ဆောင်းပါး

ဘယ်သူလဲ ဗိုလ်တိုက်ဂါး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြဝတီမြို့မှာ ထိုင်းဘက်က ဝင်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာ အလုပ်သမားတွေနဲ့ ခရီးသွားတွေကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ်သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။ မီဒီယာတွေမှာ ဗိုလ်တိုက်ဂါး အတော်လေးကို ပေါ်ပြူလာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်တိုက်ဂါး ဘယ်လိုလူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဗိုလ်တိုက်ဂါး ဖြစ်ပြီးမှ သူဘာတွေ လုပ်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

လက်ရှိ မြဝတီ ပဋိပက္ခဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် ထိုင်းဘက်က လာတဲ့ ကုန်ကားတွေကို ဗိုလ်တိုက်ဂါးနဲ့ အဖွဲ့က ခုလို လက်နက်တွေနဲ့ တားဆီး ပိတ်ပင်ခဲ့တဲ့ အတွက် မြန်မာ အစိုးရနဲ့ မြန်မာ စစ်တပ်အတွက် အတော်လေးကို မျက်နှာပူ အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဘာတွေ ဆွေးနွေးဖြစ်ကြတယ်တော့ မသိပါဘူး။ ဗိုလ်တိုက်ဂါးကတော့ ထိုင်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတာတွေ ရပ်ရင်ရပ်၊ မရပ်ရင် ခုလိုပဲ ထိုင်းဘက်ကလာတဲ့ ကုန်ကားတွေကို တားဆီး ပိတ်ဆို့ဦးမှာပဲ ဆိုပြီး မီဒီယာတွေကို ထပ်ပြီး ပြောဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်လာတဲ့ အဖြေက တစ်မျိုးပါ။ မြဝတီ အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ ၂၇၅ ကနေ ဗိုလ်တိုက်ဂါးရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ရုံးကို စာပို့အကြောင်းကြားပါတယ်။ စာထဲမှာ တိုင်းရင်းသား လက်နက်တပ်ဖွဲ့တွေအနေနဲ့ မြဝတီ မြို့ထဲမှာ ယူနီဖေါင်းဝတ်၊ လက်နက်ကိုင်ဆောင် သွားလာနေကြတာဟာ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေပြီး မြို့လုံခြုံရေးကိုလည်း ထိခိုက်စေတဲ့အကြောင်း၊ ဒါကြောင့် သဘောတူထားတဲ့ ငြိမ်းချမ်းရေး မူဝါဒ အတိုင်း လိုက်နာဆောင်ရွက်ဖို့ ဆိုပြီး ရေးသားထားပါတယ်။ သဘောကတော့ လက်နက်ကိုင် အဖွဲ့တွေ မြို့တွင်းကိုလာရင် လူဘယ်နှစ်ယောက်၊ ကားဘယ်နှစ်စီး၊ လက်နက် ဘယ်နှစ်လက် စသဖြင့် အစိုးရ တပ်ဖွဲ့ကို ကြိုတင် အကြောင်းကြားပြီး ခွင့်ပြုချက် ရမှ ဝင်ထွက်သွားလာဖို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဒါဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အစိုးရနဲ့ ဗကပ ခွဲထွက်အဖွဲ့တွေ အပစ်ရပ်စဉ်ကတည်းက ချမှတ်ထားခဲ့တဲ့ စည်းကမ်းအဟောင်းတွေပဲ ဖြစ်ပါတယ်။

ဒီ တကြိမ်ကတော့ အတော့်ကို ထူးခြားပါတယ်။ အစိုးရတပ်ရဲ့ အဲဒီ ညွှန်ကြားချက်ကို ဗိုလ်တိုက်ဂါးနဲ့ အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြီး တုန့်ပြန်ပါတယ်။ အစိုးရ တပ်အနေနဲ့လည်း မြို့ထဲဝင်ရင် သူတို့ကို အကြောင်းကြားရမယ်၊ ခွင့်ပြုချက် ရမှ ဝင်ရမယ် ဆိုတဲ့ သဘောပါ။ ဒါဟာ မကြုံစဖူး လက်နက်ကိုင် အဖွဲ့လေး တဖွဲ့က အစိုးရစစ်တပ်ကို တိုင်းသိပြည်သိ လူသိထင်ရှား မင်းတို့ကို ဂရုစိုက်စရာ မလိုဘူး ဆိုပြီး တုန့်ပြန်လိုက်တဲ့ သဘောပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်တိုက်ဂါးရဲ့ အဲဒီ ကြေငြာချက်ကို စာနယ်ဇင်း သတင်းမီဒီယာတွေက အကျယ်တဝင့် ဖော်ပြကြပါတယ်။ သတင်းခေါင်းစဉ်တွေကတော့ “အစိုးရ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် အပြန်အလှန် သတိပေး အကြောင်းကြားစာ ထုတ်” ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ပါ။ ပြည်သူတွေ တွေးတောကြတာက ဗိုလ်တိုက်ဂါးဟာ မြန်မာ့စစ်တပ်ကို အဲသလောက် အန်တုရလောက်အောင် အစွမ်းထက်၊ အင်အားကြီးသလားပေါ့။

ဒီလိုနဲ့ မြဝတီမှာ အစိုးရတပ်၊ အစိုးရတာဝန်ရှိသူတွေ၊ ဒီကေဘီအေ နဲ့ ငြိမ်းချမ်းရေးကောင်စီ မြဝတီ ရုံးတာဝန်ခံတို့ အဲဒီကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ကောင်စီရဲ့ နယ်စပ်လုံခြုံရေးနဲ့ ဖံွ့ဖြိုးရေး အထူးဗျူဟာမှူး တာဝန်ယူထားသူ ဗိုလ်တိုက်ဂါးကတော့ သူ့ကို အရေးယူမှာ စိုးရိမ်ပြီး ကိုယ်တိုင် အစည်းအဝေး မတက်ရဲပါဘူး။ အဲဒီ အစည်းအဝေးမှာ အစိုးရ နဲ့ တပ်ဘက်က ဒီကြေငြာချက်ကို ဗိုလ်တိုက်ဂါး ထုတ်တယ် ဆိုတာ အာမခံ ခိုင်းပါတယ်။ ဒါပေမယ့် ဗိုလ်တိုက်ဂါးက အစည်းအဝေး တက်နေတဲ့ ဒီကေဘီအေ ဒုစစ်ဦးစီးချုပ်ကို ဖုန်းထဲကနေ တဆင့် အဲဒီ ကြေငြာချက် သူထုတ်တာ မဟုတ်ကြောင်း၊ သူ မသိကြောင်း၊ သူ့လက်မှတ်လည်း မဟုတ်ကြောင်း၊ ဒါကြောင့် ပြေလည်အောင် ဖြေရှင်းပေးကြပါ ဆိုပြီး တောင်းပန်ပါတယ်။ နောက်ပိုင်း အစိုးရတပ်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ဗိုလ်တိုက်ဂါးကို ဝိုင်းထိန်းကြပါ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ နောက်ပိုင်းတော့ အားလုံး သိကြပြီးဖြစ်တဲ့ အတိုင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာန ချုပ်ကနေ ဗိုလ်တိုက်ဂါးက အစိုးရတပ်ကို သတိပေး အကြောင်းကြားစာ ထုတ်တာဟာ ဗဟိုကို မတိုင်ပင်တဲ့ အကြောင်း၊ ဗဟိုရဲ့ သဘော မပါတဲ့အကြောင်း၊ သူ့သဘောနဲ့ သူ ထုတ်တဲ့အကြောင်း၊ ဒါကြောင့် သူ့ ထုတ်ပြန်စာ သူ တာဝန်ယူရမယ် ဆိုတဲ့အကြောင်း ဥက္ကဌ စောဌေးမောင် ကိုယ်တိုင် လက်မှတ်ထိုးပြီး ကရင်ပြည်နယ် နယ်စပ်လုံခြုံရေး ဝန်ကြီးဆီ စာပေးပို့ အကြောင်းကြားတာ လုပ်ခဲ့ပါတယ်။ ဒီလောက်ဆို ဗိုလ်တိုက်ဂါး ရုပ်လုံး နည်းနည်းပေါ်လာပါပြီ။

တကယ်တော့ ဗိုလ်တိုက်ဂါးဟာ KNU/KNLA ငြိမ်းချမ်းရေး အဖွဲ့ကပါ။ ငြိမ်းချမ်းရေး ကောင်စီ ဆိုတာ ကေအဲန်ယူ ပင်မ အဖွဲ့ကြီးကနေ အရင် တပ်မဟာ ၇ တပ်မဟာမှူး အဖြစ် ကာလတာရှည် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်စောဌေးမောင် နဲ့ နောက်လိုက်တချို့ ခွဲထွက်တည်ထောင်ထားတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေး ဖြစ်ပါတယ်။ မြဝတီနဲ့ အလှမ်းဝေးတဲ့ ထော့ကိုကိုးမှာ အခြေစိုက်ပါတယ်။ နောက်ပိုင်းတော့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့ထဲက တဖွဲ့အဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။ ဗိုလ်တိုက်ဂါးဟာ စောဌေးမောင်နဲ့ အတူ အရင် ကေအဲန်ယူ တပ်မဟာ ၇ မှာ တာဝန်ယူခဲ့ဖူးသူ မဟုတ်ပါဘူး။ နောက်ပိုင်းမှ ဝင်ရောက်လာတဲ့ ခါတော်မီ တော်လှန်ရေးသမား လို့ ခေါ်ရင် ရနိုင်မယ့်သူမျိုးပါ။ သူ အဓိက လုပ်တာက စီးပွားရေးပါ။

တချို့လူတွေ မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၃ နိုဝင်ဘာ ရန်ကုန်မှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကလို့ ဆိုတဲ့ လူတချို့ သတင်းစာရှင်းလင်းပွဲ တခု လုပ်ပါတယ်။ အခုဆို ရန်ကုန်မှာ သူတို့ အဖွဲ့က လူပါလို့ ပြောပြီး လိုင်စင်မဲ့ကားတွေ လိမ်ရောင်းထားတာတွေ အစီး ရာနဲ့ချီ ရှိနေတယ်။ အဲဒီ ကားတွေကို တပ်ဖွဲ့ပိုင်တွေ ဖြစ်တဲ့အကြောင်း ထောက်ခံစာ လုပ်ပေးထားတာတွေ ရှိတယ်။ ဒါနဲ့ ပါတ်သက်ရင် အဖွဲ့ထဲက လူလိမ်လူညာတွေ လုပ်ထားတာကြောင့် တပ်ဖွဲ့အနေနဲ့ တာဝန်မယူနိုင်ဘူး ဆိုပြီး အသိပေး တဲ့ သတင်းစာ ရှင်းလင်းပွဲပါ။ ဒါပေမယ့် အဲဒီလူတွေဟာ နယ်စပ်က ကားတွေကို သူတို့ တပ်ဖွဲ့ထဲက ဘယ်သူတွေ ရန်ကုန်ကို ခိုးသွင်းလာသလဲ ဆိုတာကိုတော့ ပြောမသွားပါဘူး။

ဒီလိုနဲ့ ၂၀၁၄ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက ခေါင်းဆောင်တယောက်ဖြစ်တဲ့ စောတင်မိုသီနဲ့ ဗိုလ်တိုက်ဂါးတို့ မြဝတီကနေ ရန်ကုန်ကို အစည်းအဝေး တက်ဖို့ ဆိုပြီး သွားကြပါတယ်။ Without ကား သုံးစီးနဲ့ပါ။ လမ်းမှာ မွန်ပြည်နယ် ကျိုက်ထို စိမ်းလဲ့တင် စားသောက်ဆိုင် အရောက် ကားသုံးစီးစလုံး အဖမ်းခံရပါတယ်။ တပ်ဖွဲ့ပိုင် ကားတွေလို့ ပြောပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက လက်မခံပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုဖို့ အစိုးရဟာ ဇီးရိုးပါမစ် တွေ၊ တပိုင်းတစ အခွန်ဆောင်ရတဲ့ ပါမစ်တွေ ချထားပြီးဖြစ်လို့ လိုင်စင်မဲ့ကား ဆက်သုံးနေတာကို ခွင့်မပြုပါဘူး။ ဒီလိုနဲ့ သုံးစီးစလုံးကို ဖမ်းဆီးပြီး ရန်ကုန်က အပြန်မှာလည်း ကားတွေ ပြန်မပေးတော့ပါဘူး။

တကယ်တော့ ဗိုလ်တိုက်ဂါးတို့ဟာ ရန်ကုန်ကို ကားခိုးသွင်းကြတာပါ။ ရန်ကုန်အတက်မှာ Without ကားတွေ စီးပြီးသွား၊ ရန်ကုန်မှာ ရောင်းခဲ့၊ ပြီးရင် နယ်စပ်ကို အခြားကားတွေနဲ့ ပြန် အခေါက်ခေါက် အခါခါ လုပ်ခဲ့တာပါ။ ရန်ကုန်မှာ အဲလို ကားခိုးသွင်းပြီး ရဲစခန်းတွေက ဖမ်းဆီး အရေးယူရတာချည်း ကားအစီးရေ ၅၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အများစုဟာ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေက ခိုးသွင်းကြတာပါ။ အဓိက နစ်နာရသူတွေက လက်နက်ကိုင် တပ်ဖွဲ့က ကားဆို အာမခံချက် ရှိမယ် ထင်ပြီး ဝယ်စီးကြတဲ့ မသိနားမလည်တဲ့ ပြည်သူတွေပါ။ ဒါက ကားခိုးသွင်းတဲ့ ဇာတ်လမ်းတွေပါ။ ဒါ့အပြင် အခြားသော ဗိုလ်တိုက်ဂါးရဲ့ ခါတော်မီ တပ်ဖွဲ့ဝင် စုဆောင်းမှု ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီလောက်ဆိုရင် ဗိုလ်တိုက်ဂါး ဘယ်လိုလူ၊ ငြိမ်းချမ်းရေး ကောင်စီ ဆိုတာ ဘယ်လို အဖွဲ့ဆိုတာ ရှင်းလင်းလောက်ပြီမို့ ဗိုလ်တိုက်ဂါးရဲ့ မီဒီယာတွေမှာ လေလုံးမိုးလုံးထွားမှု၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး အစိုးရတပ်နားရွက်ကို တံတွေးဆွတ်ဖို့ ကြံစည်မှု စတဲ့ ကိစ္စတွေကို နားလည်နိုင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading