလို့လား” စသဖြင့် သူတို့အနီးသို့ ရောက်လာသူများအား လှမ်း၍လှမ်း၍ မေးသည်။
စကားလက်ဆုံ ကျကာ အလုပ်ပျက်၍ မဖြစ်။ သို့သော် နံနက် ၁၀ နာရီ ကတည်းက အခု စကားပြောနေသည့် အချိန်အထိ သူ့ဝင်ငွေမှာ ၅၅၀ဝ ကျပ်ရရှိထားပြီဖြစ်ရာ သူ့အတွက် နေ့တွက်တော့ ကိုက်နေပြီဟု ဆိုသည်။
ပလတ်စတစ်ထိုင်ခုံ ၂ ခုံ၊ ပလတ်စတစ် ခွေးခြေပုကလေး ၁ လုံးနှင့် စုံစီနဖာ ပစ္စည်းလေးများ အစီအရီ ထည့်ထားသည့် ပလတ်စတစ် ခြင်းကလေး တလုံးသည် အန်တီစန်း၏ အလုပ်ခွင် အပြင်အဆင် ဖြစ်သည်။ ပန်းဆိုးတန်းခုံး တံတားကြီး၏ အမိုးသည် အန်တီစန်းအတွက် အရိပ်အာဝါသ တခုဖြစ်သည်။
ပန်းဆိုးတန်း ခုံးတံတားကြီး၏ အင်္ဂတေတိုင်လုံးကြီး သည် အန်တီစန်း၏ အမှီအခို ဖြစ်သည်။ ထိုတိုင်လုံး ကြီး၏ ခြေရင်းအုတ်ခုံတွင် ရေအပြည့်ထည့်ထားသည့် ပလတ်စတစ် ပုံးငယ်တခု၊ အချိုရည် ပန်းကန်လေး တလုံး၊ ထမင်းချိုင့်ငယ် တခု၊ နောက်မှီတန်း ကျိုးပဲ့ နေသည့် သစ်သားထိုင်ခုံ တလုံးနှင့် လက်သုတ်ပုဝါ တထည်ကို တင်ထားသည်။
သူ၏ ရှေ့ရှိ အပြာရောင် ပလတ်စတစ် ခြင်းတောင်းငယ် ထဲတွင် သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် လက်သည်းလှီး ဓားငယ်များ၊ နားကြပ်သည့် ဂွမ်းတံငယ်များ ထည့်ထားသည့် ဘူး၊ အရောင်မပါသော လက်သည်းဆိုးဆေး ပုလင်းငယ် များ၊ နှာရည် ဆေးတောင့်ငယ်တခု၊ ဦးသာရင် လိမ်းဆေးပုလင်းငယ်၊ နားသန့်ဆေး၊ ခြေသည်းလက်သည်း ကြေး (ချေး) ချွတ်ဆေး ပုလင်း စသည့် ပစ္စည်းလေးများကို စီစီရီရီ ထည့်ထားသည်။ ရေထည့်ထားသည့် ဆေးပုလင်းခွံ ထဲတွင် သွားပွတ်တံ အဟောင်း တခုကိုလည်း ထိုးစိုက်ထားသေးသည်။
“ဒီအလုပ်က တခြား အလုပ်တွေ ထက်စာရင် သက်သက်သာသာတော့ ရှိတယ်။ ဒါပေမယ့် သူများ ခြေထောက်တွေ၊ လက်တွေတော့ ကိုင်ရတာပေါ့။ ကိုယ့်ဘဝကို စွန့်ရတာပေါ့။ တချို့က ဒီလို မကိုင်ရဲကြဘူး။ ဒီလိုလုပ်တာကို သိမ်ငယ် တယ် ထင်ကြတာပေါ့” ဟု အန်တီစန်းက သူ့အလုပ်နှင့် ပတ်သက်သည့် သူ့အမြင်ကို ပြောပြသည်။
အသက် ၁၆ နှစ်သမီး အရွယ်တွင် အိမ်ထောင်ကျကာ သမီးလေးတယောက်ကို မွေးဖွားခဲ့ပြီး မည်သည့် အလုပ်အကိုင် ကိုမျှ မလုပ်တတ်သေးသည့် သူ့ကို အစ်မကြီးဖြစ်သူက ရှာဖွေ ကျွေးမွေးခဲ့သည်။ ထို့နောက် အစ်မဖြစ်သူ အိမ်ထောင် ပြုလိုက်ပြီး တနယ်တကျေးသို့ ပြောင်းရွှေ့သွားရာ လူမမည် သမီးငယ်နှင့် အသက် ၈၀ ကျော်အရွယ် အမေအိုတို့နှင့် အတူ သူ ဒုက္ခရောက်ခဲ့ရတော့သည်။
“အဲဒီတော့ ကလေးလေးနဲ့ ဒုက္ခရောက်ပြီး နေနေရင်းကနေ ရေထမ်းရောင်းတယ်။ နောက် အစ်မက သူ့မှာ ကလေး တယောက်မှ မမွေးတော့ သမီးလေးကို ခေါ်ထားတယ်။ အန်တီစန်းက ဒီက လွတ်လွတ်လပ်လပ် စီးပွားရှာ၊ ပိုက်ဆံပို့ ပေးပြီး ၈၆ နှစ် အရွယ် အမေကို ထိန်းရတယ်။ အမေက အသက်ကြီးတော့ အိပ်ရာထဲမှာ ပက်လက်ကြီးပေါ့” ဟု အန်တီစန်းက သူ ဖြတ်သန်းခဲ့ရသည့် ဘဝခရီး တစိတ်တပိုင်းကို ပြန်လည်ပြောပြသည်။
ငယ်ရွယ် နုနယ်သေးသည့် အချိန်က ရေထမ်း၍ ရောင်းဖူးသည်။ ကုန်စိမ်း ဈေးသည်လည်း လုပ်ဖူးသည်။ မြစ်တဖက် ကမ်းရှိ ရန်ကုန်မြို့ကို ကူးကာ အမဲသားများကို ဖောက်သည် ဝယ်ယူ၍ အမဲသားသည်လည်း လုပ်ခဲ့ဖူးသည်။
ထို့နောက် ယခုလုပ်ကိုင်နေသည့် လုပ်ငန်းကို ပန်းဆိုးတန်း ခုံးတံတားအောက်တွင် အလုပ်လုပ်သည့် ခင်ပွန်း ဖြစ်သူနှင့် အတူ သင်ယူလေ့ကျင့်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။
“ဒီလုပ်ငန်း လုပ်ပြီးမှ စီးပွားရေး အဆင်ပြေလာတာ။ အန်တီစန်း ယောက်ျားတို့ လုပ်တုန်းက ၂ ကျပ်ခေတ်။ သူ့ကို ထမင်းချိုင့် သွားပို့ရင်းနဲ့ ဓားကိုင်တာ လေ့ကျင့်ရင်း သူများတွေ ပိုက်ဆံရတာကို အားကျပြီး ဝင်လုပ်တာ။ အန်တီတို့ စလုပ်တော့ လူတယောက်ကို ၁၅ ကျပ်ပဲ ရသေးတယ်။ အဲဒီတုန်းက လူတယောက်က ၄၅ ကျပ်လောက်ပေးသွားရင် အရမ်းပျော်တာ။ အစပိုင်းမှာ ဓားကိုင်တာ မကျွမ်းသေးတော့ သူများကိုထိမှာ နည်းနည်း ကြောက်တာပေါ့” ဟု အန်တီစန်းက ပြုံးရွှင်ဖော်ရွေသည့် မျက်နှာအမူအရာဖြင့် ပြောပြသည်။
အခြေအနေအရ အဝေး၌ ခွဲနေရသည့် သမီးဖြစ်သူအား ဘွဲ့တခုရအောင် သင်ကြားပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် အန်တီစန်းတို့တွင် တိမွေးကု တက္ကသိုလ် တက်နေသည့် မြေးငယ်တဦးနှင့် အထက်တန်း တက်နေသည့် မြေးတဦးပင် ရှိနေပြီ ဖြစ်သည်။
မြေးငယ်များ၏ ကျောင်းနေ စရိတ်ကို ထောက်ပံ့ပေးနေရခြင်း အတွက် ဂုဏ်ယူနေကြောင်းကို သူ့မျက်နှာတွင် အထင်းသား မြင်နေရသည်။ သို့သော် ထိုအကြောင်းကို သူသိပ်မပြောလိုကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောပြသည်။
“တချို့ကျတော့ ရှက်တတ်တယ်။ တချို့ကျတော့လည်း မရှက်ဘူးပေါ့။ နင်တို့မိဘတွေ ဘာလုပ်လဲ ဆိုရင် သူတို့ ဘယ်လို ဖြေကြမလဲ။ အဲဒါကြောင့် ထိန်းပြီးဖြေရတာပါ” ဟု သူက ဆိုသည်။
စကားပြောနေစဉ် ခြေစွယ်ငုပ်သူ တဦး ရောက်လာ သဖြင့် စကားဖြတ်ကာ သူ၏ဖောက်သည်ကို ဝန်ဆောင်မှု ပေးသည်။
လက်သည်းလှီး ဓားငယ်ကို အရက်ပြန် ဆွတ်ထားသည့် ဂွမ်းဖြင့် သုတ်လိုက်သည်။ ထို့နောက် ရေဆွတ်ထားသော သွားပွတ်တံဖြင့် ခြေသည်းများကို သန့်ရှင်းလိုက်သည်။ ဓားကောက် ကလေးကို ကိုင်ကာ ခြေသည်းများကို ကျွမ်းကျွမ်းကျင်ကျင် လှီးဖြတ်လိုက်သည်။ ထို့နောက် ငုပ်နေသော ခြေစွယ်ကို သံဖြတ်လွှ အပါးစားအား ဓားသွေးကျောက်ဖြင့် တိုက်စားထားသည့် ဓားငယ်လေးနှင့် ထိုးကော်ကာ လှီးလိုက်ပြန်၏။
“အလှပြင်ဆိုင်တွေမှာ သွားလုပ်ရင် သူတို့က အလှအပ အတွက်ပဲ လုပ်ပေးတတ်တာ။ ခြေစွယ်ငုပ်တာကို ဒီလို မဖော်ပေးတတ်ဘူးလေ” ဟု အန်တီစန်း၏ ဖောက်သည်ဖြစ်သူက ပြောပြသည်။
အနီရောင် အောက်ခံပေါ်တွင် အဖြူစက်ကလေးများဖြင့် လက်သည်းဒီဇိုင်း ပုံဖော်ထားသည့် အန်တီစန်း၏ လက်တို့သည် သူ့ဖောက်သည်၏ ခြေထောက်နှင့် ခြေချောင်းများပေါ်တွင် သွက်လက်စွာ လှုပ်ရှားနေသည်။
“ကိရိယာတွေကို ကိုင်တဲ့အခါမှာ သန့်ရှင်းအောင်ထားရတယ်။ ခြေစွယ်ငုပ်လို့ ရောင်လာတဲ့လူတွေ၊ ပြည်တည်လာတဲ့ လူတွေကို ခြေစွယ်ဖော်ပေး ရင် သွေးမထွက်ဘူး လို့ အန်တီစန်း အာမမခံနိုင်ဘူး။ အဲဒီအခါကျရင်တော့ ဓားကို လဲပစ်ရ တယ်။ အဲဒီ တနေ့တာမှာ အဲဒီဓားကို မသုံးတော့ဘူး။ အိမ်ကျမှ ပြန်ပြုတ်တယ်။ အရက်ပြန်နဲ့ ပိုးသတ်တယ်။ မီးကင်တယ်။ ကျောက်နဲ့ ပြန်တိုက်စားတယ်။ အဲလိုတွေ လုပ်ရတယ်” ဟု ဆိုကာ သူ၏ လုပ်လက်စ အလုပ်ကို လက်စသတ် လိုက်သည်။
၁၀ မိနစ်လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓားအသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ်ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခုပေါင်းဝင်ငွေ ဖြစ်သည်။
ထို့နောက် ခြင်းတောင်းငယ် ထောင့်တွင် ထောင်ထားသည့် Lux ဆပ်ပြာအရည်ဘူးကို ယူကာ ပလတ်စတစ် ပုံးငယ်ထဲက ရေဖြင့်လက်ဆေးကာ စကားဆက်သည်။
“ရောဂါကူးရင် သူများတွေက နောက်မှ ကူးမှာ။ အန်တီတို့က အရင်ကူးမှာ။ ကိုယ့်ကိုယ်ကို အရင်ကာကွယ်မှ သူများကို ကာကွယ်ရာ ရောက်မယ်။ လူမှာ မိတ်က အရေးကြီးတယ်။ ပိုက်ဆံက အရေးမကြီးဘူး” ဟု အန်တီစန်းက အလေးအနက် ပြောသည်။
လက်ဟန်ခြေဟန်ဖြင့် စကားပြောလိုက်တိုင်း ရွှေလက်ကောက်ချင်း ပွတ်တိုက်သံ တချွင်ချွင် ကြားနေရခြင်းက သူ၏ အဆင်ပြေမှုကို သက်သေပြနေ သလို ရှိသည်။
ဖောက်သည်တဦး လက်သည်းခြေသည်း လှီးလျှင် အခြေခံအားဖြင့် ကျပ် ၁ ထောင်မှ ၁၅၀ဝ အထိ ပုံမှန်ယူလေ့ရှိပြီး ဓားအသစ်ဝယ်ကာ လှီးသူများ၊ ခြေစွယ်ငုပ်ကာ ရောဂါအခြေအနေ ဆိုးသူများ၊ နားပြည်ယိုသူများနှင့် နားအတွင်းသို့ ပြင်ပပစ္စည်း ဝင်သဖြင့် ပြန်လည်ထုတ်ယူလိုသည့် ဖောက်သည်များ ဆိုလျှင် ထိုထက်ပို၍ ဝင်ငွေများသည်။
သို့သော် တနေ့တာ ဝင်ငွေနှင့် ဝန်ဆောင်ပေးရသည့် ဖောက်သည် အရေအတွက်ကိုမူ ပုံသေတွက်ပြရန် ခက်ခဲကြောင်း အန်တီစန်းက ဆိုသည်။ အနည်းဆုံးဝင်ငွေရသည့် နေ့တွင်ပင်လျှင် အိမ်၏ ဈေးဖိုးထွက်ငွေ ကာမိပြီး တသောင်းကျော်လည်း ရသည်။ ထို့ထက်လည်း ပိုနိုင်သည်။
ဤ ပန်းဆိုးတန်း ခုံးတံတားကြီး အောက်တွင် အန်တီစန်း နည်းတူ အလုပ်လုပ်လုပ်နေသူများကို ဟိုတစု သည်တစု တွေ့ရသည်။ လမ်းသွား လမ်းလာများက သူတို့ကို လှည့်၍ ကြည့်သွားကြသည်။ တချို့ဖောက်သည်များက ခြေကျင်လာကြပြီး တချို့ဖောက်သည်များက ကိုယ်ပိုင်ကားဖြင့် လာကြသည်။ စကားပြောနေစဉ် အချိန်၌ပင် ဖောက်သည် ၄ ဦး ရရှိခဲ့ပြီ ဖြစ်သည်။
“အန်တီက မန္တလေးရောက်ရောက်၊ မူဆယ်ရောက်ရောက် ဘယ်နေရာမှာမှ မလှီးဘူး။ ရန်ကုန်ရောက်မှ သူ့ဆီပဲ လာလှီးတာ။ သူ့ဖောက်သည်ဖြစ်နေတာ ၁၈ နှစ်လောက်ရှိပြီ” ဟု အန်တီစန်း၏ ဖောက်သည် အမျိုးသမီးကြီး တဦးက ပြောသည်။
အလှပြင်ဆိုင် များတွင် ခြေသည်းလက်သည်း အလှပြင် ပုံဖော်ပေးသည့် ဝန်ဆောင်မှုမျိုး မပေါ်ခင်ကာလများက အန်တီစန်းတို့ အလုပ်သည် ယခုထက် ဝင်ငွေကောင်းခဲ့သည်။ နောက်ပိုင်းတွင် အလှပြင်ဆိုင်များ၌ ခြေသည်း လက်သည်း ပုံဖော်ခြင်း၊ အလှပြင်ခြင်း ဝန်ဆောင်မှုများ ပေးလာကြရာ ယခင်ကထက် ဖောက်သည်များ လျော့နည်း လာသည်။
အန်တီစန်းတယောက် ပန်းဆိုးတန်း ခုံးတံတားကြီး၏ အောက်၌ အလုပ် လုပ်နေချိန်တွင် ခင်ပွန်းဖြစ်သူက အိမ်တိုင် ရာရောက် ဝန်ဆောင်မှုပေးလျက်ရှိသည်။
“သူက ၁၀ ရက်နေလို့ တရက်တောင် ဒီနေရာမှာ မရှိဘူး။ နာမည်ကြီး သူဌေးတွေရဲ့ အိမ်တွေမှာ သွားလုပ်ပေးတယ်။ အန်တီစန်း အမျိုးသားက အရမ်းလက်ရာလှတာ။ ချမ်းသာတဲ့ အိမ်တွေက ခေါ်ရင် အဲဒီအိမ်တွေက မိသားစုလိုက် နှိပ်တာ၊ လှီးတာတို့ ရှိတယ်။ ဘယ်သူတွေ ဆိုတာတော့ မပြောလိုတော့ပါဘူး” ဟု သူက အပြုံးဖြင့် စကားဆက်သည်။
အဆင်မပြေစဉ် ဘဝတွင် မိန်းမသားတန်မဲ့ ရေထမ်း၍ ရောင်းစားခဲ့သည်။ ဈေးတောင်းကို ခေါင်းပေါ်ရွက်ကာ နေပူစပ်ခါး လျှောက်သွားကာ ငွေရှာခဲ့ရသည်။ ယခု လက်ရှိအလုပ်ကို လုပ်နေသည်။ လူတကာတို့၏ ခြေထောက်များ၊ လက်များကို ကိုင်တွယ်ကာ ဝန်ဆောင်ပေးနေရသည့် ဤအလုပ်ကို သိမ်ငယ်စရာဟု သူ မည်သည့်အခါ ကမှ မတွေးခဲ့ဘူး ဟု ဆိုသည်။
သမ္မာအာဇီဝ ဖြင့် လုပ်ကိုင်စားသောက်ရသည့် အလုပ်မှန်လျှင် ပလတ်စတစ်ဘူးခွံ ကောက်၍ ရောင်းစားသည့် အလုပ်ကိုပင် သူလုပ်ရဲသည်။ ယခုအလုပ်ကြောင့် သူ့ဘဝ အဆင်ပြေလာသည်၊ မိသားစုဘဝလည်း အဆင်ပြေလာ သည်။ လက်ဝတ် လက်စားကလေးများ ပိုပိုလျှံလျှံ စုဆောင်းလာနိုင်ပြီး သပ်ရပ်စွာ ဝတ်စားနေထိုင်သော သူ့ကို တချို့က အလုပ်အကြောင်း မေးကြသည်။
“အလှူသွားရင်ဖြစ်ဖြစ်၊ တချို့ စတိုးဆိုင်တွေမှာ လုပ်တဲ့လူတွေက ဖြစ်ဖြစ် မေးရင် အန်တီ အမှန်အတိုင်းပြောတယ်။ ကိုယ်က သမာအာဇီဝ လုပ်တဲ့ အတွက် လိမ်စရာလည်း မလိုဘူး။ တချို့ဆိုရင် အန်တီစန်း ဒီလိုဝတ်စားထားလို့ ဒီအလုပ် လုပ်တယ်လို့ မထင်ကြဘူး ပေါ့နော်” ဟု သူက ပြောသည်။
သို့သော် ငယ်ရွယ်သူများနှင့် ယှဉ်၍ အလုပ် လုပ်ရခြင်းဖြစ်ရာ တချို့ဖောက်သည်များက အသက်အရွယ်ကို အားနာ၍ ခြေသည်း လက်သည်း အလှီးမခံချင်ကြ သူများလည်း ရှိသည်။ ရေရှည်တွင် မိမိနှင့် ပို၍သင့်လျှော်မည့် အလုပ်တခုကို လုပ်မည်ဟု သူမျှော်မှန်းထားသည်။ မိမိတို့ စုဆောင်းထားသော ငွေပိုငွေလျှံလေးများ ဖြင့် အိမ်ဆိုင်ဖွင့်ရန် ရည်ရွယ်ထားသည်။ ဈေးသည် အလုပ်သည် သူနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ အလုပ်လုပ်စားရမည်ကို သူမကြောက်။
“အန်တီတို့ မာနကလည်း သားသမီးတွေဆီက ပြန်တောင်းချင်တဲ့ ဆန္ဒမရှိဘူး” ဟု သူက ခပ်တည်တည်ဖြင့် စကားဆိုသည်။
သို့သော် လတ်တလောတွင် သူ့အသက်အရွယ်နှင့် သူ့လုပ်နိုင်စွမ်းအပေါ် မူတည်ကာ ဤအလုပ်ကို ဆက်လက် လုပ်နေဦးမည် ဖြစ်သည်။ မိုးရွာသော နေ့များတွင် အလုပ်အကိုင် သိပ်၍ မကောင်းသော်လည်း ဈေးဖိုးကတော့ လုံလောက်သည်။
“မိုးတွေ ရွာရင် အလုပ် မကောင်းဘူး။ အဲဒီအခါ ကျရင် ကားသမားဖောက်သည် တွေကို မျှော်ရတာပဲ။ ကုန်းကြောင်းသမားက မိုးရွာရင် သိပ်မလာကြဘူးလေ။ ကိုယ်က စေတနာထားပြီး လုပ်ပေးတော့ “အလုပ်မကောင်းဘူး အစ်မရယ်၊ အစ်ကိုရယ်” ဆိုရင် တချို့က ပိုပေးသွားကြတာပဲ။ တချို့ကတော့ ဒါပဲပါတယ် ဆိုပြီး မပေးတာလည်း ရှိပါတယ်” ဟု အန်တီစန်းက တဖွဲဖွဲ ကျနေသည့် မိုးစက်များကို ကြည့်ကာ ပြောပြသည်။
ပန်းဆိုးတန်း ခုံးတံတား၏ ဘေးအစွန်းမှ စီးကျနေသော မိုးရေစက်များက အန်တီစန်းတို့ထံသို့ လေနှင့်အတူ တခါတခါ လွင့်လာတတ်သည်။ အနီးအပါးမှ ဖြတ်သွားသည့် လမ်းသွားလမ်းလာ တို့သည် အန်တီစန်းတို့အား စူးစမ်းသလို ကြည့်သွား ကြသည်။
ပုံမှန် လာနေကျ ဖောက်သည် တယောက်သည် အန်တီစန်းရှိရာသို့ ဦးတည်၍ လှမ်းလာနေသည်။ အန်တီစန်းသည် သူ့လက်စွဲတော် ဓားကောက်ကလေးကို ကိုင်ကာ ဝန်ဆောင်မှုပေးရန် အသင့်စောင့်ဆိုင်းနေပြီ ဖြစ်သည်။
သူ့အား မေးခွန်းများ မေးကာ တနေ့တာ စကားပြောလိုက်ရသော သတင်းထောက်ကို “အန်တီက တနေ့တာ ညောင်းညာ နေတာတွေကိုလည်း သက်သာအောင်နှိပ်ပေးတယ်။ ရုံးမှာ အလုပ်တွေလုပ်လို့ ဇက်ကြောတွေ တက်လာတယ် ဆိုရင် ၁ နာရီအတွင်း ပျောက်အောင် နှိပ်ပေးနိုင်တယ်။ မိတ်ဆွေတွေ ရှိရင် ပြောပြပေးနော်” ဟုဆိုကာ ကတ်ပြားလေးတခု ထုတ်ပေးသည်။
အပြာရောင် ထိုကတ်ပြားလေးပေါ်တွင် “မစန်း၊ လက်သည်းခြေသည်း ပုံဖော်ခြင်း၊ ခြေစွယ်ဖော်ပေးခြင်း၊ နားကိုက်၊ နားပြည်ယို၊ နားသန့်ရှင်းခြင်း၊ အကြောတင် အကြောကပ်၊ အကြော ပြုပြင်ပေးခြင်းများ အထူး ဆောင်ရွက်ပေးပါ သည်” ဟု ရေးသားထားသည်။
ရန်ကုန် မိုးစက်များ အောက်တွင် ပန်းဆိုးတန်း ခုံးတံတားကြီး၏ အမိုးအရိပ်ကို ခိုလှုံကာ ရည်ရွယ်ချက်တခုဆီ လျှောက်လှမ်း နေသော အန်တီစန်းသည် ဖော်ရွေသော အပြုံး၊ သွက်လက်သော လက်ချောင်းများဖြင့် ဖောက်သည်များကို ဝန်ဆောင်မှု ပေးလျက် ရှိလေသည်။ ။